အမှုပြန်ပိတ်ခြင်း
အမှုဖွင့်ပြီးပြန်ပိတ်လိုလျှင်မည်သိုဆောင်ရွက်ရမည်နည်း
ရာဇ၀တ်မှု့ကို ရုပ်သိမ်းခွင့်ပြုခြင်း
သက်ဆိုင်တဲ့ဥပဒေများ
၁။ ရာဇ၀တ်ကျင့်ထုံးပုဒ်မ -၂၄၈ အရ အမှု့ရုပ်သိမ်းခြင်း။
၂။ ရာဇ၀တ်ကျင့်ထုံးပုဒ်မ - ၄၉၄အရ အမှု့ရုပ်သိမ်းခြင်း။
၃။ (၁၅-၉-၁၉၇၅)နေ့စွဲပါ ပြည်သူ့တရားသူကြီးအဖွဲ့ညွှန်ကြားလွှာအမှတ် -၁၁
၁။ ရာဇ၀တ်ကျင့်ထုံး ပုဒ်မ -၂၄၈အရ အမှု့ရုပ်သိမ်းခြင်း
သမ္မာန်မှု့ (Summons Case) (ထောင်ဒဏ် ၆လအထိသာအပြစ်ပေးနိုင်တဲ့ အမှု့တွေမှာ တိုက်ရိုက်လျှောက်ထားတရားစွဲဆိုသူက မိမိရဲ့စွဲဆိုချက်ကို ရုပ်သိမ်းချင်ရင် စီရင်ချက်မချခင်မှာ ရုပ်သိမ်းခွင့် လျှောက်ထားနိုင်တယ်။ လုံလောက်တဲ့အကြောင်းပြချက်ရှိကြောင်း တရားသူကြီးက ကျေနပ်ရင်၊ ရုပ်သိမ်းခွင့်ပြုပြီး စွပ်စွဲခံရသူကို အပြီးအပြတ်လွှတ် (Acquit) ရမယ်။
၂။ ရာဇ၀တ်ကျင့်ထုံးပုဒ်မ - ၄၉၄ အရ အမှု့ ရုပ်သိမ်းခြင်း
အစိုးရရှေ့နေ (Public Prosecutor)ဟာ အမှု့စီရင်ချက်မချမီမှာ တစ်ဦးတစ်ယောက်အပေါ် တရားစွဲ ဆိုထားတဲ့ အမှု့ကို တရားရုံးရဲ့ သဘောတူညီချက်နဲ့ ရုပ်သိမ်းနိုင်တယ်။ အမှု့တစ်ခုလုံးကိုဖြစ်စေ၊ စွဲဆိုချက်အချို့ကိုဖြစ်စေ ရုပ်သိမ်းနိုင်တယ်။ စွဲချက်မတင်မီ ရုပ်သိမ်းရင် စွပ်စွဲခံရသူကို တရားရှင် (Discharge) လွှတ်ရမယ်။ စွဲချက်တင်ပြီးမှ ရုပ်သိမ်းရင် စွပ်စွဲခံရသူကို အပြီးအပြတ်၊ ကွင်းလုံးကျွတ် (Acquit) လွှတ်ရမယ်။
၃။ ပြည်သူ့တရားသူကြီး အဖွဲ့ညွှန်ကြားလွှာ အမှတ် -၁၁
၁။ တရားစီရင်ရေးအဖွဲ့ အဆင့်ဆင့်ဟာ ရာဇ၀တ်မှု့တွေကို ရုပ်သိမ်းခွင့်ပြုရာမှာ တညီတညွတ် တည်းလိုက်နာကြဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သဘောတရားများနဲ့ ကိုက်ညီစေရန် ဤညွှန်ကြား စာကို ထုတ်ပြန်ခဲ့တယ်။
၂။ နိုင်ငံတော်ဟာ ရာဇ၀တ်မှု့မှန်သမျှကို တာ၀န်ယူရတယ်။
၃။ ရာဇ၀တ်မှု့တွေအနက် နိုင်ငံတော်က တရားစွဲတင်တဲ့အမှု့တွေကို အကြောင်းတစ်ရပ်ရပ်ကြောင့် ပြန်လည်ရုပ်သိမ်းချင်ရင် နိုင်ငံတော်ကသာရုပ်သိမ်းရတယ်။ နိုင်ငံတော်ဟာ နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊တရားစီရင်ရေးစတဲ့ ရှုဒေါင့်မျိုးစုံနဲ့ ကြည်ရှုသုံးသပ်ပြီး ရာဇ၀တ်မှု့ ရုပ်သိမ်းရေးကိစ္စကို အဆုံးအဖြတ်ပေးတယ်။
