ချေးငွေ
#ချေးငွေဆိုင်ရာမှုခင်းများ
စီးပွားရေးဖွံ့ဖြိုးမှု၊ ကူးသန်းရောင်းဝယ်မှုများတိုးတက်လာသည် နှင့်အမျှ တစ်ဦးနှင့်တစ်ဦးအကြား ရရန်၊ ပေးရန်များ၊ ချေးငွေပြဿနာများ ကို အများရင်ဆိုင်နေကြရပါသည်။
ငွေကြေးပြဿနာကြောင့် မိတ်ဆွေများအချင်းချင်းကြား အမုန်းပွားရသကဲ့သို့ ရမည့်သူဘက်ကလည်း ပြန်မရ၍လည်းကောင်း၊ ပေးရ မည့်သူဘက်ကလည်း အတိုးငွေများ မတရားတွက်ချက်တောင်းခြင်းခံရသဖြင့်လည်းကောင်း၊ နေထိုင်ရာအိမ်ကို တန်ရာတန်ကြေးအောက် ဈေးနှိမ်စာချုပ်ချုပ်ဆို၍ ပေးအပ်ရသဖြင့်လည်းကောင်းမကျေနပ်မှုများ၊ အငြင်းပွားမှုများ၊ မှုခင်းများ ရင်ဆိုင်နေကြရပါသည်။
ချေးငွေဆိုင်ရာအငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ဖြေရှင်းမှုပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံအားဖြင့်သိရှိထားသင့်သော စီရင်ထုံးများပါ လမ်းညွှန်သဘောတရားများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ အများလေ့လာရ လွယ်ကူစေရန် စီရင်ထုံးများပါ ဆုံးဖြတ်ချက်များမှ (၁) Debt and Loan (၂) အသေးစားချေးငွေ(၃) ငွေတိုးချစားသူ၊ (၄) ငွေလွှဲစာချုပ်(၅) ခံဝန်ချုပ်၊ (၆) ငွေပေးကတိ စာချုပ်(၇) စာချုပ်ချုပ်ဆိုခြင်း၊ (၈) ပဋိညာဉ်ဖောက်ဖျက်ခြင်း၊(၉)ရာဇဝတ်ကြောင်းစွဲဆိုခြင်း၊ (၁၀) ပဋိညာဉ်ဖောက်ဖျက်မှုအတွက် တာဝန်ရှိမှု၊ (၁၁) အာမခံသူ၏တာဝန်ရှိမှု၊ (၁၂)ချေးငွေရလိုမှု၊ (၁၃) ကာလစည်းကမ်းသတ်(၁၄) ကုမ္ပဏီပိုင်ငွေအတွက် တရားစွဲဆို ခြင်း(၁၅) ချေးငွေကို အိမ်မြေအရောင်းအဝယ်စာချုပ်အဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ်အပေါ် အခြေခံစွဲဆိုထားသောအမှုတွင် စာချုပ် ပါ စရံငွေကို ပြန်ပေးရန် မသင့်ခြင်း၊ (၁၆) ရောင်းဖိုးကျန်ငွေရလိုမှု၊ (၁၇) ချေးယူထားသည့်ငွေ ပြန်မဆပ်နိုင်သည့်အတွက် ငွေချေးယူသူ၏ ဥပစာ တွင် နေထိုင်ခြင်း၊ (၁၈) ငွေထုတ်ခွင့်လက်မှတ်အတွက် ထုတ်ပေးရသော ငွေပြန်လည်ရရှိရန် တရားစွဲဆိုခြင်း၊ (၁၉) အော်ဒီမန်စာချုပ်အရ ငွေရင်း နှင့် အတိုးငွေရလိုကြောင်းစွဲဆိုမှု၊ (၂၀) ပေါင်နှံခြင်း ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နှံခြင်း၊ လက်မဲ့ပေါင်နှံခြင်း၊ အပေါင်ခံထားသောပစ္စည်းကို ရောင်းချပေးစေရန် တရားစွဲဆိုခြင်းဟူ၍ ဥပဒေသဘောတရားများကို စုဆောင်းတင်ပြထားပါသည်။ ချေးငွေဆိုင်ရာမှုခင်းများ မတင်ပြမီ "Debt" နှင့် "Loan" ဆိုသော စကားရပ်များကို ဦးစွာ ဆွေးနွေး တင်ပြလိုပါသည်။
(၁) Debt and Loan
Debt ဆိုသောစကားနှင့် Loan ဟူသောစကားတို့၏ အဓိပ္ပာယ် ရှင်းလင်းချက်များကိုထောက်သော် Debt ဆိုသောစကားသည် ချေးငွေ သက်သက်ကိုသာ ဆိုလိုသည်မဟုတ်၊ အခြားနည်းတင်ရှိသော ပေးဆပ်ရန် ရှိသည့်အကြွေးလည်း ပါဝင်သည်ဟူသော အဓိပ္ပာယ်သက်ရောက်လေသည်။ ယင်းယူဆချက်ကို ဖော်ပြရသော် Selden v.Wilde (1910. KB P-9) အမှုတွင် တရားရုံးကချမှတ်သောအမိန့်အရ ပေးဆောင်ရန် ရှိသောတရားစရိတ်ငွေသည် Debt ဆိုသောစကားရပ်တွင် အကျုံးဝင်သည်ဟု ဖော်ပြထားသည့်အပြင် Mc Greavy (AELR) (1950) Vol.1 P-442 တွင်လည်း ပစ္စည်းပိုင်ရှင်တစ်ဦး ထိုပစ္စည်းအတွက်ပေးဆောင်ရန် ရှိသောအခွန်အတုတ်သည် Debt ဆိုသောစကားအဓိပ္ပာယ်သက်ရောက် သည်ဟု အဆုံးအဖြတ်ပြုခဲ့လေသည်။ ထိုမှတစ်ပါးလည်း Prafulla Chandra Nag v.Jatindra Nath Kar (1938 IL R.2 Calcutta P320) တွင် တရားလိုက တရားခံအဖို့ အိမ်ဆောက်လုပ်ပေးရသည့်အတွက်လက်ခငွေရရှိရန် တရားစွဲဆိုသည်မှာ ထိုလက်ခငွေသည် ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ- ၂ဝ တွင် အကျုံးဝင်သည်ဟု ကတ္တားတရားလွှတ်တော်ခုံရုံးက အဆုံးအဖြတ်ပြုခဲ့လေသည်။ အထက် ဖော်ပြပါအကြောင်းအချက်များကိုထောက်သော် ယခုစွဲဆိုသောအုတ်ဖိုး ကျန်ငွေမှာ ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၀ တွင်ပါရှိသော Debt ဆိုသောစကားတွင် အကျုံးဝင်သည်ဟု ယူဆရမည်ဖြစ်ပေသည် ဟူ၍ ဆင်ဆင်မာရူးနှင့် ဦးတင်ဦး ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၄၃၇ (၄၃၉) တွင် ထုံးဖွဲ့ထားပါသည်။
(၂) အသေးစားချေးငွေ
၂ဝ၁၁ ခုနှစ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂(ဂ) တွင် အသေးစားချေးငွေဆိုသည်မှာ အခြေခံလူတန်းစား၏ ဆင်းရဲ နွမ်းပါးမှုလျှော့ချရန်နှင့် ယင်းတို့၏လူမှုစီးပွားရေးဘဝတိုးတက်မြင့်မားရန် အာမခံတင်သွင်းရန် မလိုဘဲ ထုတ်ချေးသည့်ငွေကိုဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။
(၃) ငွေတိုးချစားသူ
၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ ဥပဒေပုဒ်မ ၂(၆)အရဆိုလျှင် ငွေထုတ်ချေးသည့်အလုပ်ကို လုပ်ကိုင်သူတစ်ဦးဦးအား ငွေတိုးချစားသူ ဟုခေါ်ဆိုရမည်ဖြစ်သည်။ငွေထုတ်ချေးခြင်းကိုလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။လုပ်ငန်းအနေဖြင့် မဟုတ်ဘဲ မိတ်ဆွေတစ်ဦးဦးအား ကူညီသည့်အနေဖြင့် တစ်ခါတစ်ရံသာငွေထုတ်ချေးခဲ့ခြင်းဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူ ဖြစ်သည်ဟုသတ်မှတ်ခြင်း မပြုနိုင်ပေ။ တစ်ဖက်မှလည်း ငွေထုတ်ချေးသည့် လုပ်ငန်းတစ်ခုတည်းကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်စားသောက်သူကိုမှသာ ငွေတိုးချစားသူဖြစ်သည်ဟု ကျဉ်းမြောင်း စွာ အဓိပ္ပာယ်ကောက်ယူခြင်းမပြုနိုင်ပေဥပမာ- လူ တစ်ယောက်သည် ကုန်သည်အလုပ်ကိုလည်းလုပ်ဆောင်နေပါမူ ထိုသူအားငွေတိုးချစားသူ ဖြစ်သည်ဟုကောက်ယူရမည်ဖြစ်သည်။ သာမန်ကုန်သည်တစ်ယောက် သာဖြစ်သည်ဟု မယူဆနိုင်ပေ။ ( ဦးထွန်းရွှေ နှင့် ဦးဝင်း ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ - ၁၄၅)
(၄) ငွေလွှဲစာချုပ် (Bill of exechange) ဆိုသည်တွင် ဟွန်ဒီနှင့် ချက်လက်မှတ် တို့ ပါဝင်သည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂(၂))
(၅) ခံဝန်ချုပ် ဆိုသည်မှာ သတ်မှတ်ထားသောပြုလုပ်မှုတစ်ခုကို ဆောင်ရွက်လျှင် သို့တည်းမဟုတ် မဆောင်ရွက်လျှင် ချုပ်ဆိုထားသောခံဝန် ပျက်ပြားရမည် ဟူသော စည်းကမ်းချက်အရ တစ်ဦးတစ်ယောက်သော သူက သူတစ်ပါးအားငွေပေးရန်ခံဝန်ပြုသောစာချုပ်ပါဝင်သည်။ (ကာလ စည်းကမ်းသတ် အက် ဥပဒေ ပုဒ်မ ၂(၃))
သက်သေခံစာရွက်စာတမ်းသည် ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂(၃)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ခံဝန်ချုပ်တွင် အကျုံးဝင်သည်။ ထိုခံဝန်ချုပ်မှာလည်း ကာလစည်းကမ်းသတ် ကျော် လွန်ပြီးသည့်ငွေများအတွက် ချုပ်ဆိုထားဘိဦး ပဋိညာဉ်ဥပဒေပုဒ်မ ၂၅ (၃)အရ ပဋိညာဉ်မြောက်သဖြင့် ပထမအယူခံ တရားပြိုင်၌ ထိုငွေများ ပေးရန် တာဝန်ရှိကြောင်း - ဦးလှဖေ ပါ ၂ နှင့် ဦးမြ ပါ ၂၊ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၆၄၆ တွင် ထုံးဖွဲ့ထားသည်။
(၆) ငွေပေးကတိစာချုပ် (Promissory note) ဆိုသည်မှာ အတိအကျဖော်ပြ ထားသောငွေကို သူတစ်ပါးအား ကန့်သတ်ထားသည့်အချိန်တွင်ဖြစ်စေ တောင်းဆိုသည့်အခါတွင်ဖြစ်စေ၊ ငွေပေးကတိစာချုပ် တင်ပြသည့်အခါ ဖြစ်စေ ပေးဆပ်ရန် ခြွင်းချက်မရှိ ဝန်ခံသောစာချုပ်ကို ဆိုလိုသည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ-၂(၉))
လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများဥပဒေအရ ငွေပေးချေရန် ကတိစာချုပ် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများသည် လွှဲပြောင်းနိုင်သော
စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၄ တွင် ငွေပေးချေရန် ကတိ စာချုပ် (Promissory note) ဆိုသည်မှာ ဘဏ်လက်မှတ် သို့မဟုတ် ငွေစက္ကူ မဟုတ် ငွေတစ်စုံတစ်ရာကို တစ်စုံတစ်ယောက်သောသူသို့ သာဖြစ်စေ၊ ၎င်းကအခွင့်လွှဲအပ်သူသို့သာဖြစ်စေ၊ လက်မှတ်ဆောင်ယူလာသူသို့သာဖြစ်စေပေးချရန် စည်းကမ်းချက်တစ်စုံတစ်ရာမထားဘဲ ခံဝန်လက်မှတ်ရေးသားချုပ်ဆိုသူက လက်မှတ်ရေးထိုးသည့်စာချုပ်ကို ဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။
ငွေပေးချေရန်ကတိစာချုပ်သည် အောက်ပါအချက်များနှင့် ညီညွတ်ရန် လိုသည်။
(၁) ငွေပေးချေရန်စာချုပ်သည် စာနှင့်ရေးသားထားခြင်း ဖြစ်ရမည်။ (၂) စည်းကမ်းချက် တစ်စုံတစ်ရာမထားဘဲ ငွေပေးချေပါမည်ဟု ခံဝန် ကတိပြုချက် ဖြစ်ရမည်။
(၃) ငွေပေးချေရန်ရှိသည်ဟု သာမန်အသိအမှတ်ပြုရုံဖြင့် မလုံလောက်၎င်းငွေကို ပေးပါမည်ဟု ကတိပြုချက် ဖြစ်ရမည်။
(၄) ပေးရန်ကတိပြုသောငွေသည် အတိအကျဖြစ်ရမည်။ (၅) ရေးသားသူ (သို့မဟုတ်) ကတိပြုသူက လက်မှတ်ရေးထိုးရမည်။
(၆) ငွေပေးရမည့်သူ၏ အမည်ကို အတိအကျ ဖော်ပြထားရမည်။
(၇) ငွေပေးရန် ကတိပြုခြင်းဖြစ်ရမည်၊ အခြားပစ္စည်းပေးရန် ကတိပြုခြင်းမဖြစ်စေရ (ကိုကျော်ကျော်အေး နှင့် ဒေါ်အေးအေးမြင့် ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၆)
(၇) စာချုပ်ချုပ်ဆိုခြင်း
ငွေကြေးဆိုင်ရာဆက်သွယ်မှုများကို နှုတ်ဖြင့်လည်းကောင်း၊ ပဋိညာဉ် စာချုပ်များချုပ်ဆို၍လည်းကောင်း အပေးအယူပြုလေ့ရှိကြပါ သည်။ ဥပဒေသဘောတရားမှာပဋိညာဉ်ချိုးဖောက်သဖြင့် အငြင်းပွားမှုများ ဖြစ်ပွားကြောင်း တွေ့ရသည်။ ပဋိညာဉ်ပြုသူတစ်ဖက်ဖက်က ပဋိညာဉ် ချိုးဖောက်ခြင်း ရှိမရှိ၊ ရှိလျှင် မည်သို့သော ဥပဒေရေးရာ အခွင့်အရေး တာဝန်များရှိသည်ကို အခြေခံအားဖြင့် သိရှိနိုင်ရန် သက်ဆိုင်ရာ စီရင်ထုံး များပါ သုံးသပ်ချက်များကို တင်ပြလိုပါသည်။
ငွေချေးငှားရာတွင်ငွေချေးငှားခြင်းစာချုပ်၊ နှစ်ဦးသဘောတူ ငွေယုံကြည် အပ်နှံခြင်းကတိစာချုပ် စသည်ဖြင့် ချုပ်ဆိုလေ့ရှိကြသည်။ တံဆိပ်ခေါင်းခွန် ဥပဒေအရ စာချုပ်အမျိုးအစားအလိုက်ထိုက်သင့်သော တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားသောစာချုပ်ကိုသာ သက်သေခံအဖြစ် တင်ပြနိုင်မည် ဖြစ်သည်။
တရားဥပဒေနှင့်ညီသော ပဋိညာဉ်ချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍ ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၃ တွင် သဘောတူညီချက်နှင့် ရည်ရွယ်ချက် သည် (၁) တရားဥပဒေက တားမြစ်ထားသည့်အချက်၊ (၂) အကယ်၍ ခွင့်ပြုလျှင် တရား ဥပဒေပါပြဋ္ဌာန်းချက်များကိုပျက်ပြားစေမည့်အချက်၊ (၃) လိမ်လည်လှည့်ဖြားရာ ရောက်သည့်အချက်၊ (၄) သူတစ်ပါး၏ကိုယ် သို့မဟုတ် ပစ္စည်းကိုထိခိုက်နစ်နာစေခြင်း သို့မဟုတ် နစ်နာစေသည့် အချက်၊ (၅) ကျင့်ဝတ်တရားပျက်ပြားသည့် သို့မဟုတ် အများပြည်သူ ဆိုင်ရာဝါဒနှင့် ဆန့်ကျင်သည့် တရားရုံးက ထင်မြင်သည့် အချက် တစ်ရပ်ရပ် မရှိလျှင် တရားဥပဒေနှင့်ညီကြောင်း ပြဋ္ဌာန်းထားသည်။
ဒေါ်စပ်ချစ်ဦး (ကွယ်လွန်သူ ဒေါ်စပ်လိပ်လုံး၏တရားဝင်ကိုယ်စားလှယ်) ပါ ၉ နှင့် ဦးစိုင်းရီ ၂ဝဝ၂၊ မြန်မာနိုင်ငံတရားစီရင်ထုံးထုံးပြုထားသည်။
စာချုပ်တွင် အသိသက်သေလက်မှတ်ရေးထိုးခြင်း (attestation) ၏ အဓိပ္ပာယ်ကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၃ နှင့် အမွေ ဆက်ခံခြင်း အက်ဥပဒေပုဒ်မ -၆၃ တို့တွင် ဖော်ပြထားသည်။ ထို့ကြောင့် အသိသက်သေလက်မှတ်ရေးထိုးခြင်းမှာ သက်သေ(၂)ဦး သို့မဟုတ် (၂)ဦး ထက်ပိုသောသူများ ရှိရမည်။ ၎င်းတို့ရှေ့မှောက်တွင် စာချုပ်စာတမ်း ကို ချုပ်ဆိုသူက လက်မှတ်ရေးထိုးရမည် သို့မဟုတ် အမှတ်အသားပြု လုပ်ရမည်။ အမှတ်အသားဆိုသည်မှာ ကြက်ခြေခတ်ခြင်း၊ လက်ဗွေနှိပ် ခြင်းတို့ ပါဝင်သည်။ စာချုပ်စာတမ်းချုပ်ဆိုသူ ကိုယ်တိုင်က လက်မှတ် ရေးထိုးခြင်းမပြုလျှင် သို့မဟုတ် အမှတ်အသားပြုခြင်း မဟုတ်လျှင်၊ ၎င်း၏ စေခိုင်းချက်အရ အခြားသူတစ်ဦးတစ်ယောက်က ၎င်း၏ ရှေ့မှောက်တွင် ပြုလုပ်နိုင်သည်။ သက်သေများရှေ့တွင် လက်မှတ်ရေးထိုး ခြင်း မဟုတ်လျှင် (သို့မဟုတ်) အမှတ်အသားပြုလုပ်ခြင်း မဟုတ်လျှင်၊ ချုပ်ဆိုသူက ၎င်း၏လက်မှတ် သို့မဟုတ် အမှတ်အသားဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းက စေခိုင်းသူ၏လက်မှတ်ဖြစ်ကြောင်းကို သက်သေများအား ဝန်ခံပြောဆိုရမည်။ ထို့နောက်တွင်မှ သက်သေများက စာချုပ် စာတမ်းတွင် ချုပ်ဆိုသူ၏ရှေ့မှောက်၌လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် သက်သေအားလုံးတို့သည် တစ်ချိန်တည်း တစ်ခါတည်း၌ တစ်ဦးနှင့် တစ်ဦးရှေ့မှောက်တွင် လက်မှတ်ရေးထိုးရန်မလို၊ ချုပ်ဆိုသူ၏ရှေ့မှောက် တွင် သီးခြားတစ်ချိန်စီ တစ်ခါစီ လက်မှတ်ရေးထိုးနိုင်သည်။
စာချုပ်စာတမ်းတစ်ခုသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ သက်သေများက လက်မှတ်ရေးထိုးထားခြင်း မရှိပါက ယင်းစာတမ်း အမှတ်အသားကိုစာချုပ်ချုပ်ဆိုသူတို့က ကိုယ်တိုင်ချုပ်ဆိုကြောင်း ဝန် ရုံမျှဖြင့် တရားဝင်သည့် စာတမ်းအမှတ်အသား ဖြစ်မလာနိုင်ကြောင်းဒေါ်ဖွားသက်နှင့် ဦးဖိုးအောင် ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာ-၈၄ တွင် ထုံးဖွဲ့ ထားသည်။
စာချုပ်စာတမ်းတွင် မှန်ကြောင်းလက်မှတ်ရေးထိုးခြင်း အထမြောက်ရန် (၁) အနည်းဆုံးသက်သေ ၂ ဦး ရှိရမည်(၂) သက်သေတိုင်း က စာချုပ်၌ စာချုပ် ချုပ်ဆိုသူ လက်မှတ်ရေးထိုးသည်ကိုဖြစ်စေအမှတ် အသားပြုသည်ကိုဖြစ်စေ တွေ့ မြင်ရမည်၊ သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသားဖြစ်ကြောင်း ဝန်ခံပြောဆိုသည် ကို ကြားသိရမည်(၃) သက်သေတိုင်းက စာချုပ် ချုပ်ဆို သူ၏ ရှေ့တွင် လက်မှတ်ရေးထိုးရမည် ဖြစ်သည်။
(၈) ပဋိညာဉ်ဖောက်ဖျက်ခြင်း ပဋိညာဉ်ပြုသူတစ်ယောက်သည် ပဋိညာဉ်အရ ၎င်းအပေါ်တွင် ကျရောက်သောတာဝန်ကို ဆောင်ရွက်ရန် ငြင်းပယ်လျှင် သို့မဟုတ် ပဋိညာဉ်အရ ဆောင်ရွက်ရန်အချိန်ကျရောက်သော်လည်း ဆောင်ရွက်ရန် ပျက်ကွက်လျှင် ပဋိညာဉ်ချိုးဖောက်မှုဖြစ်ပေါ်သည်။ ပဋိညာဉ်ကို ငြင်းပယ်ခြင်း (Repudiation of the contract)၊ ပဋိညာဉ်အတိုင်းလိုက်နာ ဆောင်ရွက်ရန် ငြင်းဆို ခြင်း (Refusal to fulfill the contract)တို့ဖြစ်သည်။ ငြင်းပယ်ခြင်းဆိုသည်မှာ ပဋိညာဉ်ပြုသူတစ်ယောက်က ပဋိညာဉ်အရ ပြုလုပ်ရန်တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန် ငြင်းဆိုခြင်း ဖြစ်သည်။ ထိုသို့ ငြင်းပယ်လိုက်လျှင် နစ်နာသော တစ်ဘက်ပဋိညာဉ်ပြုသူက ယင်းသို့ ငြင်းပယ်သူအား ပဋိညာဉ်ကို ချိုးဖောက်မှုအတွက် လျော်ကြေးရယူရန် တရားစွဲဆိုပိုင်ခွင့်ရှိသည်၊၊ ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရ ပြုလုပ်ရမည့်တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန် မည်သို့ ငြင်းပယ်ရမည် နည်းဟူမူ လုံးလုံးလျားလျား ငြင်းဆိုရမည်(Total Refusal) သို့မဟုတ် အကြွင်းမဲ့ငြင်းဆိုခြင်း (Absolute refusal) ပြုရပေလိမ့်မည်။ ပဋိညာဉ်ပြု သူတစ်ယောက်သည် ပဋိညာဉ်အတိုင်း ၎င်းက မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လိုကြောင်းကို ၎င်း၏ပြုမူချက်(conduct) ဖြင့် သိစေနိုင်သည်။ ပဋိညာဉ်အရ ၎င်းပေါ်ကျရောက်သောတာဝန်ကို ငြင်းပယ်ရာရောက်သဖြင့် တစ်ဘက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့် ၎င်းနောက်လျော်ကြေးငွေရခွင့်ရှိကြောင်း ဦးနေဝင်း ပါ ၂ နှင့် ဒေါ်ခင်အေးအမှု ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၄၃(၄၄) တွင် လမ်းညွှန်ထုံးဖွဲ့ထားသည်ကို စီရင်ထုံးပါ ထုံးဖွဲ့ထားမှုသည် ပဋိညာဉ် ကို ချိုးဖောက်ခြင်း၏အခြေခံလက္ခဏာများကို ညွှန်ပြထားခြင်းဖြစ်ကာ အငြင်းပွားမှုအားလုံး၏အခြေခံလေ့လာထားရမည့်အမှုလည်း ဖြစ်သည်။
