စာချုပ်စာတမ်းမှတ်ပုံတင် ဆောင်ရွက်ခြင်း

မှတ်ပုံတင်ပေးရန် တင်ပြသည့် စာချုပ်စာတမ်းများတွင် ပြည့်စုံရမည့်အချက်များ

 မှတ်ပုံတင်ပေးရန် တင်ပြသည့် စာချုပ်စာတမ်းများသည်  အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဆောင်ရွက်ပြီးဖြစ်ရပါမည်- 

(က) စာချုပ်စာတမ်းကို မြန်မာစာဖြင့်ရေးသားရမည်။ မြန်မာစာဖြင့်ရေးသားထားခြင်း မဟုတ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် မြန်မာဘာသာပြန်ဆိုချက် ပူးတွဲတင်ပြရမည်။ 

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၁၈(က)  နှင့်(ခ)  

 (ခ) စာချုပ် ချုပ်ဆိုသူတို့က ပြည့်စုံစွာလက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းများဖြစ်ရမည်။

 စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၁၈(ဂ) 

(ဂ) စာချုပ်စာတမ်းပါရေးသားချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြလုပ်ထားလျှင် ယင်းသို့ပြုလုပ်ထားသည့် နေရာအသီးသီး၌ စာချုပ် ချုပ်ဆိုသည့် ပုဂ္ဂိုလ်တို့၏ လက်မှတ်တို သို့မဟုတ် လက်မှတ်ရှည်ကို ရေးထိုးရမည်။ ပုဒ်မ  ၁၈(ယ)  

(ဃ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းဖြစ်ပါက  ယင်းပစ္စည်း၏ အမျိုးအစား၊ ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် တည်နေရာတို့ကို ရှင်းလင်းစွာဖော်ပြရမည့်  အပြင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းသည် မြေဖြစ် ပါကမြေနှင့် စပ်လျဉ်း၍ သက်သေခံနိုင်သော သက် ဆိုင် ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက တစ်နှစ်အတွင်း တရားဝင်ထုတ်ပေးထားသည့် သက်သေခံမြေပုံနှစ်ခုနှင့် မြေရာဇဝင်ပါရှိမည်။  ပုဒ်မ- ၂၀

(င) မည်သည့်စာချုပ်စာတမ်းကို မဆို မှတ်ပုံတင်သည့် အခါ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနှင့်  အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တို့အရ သတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းကို လုံလောက်စွာ ကပ်ထားပြီးဖြစ်ရမည်။ ပုဒ်မ  ၃၂ (ဃ) 

(စ) နိုင်ငံခြားတွင် ချုပ်ဆိုသော စာချုပ်ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ  မြန်မာသံရုံးအရာရှိ သို့မဟုတ်  ကောင်စစ်ဝန်၏ ရှေ့တွင် ချုပ်ဆိုမှု မှန်ကန်ကြောင်း၊ ထောက်ခံချက်၊ သံရုံးတံဆိပ်တို့ ပါရှိရမည်။ မြန်မာဘာသာဖြင့် ရေးသားချုပ်ဆိုခြင်း မဟုတ်ပါက  Notary Public  ၏ ဘာသာပြန်ဆိုချက် တင်ပြရမည်။  


မှတ်ပုံတင်ပေးရန်အတွက် စာချုပ်စာတမ်းကို စစ်ဆေးရာတွင် ညီညွှတ်ရမည့် အချက်များ 

မှတ်ပုံတင်ပေးရန်တင်ပြလာသည့် စာချုပ်စာတမ်းများကို စစ်ဆေးသည့်အခါ  အထက်အပိုဒ်တွင် ဖော်ပြသော အချက်များနှင့် ပြည့်စုံရမည့်  အပြင်  အောက်ဖော်ပြပါ အချက်များနှင့် ညီညွှတ်မှုရှိမှသာ မှတ်ပုံတင်ပေးမည် ဖြစ်ပါသည်- 

(က) စာချုပ်စာတမ်းချုပ်ဆိုသူများ ကိုယ်တိုင် သို့မဟုတ်  ၄င်းတို့၏ ကိုယ်စားလှယ်များ၊ ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့ဖြစ်ပါက တရားဝင် တာဝန်ပေးအပ်ခြင်းခံရသူ၊ အရွယ်မရောက်သေးသူ၊ ရူးသွပ်သူတို့ကိုယ်စား တရားဝင်အုပ်ထိန်းခွင့်ရရှိသူ၊ စာချုပ် ချုပ်ဆိုသူ ကွယ်လွန်လျှင် မှတ်ပုံတင်ပေး ရန် တရားရုံးအမိန့်ရရှိသူတို့က စာချုပ် စာတမ်းကို မှတ်ပုံတင်ပေးရန်  တင်ပြခြင်းဖြစ်ရပါမည်။   ပုဒ်မ - ၃၀၊ ၃၂(ဂ) 