နိုင်ငံတော်က တရားစွဲတင်တာမဟုတ်ဘဲ ကာယကံရှင်က တရားရုံးကို တိုက်ရိုက်လျှောက်ထားတဲ့ သမ္မာန်မှု့များ (ထောင်ဒဏ် ၆လ အထိသာအပြစ်ပေးနိုင်တဲ့အမှု့များ)မှာလည်း လျှောက်ထားသူက အမှု့ ရုပ်သိမ်းချင်ရင် တရားရုံးကခွင့်ပြုမှသာ ရုပ်သိမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ရာဇ၀တ်မှု့တွေမှာ အမှု့ဖြစ်ပွားသူ အချင်းချင်း ကျေနပ်ရုံနဲ့ အလွယ်တကူ ရုပ်သိမ်းခြင်း၊ အဆုံးသတ်ခြင်းတို့ မပြုနိုင်ဘူး။
၄။ နိုင်ငံတော်ကိုယ်စား တရားစွဲဆိုတဲ့အဖွဲ့အစည်းများနဲ့ တရားရုံးများက ကျေနပ်မှသာ ရုပ်သိမ်းနိုင်တယ်။
နိုင်ငံတော်ကောင်စီကချမှတ်တဲ့လမ်းညွှန်ချက်မှု (ရာကျင့် -၄၉၄)
၅။ ရာဇ၀တ်ကျင့်ထုံးပုဒ်မ -၄၉၄အရ အမှု့တစ်ခုကို ရုပ်သိမ်းရန် လိုအပ်ရင်၊ ပြည်သူ့ (မြန်မာနိုင်ငံ)ရဲ တပ်ဖွဲ့ဟာ ယင်းကိစ္စကို အကျိုးအကြောင်း ဖော်ပြချက်နဲ့တကွ၊ မြို့နယ် ကောင်စီ၊ အလုပ်အမှု့ဆောင်အဖွဲ့ (မပက EC အဖွဲ့)ကို တင်ပြရန်။
၆။ (မပက EC အဖွဲ့ဟာ) ထိုတင်ပြချက်အပေါ် လိုအပ်ရင် မြို့နယ်ဥပဒေ၀န်ထမ်းမှတ်ချက်ရယူရမယ်။ (မပက EC အဖွဲ့)က အမှု့ရုပ်သိမ်းသင့်ကြောင်း တွေ့ရှိရင် ဥပဒေ၀န်ထမ်းတစ်ဆင့် တရားစီရင်ရေး အဖွဲ့ကို တင်ပြရမယ်။
၇။ တင်ပြတဲ့ အမှု့က အောက်ပါအမှု့(၁၀)မျိုးဖြစ်နေရင် (မပက EC အဖွဲ့)သဘောထား မှတ်ချက်ဖော်ပြပြီး (ပြည်နယ်/တိုင်းကောင်စီ EC)ကိုတင်ပြပြီး ယင်းအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက် ရမယ်။
(၁) လူသတ်မှု့
(၂) ဓားပြမှု့
(၃) လုယက်မှု့
(၄) လူပြန်ပေးမှု့
(၅) ဖောက်ထွင်းမှု့
(၆) ခိုးမှု့ (ဆင်၊ ကျွဲ၊ နွား၊ မြင်း၊ လား)
(၇) မုဒိမ်းမှု့
(၈) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု့
(၉) စစ်သုံးလက်နက်များကို နိုင်ငံတော်သစ္စာဖောက်ရန် ရည်ရွယ်၍ လက်၀ယ်ထားမှု့
(၁၀) မတရားသင်းအား ကူညီအားပေးမှု့၊ အသင်း၀င်ဖြစ်မှု့
၈။ ၀န်ကြီးအဖွဲ့က အမှု့တစ်ခုခုကို ရုပ်သိမ်းရန်လိုအပ်ကြောင်းတွေ့ရှိရင် (ပြည်နယ်/တိုင်းပြည်သူ ကောင်စီ EC)အဖွဲ့က တဆင့် သက်ဆိုင်ရာ (မပက-EC)ကို ရုပ်သိမ်းရေးအတွက် ဆောင်ရွက်စေနိုင်တယ်။
၉။ တရားစီရင်ရေးအဖွဲ့ဟာ ရာဇ၀တ်ကျင့် ထုံးပုဒ်မ - ၄၉၄အရ ရုပ်သိမ်းရန် တင်ပြလာတဲ့ ကိစ္စများကို ရှိရင်းစွဲ ဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်ရမယ်။
တရားစီရင်ရေးအဖွဲ့များ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းနဲ့စဉ်းစားရမဲ့အချက်များ
၁၀။ ရာကျင့် -၂၄၈ အရ ရုပ်သိမ်းခြင်း
(က) အမှု့ ပုဒ်မ-၂၄၈အရ ရုပ်သိမ်းနိုင်တဲ့အမှု့တွေဟာ ထောင်ဒဏ် ၆လအထိသာ အပြစ်ပေးနိုင်တဲ့ အမှု့မျိုးဖြစ်ပြီး ကာယကံရှင်က တိုက်ရိုက်လျှောက်ထားစွဲဆိုတဲ့ အမှု့တွေဖြစ်တယ်။ ရဲတပ်ဖွဲ့က စွဲဆိုတဲ့ သမ္မာန်မှု့ တွေကို ဒီပုဒ်မအရ ရုပ်သိမ်းခွင့်မပြုနိုင်ဘူး။