(၉) ရာဇဝတ်ကြောင်းစွဲဆိုခြင်း
ချေးငွေအတွက် တရားမကြောင်း၊ ရာဇဝတ်ကြောင်းတို့ဖြင့် စွဲဆို လေ့ ရှိပါသည်။ ချေးငွေအတွက် ရာဇဝတ်ကြောင်း စွဲဆိုမှုများတွင် လိုက် နာရန် လမ်းညွှန်စီရင်ထုံးများကို ဆက်လက်တင်ပြဆွေးနွေးလိုပါသည်။ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ တွင် အကျုံးဝင်သည့်လိမ်လည်မှု မြောက်ရန် တရားခံသည် လှည့်ဖြားခြင်းခံရသူအား ပစ္စည်းကို ပေးအပ် ရန်အတွက် လိမ်လည်၍ မရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်ခဲ့ ကြောင်း ထင်ရှား ပေါ်ပေါက်ရန် လိုပါသည်။
ငွေယူသည့်ကိစ္စတွင် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ နှင့် အကျုံး ဝင်သည့် ပြစ်မှုဖြစ်စေရန် ငွေကို တရားခံက လိမ်လည်လှည့်ဖြား၍ ရယူ ခြင်း ရှိမရှိ ဦးစွာ စိစစ်ရမည်။ (ကိုဘာဘူမသန်းနှင့် ကိုကျင်သိန်းအမှု၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ ၁-၄၇၆)
လူတစ်ဦးတစ်ယောက်အား ၎င်း၏ပစ္စည်း သို့မဟုတ် ငွေကို ပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်မှသာ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ နှင့် အကျုံးဝင်မည်ဖြစ်သည်။ ပစ္စည်း သို့မဟုတ် ငွေကို ပေးအပ်ခြင်း မပြုမီ တရားခံက ထိုသူအား လိမ်လည် လှည့်ဖြားခဲ့သည် ဆိုသောအချက် ရှိရန်လိုသည်။ သို့မဟုတ် ငွေကိုပေးအပ်စေရန် သွေးဆောင်ခြင်း ပြုလုပ်ချိန်၌ တရားခံသည် လိမ်လည် လှည့်ဖြားခြင်းမရှိပါမူ ၎င်းအပေါ် ရာဇဝတ်ကြောင်းဖြင့် တရားမစွဲနိုင်ချေ။ (ဦးမောင်မောင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမှု၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၇၃၂(၇၃၄))
ငွေကို လုံးဝပြန်မဆပ်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ စွဲဆိုရာ ချေးယူသည့်ငွေကိုပြန်ဆပ်ရန်မရည်ရွယ်ဘဲ ပြန်ဆပ်မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြုမူလျက် တမင်လှည့်ဖြားပြီး ငွေထုတ်ချေးစေရန် မရိုး မဖြောင့်သောသဘောဖြင့်သွေးဆောင်၍ငွေကိုရယူလျှင် လိမ်လည်မှုမြောက် နိုင်သည်။ (ဦးချစ်မောင်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ တော်ပါ ၂ အမှု၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၂၁)
ငွေချေးယူသူသည် ချေးငွေကိုပြန်လည်ပေးဆပ်ရန်အခြေအနေ မရှိကြောင်း ငွေထုတ်ချေးသူကို လှည့်ဖြား၍ချေးယူသောငွေကို ပြန်လည် ပေးဆပ်ရန် အကြံမရှိကြောင်းနှင့်အခြေအနေအကြောင်းအရပ်ရပ်ကို အထင်အရှား မပြနိုင်သမျှ ရာဇသတ်ကြီး ပုဒ်မ ၄၁၅ အတွင်း ကျရောက် သော လိမ်လည်မှုဖြစ်သည်ဟု မဆိုနိုင်။ (မရွှေ(ခ) မကျင်ရွှေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှု၊ ၁၉၅၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင် ထုံး(လွှတ်တော်)စာ -၃ဝ၆)
တရားခံသည် တရားလိုထံမှ ငွေကိုအလီလီချေးယူခဲ့ရာ၌ အတိုး များ ပေးခဲ့ကြောင်း သက်သေခံချက်များရှိသည့်အပြင် ချေးယူငွေအတွက် ၎င်း၏အိမ်ကိုဈေးဖြတ်ယူရန် ညှိနှိုင်းခဲ့ကြောင်းပေါ်ပေါက်ပေရာ တရားခံ များ၏ ပြုလုပ်မှုသည် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ လိမ်လည်မှုတွင် အကျုံးဝင်သည်ဟု မဆိုသာချေ။
ဒေါ်သန်းသန်းနွဲ့ နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂
ဒေါ်သန်းသန်းနွဲ့ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၉(၇၂) ၂ဝ၁၂ ခုနှစ် လိမ်လည်မှုနှင့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတို့တွင် တရားခံက မရိုးမဖြောင့်သောသဘောဖြင့် ကျူးလွန်ခြင်း ရှိမရှိမှာ အဓိက ဖြစ်သည်။ ထိုသို့သောသဘောမရှိပါက ပြစ်မှုမမြောက်၊ (ပြည်ထောင် မြန်မာနိုင်ငံနှင့် ခင်မောင်လတ်ပါ ၂ အမှု၊ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ ရ စီရင်ထုံး (လွှတ်တော်)၊ က -၁၁၄)
ချေးငွေအတွက် ကတိစာချုပ်ပြုလုပ်ရာတွင် မအပ်နိုင်ပါ လိုင်းခန်းနှင့်လိုင်ခန်းရှိပစ္စည်းများပေးဆပ်ပါမည်ဟုပါရှိပြီး ငွေလည်းမဆပ်၊ ဆိုင်ခန်းနှင့်ပစ္စည်းများကိုလည်း မပေးသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ စွဲဆိုမှုဖြစ်သည်ငွေချေးယူစဉ်က ဆိုင်ခန်းနှင့်ပစ္စည်းများလည်း ရှိနေသဖြင့် လိမ်ညာလှည့်ဖြားပြီး ငွေချေးယူခြင်းမဟုတ်သဖြင့် ရာဇသတ် ကြီးပုဒ် ၄၂ဝ အရ ပြစ်မှုမမြောက်ဘဲ ကတိဖောက်ဖျက်သည့်အတွက် တရားမ ကြောင်းဖြင့်သာ သက်ဆိုင်မည်ဖြစ်သည်။ (မစိန်ရင် ပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၃၈၁)
ရုပ်ရှင်ဇာတ်ကားပြသပြီး သဘောတူစာချုပ်ပါ စည်းကမ်းချက် အတိုင်း ငွေမပေးသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ စွဲဆိုမှုဖြစ်သည်။ ငွေကို လိမ်လည်၍မရိုးမဖြောင့်သောသဘောဖြင့် ရယူခြင်းဖြစ်ကြောင်း သက်သေပြရန် တာဝန်မှာတရားလိုဘက်မှ ဆောင်ရွက်ရမည်ဖြစ်သည်။ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ပေးရန် သက်သာခွင့်ကို တရားမကြောင်းဖြင့်သာ စွဲဆိုရန်ဖြစ်သည်။
(ဦးသက်လယ်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ၁၉၈၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၁၄၁)
တိုင်ချက်တွင်ဖော်ပြထားသည့် အိမ်အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်သကဲ့သို့ အိမ်ဖိုးငွေပျက်ကွက်ခြင်းလည်းမဟုတ်၊ အထည်ဖိုး ကြွေးများပျက်ကွက်သဖြင့် အိမ်ကိုအရောင်းအဝယ်ပြုလုပ်သည့်သဘော တွေ့ရသည်။ အထည်ဖိုးများကိုလည်း ၂ ကြိမ်ခွဲ၍ ပေးသွင်းထားရာ အထည်ဖိုးငွေကို ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ချက် မရှိဟု မဆိုသာ၊၊
မရိုးမဖြောင့်သောသဘောမရှိဘဲ ပဋိညာဉ်ချိုးဖောက်သည့်သဘောသာရှိသဖြင့်ရာဇ၀တ်ကြောင်းဖြင့် ပုဒ်မ ၄၂၀ မမြောက်ဘဲ တရားမအကြောင်း အရသာ အရေးယူသင့်သည်။ (ဦးလှရီပါ ၂ နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ပါ ၂၊ ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာ - ၁၉၉)
မှာသည့်ကုန်နှင့် အရောင်အဆင်းအနည်းငယ်သာကွာသည် ဆိုရုံမျှဖြင့် ရာဇဝတ်ကြောင်း မစွဲသင့်။ နစ်နာမှုရှိသည်ဆိုလျှင် တရားမကြောင်း ဖြင့် စွဲဆိုနိုင်သည်။ (မစ္စတာဒီရာဇီးလ်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်၊ ၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (လွှတ်တော်)၊ စာ-၂၈၀)
ကျန်သောငွေအတွက် ကတိအတိုင်းမပေးသွင်းခြင်းနှင့်စပ်လျဉ်း ၍ ငွေယူစဉ်က လိမ်လည်ရန်အကြံမရှိသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ မမြောက်၊ ကတိပျက်ကွက်မှုအတွက် တရားမကြောင်းဖြင့်သာ အရေးယူ သင့်သည်။ (ဦးညိုကြီးနှင့်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံ တော်၊ ၊ ၁၉၇၈ ခုနှစ်၊ ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ စာ ၂၇)
