ဆိုက်ဘာလုံခြုံရေး ဥပဒေအကြောင်း

ဆိုက်ဘာလုံခြုံရေး (Cybersecurity) ဆိုသည်မှာ စနစ်များ၊ ကွန်ရက်များနှင့် ပရိုဂရမ်များကို  ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများမှ ကာကွယ်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။  ထိုသို့သော ဆိုက်ဘာတိုက်ခိုက်မှုများသည် အများအားဖြင့် အရေးကြီးသောအချက်အလက်များကို ရယူခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများဆောင်ရွက်ရန် တိုက်ခိုက်ခြင်းပင်ဖြစ်ပါသည်။ Ransomware မှတစ်ဆင့် သုံးစွဲသူများထံမှ ငွေညှစ်ခြင်း၊ သို့မဟုတ် ပုံမှန်စီးပွားရေးလုပ်ငန်းစဉ်များကို နှောက်ယှက်ခြင်း တို့သည်လည်း ဆိုက်ဘာတိုက်ခိုက်မှုပုံစံများအနက်မှ တစ်ချို့သော ပုံစံများပင်ဖြစ်ပါသည်။ 

ဆိုက်ဘာလုံခြုံရေး (Cybersecurity) သည် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲလ်နှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ဒေတာများကဲ့သို့သော အင်တာနက်ချိတ်ဆက်ထားသော စနစ်များကို ကာကွယ်ပေးသည့် အလေ့အကျင့်ဖြစ်သည်။ ဒေတာစင်တာများနှင့် အခြားကွန်ပြူတာစနစ်များသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် တစ်ဦးချင်းစီနှင့် လုပ်ငန်းများတွင် အသုံးပြုလေ့ရှိသည်။ 

မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းအား ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ထုတ်ပြန်၍ သဘောထားမှတ်ချက်များအား သက်ဆိုင်ရာ ဌာနများနှင့် အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်တောင်းခံခြင်းများကို ပြုလုပ်ခဲ့သည်။

ယင်းနောက်တွင် ဒုတိယအကြိမ်နှင့် လက်ရှိနောက်ဆုံးအကြိမ်ဖြစ်သော ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၊ ၁၃ရက်နေ့  တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းမူကြမ်းအား ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ၊ ဥပဒေအားအတည်ပြု ပြဌာန်းခြင်းမပြုရသေးပေ။

မြန်မာ့ဒစ်ဂျစ်တယ်အနာဂတ်ကို ကာကွယ်ခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေ

တိုးတက်လာသော ခေတ်စနစ်နှင့်အညီ နည်းပညာသည်အဓိကကျသည့် အခန်းကဏ္ဍမှပါဝင် လာသည့် ယခုလိုအချိန်ကာလတွင် ဆိုက်ဘာလုံခြုံရေးသည် Malware၊ Ransomware၊ Phishing တိုက်ခိုက်မှုများနှင့် အခြားဒစ်ဂျစ်တယ် အားနည်းချက်များကဲ့သို့သော အန္တရာယ်အမျိုးမျိုးမှ ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် နိုင်ငံတော်နှင့် အဖွဲ့အစည်းများအတွက် အရေးကြီးသော သတင်းအချက်အလက် အဆောက်အဦ (Data Base)  နှစ်ရပ်လုံးကို အကာအကွယ်ပေးရန်အတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခု ဖြစ်လာပါသည်။

ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးမျိုးသောဥပဒေဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ဆိုက်ဘာ ဥပဒေသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။ ယင်းဥပဒေသည် လူတစ်ဦးချင်း၊ အဖွဲ့အစည်းများနှင့် အစိုးရများပေါ်တွင်ကျူးလွန်သည့် ဆိုက်ဘာရာဇ၀တ်မှုများမှ ကာကွယ်ရန်၊ လျှို့ဝှက်ရေးနှင့် ဒေတာလုံခြုံရေးကို အာမခံကာ၊ အင်တာနက်ပေါ်တွင် စည်းမျဥ်းစည်းကမ်းနှင့် ဘေးကင်းစေရန်အတွက် အွန်လိုင်းလှုပ်ရှားမှုများကို ထိန်းညှိပေး နိုင်သည့် ဥပဒေတစ်ရပ် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒစ်ဂျစ်တယ်ခေတ်၏ အခွင့်အလမ်းများကို အပြည့်အဝရယူ ဆုပ်ကိုင်၍ ဖွံ့ဖြိုးတိုးတက်စေရန်ခရီးဆက်နေသကဲ့သို့ ခိုင်မာသော ဆိုက်ဘာလုံခြုံရေး ဥပဒေတစ်ရပ်လိုအပ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယင်းလိုအပ်ချက်အရ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို လုံခြုံစေရန်၊ ထိလွယ်ရှလွယ်သော အချက်အလက်များကိုကာကွယ်ရန်နှင့် အွန်လိုင်းငွေပေးငွေယူများတွင် အများပြည်သူယုံကြည်မှုကို အားကောင်း လာစေရန်အတွက် ရည်ရွယ်သည့် ပြည့်စုံသော ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးလည်းဖြစ်ပါသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေ၏ အဓိကရည်ရွယ်ချက်များ

ဆိုက်ဘာလုံခြုံရေးဥပဒေ၏ အဓိကရည်ရွယ်ချက်များမှာ ဆိုက်ဘာအရင်းအမြစ်များ၊ အရေးကြီး သတင်းအချက်အလက်အဆောက်အဦ (Data Base) များ၊ အီလက်ထရောနစ်နည်းပညာဖြင့် သိမ်းဆည့်ထားသည့် အချက်အလက်များအား လုံခြုံစွာအသုံးပြုနိုင်ရေး၊ အများပြည်သူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ဥပဒေများနှင့် အညီအကာအကွယ်ပြုနိုင်ရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် နည်းပညာအသုံးပြု၍ နှောက်ယှက်ခြင်း၊ ဆိုက်ဘာဖြင့်တိုက်ခိုက်ခြင်း၊ ဆိုက်ဘာအလွဲအသုံးပြုခြင်းများကို ကာကွယ်စောင့်ရှောက်ရန်၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဥပဒေနှင့်အညီစနစ်တကျဖြစ်စေရန် စီမံဆောင်ရွက်ပေးခြင်း၊ ဆိုက်ဘာဖြင့်ကျူးလွန်သည့် မှုခင်းများကို တားဆီးကာကွယ်နိုင်ရန်နှင့် ဒီဂျစ်တယ် စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်ရန်၊ ဆိုက်ဘာအရင်းအမြစ်ကိုအသုံးပြု၍ ပြည်တွင်းပြည်ပ ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စရပ်များတွင် အီလက်ထရောနစ် သတင်းအချက်အလက်တို့၏ စစ်မှန်မှုနှင့် ယုံကြည် စိတ်ချရမှုတို့ကို အသိအမှတ်ပြုကာ ဥပဒေအရအကာကွယ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေမူကြမ်းရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။[1]  

ထို့ကြောင့် သတင်းအချက်အလက်အဆောက်အဦ (Data Base) များ၊ အီလက်ထရောနစ် နည်းပညာဖြင့် သိမ်းဆည့်ထားသည့် အချက်အလက်များ/ကိုယ်ရေးအချက်အလက်များ၊ ဒီဂျစ်တယ် စီးပွားရေးစနစ်တို့အား ဆိုက်ဘာအရင်းအမြစ်အသုံးပြု၍ ဆောင်ရွက်သည့်ကိစ္စရပ်များအား အကာအကွယ် ပေးရန်နှင့်၊ ဆိုက်ဘာအရင်းများအားအသုံးပြု၍ အနှောက်အယှက်ပြုခြင်း၊ တိုက်ခိုက်ခြင်းများကို ဟန့်တားနိုင်စေရန်နှင့် ဥပဒေအရအကာအကွယ်ပေးရန် ရည်ရွယ်၍ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းထားခြင်းဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။

