တရားမမှုတွင် ကာလစည်းကမ်းသတ်ကျော်လျှင်
ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းပေါ်ပေါက်လျှင် အမှုကို ပလပ်(dismiss)ရမည်လား။ အမိန့် ၇၊ နည်း ၁၁(ဃ)အရ အဆိုလွှာကို ပယ်ရမည်လား။
ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၃ တွင် စည်းကမ်းသတ်ကာလ ကုန်ဆုံးပြီးမှ စွဲဆိုသည့် တရားမကြီးမှု၊ တင်သွင်းသည့် အယူခံမှု နှင့် လျှောက်ထားမှုတို့ကို ကာလစည်းကမ်းသတ်ကို အကြောင်းပြု၍ ချေပခြင်းပင် မပြုသော်လည်း ပလပ်ရမည်။ (shall be dismissed) ဟုပြဋ္ဌာန်းထားပါသည်။
သို့ရာတွင် DAW THIN HLAING v. G.GORDHANDAS (၁၉၆၅၊ မတစ၊ ရုံးချုပ်၊ စာ ၅၉၄) အမှုတွင် အောက်ပါအတိုင်းထုံးဖွဲ့သည်။
"Since there was a delay of over 7 years in filing the suit the plaint should have been rejected under O. 7, R. 11(d) of the Civil Procedure Code.
အဆိုပါကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၃ ပြဋ္ဌာန်းချက်အရ ကာလစည်းကမ်းသတ်ကျော်နေကြောင်းတွေ့ရှိလျှင် #အမှုကိုပလပ်(dismiss)ရမည် ဖြစ်သော်လည်း
အထက်ဖော်ပြပါ (၁၉၆၅၊ မတစ၊ ရုံးချုပ်၊ စာ ၅၉၄) စီရင်ထုံးအရဆိုပါက ကာလစည်းကမ်းသတ်ကျော်နေကြောင်း တွေ့ရှိလျှင် #အမိန့် ၇၊ နည်း ၁၁(ဃ)အရ အဆိုလွှာကိုပယ်(reject)ရမည် ဖြစ်ပါသည်။
----
အဆိုလွှာ ပယ်ခြင်း နှင့် အမှုကို ပလပ်ခြင်းတို့ ကွဲပြားခြားနားချက်
တရားမကျင့်ထုံးဥပဒေ အမိန့် ၇၊ နည်း ၁၃ တွင် အထက်တွင်ဖော်ပြခဲ့သည့်အကြောင်းပြချက်(အမိန့် ၇၊ နည်း ၁၁)များအနက် တစ်ရပ်ရပ်အရ အဆိုလွှာကို ပယ်ခြင်း(reject)ကြောင့် တရားစွဲဆိုရန်အကြောင်းတစ်ရပ်တည်း နှင့် စပ်လျဉ်း၍ တရားလိုက ဆိုလွှာသစ် တစ်ဖန်တင်သွင်းခြင်းကို ပိတ်ပင်ခြင်းမရှိစေရဟု ပြဋ္ဌာန်ထားသည်။
မန်နေဂျာ မြန်မာ့စီးပွားရေးဘဏ် နှင့် ဦးဟန်မြင့် ပါ ၂ (၁၉၉၉၊ မတစ၊ စာ - ၁၆၃) အမှုတွင် အဆိုလွှာ ပယ်ခြင်းနှင့် အမှုကို ပလပ်ခြင်း၏ အကျိုးသက်ရောက်မှု ကွဲပြားပုံကို အောက်ပါအတိုင်း ညွှန်ပြသည်။
"အဆိုလွှာကို ပယ်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အမှုကို ပလပ်ခြင်း၏ အကျိုးသက်ရောက်မှုနှင့် ကွဲပြားခြားနားသည်။ အဆိုလွှာကို ပယ်ခြင်းသည် အမှု၏ အခြေခံကို နုတ်သိမ်းလိုက်သည်ဖြစ်၍ အမှုကို အလျဉ်းမစွဲဆိုဘိသကဲ့သို့ အကျိုး သက်ရောက်သည်။ အမှုကို ပလပ်ခြင်းမှာမူ အမှုတည်ရှိခြင်းကို အသိအမှတ်ပြု လျက် အမှုရပ်သွားခြင်းကို ညွှန်ပြသည်။ အဆိုလွှာကို ပယ်လျှင် တရားစွဲဆိုရန် အကြောင်းအရာ တစ်ရပ်တည်းနှင့် စပ်လျဉ်း၍ အမှုသစ်ထပ်မံစွဲဆိုခြင်းကို တရားမ ကျင့်ထုံးဥပဒေ အမိန့် ၇၊ နည်း ၁၃ အရ တားမြစ်ပိတ်ပင်ခံရခြင်း မရှိချေ။ အမှုကို ပလပ်လျှင်မူ တရားစွဲဆိုနိုင်ရန် အကြောင်းအရာ တစ်ရပ်တည်းအပေါ် အမှု သစ် စွဲဆိုခြင်းကို ပိတ်ပင်ခြင်းခံရမည် ဖြစ်သည်။"
