ပျက်ပြယ်နေသောစာချုပ်များအကြောင်း
ပျက်ပြယ်နေသောစာချုပ်များအကြောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
စာချုပ်များတွင် မူလအားဖြင့် နှစ်ဦးနှစ်ဖက် အတွက် အဘိုးအစားအနား(အပြန်အလှန်ပေးအပ်သည့် အကျိုးပြုမှုတစ်ခုခု)၊ ကတိတို့ပါရှိရမည်။ ယင်းသို့ပြည့်စုံမှသာလျှင် ပဋိညာဉ်အက်ဥပဒေနှင့် ညီညွှတ်သော စာချုပ်စာတမ်းတစ်ဆောင်ဖြစ်မည်ဖြစ်ပါသည်။
ပဋိညာဉ်အက်ဥပဒေအရ ပဋိညာဉ်ကို အောက်ပါအတိုင်း (၃)မျိုး တွေ့ရှိရပါသည်။
(၁) ဥပဒေနှင့်ညီညွတ်သည့် တည်မြဲခိုင်မာသောပဋိညာဉ် ၊
(၂) ပျက်ပြယ်သည့် ပဋိညာဉ်နှင့်
(၃) ပျက်ပြယ်စေနိုင်သော ပဋိညာဉ် ဟူ၍ ဖြစ်သည်။
ဥပဒေနှင့်ညီညွတ်သည့် တည်မြဲခိုင်မာသော ပဋိညာဉ်ဆိုသည်မှာ တရားဥပဒေအရ အတည်ပြုပေးနိုင်သော ပဋိညာဉ်ကိုခေါ်သည်။
တရားဥပဒေအရ အတည်ပြုခွင့်မရှိသည့် ပဋိညာဉ်ကို ပျက်ပြယ်သည့် ပဋိညာဉ်ဟုခေါ်သည်။ပဋိညာဉ် တစ်ခုအတွက် အရေးကြီးသော အကြောင်းအရာနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက်စလုံးက အထင်မှား အမြင်မှားဖြင့် ထားရှိသော သဘောတူညီချက်သည် ပျက်ပြယ်သော ပဋိညာဉ်ဖြစ်သည်။သို့ရာတွင် ထိုပဋိညာဉ်၌ တန်ဘိုးကို မှားယွင်းဖော်ပြမိကာမျှ အထင်မှားယုံမျှ ဖြင့် မပျက်ပြယ်ပါ။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ တည်လျှက်ရှိသည့် တရားဥပဒေနှင့် ပတ်သက်၍ အထင်မှားအမြင်မှားဖြင့် ထားရှိသော ပဋိညာဉ်သည် မပျက်ပြယ်သော်လည်း ၊ နိုင်ငံအတွင်း၌ တည်လျှက်မရှိသည့် ဥပဒေနှင့် ပတ်သက်၍ မှားယွင်းလျှင်မူ ပျက်ပြယ်သည်။
ပဋိညာဉ်တွင် ကတိနှင့်ညီညွတ်ချက် (အဖိုးစားနား) သို့်မဟုတ် ကြံရွယ်သည့် သဘောတူညီချက်သည် တရားဥပဒေအရတားမြစ်ခြင်း ၊ ခွင့်ပြုလျှင် အခြားတရားဥပဒေ ပြဋ္ဌာန်းထားချက်များကို ပျက်စီးစေနိုင်ခြင်း ၊ လိမ်လည်လှည့်ဖျားခြင်း ၊သူတစ်ပါး၏ကိုယ်ကိုဖြစ်စေ ၊ ပစ္စည်းကိုဖြစ်စေ နစ်နာစေနိုင်ခြင်း ၊ ကျင့်ဝတ်ပျက်ပြားခြင်း နှင့် အများပြည်သူ၏ဆန္ဒနှင့် ဆန့်ကျင်ခြင်း စသည့် မတရားချက်များ ပါဝင်နေလျှင် ထိုပဋိညာဉ်သည် ပျက်ပြယ်သည်။
ဥပမာ- တရားဥပဒေအရ နိုင်ငံခြားသားများသည် အိမ်မြေအစရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ ဝယ်ယူခွင့် ၊အပေါင်ခံခွင့်မရှိဟု တားမြစ်ထားသည့်အပေါ် ထိုနိုင်ငံခြားသားတစ်ဦးနှင့် အရောင်းအဝယ် စာချုပ်ချုပ်လျှင် တရားဥပဒေနှင့် ဆန့်ကျင်၍ ပျက်ပြယ်သည်။