ဒေတာနှင့် ကိုယ်ရေးဆိုင်ရာအချက်အလက်များ ကာကွယ်ရေး

            ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) တွင် အချက်အလက် (Data ) များနှင့် ကိုယ်ရေးဆိုင်ရာ အချက်အလက်များအား ကာကွယ်နိုင်စေရန်အတွက် မိမိ၏ကိုယ်ရေးဆိုင်ရာအချက်အလက်များအား ဥပဒေနှင့် အညီ စနစ်တကျထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် စီမံခြင်းတို့အားပြုလုပ်ရန်လည်းကောင်း၊ ဥပဒေအရဆောင်ရွက်ခြင်းနှင့် ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ခြင်းမှလွဲ၍ တစ်စုံတစ်ဦးသည် မိမိ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော ကိုယ်ရေးဆိုင်ရာအချက်အလက်အား အခြားသူ တစ်ဦးတစ်ယောက် သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ကိုယ်ရေးဆိုင်ရာ အချက်အလက် တစ်စုံတစ်ရာအား စိစစ်ရန် ခွင့်ပြုခြင်း၊ ဖွင့်ချခြင်း၊ အသိပေးခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ပြုပြင်ပြောင်း လဲခြင်း၊ ဖျက်ဆီးခြင်း၊ မိတ္တူပွားခြင်း၊ သက်သေခံအဖြစ် တင်ပြခြင်းပြုရန် တားမြစ်ထားပါသည်။ [2]

            အီလက်ထရောနစ်သက်သေခံလက်မှတ် (E-Certificate) ထုတ်ပေးသူအနေဖြင့်လည်း အီလက် ထရောနစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍လည်း ကွန်ပျူတာဟက်ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ကွန်ပြူတာလုပ်ဆောင်ချက်များကို အလွဲသုံးစားပြုခြင်းတို့ ဖြစ်ပေါ်မှုမရှိစေရန်နှင့် ယုံကြည်စိတ်ချရသော စနစ်ကိုအသုံးပြုရန်၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ (E-Signatures)အား လျှို့ဝှက်ထားရှိမှု ကိုဆောင်ရွက်ရန်နှင့် ယင်းနှင့်စပ်လျဉ်း၍သတ်မှတ်ထားသည့် စံများကိုလိုက်နာရန်လည်း ဖော်ပြထား ပါသည်။ [3]

            အသုံးပြုသူများအနေဖြင့်လည်း အီလက်ထရောနစ်ထိုးမြဲလက်မှတ် (E-Signature) အချက်အလက် ဖြင့် တရားဝင်သောထိုးမြဲလက်မှတ်ကို အသုံးပြုသည့်အခါ အခြားသူများ တရားမဝင်အသုံးပြုခြင်း မခံရစေရန် ဂရုထားဆောင်ရွက်ရမည်ဖြစ်ပြီး၊ အချက်အလက်ပေါက်ကြားခြင်း ဖြစ်စေ၊ ပေါက်ကြားနိုင်သည့် အခြေအနေမျိုးရောက်ရှိလျှင်ဖြစ်စေ၊ မိမိ၏ အီလက်ထရောနစ်ထိုးမြဲလက်မှတ် (E-Signature) နှင့် လုပ်ငန်းဆက်စပ် ပါတ်သက်နေသူများထံ နှောက်နှေးမှုမရှိစေဘဲ အကြောင်းကြားရမည်ကို ထည့်သွင်းဖော်ပြ ထား ပါသည်။ [4]