သို့ဖြစ်ရာ အဆိုလွှာ ပယ်ခြင်း(reject) နှင့် အမှုကို ပလပ်ခြင်း(dismiss)တို့ သည် အကျိုးသက်ရောက်ပုံခြင်းမတူညီကြောင်း တွေ့မြင်နိုင်ပါသည်။
----
ကာလစည်းကမ်းသတ်ကျော်၍ #အမှုကိုပလပ်(dismiss)သည့် သာဓကများ
ဦးအုန်းခင်မော် နှင့် ဦးဟုတ်ရန် (၁၉၇၀၊ မတစ၊ စာ ၁၁၂) အမှုတွင် "ငွေရလိုမှု" စွဲဆိုရာ ပုသိမ်မြို့နယ်နယ်ပိုင်တရားမရုံးက စည်းကမ်းသတ်ကာလကျော်လွန်နေပြီဟု ဆုံးဖြတ်၍ #ပလပ်(dismiss) လိုက်သည်။ ခရိုင်တရားမရုံးက စည်းကမ်းသတ် မကျော်ကြောင်းကောက်ယူ၍ ပြန်လည်စစ်ဆေးစေရန် အမိန့် ချသည်။ တရားရုံးချုပ်က စည်းကမ်းသတ်ကာလကျော်လွန်ကြောင်းဖော်ပြ၍ အမှုကို #ပလပ်(dismiss) လိုက် သော မူလရုံးဒီကရီကို ပြန်လည်အတည်ပြုသည်။
ဒေါ်ထွန်းပါ ၃ ဦး နှင့် ဦးဘိုးဖြူ (၁၉၈၁၊ မတစ၊ စာ ၅၀) အမှုတွင် "လက်ရောက်ရလိုမှု" စွဲဆိုရာ တောင်ငူမြို့နယ်တရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း အကြောင်းပြ၍ အမှုကို #ပလပ်(dismiss)ခဲ့သည်။ ပဲခူးတိုင်းတရားရုံးက ယင်းဒီကရီကိုပယ်ဖျက်သည်။ တရားရုံးချုပ်က ကာလစည်းကမ်း သတ်ကျော်လွန်ကြောင်း ဖော်ပြ၍ ပဲခူးတိုင်းတရားရုံး စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ကာ အမှုကို #ပလပ်(dismiss)ခဲ့သည်။
ဦးစိန်ဟုတ်ပါ ၅ နှင့် ဒေါ်သိန်းမြ(၁၉၈၄၊ မတစ၊ စာ ၁၀) အမှုတွင် "မြွက်ဟကြေငြာပေးစေလိုမှု နှင့် လက်ရောက်ရလိုမှု" စွဲဆိုရာ တိုင်းတရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ကောက်ယူဆုံးဖြတ်၍ အမှုကို #ပလပ်(dismiss) သည်။ ဗဟိုတရားရုံးက တိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်သည်။
ဦးချစ်မောင်ပါ၂ နှင့် ဒေါ်စိန်စိန်ရီ (၁၉၈၄၊ မတစ၊ စာ ၆၁) အမှုတွင် "မြေလက်ရောက်ရလိုမှု" စွဲဆိုရာ တိုင်းတရားရုံးကအနိုင်ဒီကရီချမှတ်သည်။ ဗဟိုတရားရုံးက အမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ကောက်ယူ ဆုံးဖြတ်၍ တိုင်းတရားရုံး၏ စီရင်ချက် နှင့် ဒီကရီကို ပယ်ဖျက်ပြီး တရားလိုစွဲဆိုသော အမှုကို စရိတ် နှင့်တကွ #ပလပ်(dismiss) သည်။
ဒေါ်စန်း နှင့် ဦးကံညွန့် (၁၉၈၆၊ မတစ၊ စာ ၆) အမှုတွင် "ပဋိညာဉ်အတိုင်း နေအိမ်မှ ထွက်ခွာသွားစေလိုမှု"စွဲဆိုရာ တိုင်းတရားရုံးက အနိုင်ဒီကရီချမှတ်သည်။ ဗဟိုတရားရုံးက အမှုမှာ ကာလ စည်းကမ်း သတ်ကျော်လွန်ကြောင်း ကောက်ယူ ဆုံးဖြတ်၍ တိုင်းတရားရုံး၏ စီရင်ချက် နှင့် ဒီကရီကို ပယ်ဖျက်ပြီး တရားလိုစွဲဆိုသော အမှုကို စရိတ်နှင့်တကွ #ပလပ်(dismiss) သည်။