အရောင်းအဝယ်ကတိစာချုပ်ပါ မြေကွက်၏နှစ် (၆၀)ဂရန်ကို ၂ လအတွင်းရရှိအောင်နှင့် အိမ်သုံးလျှပ်စစ်မီတာရရှိရန်တာဝန်ယူခဲ့သော်လည်းမဆောင်ရွက်ပေးမှုမှာ ကတိဖောက်ဖျက်ရာသာ ရောက်သည်။ အမှုအင်္ဂါရပ်တို့သည် တရားမကြောင်းနှင့်သာဆိုင်ပြီး ရာဇဝတ်ကြောင်း နှင့် မဆိုင်။ (ဒေါ်အေးအေးပြုံးပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၂ဝဝ၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၁ဝ၅)
တရားခံ၏ပြုမူချက်သည် တရားမကြောင်းအရ အရေးယူနိုင် သည့် အကြောင်းအရာရှိသည့်အတွက်ကြောင့် တရားလို၏တိုင်တန်း ချက်ကို ပယ်ရန် မဟုတ်၊ ပြစ်မှုအင်္ဂါရပ်များပေါ်ပေါက်နေပါက တရားရုံး သည် လက်ခံ စစ်ဆေးရမည်။ (ဦးသိန်းမောင်နှင့် ဒေါ်အေးကြည်၊ ၁၉၆၈ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ - ၆၃) လင်မယား ၂ ဦး စကားများပြီး လင်က အိမ်မှဆင်းသွားစဉ်ကျန်ရစ်သော လင်မယားနှစ်ဦးပိုင်မော်တော်ယာဉ်ကို ဇနီးဖြစ်သူက လိုင်စင်သက်တမ်း တိုးရန်လိမ်လည်လျှောက်ထားသည်ဆိုကာ လင်ဖြစ် သူက ဇနီးအပေါ် ပုဒ်မ ၄၂ဝ အရ စွဲဆိုမှုဖြစ်သည်။ ပုဒ်မ ၄၂ဝ အရ ပြစ်မှု မြောက်ရန်မှာ မရိုးမဖြောင့်သောသဘောဖြင့်လှည့်ဖြားလိုလျှင် ဇနီးဖြစ် သူ၏ဆောင်ရွက်ချက်သည် ရာဇသတ်ကြီးပုဒ်မ ၂၄ နှင့် ယင်းပုဒ်မ ၄၂ဝ တို့အရ ပြစ်မှုမြောက်သည်။ ဆောင်ရွက်ချက်မတွေ့ရှိရသဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁-က အရ ချေဖျက်သည်မှာ မှန်ကန်သည်။ ( ဦးသိန်းဟန် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂၊ ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ - ၁ဝ၇)
လင်မယားနှစ်ဦးသည် ပစ္စည်းကို လင်ကဖြစ်စေ၊ မယားက ဖြစ်စေ အပ်နှံခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၄၀၅ အရ ယုံကြည်အပ်နှံ သည်ဟုဆိုရန် အကြောင်းမရှိသဖြင့် ယင်းပုဒ်မ ၄၀၆ အရ အရေးမယူနိုင်။ (ဒေါ်အုန်းကြည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂၊ ၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ ၈၅)
တိုက်ခန်းအတွက် စရံငွေမဟုတ်ဘဲ တန်ဖိုးအပြေအကြေပေးချေခဲ့ပြီးမှ အခြားသူအားရောင်းစားခြင်းမှာ အလွဲသုံးစားပြုရာရောက် သည်။ (ကျော်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ ၁)
စုမဲဒိုင်အဖြစ်ဆောင်ရွက်ပြီးလူအများကထည့်ဝင်သည့်စုဆောင်း ငွေများကိုလက်ခံကာ စုငွေများကိုအလှည့်ကျ ပြန်လည်ခွဲဝေပေးရန် တာဝန်ယူ သဘောတူထားသည့်အတိုင်း ခွဲဝေပေးရန် အကြောင်းမဲ့ ပျက် ကွက်ပါက ယုံကြည်အပ်နှံရေး ဖောက်ဖျက်ရာရောက်ပြီး အလွဲသုံးစား ပြုရာ ရောက်သည်။ (ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မခိုင်(ခ) မမြင့်မြင့်ခိုင်၊ ၂ဝဝ၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၈)
(၁၀) ပဋိညာဉ်ဖောက်ဖျက်မှုအတွက် တာဝန်ရှိမှု
ကာလစည်းကမ်းသတ်အက်ဥပဒေပါ ချေးငွေနှင့်အတိုးအတွက် တရားစွဲဆိုရန် ပြဋ္ဌာန်းထားချက်များနှင့်အညီ ချေးငွေနှင့် အတိုးအတွက် ဥပဒေနှင့်အညီ တရားစွဲဆိုတောင်းခံခွင့် ရှိပါသည်။
ပဋိညာဉ်အက်ဥပဒေပုဒ် ၃၇အရ ဤဥပဒေပါပြဋ္ဌာန်းချက်အရ ဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရဖြစ်စေမဆောင်ရွက်ဘဲ နေခွင့်ရှိ သည့် သို့မဟုတ် ဆောင်ရွက်ခြင်းမှစွန့်လွှတ်သည့်ကိစ္စမှတစ်ပါး ပဋိညာဉ် ပြုလုပ်သူတို့သည် အသီးသီးပြုလုပ်ခဲ့သောကတိအတိုင်း ဆောင်ရွက်ကြရမည် သို့မဟုတ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းရမည်ဖြစ်ကြောင်း ပဋိညာဉ်ပြုသူတို့သည် ပဋိညာဉ်ပါတာဝန်များကို ကျေပွန်၍ ပဋိညာဉ် အတိုင်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပဋိညာဉ်ချိုးဖောက်ခြင်းအတွက် တာဝန်ရှိမှုနှင့်စပ်လျဉ်း ၍ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၃၇ တွင် ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် ဆုံးရှုံးရသည့် သို့မဟုတ် နစ်နာရသည့်အတွက် ပဋိညာဉ်ချိုးဖောက်သူထံမှ ချိုးဖောက်ခြင်းခံရသူသည် ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် သဘာဝ အလိုက် ဖြစ်ပေါ်မြဲ ဖြစ်ပေါ်သည့်အတိုင်းဖြစ်စေ၊ ပဋိညာဉ်ပြုလိုက ပြုလုပ် သူများအနေဖြင့် ပဋိညာဉ်ချိုးဖောက်လျှင် ပေါ်ပေါက်လာမည်ဟု သိရှိ ကြသည်။ နစ်နာမှုအရ ဖြစ်စေ လျော်ကြေးရထိုက်ကြောင်း ပြဋ္ဌာန်းထား သည်။ သို ့ရာတွင် ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် တိုက်ရိုက်မဟုတ်သည့် သို့မဟုတ် အလှမ်းဝေးသည့်နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှုဖြစ်လျှင် ပဋိညာဉ်ကို ချိုးဖောက်သည့် အကြောင်းကြောင့် လျော်ကြေးပေးရန် တာဝန်ရှိမည်မဟုတ်ကြောင်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဝယ်ယူရန် ပဋိညာဉ်ကို ပြုလုပ်သော ဝယ်သူကစ၍ ငွေကိုပေးချေရာ ပဋိညာဉ်အတိုင်း အပြီးသတ် ဆောင်ရွက်ရန် အချိန်စေ့ရောက်သောအခါ ရောင်းသူသည် အပြီးသတ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဝယ်သူက အောက်ပါအတိုင်း ဆောင် ရွက်နိုင်သည်။
(၁) ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရံငွေကို ရလိုကြောင်း စွဲဆိုနိုင်သည်။
(၂) ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ်သည်ဟု မှတ်ယူ၍ (က) ပဋိညာဉ်အား ချိုးဖောက်သည့်အတွက် နစ်နာကြေး ရလိုမှု စွဲဆိုနိုင်သည်။ (ခ) ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန် စွဲဆိုနိုင်သည်။
ဘာဘူကနီရာလား(လ်) ဒနူကာနှင့် မက်ဆာ(စ်) ရွှေပြည်စိုးဖလင် ကုမ္ပဏီအမှု။ (၁၉၆၄ မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၁၉၅)တွင် အရောင်း အဝယ်ပျက်ပြယ်သဖြင့် ပေးသွင်းထားသောငွေကို ပြန်လည်ပေးအပ်ရေး နှင့် စပ်လျဉ်း၍ ပဋိညာဉ်အက် ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ မတွေ့ရ ချေ။ ဤပြဿနာကို ဆုံးဖြတ်ရာ၌ ပေးသွင်းသောငွေသည် ရောင်းငွေ အတွက် တစ်စိတ်တစ်ဒေသအားဖြင့်ပေးသွင်းခဲ့လျှင် ရောင်းသူသော် လည်းကောင်း၊ ဝယ်သူသော်လည်းကောင်း ပဋိညာဉ်အတိုင်း ဆောင်ရွက် ရန် ပျက်ကွက်လျှင် ထိုငွေကိုပြန်လည်ပေးအပ်ရမည်ဟူ၍ ထုံးဖွဲ့ထားသည်။ သို့ရာတွင် အကယ်၍ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် ပေးသွင်းခဲ့ခြင်းဖြစ်လျှင် အယူခံတရားလိုသည် ၎င်းအနေဖြင့် ပျက်ကွက်မှုရှိသော်လည်း ထိုငွေကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။ အယူခံတရားပြိုင်တို့၏အခွင့်အရေးမှာ ၎င်းအပေါ် လျော်ကြေးရလို ကြောင်း၊ တရားစွဲဆိုရန်သာ ရှိပေသည်။ “စရန်ငွေ”ဆိုသည်မှာ အာမခံ ဖြစ်၍ အယူခံတရားလိုသည် မိမိ သဘောအဖြစ် ပေးသွင်းသည့်ငွေသာ အနေဖြင့် ပျက်ကွက်မှုရှိခဲ့သည့်အတိုင်းရောင်းသူထံမှ ပြန်လည်တောင်း ဆိုခြင်း မပြုနိုင်ပေ။ (စီတီဝမ်းနှင့် ဦးသွင်ပါ ၂၊ ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ ၁၂၁)