(ခ) စာချုပ် ချုပ်ဆိုသူ၊ စာချုပ်ကိုမှတ်ပုံတင်ရန် တင်ပြသူနှင့် သက်သေများသည်  အရွယ်မရောက်သေးသူ၊ ရူးသွပ်သူ၊ သတိပုံမှန် မရှိသူများ  မဖြစ်ရပါ။ ပုဒ်မ  ၃၄(ခ)

(ဂ) မှတ်ပုံတင်ပေးရန် တင်ပြသော စာချုပ်စာတမ်းသည် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၆၊ ၁၇ တို့နှင့် ညီညွှတ်သော စာချုပ်များဖြစ်ရပါမည်။ 

(ဃ) စာချုပ် ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ပေးရန် တင်ပြခြင်းဖြစ်ရမည်။ ပုဒ်မ ၂၁

(င) နိုင်ငံခြားတွင်  ဥပဒေနှင့် အညီချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပါက မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ရော က်ရှိသည့်နေ့ရက်မှ  ရက်ပေါင်း  ၁၂၀  အတွင်း မှတ်ပုံတင်ပေးရန် တင်ပြခြင်းဖြစ်ရမည်။ ပုဒ်မ - ၂၄ 

(စ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများကို ပစ္စည်းတည်ရှိရာ  အရပ်ဒေ သရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊  မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် သက်ဆိုင်သည့် တရားရုံးဒီကရီ နှင့် အမိန့်များကို မူလစီရင်ချက် ချမှတ်သည့် တရားရုံးတည်ရှိရာ  စာချုပ်စာတမ်းမှတ်ပုံတင်ရုံးနှင့် အခြားစာချုပ်စာတမ်းများကို မိမိ မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ မှတ်ပုံတင်ပေး ရန် တင်ပြခြင်းဖြစ်ရမည်။   ပုဒ်မ  ၂၅၊  ၂၆ 

(ဆ) ကိုယ်စားလှယ်လွှဲစာဖြစ်ပက  လွှဲအပ်သူနေထိုင်သည့် အရပ်ဒေသရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ မှတ်ပုံတင်ပေးရန် တင်ပြခြင်းဖြစ်ရမည်။ ပုဒ်မ  ၃၀(ဂ)(၁)

(ဇ) ဥပဒေပုဒ်မ  ၃၀ပါ စာချုပ်စာတမ်းကို မှတ်ပုံတင်ခွင့်ရှိသူတို့ ကိုယ်တိုင်က စာချုပ်စာတမ်းကို မှတ်ပုံတင် ပေးရန်လာရောက်တင်ပြပြီး စာချုပ်စာတမ်းပါ စာချုပ် ချုပ်ဆိုသူ အားလုံးသည် စာချုပ်စာတမ်းကို နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုသည်မှာ မှန်ကန်ကြောင်းဖြောင့်ဆိုဝန်ခံရမည်။ ပုဒ်မ - ၃၃ (ခ)၊ ၃၄(က) 

(ဈ) မှတ်ပုံတင်ပေးရန် တင်ပြသူတို့ကို စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက တစ်နည်းနည်းဖြင့် သိရှိအောင် စစ်ဆေးခြင်းကို သက်သေခံဖြောင့်ဆိုရမည်။  (ကိုယ်တိုင်သိရှိခြင်း၊ သက်သေတို့က မှန်ကြောင်း ဝန်ခံခြင်း စသည်။) ပုဒ်မ- (က)၊ (င) 

(ည) စာချုပ်စာတမ်းတွင်  ရေးသားဖော်ပြချက်များကို ချုပ်ဆိုသူတို့က မှန်ကန်စွာရေးသားချုပ်ဆိုကြောင်း ကို ဖြောင့်ဆိုဝန်ခံရမည်။ ပုဒ်မ- ၃၃(က) 

(ဋ) ချိတ်ပိတ်ထားသော သေတမ်းစာကို အပ်နှံခြင်းဖြစ်ပါက သေတမ်းစာရေးသားသူ၊ ( သို့မဟုတ်) ၄င်း၏ ကိုယ်စားလှယ်က မှတ်ပုံတင်ပေးရန် တင်ပြခြင်းဖြစ်ရမည်။ ပုဒ်မ- ၃၈ 