ဦးဘကြည်ပါ (၂) နှင့် ဒေါ်ကြွယ် (၁၉၈၆၊ မတစ၊ စာ ၁၅၆) အမှုတွင် "မြွက်ဟကြေညာပေးစေလိုမှု " စွဲဆိုရာ မြို့နယ်တရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ကောက်ယူ၍ အမှုကို #ပလပ်(dismiss) သည်။ တိုင်းတရားရုံးက မြို့နယ်တရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်သည်။ ဗဟိုတရားရုံးက " ဒေါ် ကြွယ်စွဲဆိုသောအမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့် #ပလပ်(dismiss) ရမည်"ဖြစ်ကြောင်း ဖော်ပြ၍ မြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကို ပြန်လည်အတည်ပြုသည်။
ဒေါ်ကျင်ဌေး နှင့် ဦးသိန်းတင်ပါ ၅ (၁၉၈၆၊ မတစ၊ စာ ၁၉၅) အမှုတွင် "မြွက်ဟကြေညာပေးစေလိုမှု နှင့် လက်ရောက်ရလိုမှု" စွဲဆိုရာ ပြည်နယ်တရားရုံးက ကာလစည်းကမ်းသတ်နှင့်ပတ်သက်၍ ပဏာမငြင်းချက် ထုတ်နုတ်ကြားနာပြီး အမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူ၍ အမှုကို #ပလပ်(dismiss) သည်။ ဗဟိုတရားရုံးက စွဲဆိုသောအမှုတွင် ကာလစည်းကမ်းသတ်အတွင်းကျရောက်ခြင်း ရှိမရှိ ကို သက်သေခံ ချက်ယူပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်းညွှန်ပြ၍ ပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်သည်။
ဒေါ်လှကြည် ပါ ၆ နှင့် ဒေါ်တင်မေ (၁၉၈၈၊ မတစ၊ စာ ၃၅) အမှုတွင် "မြွက်ဟကြေညာပေးစေလိုမှု နှင့် လက်ရောက်ရလိုမှု" စွဲဆိုရာ တိုင်းတရားရုံးက တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ် ကျော်လွန် နေကြောင်း သုံးသပ်ပြီး အမှုကို #ပလပ်(dismiss) သည်။ ဗဟိုတရားရုံးက သက်သေခံချက်များရယူပြီးမှ အဆုံး အဖြတ်ပေးရန် ညွှန်ကြားသည်။
ဦးတုန်ကီး(ခ)ဦးတင်အောင်ကြည် နှင့် ဦးထွန်းဝေ ပါ ၄ (၁၉၉၅၊ မတစ၊ စာ ၆၆) အမှုတွင် "ငှားရမ်းထား သည့်ဥပစာမှ ဖယ်ရှားနှင်ထုတ်ပေးစေလိုမှု" စွဲဆိုရာ မြို့နယ်တရားရုံးက တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ် ကျော်လွန်နေကြောင်း သုံးသပ်ပြီး တရားလိုစွဲဆိုသည့်အမှုကို #ပလပ်(dismiss) သည်။ တရားရုံးချုပ်က မြို့နယ်တရားရုံး၏ဒီကရီကို အတည်ပြုသည်။
ဦးထွန်းလှိုင် နှင့် ဦးစံထွေး(၁၉၉၅၊ မတစ၊ စာ ၇၃) အမှုတွင် "မြွက်ဟကြေညာပေးစေလိုမှု" စွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက တရားလိုစွဲဆိုသောအမှုသည် မီးသေဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ကာလစည်းကမ်းသတ် ကျော်လွန်နေပြီဖြစ်ကြောင်းဆုံးဖြတ်၍ တရားလို၏အဆိုလွှာကို #ပလပ်(dismiss) သည်။ တရားရုံးချုပ်က တရားလိုတင်သွင်းသည့် အယူခံကို ပလပ်သည်။