ခြံမြေအရောင်းအဝယ်စရန်ပေးစာချုပ်တွင် ရောင်းသူက ပျက်ကွက်ပါက စရန်ငွေ၏ ၂ ဆကို ပေးလျော်မည်ဟု နှစ်ဦးနှစ်ဘက် သဘောတူညီထား ကြသဖြင့် စရန်ငွေ၏နှစ်ဆကို ဝယ်ယူသူက ရပိုင်ခွင့် ရှိသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၇၄ အရလည်း ပဋိညာဉ်ကို ဖောက် ဖျက်သောအခါ ထိုသို့ဖောက်ဖျက်ပါက ပေးရန်ဖြစ်သောငွေပမာဏကို ပဋိညာဉ်တွင် ဖော်ပြထားလျှင် ထိုသို့ဖောက်ဖျက်ခြင်းကြောင့် အမှန်တကယ် ပျက်စီး ဆုံးရှုံးမှုရှိကြောင်းထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည် ဖြစ်စေ ဖောက်ဖျက်ကြောင်း တိုင်တန်းသူသည် ဖောက်ဖျက်သူထံမှ ထိုဖော်ပြသောငွေကြေးပမာဏကို ရပိုင်ခွင့်ရှိသည်။ သက်သေခံအမှတ် (က) ခြံမြေအရောင်းအဝယ်စရန်ပေးစာချုပ်တွင် ရောင်းသူက ပျက်ကွက် ပါက စရန်ငွေ၏နှစ်ဆကိုပေးလျော် မည်ဟု နှစ်ဦးနှစ်ဘက် သဘောတူညီ ထားကြသဖြင့် စရံငွေ ၅ဝဝဝဝ ၏နှစ်ဆ ဖြစ်သော ငွေကျပ်တစ်သိန်းကို ဝယ်ယူသူ အယူခံတရားလိုက ရပိုင်ခွင့်ရှိကြောင်း (ဒေါ်နီ (ခ)ဒေါ်မိမိလေး နှင့် ဒေါ်အေး အမှု ၂ဝဝ၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၂၅၉ (၂၆၂)) တွင် ထုံးဖွဲ့ထားသည်။
ပဋိညာဉ်တစ်ရပ် ပျက်ပြယ်သည့်အခါ ယင်းပဋိညာဉ်အရ ရရှိ ထားသည့် အကျိုးခံစားခွင့်ကို ရရှိထားသူက ပြန်လည်ပေးအပ်ရမည်ဟု ပဋိညာဉ် အက်ဥပဒေပုဒ်မ ၆၅ တွင် ပြဋ္ဌာန်းထားသည်။ ဤအခြေအနေ တွင် အိမ်ငှားက အိမ်ရှင်ထံမှ ပေးအပ်ထားသောစပေါ်ငွေကို ပြန်ရခွင့် ရှိကြောင်း ပေါ်လွင်သည်။ (ဦးငှာကေးနှင့် ဒေါ်သောင်း၊ ၁၉၉ဝ ပြည့်နှစ်၊
မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁ဝ၉)
ကိုယ်စားလှယ်သည် မိမိလုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီးငွေချေးငှား ခဲ့သည်ကို အကြီးအကဲမသိလျှင် အကြီးအကဲ၌ ထိုငွေအတွက် တာဝန် မရှိ (အယ်လ်နင် လက်ချမနန်ချစ်တီးယားဖမ်းနှင့် ဗီအမ်ဖန်၊ ၁၉၅၂ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး(လွှတ်တော်) စာ ၂၂၅)
(၁၁) အာမခံသူ၏တာဝန်ရှိမှ အာမခံသူတွင် တာဝန်ရှိခြင်းနှင့် စပ်လျဉ်း၍ ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၁၂၈ တွင် ပဋိညာဉ်၌အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အာမခံသူသည် မူလမှီစားနှင့် ထပ်တူထပ်မျှတာဝန်ရှိကြောင်း ပြဋ္ဌာန်း ထားသည်။ ယင်းပုဒ်မ၏ ဥပမာတွင် ငွေလွှဲလက်မှတ်လက်ခံသူမောင်နီ ပေးရန်ရှိသည့်ငွေအတွက် မောင်ဖြူက မောင်မဲအား အာမခံသည်။ မောင်နီက ထိုငွေလွှဲလက်မှတ်ကို ငြင်းဆိုလျှင် မောင်ဖြူသည် ငွေလွှဲ လက်မှတ်ပါငွေများသာမက ပေးရန်ရှိသည့်အတိုးနှင့် စရိတ်ငွေများ အတွက်ပါ တာဝန်ရှိကြောင်း ဥပမာပေး တင်ပြထားသည်။
အာမခံသူ၏တာဝန်နှင့် စပ်လျဉ်း၍ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၂၈ ၌ ပဋိညာဉ်တွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အာမခံသူ သည် မူလမြီစားနှင့် ထပ်တူထပ်မျှတာဝန်ရှိသည်။ သို့ဖြစ်၍ အာမခံသူ ဒေါ်ကြည်ကြည်၏တာဝန်အတိုင်းအတာသည် မူလမြီစားဖြစ်သူ အမှတ် (၁)တရားပြိုင် ဦးသိန်းဇော်၏ တာဝန်အတိုင်းအတာနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ မြီရှင်ဖြစ်သူ တရားလို သမဝါယမအသင်းလီမီတက်အနေဖြင့် မူလအာမခံသူအပေါ် အာမခံသည့် အတိုင်းအတာအထိ တောင်းဆိုခွင့် ရှိသည်။ အမှတ်(၁) တရားပြိုင် ဦးသိန်းဇော်၏ ပျက်ကွက်မှုအတွက် ဒေါ်ကြည်ကြည်သည် ပေးလျော်ရမည့်တာဝန်ရှိကြောင်း (ကြယ်ငါးပွင့် ဝန်ဆောင်မှုနှင့်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက် နှင့် ဦးသိန်းဇော်ပါ ၂ အမှု ၂၀၀၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၇ဝ(၇၁) တွင် ထုံးဖွဲ့ထားသည်။)
ထို့အတူပင်အာမခံသူ၏တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ “ဦးကိုကို အောင်နှင့် ဦးမျိုးကျော်ငြိမ်း ပါ -၂ အမှု ၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံးစာ ၁၈၇(၁၈၈ / ၁၈၉) တွင်” ကုန်စည်ရောင်းချခြင်း အက်ဥပဒေ ပုဒ်မ ၁၂(၃)တွင် အာမခံချက်ဟူသည် ပဋိညာဉ်၏ အဓိကကိစ္စနှင့်သွယ်ဝိုက်၍ဆက်သွယ်လျက်ရှိသောစည်းကမ်းချက်ဖြစ်၍ ၎င်းစည်းကမ်း ချက်ကို ချိုးဖောက်ခြင်းသည် နစ်နာကြေးတောင်းဆိုခွင့်ရရှိစေသည်ဟု ပြဋ္ဌာန်းထားကြောင်း လမ်းညွှန်ဆုံးဖြတ်ထားသည်။
ယင်းပုဒ်မ ၅၉(၁)(စ)တွင် အာမခံချက်အား ချိုးဖောက်မှု အတွက် နစ်နာကြေး(damages)ရလိုကြောင်း ရောင်းသူအား တရားစွဲ ဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၆၁(၁)တွင် ဤဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်မှ တရားဥပဒေအရအတိုးဖြစ်စေအထူးနစ်နာကြေးဖြစ်စေ ရနိုင်သော မည်သည့်ကိစ္စတွင်မဆို ရောင်းသူ၏သို့မဟုတ် ဝယ်သူ၏ အထူးနစ်နာကြေးရခွင့်ကို မထိခိုက်စေရ သို့မဟုတ် ပေးချေထားသောငွေ အတွက် အဖိုးစားနားပျက်ယွင်းသည့်ကိစ္စ တွင် အဆိုပါငွေတောင်းခံခွင့်ကို မထိခိုက်စေရ ဟုပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တိုင်းတရားရုံးက နစ်နာ ကြေး(Damages) ငွေကျပ် ၅၀၀,၀၀၀ (ငါးသိန်း) ကို ဦးမျိုးကျော်ငြိမ်း အား ပေးစေရန် ချမှတ်သောအမိန့်မှာ မှားယွင်းခြင်း မရှိပေ။
(၁၂) ချေးငွေရလိုမှု
ချေးငွေရလိုမှုများတွင် တရားလိုအနေဖြင့် တရားပြိုင်သည် တရားလိုထံမှငွေချေးယူခဲ့ခြင်း၊ တရားပြိုင်အနေဖြင့် ချေးငွေကို တရားလို သို့ အကျေအလည်ပေးဆပ်မှု မပြုရသေးခြင်းတို့ကို သက်သေ ထင်ရှား တင်ပြရမည် ဖြစ်သည်။
ချေးငွေရလိုမှုတွင် ချေးငွေပမာဏအပေါ် ရုံးခွန်ထမ်းဆောင်ရ မည်၊ ငွေချေးစာချုပ်ကိုထိုက်သင့်သောတံဆိပ်ခေါင်းပေါ်တွင် လက်မှတ် ရေးထိုးမှသာ သက်သေခံဝင်မည် ဖြစ်သည်။
ငွေရရန်စွဲဆိုသောအမှုတွင် တရားလိုက ငွေချေးသည့်စာချုပ်ကို တင်ပြနိုင်ပြီး၊ ထိုစာချုပ်တွင် ငွေပေးသွင်းသည်နှင့်ပတ်သက်သည့် မည်သည့် မှတ်သားချက်မျှမရှိပါက တရားခံက ငွေပေးပြီးကြောင်းဆိုပါမူ ငွေပေးအပ်ပြီးကြောင်းလုံလောက်အောင်သက်သေပြရန်တာပန်မှာ သက်သေခံ အက် ဥပဒေပုဒ်မ ၁ဝ၂ အရ တရားပြိုင်အပေါ်ကျရောက်သည်။ (ဂူဂျာဆင်း နှင့် မောင်သန်းမြင့် ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင် ထုံး၊ စာ -၆၆၆)
တရားလိုက ငွေချေးစာချုပ်ပေါ်တွင်တရားစွဲဆိုရာ တရားပြိုင်က ချုပ်ဆိုခြင်းကိုဝန်ခံသော်လည်း ငွေချေးစာချုပ်မှာ တရားလိုစွဲဆိုသည့် အတိုင်းမဟုတ်ဟု ထုချေသည်။ ထိုထုချေချက်အတိုင်း သက်သေ တင်ပြရန် တာဝန်မှာ တရားပြိုင်အပေါ်၌ရှိသည်။ (ယူစီပေါလ်နှင့်ကာ ဆင်းပါ ၂ အမှု ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၉၅)
ချေးငွေရလိုမှုမှာ ကာလစည်းကမ်းသတ်အက်ဥပဒေ ဇယား အမှတ်စဉ် ၅၇ နှင့် အကျုံးဝင်သဖြင့် ချေးယူသည့်အခါကစ၍ ၃ နှစ် အတွင်း စွဲဆိုရမည်ဖြစ်သည်။ (ဦးအုန်းခင်မော်နှင့် ဦးကုတ်ရန်အမှု၊ ၁၉၇ဝ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၁၂) ပထမ