(ဍ) သေတမ်းစာကို မှတ်ပုံတင်သွင်းခြင်းဖြစ်ပါက သေတမ်းစာရေးသားသူ၊ သေတမ်းစာရေးသားသူ ကွယ်လွန်လျှင် ယင်းသေတမ်းစာအရ အမွေထိန်းဖြစ်သူ သို့မဟုတ် မွေးစားခြင်းခံရသူက မှတ်ပုံတင် ပေးရန် တင်ပြခြင်းဖြစ်ရမည်။  ပုဒ်မ- ၄၆  

(ဌ) ကိတ္တမသားသမီး မွေးစားခြင်းစာချုပ်ဖြစ်ပါက သားသမီးမွေးစားသူ သို့မဟုတ်  မွေးစားခံရသူက မှတ်ပုံတင်ပေးရန် တင်ပြခြင်းဖြစ်ရမည်။ 

၁။ အရောင်းအဝယ်စာချုပ်

(က) ရောင်းသူ/ဝယ်သူနှင့် သက်သေများမှ  လက်မှတ်များပြည့်စုံစွာ ရေးထိုးထားပြီး  တံဆိပ်ခေါင်း ခွန်ဥပဒေအရ တံဆိပ်ခေါင်းပြည့်စုံစွာ ကပ်နှိပ်ထမ်းဆောင်ပြီးသော အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုသည့်နေ့မှ  ရဥ်ပေါင်း (၁၂၀)  အတွင်း သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ တွင် ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန် ကပ်နှိပ်၍ စာချုပ် ချုပ်ဆိုသူ တစ်ဦးဦးမှ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး  လျှောက်ထားရပါမည်။  

(ခ) ရောင်းသူ ဝယ်သူနှင့်သက်သေများ၏ နိုင်ငံသားစိစစ်ရေးကတ် ( သို့မဟုတ်) မှတ်ပုံတင်ကတ် ( ၄င်းကတ်များ ပျောက်ဆုံး/ ပျက်စီးပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ထောက်ခံချက်) မူရင်းနှင့် မိတ္တူ ပူးတွဲတင်ပြ၍  လူကိုယ်တိုင်လာရောက်ရပါမည်။

(ဂ) ရောင်းချသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချသူမှ လက်ဝယ်ပိုင်ဆိုင်လျှက်ရှိ ကြောင်း အထောက်အထားဖြစ်သည့် ဂရန်မူရင်း( သို့မဟုတ်) ဂရန်မူရင်းနှင့် အဆက်အစပ် စာချုပ် စာတမ်းမူရင်းများနှင့်မိတ္တူများကို ယူဆောင်တင်ပြရပါမည်။ 

(ဃ) အရောင်းအဝယ်စာချုပ်တွင်  ရောင်းချသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာကို ဖော်ပြသည့် သက်ဆိုင်ရာဌာနမှ တစ်နှစ်အတွင်း အရောင်းအဝယ်စာချုပ်  ချုပ်ဆိုရန် ထုတ်ပေးသောမြေပုံ(၂) ပုံနှင့် မြေရာဇဝင်တို့ကို ပူးတွဲတင်ပြရန်လိုအပ်ပါ သည်။  

(င) စာချုပ်ပါ အရောင်းအဝယ်ပြုလုပ်သည့် မရွှေ့မပြောင်းနိုင်သော  ပစ္စည်းစာရင်းကို သက်ဆိုင်ရာ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ထားသော တန်ဖိုးငွေအပေါ် တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ရပါမည်။ 

(စ) ရောင်းသူ/ ဝယ်သူများ ကိုယ်စား ၄င်းတို့မှ လွှဲအပ်မှတ်ပုံတင်ထားသော ကိုယ်စားလှယ်လွှဲစာရရှိသူမှ  ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းဖြစ်ပါက  ကိုယ်စားလှယ်လွှဲအပ်သူ ရောင်းသူ (သို့မဟုတ်) ဝယ်သူများ သက်ရှိ ထင်ရှားရှိကြောင်းနှင့် ၄င်းကိုယ်စားလှယ်လွှဲစာကို  ရုပ်သိမ်းခြင်းမရှိကြောင်း အထောက်  အထားပြည့်စုံစွာ တင်ပြနိုင်ရပါမည်။ လိုအပ်ပါက သက်ဆိုင်ရာ တရားရုံးတွင်  ကျမ်းကျိန် ဆိုထားသော  တရားရုံး ကျမ်းကျိန်လွှာ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ကိုယ်စားလှယ်လွှဲစာ  မရုပ်သိမ်းရသေးကြောင်း စိစစ်ချက်တို့ကို ပူးတွဲတင်ပြရန် လိုအပ် ပါသည်။