            မြန်မာနိုင်ငံအတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု အလားအလာကို သတိပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း ဆိုင်ရာလမ်းညွှန်မှုများပေးရန်၊ အန္တရာယ်ရှိသော ကုဒ်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာကျူးကျော်ဝင် ရောက်မှု သို့မဟုတ် အခြားလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုကို တုံ့ပြန်ရန်အစီအစဉ်နှင့် ဖြေရှင်းနည်းများ ရေးဆွဲခြင်း၊ ဖြစ်ပွားသည့်အခါတွင် ချက်ခြင်းအကောင်အထည်ဖော်ခြင်းနှင့် တုံ့ပြန်ဖြေရှင်းခြင်း တို့ကို ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုအသုံးပြုသူများ၏ သတင်းအချက်အလက်ပေါက်ကြားမှု ပျက်စီးမှု ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အကာအကွယ်ပေးရေးတို့ကိုလည်း ပြဌာန်းထားပါသည်။[5]

ဆိုက်ဘာရာဇဝတ်မှုများအားကြိုတင်ကာကွယ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း

အီလက်ထရောနစ် စနစ်ပေါ်တွင် ကိုယ်ရေးဆိုင်ရာအချက်အလက်များအား ခိုးယူခြင်း၊ အလွဲသုံးခြင်း၊ ထိခိုက်ပျက်ပြားအောင်၊ နစ်နာအောင်တနည်းနည်းဖြင့်ဆောင်ရွက်ခြင်းများနှင့် စပ်လျဉ်း၍လည်း အောက်ပါ အတိုင်း ထည့်သွင်း ပြဌာန်းထားပါသည်။ 

သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ခွင့်ပြုချက်မရဘဲ ယင်းပုဂ္ဂိုလ်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို တစ်နည်းနည်းဖြင့် စီမံခန့်ခွဲခြင်း သို့မဟုတ် အလွဲအသုံးပြုခြင်းပြုလုပ်ပါက ထိုသူအား အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြထားသကဲ့သို့၊[6] သူတစ်ပါး၏ အီလက်ထရောနစ် သတင်းအချက်အလက်အား နှောက်ယှက်၊ ဖျက်ဆီး၊ ခိုးယူ၊ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်ခြင်းများနှင့် ဥပဒေမညီသည့် ပေးပို့/ အသုံးပြု/ ဖြန့်ဝေ/ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ပါက အနည်းဆုံးထောင်ဒါဏ် တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ချမှတ်ခံရန်ဖြစ်ကြောင်းနှင့် ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုထည့်သွင်းပြဌာန်းထားပါသည်။[7]

ထို့အပြင်ကွန်ရက်အတွင်း သူတစ်ပါး၏ ဆက်သွယ်မှုတစ်ခုခုအား ကြားဖြတ်ခြင်းနှင့် ဆက်သွယ်မှုတွင်ပါဝင်သည့်အချက်အလက်အား အခြားသူတစ်ဦးဦးသို့ ထုတ်ဖော်ပါကလည်း တစ်နှစ်မှ သုံးနှစ်ထိထောင်ဖြစ်စေ၊ သိန်းတစ်ရာထပ်မပိုသောငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင် ကြောင်း[8] နှင့် သူတစ်ပါး၏ ကွန်ပြူတာအတွင်းသို့ ၎င်း၏ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်းနှင့် အခြားသူ တစ်ဦးတစ်ယောက်၏ စကားဝှက်(Password) သို့မဟုတ် အီလက်ထရောနစ်ထိုးမြဲလက်မှတ် (e-signature) အား အသုံးပြု၍ တစ်စုံတစ်ဦးအား ဆက်သွယ်ပါကလည်း တစ်နှစ်မှ သုံးနှစ်အထိထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသောငွေဒါဏ် ဖြစ်စေ ဒါဏ်နှစ်ရပ်လုံးချမှတ်ခြင်းခံရမည်ကို ပြဌာန်းထားပါသည်။

အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အဦ (Data Base) နှင့် စပ်လျဉ်း၍လည်း အရေးကြီးသတင်းအချက်အလက်အခြေခံ အဆောက်အဦ (Data Base)ကို စီမံထိန်းသိမ်းရန် တာဝန်ရှိသူ တစ်ဦးတစ်ယောက်သည် ယင်းသတင်းအချက်အလက်အခြေခံအဆောက်အဦ (Data Base) နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် သိမ်းဆည်းခြင်းများကို သတ်မှတ်ချက်များဖြင့် အညီ ဆောင်ရွက်ခြင်းမပြုပါကလည်း အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟုလည်းကောင်းပြဌာန်းခြင်းကို တွေ့ရသည်။