လုယက်၍ရသော သို့မဟုတ် ရမည့်ပစ္စည်းကို ခွဲဝေယူရန် သဘောတူခြင်းသည်လည်း ဥပဒေနှင့် မညီသော သဘောတူညီချက်ဖြစ်၍ ပျက်ပြယ်သည်။
ထို့ပြင် ကတိနှင့် ညီညွတ်ချက် (အဖိုးစားနား) သို့မဟုတ် ကြံရွယ်သည့် သဘောတူညီချက်သည် အချို့အဝက် မတရားလျှင် ပျက်ပြယ်နိုင်စေသကဲ့သို့ အပြန်အလှန် အကျိုးပြုချက် မပါသော သဘောတူညီချက်မှန်သမျှသည်လည်း ပျက်ပြယ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂ (ဆ)တွင် ဥပဒေအရ ဆောင်ရွက်စေခြင်း မပြုနိုင်သော သဘောတူညီချက်သည် ပျက်ပြယ်သည်မည်၏ဟု ပြဋ္ဌာန်းထားသည်။
ပျက်ပြယ်နေသော စာချုပ်တစ်ရပ်ကို ပယ်ဖျက်ပေးရန် စွဲဆိုခြင်းမပြုသော်လည်း ပျက်ပြယ်နေကြောင်း တရားရုံးကတွေ့ရှိလျှင် ယင်းစာချုပ်မှာ ပါသည့် အမှုကိစ္စ အမှန်တကယ်မရှိဟု ရုံးတော်မှ ကောက်ယူသုံးသပ်နိုင်သည်။
ပျက်ပြယ်သည့်စာချုပ်ဆိုသည်မှာ စက္ကူစုတ်ပင်ဖြစ်ပြီး ပျက်ပြယ်သည့် စာချုပ်အပေါ် တရားစွဲပယ်ဖျက်ရန်မလိုအပ်ချေ။သို့ရာတွင် ပျက်ပြယ်သည့်စာချုပ်အပေါ် အခြေခံပြီးအရေးဆိုခံရပါက ယင်းစာချုပ်သည် စက္ကူစုတ်သာဖြစ်ကြောင်း ၊ အာနိသင် မရှိသောစာချုပ်ဖြစ်ကြောင်း ကျန်တစ်ဘက်ကထုချေခွင့်ရှိသည်။
ပျက်ပြယ်စေနိုင်သော ပဋိညာဉ် ဆိုသည်မှာ တစ်ဖက်လူက အတည်ပြုလိုလျှင် ပြုနိုင်ပြီး ပျက်ပြယ်စေလိုက ပျက်ပြယ်စေနိုင်သော ပဋိညာဉ်မျိုးဖြစ်သည်။တစ်နည်းအားဖြင့် လိမ်လည်လှည့်ဖြားမှု ၊ ခြောက်လှန့်မှု ၊ အဖြစ်မှန်ကို ဖုံးကွယ်မှု ၊မတရားသြဇာသုံးမှုတို့ကြောင့် ချုပ်ဆိုသော ပဋိညာဉ်များတွင် နစ်နာသူ ၊ သို့မဟုတ် မကျေနပ်သူက ပျက်ပြယ်လိုက ပျက်ပြယ်နိုင်ခွင့်ရှိသော တစ်ဘက်လူ၏ ဆန္ဒအပေါ် တည်နေသည့် ပဋိညာဉ်ဖြစ်ပေသည်။
ကတိအတိုင်း ဆောင်ရွက်ရန် ရှိသော ပဋိညာဉ်၌ ပါဝင်သူ တစ်ဦးတစ်ယောက်က ကတိအတိုင်း ဆောင်ရွက်သည်ကို အခြားပါဝင်သူတစ်ဦးက မဆောင်ရွက်ရန် ပြောလာသောအခါ ဆောင်ရွက်နေသူက ထိုပဋိညာဉ်ကို ဖျက်လိုက ဖျက်နိုင်သည်။ထို့ပြင် သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်သော ပဋိညာဉ်တွင် ပါဝင်သူတစ်ဦးအနေဖြင့်လည်း သတ်မှတ်ချိန်အတွင်း မဆောင်ရွက်လျှင် အခြားပါဝင်သူတစ်ဦးက ထိုပဋိညာဉ်ကို ဖျက်လိုကဖျက်နိုင်ကြောင်း တွေ့ရှိရပါသည်။
Comments
Post a Comment