၂။ အပေးစာချုပ်

အပေးစာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်  မှတ်ပုံတင်မည်ဆိုပါက  အောက်ပါ  အတိုင်းဆောင်ရွက် ရပါမည်။  

(က) စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင်  ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန်ကပ်နှိပ်၍ စာချုပ် ချုပ်ဆိုသူ တစ်ဦးဦးမှ လျှောက်လွှာတွင် ကိုယ်တိုင်လက်မှတ်ရေး ထိုးကာ လျှောက်ထား ရပါမည်။  

(ခ) စာချုပ်တွင်  ပေးအပ်သူ/ လက်ခံသူ နှင့် သက်သေများ ပြည့်စုံစွာလက်မှတ်ရေးထိုးထားပြီး  တံဆိပ်ခေါင်းခွန်ဥပဒေအရ  တံဆိပ်ခေါင်းပြည့်စုံစွာ ကပ်နှိပ်ထမ်းဆောင်ထားရပါမည်။

(ဂ) အပေးစာချုပ် ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း(၁၂၀) အတွင်း    စာချုပ်ကိုမှတ်ပုံတင်ပေးရန်  လျှောက် ထားခြင်းဖြစ်ရပါမည်။ 

(ဃ) ပေးသူ/ လက်ခံသူ နှင့် သက်သေများ၏ နိုင်ငံသားစိစစ်ရေးကတ် ( သို့မဟုတ်) မှတ်ပုံတင်ကတ် ( ၄င်းကတ်များ ပျောက်ဆုံး/ ပျက်စီးပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ထောက်ခံချက်) မူရင်းနှင့် မိတ္တူ ပူးတွဲတင်ပြ၍  လူကိုယ်တိုင် လာရောက်ရပါမည်။ 

(င) ပေးမည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပေးသူမှလက်ဝယ်ပိုင်ဆိုင်လျှက်ရှိကြောင်း  အထောက်အထားဖြစ်သည့် ဂရန်( မူရင်း သို့မဟုတ် စာချုပ်စာတမ်းမူရင်း နှင့် မိတ္တူများ ယူဆောင်လာရမည်။

(စ) အရောင်းအဝယ်စာချုပ်တွင်  ရောင်းချသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာကို ဖော်ပြသည့် သက်ဆိုင်ရာဌာနမှ တစ်နှစ်အတွင်း အရောင်းအဝယ်စာချုပ်  ချုပ်ဆိုရန် ထုတ်ပေးသောမြေပုံ(၂) ပုံနှင့် မြေရာဇဝင်တို့ကို ပူးတွဲတင်ပြရန်လိုအပ်ပါ သည်။  

(ဆ) စာချုပ်ပါ အရောင်းအဝယ်ပြုလုပ်သည့် မရွှေ့မပြောင်းနိုင်သော  ပစ္စည်းစာရင်းကို သက်ဆိုင်ရာ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ထားသော တန်ဖိုးငွေအပေါ် တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ရပါမည်။ 

(ဇ) ပေးသူနှင့် လက်ခံသူတို့သည်  သွေးရင်း သားရင်းအမှန်တကယ်ဖြစ်ကြောင်း  အထောက် အထားတင်ပြနိုင်ရပါမည်။ လိုအပ်ပါက ကျမ်းကျိန်ချက်မူရင်း နှင့် မိတ္တူများကို တင်ပြနိုင်ရပါ မည်။ 

(ဈ) ပေးသူနှင့် လက်ခံသူတို့ကိုယ်စား   ၄င်းတို့က လွှဲအပ် မှတ်ပုံတင်ထားသော  ကိုယ်စား လှယ်စာရရှိသူတို့က  ချုပ်ဆိုထားသော  အပေးစာချုပ်ကို  မှတ်ပုံတင်ပေးရန် လျှောက် ထားခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲအပ်သူ/ ပေးသူ  (သို့မဟုတ်) လက်ခံသူများ  သက်ရှိထင်ရှားရှိကြောင်း  နှင့် လွှဲအပ်လိုက်သော ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခြင်း  မရှိ  သေးကြောင်း အထောက်  အထားပြည့်စုံစွာတင်ပြရန် လိုအပ်ပါသည်။  