ဆိုက်ဘာအရင်းအမြစ်များအား ဖျက်ဆီးခြင်းနှင့် သတင်းအချက်အလက်များအား ပြောင်းလဲ၊ ဖယ်ထုတ်ဖျက်ဆီးခြင်းများပါအဝင်၊ အယောင်ဆောင်၍ လိမ်လည်လှည့်ဖျားမှုပြုခြင်း၊ ဆိုက်ဘာအရင်း အမြစ်ကို အသုံးပြုကာ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှု၊ ငွေကြေးစုဆောင်းမှုနှင့် ငွေကြေးဆိုင်ရာအရင်းအနှီး တစ်ရပ်ရပ်ကို ခိုးယူခြင်းများပြုလုပ်ပါက အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ပြဌာန်းထားခြင်းကို လည်းတွေ့ရသည်။

Virtual Private Network (VPN) နည်းပညာအသုံးပြု၍ ကွန်ရက်ထူထောင်ခြင်းအားလည်း ဝန်ကြီးဌာန (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန) ၏ ခွင်ပြုချက်မရဘဲ တည်ထောင်ခြင်း သော်လည်းကောင်း အဆိုပါကွန်ယက်အတွင်းသို့ ဝင်ရောက်ချိတ်ဆက် အသုံးပြုခြင်းသော်လည်းကောင်း ပြုလုပ်ပါကလည်း အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားပါသည်။ [9]

            ခွင့်ပြုချက်တစ်စုံတစ်ရာရှိခြင်းမရှိဘဲ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြုလုပ်ခြင်းနှင့် တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Digital Currency, Cryptocurrency များအား ဆိုက်ဘာနယ်ပယ်အတွင်း အရောင်းအဝယ်ပြုခြင်းအားလည်းကောင်း၊ အွန်လိုင်းလောင်းကစားခြင်း အားလည်းကောင်း တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒါဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါသည်။[10]

            ထို့အပြင် ဆိုက်ဘာနယ်ပယ်အားအသုံးပြု၍ ညစ်ညမ်းသော လိင်ပိုင်းဆိုင်ရာလုပ်ရပ်များပါဝင်သည့် စကား၊ ရုပ်ပုံ၊ အသံဖိုင်၊ ဗီဒီယို၊ စာသား၊ သင်္ကေတနှင့် အခြားဖော်ပြမှုတို့အား အီလက်ထရောနစ်ပုံစံဖြင့် ဖြန့်ဝေခြင်းနှင့် ပေးပို့ခြင်းများအားလည်းတားမြစ်ထား၍ ဖောက်ဖျက်ပါက အနည်းဆုံးတစ်နှစ်မှ အများဆုံး နှစ်နှစ်အထိထောင် ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ပြဌာန်းထားပါသည်။

            ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ပါ ပြစ်မှုများအား ရဲအရေးပိုင်သောပြစ်မှုအဖြစ် သတ်မှတ်ထား သည့်အတွက်၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက ရဲစခန်းသို့သွားရောက်အမှုဖွင့်လှစ်ခြင်းဖြင့် ဖြစ်စေ တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခြင်းဖြင့်ဖြစ်စေ အမှုဖွင့်လှစ်နိုင်ပြီး ရဲတပ်ဖွဲ့မှဝရမ်းမပါ ဘဲဖမ်းဆီး ခွင့်ရှိသည့် အမှုအမျိုးအစားများဖြစ်ပါသည်။ တရားစွဲဆိုရာတွင် ဆိုက်ဘာလုံခြုံရေးဥပဒေအရဖွဲ့စည်းထား သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာဦးစီးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်အားကြိုတင်ရယူရမည်ဖြစ်ပါသည်။ [11]