ဦးပြုံးပါ ၂ နှင့် ဦးမြသောင်း ပါ၂(၁၉၉၅၊ မတစ၊ စာ ၇၉) အမှုတွင် "လက်လှည့်သုံးငွေရလိုမှု" စွဲဆိုရာ မြို့နယ်တရားရုံးက အနိုင်ဒီကရီချမှတ်သည်။ တိုင်းတရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ဆုံးဖြတ်၍ အမှုကို #ပလပ်(dismiss) သည်။ တရားရုံးချုပ်က အမှုသည် ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း တိုင်းတရားရုံးက ဆုံးဖြတ်ခြင်းသည် မှားယွင်းခြင်းမရှိကြောင်းဖော်ပြ၍ တရားလိုတင် သွင်းသည့် အယူခံကို ပလပ်သည်။
ဦးမောင်လွင် နှင့် ဒေါ်ခင်ဝေပါ ၂ ( ၁၉၉၈ ၊ မတစ၊ စာ - ၂၂၁) အမှုတွင် "အခွင့်အမိန့်အရ နေထိုင်ခွင့် ပြုထားသော ဥပစာမှ ဖယ်ရှားပေးစေလိုမှု" စွဲဆိုရာ ပြည်နယ်တရားရုံးက အနိုင်ဒီကရီချမှတ်သည်။ တရားရုံးချုပ်က ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်း ညွှန်ပြ၍ မူလရုံးတရားလို စွဲဆိုသောအမှုကို တရားရုံး အဆင့်ဆင့်စရိတ်နှင့်တကွ #ပလပ်(dismiss) သည်။
ဦးအောင်ခိုင် နှင့် ဦးသန်းအောင်ပါ၂ ( ၂၀၀၀ ၊ မတစ၊ စာ - ၃၀၄) အမှုတွင် "လျော်ကြေးငွေရလိုမှု" စွဲဆိုရာ တိုင်းတရားရုံးက ပဏာမငြင်းချက်ကို ဖြေဆိုရာတွင် ကာလစည်းကမ်းသတ် ကျော်လွန်နေသည် ဆိုခြင်းမှာ မမှန်ကြောင်းဖြေဆိုခဲ့သည်။ ယင်းအမိန့်ကို မကျေနပ်၍ ပြင်ဆင်မှုတက်ရောက်ရာ တရားရုံးချုပ်က အမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်းညွှန်ပြပြီး "တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်း သတ်ကျော်လွန်နေပြီးဖြစ်၍ တရားလို စွဲဆိုသောအမှုကို #ပလပ်(dismiss) ရန်သာရှိတော့သည်။" ဟုဖော်ပြ၍ မူလရုံးတရားလိုစွဲဆိုသောအမှုကို တရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွ #ပလပ်(dismiss) သည်။
ဒေါ်လှရွှေ နှင့် ဒေါ်အေးစိန် ( ၂၀၀၀ ၊ မတစ၊ စာ - ၂၃၉) အမှုတွင် "လက်ရောက်ရလိုမှု" စွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ဆုံးဖြတ်၍ မူလရုံးတရားလိုစွဲဆိုသည့် အမှုကို #ပလပ် (dismiss) သည်။ တရားရုံးချုပ်က အထူးအယူခံမှုတွင် ရန်ကုန်တိုင်းတရားရုံး၏စီရင်ချက်နှင့် ဒီကရီကို အတည်ပြုသည်။