 လိုအပ်ပါက သက်ဆိုင်ရာတရားရုံးတွင် ကျမ်းကျိန်ဆိုထားသော  တရားရုံး ကျမ်းကျိန်လွှာ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်  ကိုယ်စားလှယ်လွှဲစာ  မရုပ်သိမ်း ရသေးကြောင်း စိစစ်ချက် တို့ကို ပူးတွဲတင်ပြနိုင်ရပါမည်။ 

၃။ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်

(က) အမွေဆက်ခံသူများနှင့် သက်သေများ၏ လက်မှတ်များပြည့်စုံစွာ  လက်မှတ်ရေးထိုးထားပြီး  တံဆိပ်ခေါင်းခွန်ဥပဒေအရ  တံဆိပ်ခေါင်းပြည့်စုံစွာ ကပ်နှိပ်ထမ်းဆောင်ထားပြီး သော အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ကို ချုပ်ဆိုသည့်နေ့မှ  ရက်ပေါင်း (၁၂၀) အတွင်း သတ်မှတ်ထားသည့်  လျှောက်လွှာပုံစံတွင်  ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန်ကပ်နှိပ်၍  စာချုပ် ချုပ်ဆိုသူ တစ်ဦးဦးမှ ကိုယ်တိုင်လျှောက်ထားရပါမည်။ 

(ခ) အမွေဆက်ခံသူများနှင့် သက်သေတို့၏ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) မှတ်ပုံတင် ကတ်  ပျောက်ဆုံး/ ပျက်စီးခြင်းဖြစ်ပါက သက်ဆိုင်ရာ သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ထောက်ခံချက်) မူရင်းနှင့် မိတ္တူ ပူးတွဲ တင်ပြ၍  လူကိုယ်တိုင် လာရောက်ရပါမည်။   

(ဂ) အမွေဆက်ခံသည့်  မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပတ်သက်သော   အထောက်အထားများ ဖြစ်သည့် ဂရန်မူရင်း သို့မဟုတ်  ဂရန်မူရင်းနှင့် အဆက်အစပ်စာချုပ်စာတမ်းမူရင်း နှင့်  မိတ္တူများကို တင်ပြရပါမည်။ 

(ဃ) စာချုပ်ပါ အမွေဆက်ခံသည့်  မရွှေ့မပြောင်းနိုင်သော  ပစ္စည်းတည်ရှိရာကို ဖော်ပြသည့်  သက်ဆိုင်ရာဌာနမှ တစ်နှစ်အတွင်း ထုတ်ပေးထားသော   မြေပုံ(၂) ပုံနှင့်  မြေရာဇဝင် တို့ ကို ပူးတွဲတင်ပြရန်လိုအပ်ပါသည်။ 

(င) အမွေဆက်ခံသူများမှ တပါး အခြား အမွေဆက်ခံသူ  မရှိကြောင်း ပေါ်လွင်စေသည့်   အထောက်  အထားပြည့်စုံစွာတင်ပြနိုင်ရပါမည်။ လိုအပ်ပါက  တရားရုံးကျမ်းကျိန်လွှာ မူရင်းတင်ပြရပါမည်။

(စ) အမွေဆက်ခံသည့်  မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုပိုင်ဆိုင်သူတို့ ကွယ်လွန်ခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှတ်ထုတ်ပေးသော  သေစာရင်းမူရင်း နှင့် မိတ္တူတို့ကို တင်ပြရပါမည်။

(ဆ) အကယ်၍ သက်ဆိုင်ရာဌာနမှ သေစာရင်းထုတ်ပေးနိုင်ခြင်း  မရှိပါကသက်ဆိုင်ရာ  မြို့နယ်  အုပ်ချုပ်ရေးမှူး မှ ထုတ်ပေးသော  အမှန်တကယ် သေဆုံးကြောင်း  ထောက်ခံချက်ကို ပူးတွဲ တင်ပြရပါမည်။ 

(ဇ) အမွေဆက်ခံသူများကိုယ်စား ၄င်းတို့မှ  လွှဲအပ်မှတ်ပုံတင်ထားသော ကိုယ်စားလှယ်လွှဲစာရရှိ သူမှ ချုပ်ဆိုထားသော ကြေငြာစာချုပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲအပ်သူများ သက်ရှိထင်ရှားရှိကြောင်း နှင့် ၄င်းကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခြင်းမရှိသေးကြောင်း  အထောက် အထားပြည့်စုံစွာတင်ပြနိုင်ရပါမည်။ လိုအပ်ပါက သက်ဆိုင်ရာတရားရုံးတွင် ကျမ်းကျိန်ဆိုထားသော   ကျမ်းကျိန်လွှာကို တင်ပြရပါမည်။ 