သို့ရာတွင် ချေးငွေရလိုမှုတွင် ဝန်ခံချက်အသစ်ပြုလုပ်ပါက ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၁၉(၁)အရ ကာလစည်းကမ်းသတ် အပိုင်းအခြားအသစ်ကို ဝန်ခံချက်ပြုသည့်နေ့မှ စတင်ရေတွက်ရမည် မဟုတ်ပေ။ ပဋိညာဉ် ဥပဒေပုဒ်မ ၂၅(၃)တွင် ကာလစည်းကမ်းသတ် ဥပဒေအရ စည်းကမ်းသတ်ကာလကျော်လွန်နေသည့်အတွက် မြီရှင်က ကြွေးမြီကို တောင်းဆိုခြင်းမပြုနိုင်သည့်ကိစ္စတွင် မြီစားကသော်လည်းကောင်း ထိုကိစ္စအတွက်သာမန်ဖြစ်စေ၊ အထူးဖြစ်စေ အာဏာအပ်နှင်းခြင်းခံရသည့် ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ကြွေးမြီအားလုံး သို့မဟုတ် အချို့ အဝက်ကိုပေးဆပ်မည်ဟု စာရေးထားပြီး လက်မှတ် ထိုးထားလျှင် ထိုသဘောတူညီချက်သည် ပဋိညာဉ်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။ ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၂/၃ တွင် အကျုံးဝင် သည့် ခံဝန်ချုပ်၌ ကာလစည်းကမ်းသတ် ကျော်လွန်နေသောငွေများကို ပေးပါမည်ဟု ချုပ်ဆိုထားလျှင်ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၅(၃)အရပဋိညာဉ်မြောက်၍ချုပ်ဆိုသူသည် ချုပ်ဆိုသောငွေကိုပေးဆပ်ရန်တာဝန်ရှိသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၅(၃)နှင့်အကျုံးဝင်ရန်အလို့ငှာ ငွေပေးဆပ် မည်ဆိုသည့်ကတိသည် (၁) စာဖြင့်ရေးသားထားရမည်၊ (၂) မြီစား ကိုယ်တိုင် သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က လက်မှတ်ရေးထိုးရမည်၊ (၃) ကာလစည်းကမ်းသတ်အချိန်ကျော်လွန်နေသည့် ကြွေးမြီအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကိုပေးဆပ်ရန်အတွက် ဖြစ်ရမည်ဆိုသော အင်္ဂါရပ် ၃ ရပ်နှင့် ပြည့်စုံရန်လိုသည်။ ကာလစည်းကမ်းသတ် ကျော်လွန် နေသည့်ကြွေးမြီကိုပေးဆပ်ပါမည် ဆိုသောနောက်ပိုင်းကတိကို ပေးဆပ် ရန် တာဝန်ရှိသူကိုယ်တိုင်ဖြစ်စေ၊ ၎င်းကိုယ်စားလှယ်ကဖြစ်စေထိုကိစ္စ အတွက် အထူးအခွင့်အာဏာလွှဲအပ်ထားခြင်းခံရသူက ဖြစ်စေ လက်မှတ် ရေးထိုးရန်လိုသည်။ (ဦးရမ်ဂျာရီနှင့် မခမ်းစိန် (ခ) လီကျင်ရှန်း ၂ဝဝဝ ပြည့် နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာ - ၂၂၁ (၂၂၃)
ချေးငွေကိုကိုယ်တိုင်ပေးပါမည်ဆိုသောကတိနှင့် မရွှေ့မပြောင်း နိုင်သောပစ္စည်းအပေါ် အရေးယူခွင့်ပြုခဲ့သည့် ကတိတို့မှာ ပဋိညာဉ် ဥပဒေ ပုဒ်မ ၂၄၊ ပုဒ်မ ၅၇ နှင့် ပုဒ်မ ၅၈ တို့အရ ခွဲခြား၍ရနိုင်သောကတိများ ဖြစ်ကြ သည့်အလျောက် ချေးငွေကို ကိုယ်တိုင်ပေးဆပ်ပါမည်ဆိုသောကတိ သည် တရားဝင်သည်။ (အက်ဆာဘာဟူစိန်နှင့် ရာမာနသန် ချစ်တီးယား၊ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၁၇၂ (လွှတ်တော်))
ပေးဆပ်ရန်ငွေများကို မည်သို့ မည်ပုံပေးပါမည်ဟူ၍ နည်းလမ်း ကိုသာ ထပ်မံဖော်ပြသည့်သဘောရှိသည်။ နောက်စာချုပ်များသည် ၎င်းတို့အနေနှင့် သီးခြားမည်ရွေ့မည်မျှရပ်တည်နိုင်သည်၊ မည်သို့တန်ခိုး အာနိသင် ရှိသည်၊ တရားဝင်သည်၊ မဝင်သည်စသည်တို့ကို အယူခံများ၌ အသေးစိတ်ဆုံးဖြတ်ရန် မဟုတ်။ ၎င်းစာချုပ်များက အော်ဒီမန်စာချုပ်များ ကို မည်သို့ပြုပြင်ပြောင်းလဲစေသည်၊ စာချုပ်များကြောင့် အော်ဒီမန်စာချုပ် များသည် ပျက်ပြယ်ခြင်းမရှိ၊ တရားဝင်တည်နေသည်။ ထို့ကြောင့် မူလအမှုများကိုအော်ဒီမန်စာချုပ်များအပေါ်၌အခြေခံခဲ့ခြင်းသည် တရားဝင်သည်။ (ဦးစောမောင်ပါ ၂ နှင့် အေ၊ ကေ၊ အင်(မ်) ၇လခံ (ခေါ်) ဦးအောင် (၎င်း၏ ကိုယ်စားလှယ် မိုဟာမက် ဖက်ဖရွတ် (ခေါ်) မောင်မျိုးအောင်) ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊ စာ - ၁ဝ၅၅)
ချေးငွေများအတွက် အယူခံတရားလိုက အာမခံသူအဖြစ်ဖြင့် တာဝန်ယူခြင်းမှာ ကတိပဋိညာဉ်သည် စာချုပ်ကို မရေးသားမီက တာဝန် ယူကြောင်း ထင်ရှားသဖြင့် နှုတ်သက်သေပေးပြခြင်းမှာ သက်သေခံ အက် ဥပဒေ ပုဒ်မ -၉၁ တားမြစ်ချက်တွင် အကျုံးမဝင်။ (ဦးမောင်ဆွေနှင့် ဦးတူပိုပါ-၂၊ ၁၉၆၆ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၁၃၃၀)
ငွေရလိုမှုတွင် သက်သေခံမဝင်သော ငွေချေးစာချုပ်အပေါ် အခြေခံသောအမှုပုံစံအစား ချေးငွေကိုပြန်လည်ရလိုမှုပုံစံသည် ပြောင်းလဲ တရားစွဲဆိုနိုင်ရန်အတွက်အဆိုလွှာပြင်ဆင်ခွင့်တောင်းခံခြင်း၊ အဆိုလွှာ ပြင်ဆင်ခွင့်ပြုရန် လျှောက်ထားသည့်နေ့တွင် ကာလစည်းကမ်းသတ် အက်ဥပဒေအရ တရားလိုချေးငွေကို တရားစွဲဆိုတောင်းခံခွင့် မရှိတော့ ချေ။ အဆိုလွှာကို ပြင်ဆင်ခွင့် ပြုလိုက်လျှင် ကာလစည်းကမ်းသတ်အား တရားပြိုင်များ ရရှိပြီးဖြစ်သော အဖိုးထိုက်တန်သည့်အခွင့်အရေးကို တရားရုံးက ဖျက်သိမ်းလိုက်ရာရောက်မည်ဖြစ်သည်။ (ဒေါက်တာ ဘခက် နှင့် ဦးခင်မောင် ၁၉၈၁ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၆၈)
(၁၃) ကာလစည်းကမ်းသတ် ချေးငွေနှင့်ပတ်သက်၍ ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယားအမှတ်စဉ်-၅၇ တွင် ချေးငွေရလိုမှုကို ချေးယူသည့်အခါက စ၍ သုံးနှစ်အတွင်းစွဲဆိုရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ (ဂေါ်ထွန်းရွှေ နှင့် မကျင်အေး၊ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၂၄၅) မြီရှင်က ချေးငွေအတွက် ချက်လက်မှတ်ကို ထုတ်ပေးသည့်အချက်တွင် ချေးငွေပေးဆပ်စေလိုမှုကို ချက်လက်မှတ်အတွက် ငွေယူ သည့်အခါကစ၍ သုံးနှစ်အတွင်း စွဲဆိုရမည်။ (ကာလစည်းကမ်းသတ် အက် ဥပဒေပထမ ဇယား အမှတ်စဉ်-၅၈)
တောင်းဆိုသည့်အခါ ပေးဆပ်မည်ဟုကတိပြုလျက် ချေးယူ သည့်ငွေ ရလိုမှုကို ထုတ်ချေးသည့်အခါကစ၍ သုံးနှစ်အတွင်း စွဲဆိုရမည်။ (ကာလ စည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအမှတ်စဉ်-၅၉)
တရားပြိုင်က တရားလိုသို့ ပေးရန်ရှိသည့်ငွေအတွက် အတိုးငွေ ရလိုမှုကို အတိုးငွေပေးချိန်စေ့ရောက်သည့်အခါကစ၍ သုံးနှစ်အတွင်း စွဲဆို ရမည်။ (ကာလစည်းကမ်းသတ်အက် ဥပဒေ ပထမဇယားအမှတ်စဉ်-၆၃) သတ်မှတ်ထားသည့်အချိန်၌သော်လည်းကောင်း၊ သတ်မှတ် ထားသည့် ပုံသေမဟုတ်သောကိစ္စတစ်ခု ဖြစ်ပေါ်လာသည့်အခါ၌သော် လည်းကောင်း ပြုလုပ်ပါမည်ဟု ထားရှိသော ကတိပျက်ကွက်သည့် လျော်ကြေးရလိုမှုကိုသတ်မှတ်ထားသည့်အချိန်ရောက်သောအခါမှစ၍ သို့တည်းမဟုတ် ပုံသေမဟုတ်သောကိစ္စဖြစ်ပေါ်လာသည့်အခါမှစ၍ သုံးနှစ်အတွင်းစွဲဆိုရမည်ဖြစ်သည်။ (ကာလစည်းကမ်းသတ် အက် ဥပဒေ ပထမဇယား အမှတ်စဉ် ၆၅)
ပေးဆပ်ရန် နေ့ရက်သတ်မှတ်ထားသည့် တစ်စောင်တည်းသော ခံဝန်ချုပ်အရ ငွေရလိုမှုကို သတ်မှတ်ထားသော နေ့ရက်ကစ၍ သုံးနှစ် အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။ (ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ်-၆၆)
ပေးဆပ်ရန်နေ့ရက် သတ်မှတ်မထားသည့် တစ်စောင်တည်း သော ခံဝန်ချုပ်အရ ငွေရလိုမှုကို ခံဝန်ချုပ်ချုပ်ဆိုသည့်နေ့ရက်မှစ၍ သုံးနှစ် အတွင်း တရားစွဲဆိုရမည် ဖြစ်သည်။ (ကာလစည်းကမ်းသတ် အက် ဥပဒေ ပထမဇယား အမှတ်စဉ်-၆၇)
ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၂ (၂)အရ ငွေလွှဲစာချုပ် ဆိုသည်တွင် ဟွန်ဒီနှင့် ချက်လက်မှတ်တို့ပါဝင်သည်။
ချုပ်လိုသည့်နေ့ရက်လွန်ပြီးနောက် သတ်မှတ်ထားသည့်နေ့ ရက် တွင် ပေးဆပ်ရန်ရှိသည့် ငွေလွှဲစာချုပ်အရ သို့မဟုတ် ငွေပေးကတိစာချုပ် အရ ငွေရလိုမှုကိုငွေလွှဲစာချုပ်အရသော်လည်းကောင်း၊ ငွေပေးကတိစာ ပထမ ဇယား ချုပ် အရသော်လည်းကောင်း၊ ပေးဆပ်ရမည့်အချိန်ကစ၍သုံးနှစ်အတွင်း တရားစွဲဆိုရမည်။ (ကာလစည်းကမ်းသတ်အက်ဥပဒေ အမှတ်စဉ်-၆၉)
အရစ်ကျပေးဆပ်ရန်ဖြစ်သောငွေပေးကတိစာချုပ်အရ သို့တည်း မဟုတ် ခံဝန်ချုပ်အရ ငွေရလိုမှုကို ပထမအရစ်ပေးရန် ချိန်းရက်စေ့ကုန် သည့်အခါကစ၍ ထို့ပြင် ကျန်ပေးရန် အရစ်ကျငွေများအတွက်မှာလည်း အသီးသီး ချိန်းရက်စေ့ကုန်သည့်အခါကစ၍ သုံးနှစ်အတွင်း တရားစွဲဆိုရ မည်ဖြစ်ကြောင်း ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအမှတ် စဉ်-၇၄ တွင် ပြဋ္ဌာန်းထားသည်။