ဦးမောင်တင်ပါ ၂ နှင့် ဒေါ်အေးမြင့် ( ၂၀၀၁ ၊ မတစ၊ စာ - ၂၇၂) အမှုတွင် "ကျူးကျော်နေထိုင်သော မြေမှ ဖယ်ရှားပေးစေလိုမှု" စွဲဆိုရာ မြို့နယ်တရားရုံးက ဒီကရီချမှတ်သည်။ မွန်ပြည်နယ်(သထုံခရိုင်) တရားရုံး က ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအပိုဒ် ၁၄၄ အရ တရားစွဲဆိုရမည့် ကာလ ၁၂ နှစ်ထက်ကျော် လွန်ပြီးမှ တရားစွဲဆိုကြောင်းတွေ့ရှိရသည်ဟု သုံးသပ်ကာ မူလရုံးတရားလိုစွဲဆိုသည့်အမှုကို #ပလပ် (dismiss) သည်။ တရားရုံးချုပ်(စုံညီ)က မူလမြို့နယ်တရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိ မရှိ ငြင်းချက်ထုတ်နုတ်စစ်ဆေးခဲ့ခြင်းမရှိကြောင်း နှင့် အမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်သေးခြင်းမရှိ ကြောင်း သုံးသပ်၍ မြို့နယ်တရားရုံးအမိန့်ကို ပြန်လည်အတည်ပြုသည်။
မသိန်းစောအေး နှင့် ဒေါ်မချေ ( ၂၀၀၄ ၊ မတစ၊ စာ - ၁၃၆) အမှုတွင် "အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေ လိုမှု " စွဲဆိုရာ ပြည်နယ်တရားရုံးက တရားလိုစွဲဆိုသောအမှုကို ကာလစည်းကမ်းသတ်ကျော်လွန် သဖြင့် စရိတ်နှင့်တကွ #ပလပ်(dismiss) သည်။ တရားရုံးချုပ်က မူလပြည်နယ်တရားရုံးက ကာလစည်းကမ်းသတ် ကျော်လွန်သည်ဟု ဖြေဆိုဆုံးဖြတ်ခြင်းမှာ မှားယွင်းခြင်းမရှိကြောင်းဖော်ပြ၍ ပြည်နယ်တရားရုံး၏စီရင်ချက်နှင့် ဒီကရီကို အတည်ပြုသည်။
ဒေါက်တာမြင့်အောင် နှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ပါ၃( ၂၀၁၃ ၊ မတစ၊ စာ - ၁၀၇) အမှုတွင် "နစ်နာကြေးငွေရလိုမှု" စွဲဆိုရာ ခရိုင်တရားရုံးက ပဏာမ ငြင်းချက် ကို ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိကြောင်း ဆုံးဖြတ်ရာ ယင်းအမိန့်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အတည်ပြုသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုသည် ကာလစည်းကမ်း သတ်ကျော်လွန်ကြောင်း ညွှန်ပြ၍ မူလရုံးတရားလိုစွဲဆိုသော အမှုကို #ပလပ်(dismiss) သည်။
ဒေါ်မြမြ၀င်း နှင့် ဦးစိုးနိုင် ( ၂၀၁၄ ၊ မတစ၊ စာ - ၁၅၃) အမှုတွင် "ကုန်ဖိုးငွေနှင့် ကြားကာလအမြတ် အစွန်းရလိုမှု" စွဲဆိုရာ မြို့နယ်တရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း သုံးသပ်၍ #ပလပ်(dismiss) သည်။ ယင်းဆုံးဖြတ်ချက်ကို ခရိုင်တရားရုံးက အတည်ပြုသည်။ တိုင်းဒေသ ကြီး တရားလွှတ်တော်က မြို့နယ်တရားရုံး နှင့် ခရိုင်တရားရုံး အမိန့်ကို ပယ်ဖျက်သည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း သုံးသပ်ဆုံးဖြတ်၍ မြို့နယ်တရားရုံး နှင့် ခရိုင် တရားရုံး၏အမိန့်ကို ပြန်လည်အတည်ပြုခဲ့သည်။