၄။ စွန့်လွှတ်စာချုပ်

(က) စာချုပ် ချုပ်ဆိုသူတို့မှ  လက်မှတ်များကို ပြည့်စုံစွာရေးထိုးထားပြိး  တံဆိပ်ခေါင်း ခွန်ဥပဒေအရ  တံဆိပ်ခေါင်းပြည်စုံစွာ ကပ်နှိပ်ထားပြီးသော စွန့်လွှတ်စာချုပ်ကို ချုပ်ဆိုသည့်  နေ့ရက်မှ  ရက်ပေါင်း   (၁၂၀)  အတွင်း သတ်မှတ်ထားသည့် လျှောက်လွှာပုံစံတွင် ထိုက်သင့် သော တံဆိပ်တော်ခွန် ကပ်နှိပ်၍ စာချုပ် ချုပ်ဆိုသူ တစ်ဦးဦးမှ ကိုယ်တိုင်လက်မှတ်ရေးထိုး လျှောက်ထားရန်ဖြစ်ပါသည်။ 

(ခ) စာချုပ်ချုပ်ဆိုသူများနှင့် သက်သေတို့၏ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) မှတ်ပုံတင် ကတ်  ပျောက်ဆုံး/ ပျက်စီးခြင်းဖြစ်ပါက သက်ဆိုင်ရာ သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ထောက်ခံချက်) မူရင်းနှင့် မိတ္တူ ပူးတွဲ တင်ပြ၍  လူကိုယ်တိုင် လာရောက်ရပါမည်။   

(ဂ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို စွန့်လွှတ်ခြင်းဖြစ်ပါက စွန့်လွှတ်မည့်သူနှင့် လက်ခံမည့်သူတို့၏ ပူးတွဲ အမည်ပေါက်ပိုင်ဆိုင်ကြောင်း အထောက်အထားဖြစ်သည့် ဂရန်မူရင်း( သို့မဟုတ်)  စာချုပ်စာတမ်းမူရင်းတို့ကို  ယူဆောင်လာ၍ တင်ပြရပါမည်။

(ဃ) စာချုပ်ပါ  မရွှေ့မပြောင်းနိုင်သော  ပစ္စည်းတည်ရှိရာကို ဖော်ပြသည့်  သက်ဆိုင်ရာဌာနမှ တစ်နှစ်အတွင်း ထုတ်ပေးထားသော   မြေပုံ(၂) ပုံနှင့်  မြေရာဇဝင် တို့ ကို ပူးတွဲတင်ပြရန် လိုအပ် ပါသည်။ 

၅။ အထွေထွေကိုယ်စားလှယ်လွှာစာ  G.P

 အထွေထွေကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်မည်ဆိုပါက  အောက်ပါ  အတိုင်း ဆောင် ရွက်ရပါမည် - 

(က) ကိုယ်စားလှယ်လွှဲအပ်သူနှင့် သက်သေများ၏ လက်မှတ်များ ပြည့်စုံစွာရေးထိုးထားပြီး  တံဆိပ်ခေါင်းပြည့်စုံစွာ ကပ်နှိပ်ထမ်းဆောင်ထားသော ကိုယ်စားလှယ်လွှဲစာနှင့်  အတူ   သတ်မှတ်ထားသော  လျှောက်လွှာပုံစံတွင်  ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန် ကပ်နှိပ်၍ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ လျှောက်ထားရပါမည်။

(ခ) ကိုယ်စားလှယ်လွှဲအပ်သူနှင့် သက်သေတို့၏ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်)  မှတ်ပုံတင် ပျောက်ဆုံး/ ပျက်စီးခြင်းဖြစ်ပါက  သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ ထောက်ခံချက်)  မူရင်း နှင့် မိတ္တူစာရွက်စာတမ်းများကို တင်ပြရန်လိုအပ်ပါသည်။ 

၆။ အထူးကိုယ်စားလှယ်လွှဲစာ  S.P

(က) ကိုယ်စားလှယ်လွှဲသူနှင့်သက်သေများ၏ လက်မှတ်များကို ပြည့်စုံစွာရေးထိုးထားပြီး  တံဆိပ်ခေါင်းခွန်ပြည့်စုံစွာ ကပ်နှိပ်ထမ်းဆောင်ထားသော ကိုယ်စားလှယ်လွှဲစာနှင့်  အတူ သတ်မှတ်ထားသည့်  လျှောက်လွှာပုံစံတွင် ရုံးခွန်တံဆိပ်ခေါင်း(၁၀၀) ကျပ်တန် ကပ်နှိပ်၍ ကိုယ်တိုင်လက်မှတ်ရေးထိုး လျှောက်ထားရပါမည်။ 