ကာလစည်းကမ်းသတ်အက် ဥပဒေ ပုဒ်မ ၂(၉)တွင် “ငွေပေး ကတိစာချုပ်”ဆိုသည်မှာ ချုပ်ဆိုသူက အတိအကျဖော်ပြထားသောငွေကို သူတစ်ပါးအား ကန့်သတ်ထားသည့်အချိန်တွင်ဖြစ်စေတောင်းဆိုသည့် အခါဖြစ်စေ၊ ပေးအပ်ရန်ချွင်းချက်မရှိ ဝန်ခံသောစာချုပ်ကို ဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ကြွေးမြီအတွက် တာဝန်ရှိပါသည်ဟု ဝန်ခံရုံသက်သက် မဟုတ် ချေ။ သတ်မှတ်ဖော်ပြထားသည့်အချိန်တွင် ငွေပေးဆပ်ပါမည်ဟု ကတိပြု ထားသည့်ကတိစာချုပ်မှာ ငွေပေးကတိစာချုပ် ဖြစ်သည်။ သတ်မှတ် ဖော်ပြထားသည့် ကာလအတွင်း ချေးငွေကို မပေးဆပ်ပါက တရားစွဲဆိုခွင့် ရရှိမည်ဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအမှတ်စဉ် ၇၄ တွင် ပထမအရစ်ကျပေးဆပ်ရန်ဖြစ်သော ငွေပေးကတိစာချုပ်အရ သို့မဟုတ် ခံဝန်ချုပ်အရ ငွေရလိုမှုကို ပထမအရစ်ပေးရန်ချိန်းရက် စေ့ကုန်သည့်အခါက စ၍ ထို့ပြင်ကျန်ပေးရန်အရစ်ကျငွေများအတွက်မှာလည်း အသီးသီးချိန်းရက် စေ့ကုန်သည့်အခါကစ၍ သုံးနှစ်အတွင်း စွဲဆိုရမည်ဖြစ် သည်။ (နှင်းသဇင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ပါ ၂ နှင့် ဒေါ်အေး အေးသန်း၂၀၀၃ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၁၇၆ (၁၇၇)
အာမခံအဖြစ် တင်သွင်းထားသော ငွေရလိုမှုသည် အပိုဒ် ၁၂ဝ နှင့် သက်လိုင်သည်။ (ဘာဘူဂဝန်ဒတ်(စ်)နှင့်ဦးရန်နား ၁၉၆၆ ခုနှစ်မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၉၅ဝ)
ငွေလက်ခံရရှိကြောင်း စာဖြင့်ဝန်ခံထားသူထံမှ ယင်းငွေတောင်း ခံရာ ငြင်းသဖြင့် ယင်းငွေရလိုမှုသည် အပိုဒ် ၁၂၀ နှင့်သက်ဆိုင်သည်။ (ဂျေဆန်နှင်းနှင့် ဦးယလစ် ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာ- ၇၇၆)
ချေးငွေကို မည်သည့်အခါ ပြန်ဆပ်ရမည်ဖြစ်ကြောင်း စာချုပ် တွင် သတ်မှတ်မထားသည့်အပြင် မတောင်းဆိုလျှင် ပေးဆပ်ရန်မဟုတ်လိုမှ ပေးဆပ်ရန်ဖြစ်လျှင် စည်းကမ်းသတ်ကာလကိုစာချုပ်သည့်နေ့မှစ၍ ရေတွက်ရန် ဖြစ်သည်။ (ဦးလုံးပါ-၄ နှင့် လွှဲအပ်ပစ္စည်းထိန်းဝန်၊ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး (လွှတ်တော်) စာ-၁၇၇)
ကုန်ဖိုးကြွေးကျန်နှင့် ကြားကာလအမြတ်အစွန်းရလိုမှုတွင် တရားလိုသည် ကုန်စည်များကို တရားပြိုင်သို့ရောင်းချရန်ပေးအပ်ပြီး ကုန်ဖိုးငွေပေးချေရန် နေ့ရက်သတ်မှတ်ထားခြင်းမရှိသည့်အတွက် မူလ ရုံးတရားလို စွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ်အက် ဥပဒေ ပထမဇယားအမှတ်စဉ် ၅၂ နှင့် သက်ဆိုင်ကြောင်း ကောက်ယူနိုင်ပေ သည်။ ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၅၂ အရဆိုလျှင် ကုန်စည်များကိုပေးအပ်သည့်နေ့ကစ၍သုံးနှစ်အတွင်း တရား စွဲဆိုရမည်ဖြစ်သည်။ (ဒေါ်မြမြဝင်းနှင့် ဦးစိုးနိုင်၊ ၂ဝ၁၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၁၅၃(၁၅၅))
(၁၄) ကုမ္ပဏီပိုင်ငွေအတွက် တရားစွဲဆိုခြင်း
ကုမ္ပဏီပိုင်ငွေများအတွက် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်တာဝန်ပေးခြင်းမရှိဘဲ ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး အနေဖြင့် မိမိတို့တစ်ဦးချင်း၏သဘောအလျောက်ဆောင်ရွက်ခွင့် မရှိပေ။ ကုမ္ပဏီမှရရန်ရှိသည့်ငွေများကိုပြန်လည်ပေးဆပ်စေရန်အတွက် ကုမ္ပဏီ ၏တာဝန်ပေးချက်အရ ကုမ္ပဏီကိုယ်စား တရားစွဲဆိုခြင်းမပြုဘဲ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦးက ဖြစ်စေကုမ္ပဏီ၏မန်နေဂျာကဖြစ်စေ တရားလို ပြုလုပ်၍ တရားစွဲဆိုနိုင်ခွင့် မရှိပေ။ (ဦးဇော်နိုင်သိန်းနှင့် ဒေါ်မြမြဝေ ၂၀၁၆ မြန်မာနိုင်ငံတရားစီရင်ထုံး။ စာ ၈၇ (၈၈))
(၁၅) ချေးငွေကို အိမ်မြေအရောင်းအဝယ် စရံပေးငွေအဖြစ် ဖန်တီးထားသည့်ဟန်ဆောင်စာချုပ်အပေါ် အခြေခံစွဲဆိုသောအမှုတွင် စာချုပ်ပါစရန်ငွေကို ပြန်ပေးရန် မသင့်ခြင်း
ဟန်ဆောင်စာချုပ်ကို ဥပဒေအရ အတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ် မမြောက်ပေ။ ထို့အပြင် အယူခံတရားပြိုင် ဒေါ်နန်းလီ(ခ) ဒေါ်လီလီလှိုင် ထွက်ဆိုချက်အရပင် သက်သေခံအမှတ် (၁)(၅) (၈)နှင့် (၁၀)တို့၌ ဖော်ပြပါစရန်ငွေများကိုလည်း အဆိုပါစာချုပ်ချုပ်ဆိုသည့်နေ့ ရက်က အမှန်ပေးချေခဲ့ခြင်းမရှိဟု ပေါ်ပေါက်သည်။ ယခင် အလီလီရယူ ခဲ့သည့်ငွေများကို စုပေါင်းထည့်သွင်းထားသည် ဆိုသော်လည်း ထိုသို့ အလီလီပေးခဲ့သည့် အထောက်အထားမရှိသဖြင့် စာချုပ်တစ်ခုပြီးတစ်ခု ချေးငွေရင်းနှင့် အတိုးပေါ် အတိုးဆင့်၍ တွက်ချက်ဖော်ပြခဲ့သည့်ကြွေးမြီ များဟုသာ ကောက်ယူသုံးသပ်ရမည်ဖြစ်သည်။ ဤအခြေအနေတွင် သက်သေခံ(က)နှင့် (၁၃)ဟန်ဆောင်စာချုပ်အရ အယူခံတရားလိုလက်ခံ ရယူထားသည့် စရန်ငွေကျပ် ၁၉၄၇.၅ သိန်းကို ပြန်ပေးရန် တာဝန်ရှိ သည်ဆိုသော မူလရုံးနှင့် ပထမအယူခံရုံးတို့၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟုမဆိုနိုင်ပေ။ (ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ (ခ) ဒေါ်လီလီလှိုင် ၂၀၁၂ မြန်မာနိုင်ငံတရားစီရင်ထုံးစာ - ၁၂၇(၁၂၈))။
(၁၆) ရောင်းဖိုးကျန်ငွေရလိုမှု
သီးခြားဆောင်ရွက်စေနိုင်ရန် ပဋိညာဉ်ပါဝင်သူ တစ်ဖက်က ကျန် တစ်ဖက်အပေါ် ပဋိညာဉ်အတိုင်း အပြန်အလှန်ဆောင်ရွက်စေနိုင်ခွင့်ရှိရ မည် ဖြစ်သည်။ထိုသို့ အပြန်အလှန်ဆောင်ရွက်စေနိုင်လျှင် တစ်ဖက်က ကျန်တစ်ဖက်အပေါ် သီးခြားဆောင်ရွက်ပေးစေရန် တရားစွဲဆိုနိုင်ပါက ကျန်တစ်ဖက်ကလည်း ထိုသူအပေါ် သီးခြား မဆောင်ရွက်နိုင်စရာ အကြောင်း မရှိပေ။
အကယ်၍ မူလရုံးတရားလိုက ပဋိညာဉ်အတိုင်း ရောင်းချထား သည့်အခန်းများကိုလက်ရောက်ပေးအပ်ခြင်းမပြုပါက မူလရုံးတရားပြိုင် တို့က ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု စွဲဆိုနိုင်သည်ဖြစ်ရာ ဝယ်ယူသူအား အခန်းကို လက်ရောက်ပေးအပ်ခဲ့ပြီး နောက်ဆုံးအရစ် အခန်းဖိုးငွေမရသည့် မူလရုံးတရားလိုအနေဖြင့်လည်း မူလရုံး တရားပြိုင် တို့ အပေါ်အခန်းဖိုးငွေရလိုမှု စွဲဆိုနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့စွဲဆိုခြင်း သည် ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုပင် ဖြစ်သည်။
မူလရုံးတရားလိုစွဲဆိုသောအမှုသည် အမှုပုံစံမှန်ကန်ခြင်း ရှိ မရှိ ကို ၎င်းတို့တင်သွင်းသော အဆိုလွှာပေါ်မူတည်၍ စိစစ်ရမည်။ မူလရုံး တရားလို၏အဆိုလွှာအရ ၎င်းစွဲဆိုသည့်အမှုမှပုံစံမှန်ကန်ခြင်းမရှိဟု ဆိုနိုင်မည် မဟုတ်ချေ။
ဦးဖုန်းဝင်း နှင့် ဒဂုံအင်တာနေရှင်နယ်လီမိတက်(၎င်း၏စီမံကိန်းဒါရိုက်တာဦးသန်းရှိန်) /ဒေါ်ယူဇာမော်ထွန်းနှင့်ဒဂုံအင်တာနေရှင်နယ်လီမိတက်(၎င်း၏စီမံကိန်းဒါရိုက်တာဦးသန်းရှိန်) (၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၁၄၁)
(၁၇) ချေးယူထားသည်ငွေပြန်မဆပ်နိုင်သည်အတွက် ငွေချေးယူသူ၏ဥပစာတွင် နေထိုင်ခြင်း
ဦးလှရွှေတို့သည် ဦးသန်းဆွေ၏အခမဲ့ခွင့်ပြုချက်သက်သက်ဖြင့် နေထိုင်ခြင်း မဟုတ်ဘဲ ဦးသန်းဆွေက ၎င်းချေးထားသည့် ငွေကျပ် ၁ဝဝဝဝိ / - ကို ပြန်မဆပ်နိုင်သဖြင့် နေထိုင်ခွင့်ပြုခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဦးလှရွှေတို့သည် အကျုံးမဝင်ဟုဆိုရပေမည်။ ပဋိညာဉ်အရအခွင့်အမိန့် နှင့်နေသူသာ ဖြစ်သည်။ ပဋိညာဉ်အရအခွင့်အမိန့်နှင့်နေသူကို သာမန် အခွင့်အမိန့်သက်သက်အရနေထိုင်သူကဲ့သို့ ခွင့်ပြုချက်ကို ရုတ်သိမ်းပြီး ခွင့်ပြုထားသည့်ဥပစာနှင်ထုတ်ဖယ်ရှားခြင်း မပြုနိုင်ပေ။၎င်းတို့ ပြုလုပ် ထားသည့်ပဋိညာဉ်ပါစည်းကမ်းချက်များအရသာလျှင် (ဥပမာ-ချေးယူ ထားသည့် ငွေကျပ် ၁ဝဝဝဝိ / - ကိုပြန်ဆပ်ခြင်း) နှင်ထုတ်နိုင်ပေမည်။ (ဦးလှရွှေပါ-၂ နှင့် ဦးသန်းဆွေ၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၇၁(၁၇၂)