ဦးမျိုးညွန့် နှင့် ဖက်(စ်)ပရော်ပါတီးဟိုးဒင်း(စ်)ပီတီအီးလီမိတက်ပါ၂ ( ၂၀၁၅ ၊ မတစ၊ စာ - ၁၁၆) အမှုတွင် "နစ်နာကြေး နှင့် လျော်ကြေးငွေရလိုမှု" စွဲဆိုရာ ရန်ကုန်တိုင်းတရားလွှတ်တော်က ကာလ စည်းကမ်း သတ်ကျော်လွန်ကြောင်း ဖြေဆိုဆုံးဖြတ်၍ အမှုကို #ပလပ်(dismiss)သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် က တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ဆုံးဖြတ်လျက် တိုင်းဒေသကြီး တရားလွှတ်တော်က အမှုကို ပလပ်သည့် ဒီကရီ ချမှတ်ခြင်းမှာ ဥပဒေအရ မှားယွင်းခြင်းမရှိပေဟုဖော်ပြလျက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ဒီကရီကို အတည်ပြုသည်။
-----
ကာလစည်းကမ်းသတ်ကျော်၍ #အဆိုလွှာကို ပယ်သည့်(reject)သည့် သာဓကများ
ဦးရမ်ဂျာနီ နှင့် မခမ်းစိန် ( ၂၀၀၀ ၊ မတစ၊ စာ - ၂၂၁) အမှုတွင် " ငွေရလိုမှု" စွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက ပဏာမငြင်းချက်ထုတ်နုတ်ကြားနာပြီး အမှုကို ကာလ စည်းကမ်း သတ်ကျော်လွန်မှ တရားစွဲဆိုခြင်းမှာ မှန်ကန်ကြောင်းဖြေဆို၍ အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ အမိန့် ၇၊ နည်း ၁၁(ဃ)အရ #ပယ်ကြောင်း(reject) အမိန့်ချသည်။ တရားရုံးချုပ်က အမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်း ထင်ရှားသဖြင့် မူလရုံးအမိန့်သည် ဥပဒေနှင့် မညီညွတ်ဟု မဆိုသာပေဟု ဖော်ပြ၍ ရန်ကုန်တိုင်းတရားရုံး၏ စီရင်ချက် နှင့် ဒီကရီကို အတည်ပြုသည်။
နှင်းသဇင်ဆောက်လုပ်ရေး နှင့် ဒေါ်အေးအေးသန်း ( ၂၀၀၃ ၊ မတစ၊ စာ - ၁၇၆) အမှုတွင် " ငွေရလိုမှု" စွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှ စွဲဆိုခြင်း ဖြစ်သည်ဟု ပဏာမ ငြင်းချက်ကိုဖြေဆို၍ အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ အမိန့် ၇၊ နည်း ၁၁(က)အရ #ပယ်ကြောင်း (reject) အမိန့်ချသည်။ တရားရုံးချုပ်သို့ အယူခံဝင်ရာ ကာလစည်းကမ်းသတ်မကျော်လွန်ကြောင်း ရန်ကုန်တိုင်း တရားရုံး၏ စီရင်ချက် နှင့် ဒီကရီကို ပယ်ဖျက်သည်။
------
ကာလစည်းကမ်းသတ်ကျော်၍ အမှုကို ပယ်သည့် သာဓကများ
ဦးနေဝင်းပါ ၂ နှင့် ဒေါ်ခင်အေး ( ၁၉၇၂၊ မတစ၊ စာ - ၄၃) အမှုတွင် " လျော်ကြေးရလိုမှု" စွဲဆိုရာ ရန်ကုန်မြို့တရားမရုံးက ကာလစည်းကမ်းသတ်ကျော်လွန်နေပြီဟုဆုံးဖြတ်၍ #အမှုကိုပယ်ခဲ့သည်။ တရားရုံး ချုပ်က မူလရုံး စီရင်ချက်နှင့် ဒီကရီကိုအတည်ပြုသည်။
မောင်တင်ဦး ပါ ၆ နှင့် ဦးမြသီးပါ ၂ ( ၁၉၇၂ ၊ မတစ၊ စာ - ၁၁၂) အမှုတွင် တရားရုံးချုပ်က တရားလို စွဲဆိုသောအမှုများသည် ကာလစည်းကမ်းသတ်ကျော်လွန်နေပြီဖြစ်သောကြောင့် #အမှုများကိုပယ်ရမည် ဖြစ်ကြောင်း ဖော်ပြ၍ မူလရုံးတွင် စွဲဆိုထားသော အမှုအသီးသီးကို စရိတ်နှင့်တကွ #ပယ်လိုက်သည်။
---
အဆိုလွှာပယ်သည်ဖြစ်စေ၊ အမှုကို ပလပ်သည် ဖြစ်စေ ဒီကရီ ရေးဆွဲ ရခြင်း။