(ခ) ကိုယ်စားလှယ်လွှဲသူ နှင့် သက်သေတို့၏ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်)  မှတ်ပုံတင် ပျောက်ဆုံး/ ပျက်စီးခြင်းဖြစ်ပါက  သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှူး၏ ထောက်ခံချက်)  မူရင်း နှင့် မိတ္တူစာရွက်စာတမ်းများကို တင်ပြရန်လိုအပ်ပါသည်။ 

(ဂ) အထူးကိုယ်စားလှယ်လွှဲစာတွင်  လွှဲအပ်သည့် မရွှေ့မပြောင်းနိုင်သော  ပစ္စည်း၏  ဂရန်မူရင်း  (သို့မဟုတ်)  လွှဲအပ်သူမှ လက်ဝယ်ပိုင်ဆိုင်ကြောင်း အထောက်အထားစာရွက်စာတမ်းမူရင်း တို့ကို တင်ပြနိုင်ရပါမည်။

(ဃ) ကိုယ်စားလှယ်လွှဲစာမှတ်ပုံတင်ခမှာ   ကျပ်  နှစ်ထောင်ဖြစ်ပါသည်။  

 # မှတ်ချက်။ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်  ၁၄ ဖြင့်  ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်  ဥပဒေ   ( ၁၉.၃.၂၀၁၄)  အရ -

(က) မြို့နယ်အဆင့်တရားရုံး၊ အစိုးရဌာန၊  အဖွဲ့အစည်း၊ သို့မဟုတ် စည်ပင်သာယာရေးအဖွဲ့ တစ်ခုခုသို့  လျှောက်လွှာ သို့မဟုတ်  အသနားခံစာကို တင်သွင်းပါက  ထိုက်သင့်သော ရုံးခွန်မှာ   ၅၀ ကျပ် 

(ခ) ခရိုင်အဆင့်တရားရုံး၊ အစိုးရဌာန၊   အဖွဲ့အစည်း သို့မဟုတ် စည်ပင်သာယာရေး အဖွဲ့ တစ်ခုခု သို့တင်သွင်းလျှင်     ထိုက်သင့်သော ရုံးခွန်မှာ      ၁၀၀  ကျပ်

(ဂ) တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အဆင့် တရားရုံး၊  အစိုးရဌာန   အဖွဲ့အစည်း သို့မဟုတ်  စည်ပင်သာယာရေးအဖွဲ့ တစ်ခုခုသို့ တင်သွင်းလျှင်  ထိုက်သင့်ရုံးခွန်  ၂၀၀ ကျပ်  

(ဃ) ဦးစီးဌာနနှင့် ဗဟိုအဆင့် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့တင်သွင်းလျှင် ထိုက်သင့်သော ရုံးခွန်   ၃၀၀  ကျပ် 

(င) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့တင်သွင်းလျှင်  ထိုက်သင့်သော ရုံးခွန်  ၅၀၀ ကျပ် ဖြစ်ပါသည်။ 

# စာချုပ်စာတမ်းမှတ်ပုံတင်ရာတွင်   ဆောင်ရွက်သည့်  လုပ်ငန်းစဉ် အဆင့်ဆင့်

 စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့   စာချုပ်စာတမ်းမှတ်ပုံတင်ပေးရန်  တင်ပြလာသော  အခါတွင်  အောက်တွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် - 

(က) မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်းကို သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး တွင် တင်ပြရပါမည်။ ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊  ဆည်မြောင်းလမ်းသွယ်၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ကံဘဲလမ်းမကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ သို့တင်ပြခြင်းဖြစ်ပါက ဝင်စာဌာနတွင်  နံနက်(၈)  နာရီ  မှ    (၁၁ . ၃၀)  နာရီအတွင်းတင်ပြ၍  အမှတ်စဉ်ရယူထားရပါမည်။  

(ခ) အမှတ်စဉ်ပေးထားသော စာချုပ်များကို   အမှတ်စဉ်အလိုက်စစ်ဆေးခြင်း၊ ထပ်ဆင့်ရေးမှတ်ချက်များ ရေးသားခြင်း၊  လက်ဗွေနှိပ် မှတ်ယူခြင်း၊ မှတ်ပုံတင်ကြေးပေးသွင်းခြင်း တို့ကို နေ့အတွင်း  ပြီးစီး  အောင်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ 