(၁၈)ငွေထုတ်ခွင့်လက်မှတ်အတွက် (Pay Order) ထုတ်ပေးရသောငွေ ပြန်လည်ရရှိရန် တရားစွဲဆိုခြင်း
ငွေထုတ်ခွင့်လက်မှတ် (Pay Order)သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေတွင် အကျုံးဝင်သလောဟူသည့်အချက် ဖြစ်သည်။ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၁၃ အရဆိုလျှင် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းဆိုသည်မှာ (Promissory note) သို့မဟုတ် ငွေလွှဲလက်မှတ်(Bill of Exchange) သို့တည်း မဟုတ် ချက်(Cheque) တို့ကို ဆိုလိုသည်ဟုအတိအလင်းပြဋ္ဌာန်းထား သည်။ ယခုအမှုပါ ငွေထုတ်ခွင့်လက်မှတ်မှာ(Pay Order)ဟု ခေါင်းစဉ် တပ်ထား၏။ ကတိစာချုပ်သော်လည်းကောင်းချက်လက်မှတ်သော် လည်းကောင်း၊ မဟုတ်သည်မှာ ထင်ရှားလှ၏။ ငွေလွှဲစာချုပ်ဖြစ် မဖြစ် စဉ်းစားရာ၌ တံဆိပ်ခေါင်းအက်ဥပဒေအရ ငွေလွှဲစာချုပ်တွင် သတ်မှတ်သော တံဆိပ်ခေါင်းကပ်နှိပ်ရမည်ဖြစ်သော်လည်း အဆိုပါငွေထုတ်ခွင့် လက်မှတ်မှာ တံဆိပ်ခေါင်း မပါချေ။ ထိုငွေထုတ်ခွင့်ပေးသည့်စနစ်မှာ လည်း ပြည်ခရိုင်တွင် အခိုက်အတန့်အားဖြင့် အသုံးပြုခဲ့ကြဟန်တူသည်။ ကုန်သည်လောကတွင် ကုန်သည်အများက လက်ခံပြီး နှစ်ပရိစ္ဆေဒကြာမြင့်စွာ အသုံးပြုသောစနစ်မျိုး မဟုတ်ချေ။ ထိုအကြောင်းများကြောင့် ဤအမှုပါ ငွေထုတ်ခွင့်လက်မှတ်သည် လွှဲပြောင်းနိုင်သောစာချုပ်တစ်ရပ် ဖြစ်သည်ဟု မဆိုနိုင်ပေ။အယူခံတရားလိုတို့သည် ထိုငွေထုတ်ခွင့် လက်မှတ်အတွက် မိမိတို့ပေးသောငွေကိုပြန်လည်ရရှိနိုင်သလောဟူသည့် အချက်ကိုစဉ်းစားရာ၌ ၎င်းတို့က အယူခံတရားခံ(၁)အား ငွေထုတ်ပေးခဲ့ ရသည်ကိုခိုင်လုံစွာပြသနိုင်ခဲ့သဖြင့် ထိုငွေကို ၎င်းတို့က ပြန်လည်ရရှိသင့်ပေ သည်။ (မက်ဆားရမ်ချန်ဒရာယာဒူးဝါးနှင့် မက်ထားချွမ်စိန်၊ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင် ထုံး၊ စာ -၈၁၁(၈၁၂)
(၁၉) အော်ဒီမန်စာချုပ်အရ ငွေရင်းနှင့်အတိုးငွေရလိုကြောင်းစွဲဆိုမှ လွှဲပြောင်းနိုင်သည့်စာချုပ်လက်မှတ်အက်ဥပဒေ (Negotiable Instruments Act) ပုဒ်မ ၄အရ အော်ဒီမန်စာချုပ်ဆိုသည်မှာ ငွေ တစ်စုံ တစ်ရာကို လူတစ်ဦးတစ်ယောက်သို့ဖြစ်စေ၊ ထိုသူက လွှဲအပ်သူသို့ဖြစ်စေ၊ သို့မဟုတ် ထိုလက်မှတ်ယူလာသူသို့ဖြစ်စေ စည်းကမ်းချက်တစ်စုံတစ်ရာ မထားဘဲပေးချေရန်တာဝန်ယူကာ လက်မှတ်ရေးထိုးထားသည့်စာချုပ် ဖြစ်သည်။ (ဦးခင်မြင့် ပါ ၂ နှင့်မအုန်းအုန်း ပါ ၂၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ စာ - ၁၅၄၈)
(၂၀) ပေါင်နှံခြင်းပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံခြင်း၊ လက်မဲ့ပေါင်နှံခြင်း၊ အပေါင်ခံထားသောပစ္စည်းကို ရောင်းချပေးစေရန် တရားစွဲဆိုခြင်း
ပေါင်နှံခြင်းဆိုသည်မှာ ချေးငှားသည့်အနေဖြင့် ပေးထားသည့် သို့မဟုတ် ပေးထားရန်ရှိသည့်ငွေကိုဖြစ်စေရှိရင်းကြွေးမြီ သို့မဟုတ် တင်ရန် ရှိသည့်ကြွေးမြီများကိုဖြစ်စေ၊ ပေးဆပ်ရန်လည်းကောင်း၊ ငွေကြေး နှင့်စပ်လျဉ်း၍ တာဝန်မကင်းဖြစ်လာနိုင်သည့်ပြုလုပ်မှုကို ဆောင်ရွက်မရအောင်လည်းကောင်း၊ သီးခြားမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းတွင် ခံစား ထိုက်သည့် အကျိုးသက်ဆိုင်မှုကို လွှဲပြောင်းပေးခြင်းဖြစ်မည်ဟု ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈(က) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်
ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ပေါင်နှံခြင်းအထမြောက်ရန် ပြည့်စုံ ရမည့် အင်္ဂါရပ်များမှာ (၁)ကြွေးမြီအတွက် ပိုင်ဆိုင်ခွင့်စာချုပ်ကို မြီရှင် သို့မဟုတ် မြီရှင်၏ကိုယ်စားလှယ်အား အပ်နှံရမည်။ (၂) ပစ္စည်းပေါင်နှံရန် ရည်ရွယ်ချက်ဖြင့် အပ်နှံခြင်းဖြစ်ရမည်။ (၃) ဤပေါင်နှံခြင်းကို ရန်ကုန်မြို့ မော်လမြိုင်မြို့၊ ပုသိမ်နှင့် စစ်တွေမြို့များ၌သာ ပြုလုပ်ရမည် ဖြစ်သည်။(ယခု အာ့သတ်မှတ်ချက်ပယ်ဖျက်ပြီး)
လက်မဲ့ပေါင်နှံခြင်းကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၈(ခ)တွင်ဖွင့်ဆိုထားသည်မှာ ၎င်းတွင်ရှိမည့်အင်္ဂါရပ်များမှာ (၁) သီးခြား မရွှေ့မပြောင်းနိုင်သောပစ္စည်း၏အကျိုးသက်ဆိုင်မှုကို လွှဲပြောင်းပေးခြင်း၊ (၂) ပေါင်နှံသူက ချေးငွေကို ကိုယ်တိုင်ပေးဆပ်ရန် တာဝန်ယူခြင်း(၃) ပစ္စည်းကို အပေါင်ခံသူအား လက်ရောက်ပေးအပ်ခြင်းမရှိ၊ (၄) ချေးငွေကို ပေးဆပ်ခြင်းမရှိက အပေါင်ပစ္စည်းကိုရောင်းချ၍ရယူရန် သဘောတူခြင်း၊ (၅)အပေါင်ရွေးနုတ်ခြင်းမှ ပိတ်ပင်မှုမရှိခြင်းနှင့် (၆) တန်ဖိုးငွေကျပ်တစ်ရာ (ယခုကျပ်တစ်သိန်း)အောက် ဖြစ်စေကာမူ မှတ်ပုံတင်ရန်လိုအပ်ခြင်းတို့ ဖြစ်သည်။ ချေးငွေအတွက် ပေါင်နှံသူအပေါ်တွင်ဖြစ်စေ အရေးယူနိုင် သည်။ ထို့ပြင် ချေးငွေကို ပေးဆပ်ခြင်းမရှိပါက အပေါင်ပစ္စည်းကို ရောင်း ချ၍ ရယူရန် သဘောတူထားပြီးဖြစ်၍ အပေါင်ပစ္စည်းကိုရောင်းချနိုင်ပေ သည်။
အပေါင်ခံထားသောပစ္စည်းကို ရောင်းချပေးစေရန် တရားစွဲဆို သော အပေါင်ခံသူသည် ငွေရင်းအပေါ် မိမိပဋိညာဉ်ပါ စည်းကမ်းချက် များအရ အာမခံထားသည့်အတိုးကို တရားစွဲဆိုသည့်နေ့မှ တရားရုံးက ငွေပေးဆပ်ရန် တရားရုံး၏ဒီကရီကို သတ်မှတ်သည့်နေ့အထိ ရခွင့်ရှိ သည်၊ (မန်နေဂျာ၊ မြန်မာ့ စီးပွားရေးဘဏ်၊ ပုသိမ်မြို့ နှင့် ဦးစိန်မြပါ ၂၊ ၂ဝဝဝ ပြည့်နှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၁၇၈)
မျက်မှောက်ကာလတွင် စီးပွားရေး၊ နိုင်ငံရေး ပိုမိုပွင့်လင်းလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်နှင့်အမျှ စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ များပြားလာပါ သည်။ ထိုသို့တိုးတက်များပြားလာခြင်းနှင့်အတူ ငွေကြေးဆိုင်ရာဆက်နွှယ် မှုများ၊ ချေးငွေလိုင်ရာအငြင်းပွားမှုများ၊ ရာဇဝတ်ကြောင်း၊ တရားမကြောင်း တရားစွဲဆိုမှုများကို ရင်ဆိုင်နေကြရပါသည်။ ချေးငွေဆိုင်ရာအငြင်းပွားမှု များ၊ ချေးငွေကိုအကြောင်းပြု၍ နောက်ဆက်တွဲမှုခင်းများကိုရင်ဆိုင်နေကြ ရသူပြည်သူများအနေဖြင့်ယခုတင်ပြသည့်တရားစီရင်ထုံးများပါ လမ်းညွန် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအငြင်းပွားမှုများတွင် ဆက်စပ် အသုံးပြု နိုင်ကြပါသည်။ စီရင်ထုံးများသည် သက်သေခံအက်ဥပဒေပုဒ်မ ၃၈ အရ စပ်ဆိုင်မှုရှိကြသည်ဖြစ်ရာ စီရင်ထုံးများပါလမ်းညွန်သဘောတရားများကို သက်ဆိုင်ရာအမှုများတွင် ဆက်စပ်အသုံးပြုကြခြင်းဖြင့် ချေးငွေဆိုင်ရာ ရာဇဝတ်မှု၊ တရားမမှုများ၌ ဥပဒေနှင့်အညီ စွဲဆိုချေပမှုပြုနိုင်ကြစေရန် တရားဥပဒေစိုးမိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုနိုင်စေရန် စုဆောင်းတင်ပြအပ်ပါသည်။
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ)ထုတ်ဝေသော ရွှေပြည်တန်ဂျာနယ် စာမျက်နှာ - ၁၃ ၌ အခန်းဆက်ပါဝင်ခဲ့သော ဆောင်းပါး
(ဆရာ ဦးကျော်ကျော်ရေးသားသော "တရားစီရင်ရေးဆောင်းပါးများစုစည်းမှု" စာအုပ်မှ ❤️#JustiaMyanmarForLegalKnowledgesPage❤️မှ Admin-THNက ပြန်လည်ဖော်ပြပါသည်)🙏🙏🙏🙏
https://www.facebook.com/profile.php?id=100088280344810&mibextid=ZbWKwL
Comments
Post a Comment