လက်ရှိတွင် ၂၀၀၄ ခုနှစ်အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ၂၀၀၄ ခုနှစ်အား ကျင့်သုံးလျှက်ရှိပြီး ဆိုက်ဘာလုံခြုံရေးဥပဒေအားပြဌာန်းပြီးပါကအဆိုပါဥပဒေအားရုပ်သိမ်း၍ ဆိုက်ဘာ လုံခြုံရေးဥပဒေဖြင့် အစားထိုးမည်ဖြစ်ပါသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်း အသက်ဝင်ခြင်းမရှိသေးသည့်လက်ရှိကာလတွင် ဆိုက်ဘာနှင့် သက်ဆိုင်သောမှုခင်းများနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးနှင့် သက်ဆိုင်သောကိစ္စရပ်များအား ၂၀၁၃ ခုနှစ်ဆက်သွယ်ရေးဥပဒေ နှင့် ၂၀၀၄ ခုနှစ်တွင်ပြဌာန်းထားသော အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ တို့ဖြင့် လက်ရှိတွင် အရေးယူဆောင်ရွက်လျှက် ရှိပါသည်။

            နိဂုံးချုပ်အနေဖြင့် ပြည့်စုံသော ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)သည် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ် အနာဂတ်ကိုလုံခြုံစေရေး ကြိုးပမ်းအားထုတ်မှုတွင် အရေးပါသောမှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုပါသည်။ ရှင်းလင်းသော စည်းမျဉ်းများ ချမှတ်ခြင်း၊ ဆိုက်ဘာခံနိုင်ရည်အား မြှင့်တင်ခြင်းနှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့်၊ ဥပဒေသည် ပိုမိုလုံခြုံပြီး ပိုမိုလုံခြုံသော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်အတွက်အုတ်မြစ်ချပေးပါသည်။ မြန်မာနိုင်ငံသည်ဒစ်ဂျစ်တယ်ခေတ်၏ အခွင့် အလမ်းများကို လက်ခံယုံကြည်လာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေးဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်းဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်၊ အရေးကြီးသော အခြေခံအဆောက်အဦ (Data Base) များကို ကာကွယ်ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် စိတ်ချရမှုနှင့်ယုံကြည်မှုကို မြှင့်တင်ရာတွင် မရှိမဖြစ် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။


ဦးဟိဏ်းနေစိုး

LL.B, M.A(Business Law), M.B.A,

D.B.L., D.L.S, A.D.H.N.A(India),

XLS2X: Contract Law (Harvard Univsersity),

DL-101, DL-117, PCT-101E22(WIPO Academy, Switzerland)

တရားလွှတ်တော်ရှေ့နေ


 

 

 

 

 

 

 

 

 

 

 

 



[1] ပုဒ်မ ၄၊ အခန်း(၃)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[2] ပုဒ်မ ၁၁၊ အခန်း(၆)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[3] ပုဒ်မ ၂၀၊ အခန်း(၈)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[4] ပုဒ်မ ၂၃၊ အခန်း(၈)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[5] ပုဒ်မ ၃၄၊ အခန်း(၉)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[6] ပုဒ်မ ၈၀၊ အခန်း(၁၇)၊ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[7] ပုဒ်မ ၈၂၊ အခန်း(၁၇) ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[8] ပုဒ်မ ၈၃နှင့် ပုဒ်မ ၈၈၊ အခန်း(၁၇) ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[9] ပုဒ်မ ၉၀၊ အခန်း(၁၇) ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[10] ပုဒ်မ ၉၄၊ ၉၅၊ ၉၇ နှင့် ၉၈၊ အခန်း(၁၇) ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)

[11] ပုဒ်မ ၁၀၉ နှင့် ၁၁၀ အခန်း(၁၇) ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)


Comments

  1. လေ့လာခွင့်ရသည့်အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

    ReplyDelete

Post a Comment