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)တွင် "ဒီကရီ" ဆိုသည်မှာ အမှုကို ဆုံး ဖြတ်သည့် တရားရုံးနှင့် သက်ဆိုင်သမျှ ယင်းအမှုတွင် အငြင်းပွားလျက်ရှိသော အကြောင်းအရာအားလုံး သို့မဟုတ် ယင်းတို့အနက် အကြောင်းအရာ တစ်ရပ်ရပ် နှင့် စပ်လျဉ်း၍ အမှုသည်တို့၏ ရပိုင်ခွင့်များကို အပြီးအပြတ် သတ်မှတ်ပေးသည့် စီရင်ဆုံးဖြတ်ချက်တစ်ရပ်အား ထုံးနည်းတကျ ရေးသားဖော်ပြချက်ကို ဆိုသည် ဟု လည်းကောင်း၊ ဒီကရီဆိုသော စကားရပ်တွင် အဆိုလွှာကို ပယ်သည့်အမိန့် ပါဝင် သည်ဟု မှတ်ယူရမည် ဟုလည်းကောင်း ပြဋ္ဌာန်ထားပါသည်။
သို့ဖြစ်ရာ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့် အမှုကို ပလပ်သည်ဖြစ်စေ၊ အမိန့် ၇၊ နည်း ၁၁(ဃ) အရ အဆိုလွှာ ကို ပယ်သည်ဖြစ်စေ "ဒီကရီ" ရေးဆွဲရန်ဖြစ်ပါသည်။
ယင်းဒီကရီသည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆ အရ အယူခံဝင်ခွင့်ရသည်။
-----
ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့် အမှုကို ပလပ်လျှင် တရားစွဲဆိုနိုင်ရန် အကြောင်းအရာ တစ်ရပ်တည်းအပေါ် အမှု သစ် စွဲဆိုခြင်းကို ပိတ်ပင်ခြင်းခံရမည် ဖြစ်သဖြင့် ထပ်မံ၍ အမှုစွဲဆိုခွင့် မရှိသည်မှာ အငြင်းပွားရန်မရှိပေ။
ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့် အမိန့် ၇၊ နည်း ၁၁(ဃ)အရ အဆိုလွှာ ကို ပယ်လျှင် တရားစွဲဆိုရန် အကြောင်းအရာ တစ်ရပ်တည်းနှင့် စပ်လျဉ်း၍ အမှုသစ်ထပ်မံစွဲဆိုခြင်းကို တရားမကျင့်ထုံးဥပဒေ အမိန့် ၇၊ နည်း ၁၃ အရ တားမြစ်ပိတ်ပင်ခံရခြင်း မရှိချေ။
သို့ရာတွင် အမှုသစ်ထပ်စွဲလျှင်လည်း ကာလစည်းကမ်းသတ်ကျော်လွန် ခြင်း အကြောင်းဖြင့်ပင် အမှုကို ထပ်မံပလပ်ခံရမည်ဖြစ်ပါသည်။ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၁၊ ရှင်းလင်းချက် (၄)တွင် အကျုံးဝင်သည့်ကိစ္စဖြစ်ရာ မီးသေဆုံးဖြတ်ချက်ဖြစ်နေပေသည်။
ထို့ကြောင့် ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့် အဆိုလွှာပယ် သည်ကို အကြောင်းပြု၍ အမှုသစ်ထပ်မံစွဲဆိုခြင်းသည်လည်း အကျိုးထူးဖွယ်မရှိချေ။
---
ပြဿနာမှာ
အမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်နေပါက-------
ကာလစည်းကမ်းသတ်အက်ဥပဒေ ၃ ပါ ဖော်ပြချက်အတိုင်း
အမှုကို ပလပ်(shall be dismissed) ပြုလုပ်ရမည်လား။
DAW THIN HLAING v. G.GORDHANDAS (၁၉၆၅၊ မတစ၊ ရုံးချုပ်၊ စာ ၅၉၄) စီရင်ထုံးလမ်းညွှန်ချက်အရ
#အမိန့် ၇၊ နည်း ၁၁(ဃ)အရ အဆိုလွှာကိုပယ်(reject)ရမည်လား
ရေးထုံးအမှန်ကို
အငြင်းပွားရန်ရှိပါကြောင်းလေ့လာတင်ပြအပ်ပါသည်။
Comments
Post a Comment