(ဂ) ဥပဒေနှင့် ညီညွှတ်သော စာချုပ်များကို  ရုံး၏ မှတ်ပုံတင်စာအုပ်များတွင်  မှတ်တမ်းတင်ခြင်း၊  အပြီးသတ် မှတ်ပုံတင်ပေးခြင်းတို့ ပြုလုပ်ရန်အတွက်  ရုံး၌ ထားခဲ့ရမည်ဖြစ်ပြစ်ပြီး၊ စာချပ်နှင့်  မှတ်ပုံတင်ခငွေ လက်ခံရရှိကြောင်း ပြေစာကို ကာယကံရှင်  ထံသို့ ထုတ်ပေး ပါမည်။ 

(ဃ) သတ်မှတ်သည့်နေ့ရက်တွင် စာချုပ်နှင့် မှတ်ပုံတင်ခငွေ လက်ခံရရှိကြောင်း ပြေစာတင်ပြ၍  မိမိ၏ စာချုပ်မူရင်းကို ပြန်လည်ထုတ်ယူနိုင်ပါသည်။  

(င) ဥပဒေနှင့်  မညီညွှတ်သည့် စာချုပ်များကို မှတ်ပုံတင်ပေးရန် ငြင်းပယ်ကြောင်း မှတ်တမ်းတင်၍ ကာယကံရှင်သို့ နေ့အတွင်. ပြန်လည်ထုတ်ပေးပါမည်။

(စ) ငြင်းပယ်ခြင်းခံရသည့် စာချုပ်ကို မှတ်ပုံတင်လိုပါက တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံသို့  အယူခံဝင်ရောက်နိုင်ပါသည်။

(ဆ) တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိက အယူခံမှုကို စစ်ဆေး၍ မှတ်ပုံတင်ရန် ခွင့်ပြုပါက  ရက်ပေါင်း  ၃၀  အတွင်း  မြို့တော်/ မြို့နယ်စာချုပ် စာတမ်းမှတ်ပုံတင်အရာရှိ ထံ တင်ပြ၍  မှတ်ပုံတင်ရပါမည်။ 

(ဇ) မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်းခံရပါက  ရက်ပေါင်း  ၃၀  အတွင်း သက်ဆိုင်ရာတရားရုံးတွင် စာချုပ်စာတမ်းမှတ်ပုံတင်ပေးစေလိုမှုဖြင့်  တရားစွဲဆိုဆောင်ရွက်ပြီး  တရားရုံးက မှတ်ပုံတင်ပေးရန်  အမိန့်ချမှတ်လျှင်  မူလငြင်းပယ်ခဲ့သည့် မြို့တော်/ မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြ၍   မှတ်ပုံတင်ရပါမည်။ 

စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက်  ကြာမြင့်သည့်အချိန်ကာလ

 စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်  မှတ်ပုံတင်ပေးရန် တင်ပြသည့် စာချုပ်စာတမ်းများကို  အောက်ဖော်ပြပါ  အချိန်ကာလအတွင်း  စာချုပ်စာတမ်းမူရင်းကို ပြန်လည်ထုတ်ယူနိုင်ပါသည်- 

(က) ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်း နှင့် ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ကြောင်း  မြှက်ဟကြေညာခြင်း စသည့် စာချုပ်စာတမ်းများအား  မှတ်ပုံတင်ကြေးပေးသွင်းသည့်နေ့မှ  ( ၁၅)  ရက်အတွင်း စာချုပ် မူရင်းကို  ပြန်လည်ထုတ်ပေးပါမည်။ 

(ခ) ကိုယ်စားလှယ်လွှဲစာများအား  မှတ်ပုံတင်ကြေးပေးသွင်းသည့်နေ့မှ  (၅)  ရက်အတွင်း ကိုယ်စားလှယ်လွှဲစာမူရင်းကို ပြန်လည်ထုတ်ပေးပါသည်။ 

(ဂ) ရန်ကုန်မြို့တော် နှင့်   မန္တလေးမြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများမှ  အပ ကျန်မြို့နယ် စာချုပ် စာတမ်းမှတ်ပုံတင်ရုံးများတွင်  ယခု ဖော်ပြပါ အချိန်ကာလထက်ပိုမိုလျော့နည်းနိုင်ပါသည်။  

Credit:

-ဒေါက်တာမျိုးဆွေ၏  “ စာချုပ်စာတမ်း  မှတ်ပုံတင်ရာတွင်  လုပ်ငန်းစဉ်များ”

-ရုံးခွန်အက်ဥပဒေ

Comments