(ခ) လျှောက်ထားခြင်း။ အမှု့ကို တိုက်ရိုက်လျှောက်ထား တရားစွဲဆိုတဲ့ သူကသာ အမှု့ရုပ်သိမ်းခွင့်လျှောက်နိုင်တယ်။ ရုပ်သိမ်းလွှာမှာ ရုပ်သိမ်းလိုတဲ့အကြောင်းအချက်များကို ခိုင်လုံစွာ ဖော်ပြရမယ်။
(ဂ) ရုပ်သိမ်းခွင့်လျှောက်လွှာကို စိစစ်ခြင်း၊ တရားစီရင်ရေးအဖွဲ့ဟာ အောက်ပါအချက် (၂)ချက်ကို အခြေခံပြီး စဉ်းစားဆုံးဖြတ်ရတယ်။
(၁) ရုပ်သိမ်းခွင့်လျှောက်ထားသူဟာ တရားရုံးကို တိုက်ရိုက်လျှောက်ထား တရားစွဲဆိုတဲ့ သူ ဟုတ် မဟုတ်။
(၂) ရုပ်သိမ်းလိုခြင်းဟာ မတရားခြိမ်းခြောက်မှု့၊ အနိုင်အထက်ပြုမှုမပါဘဲ ဆန္ဒ အလျှောက် ရုပ်သိမ်းလိုခြင်း ဟုတ် မဟုတ်။
(ဃ) လျှောက်လွှာကို ဆုံးဖြတ်ခြင်း ကိုယ်တိုင်က ခိုင်လုံတဲ့အကြောင်းပြချက် တင်ပြပြီး မိမိဆန္ဒအလျောက် ရုပ်သိမ်းကြောင်း တရားရုံးက ယုံကြည်ကျေနပ်ရင် ရုပ်သိမ်းခွင့်ပြု နိုင်တယ်။
(င) ရုပ်သိမ်းခွင့်ပြုရင် စွပ်စွဲခံရသူကို အပြီးအပြတ် (Acquit) လွှတ်ရမယ်။ အကျိုးအကြောင်းဖော်ပြအမိန့်ချပြီး၊ အမှု့တွဲနေ့စဉ်မှတ်တမ်းမှာရေးမှတ်ရမယ်။
(စ) ရုပ်သိမ်းခွင့်မပြုရင် မည်သည့် အတွက်ရုပ်သိမ်းခွင့် မပြုကြောင်း ဖော်ပြပြီး အမိန့်ရေးသား ချမှတ်ရမယ်။ နေ့စဉ်မှတ်တမ်းမှာရေးမှတ်ရမယ်။ ထို့နောက်အမှု့ကို ဆက်လက်စစ်ဆေး ရမယ်။ (ဒီကျင့်ထုံးပုဒ်မ - ၂၄၈အရ ရုပ်သိမ်းတာက ပြဿနာသိပ်မရှိဘူးဗျ)
၁၁။ ရာကျင့် ၄၉၄ အရ ရုပ်သိမ်းခြင်း
(က) လျှောက်လွှာလက်ခံခြင်း
(၁) အမှု့ရုပ်သိမ်းရန်အတွက် ဥပဒေ၀န်ထမ်းက တရားစီရင်ရေးအဖွဲ့ကို လျှောက်ထား လျှင် လက်ခံစဉ်းစားရမယ်။
(၂) အမှု့သည် တင်ပြလာတဲ့ ရုပ်သိမ်းခွင့်လျှောက်လွှာများကို လက်ခံစဉ်းစားခြင်းမပြုရ။
(၃) အမှု့သည်တွေက တိုက်ရိုက်လျှောက်ထားလျှင် လျှောက်လွှာကို သက်ဆိုင်ရာ (ပြည်သူ)ရဲတပ်ဖွဲ့၊ တရားစွဲဆိုတဲ့အဖွဲ့အစည်းကို ပေးပို့ရမယ်။
(ခ) လျှောက်လွှာကို စိစစ်ခြင်း
ဥပဒေ၀န်ထမ်းက တင်ပြတဲ့အမှု့ရုပ်သိမ်းရေး ကိစ္စများကို အထက်စာပိုဒ် (၉)ပါ နိုင်ငံတော်ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ညီ/မညီ ကြည့်ရှု့ရမယ်။ မညီညွတ်ရင် ဥပဒေ၀န်ထမ်းကို လျှောက်လွှာ ပြန်ပေးရမယ်။
(ဂ) တရားစီရင်ရေးအဖွဲ့က အခြေခံစဉ်းစားသုံးသပ်ရမဲ့အချက်များ
(၁) (ကက) တရားလိုဘက်မှ ပြစ်မှု့ ထင်ရှားပေါ်လွင်အောင် သက်သေ၊ အထောက်အထား၊ မတင်ပြနိုင်ခြင်း။
(ခခ) စွပ်စွဲခံရသူတစ်ဦး၊ အချို့ကို သက်သေ (ဖော်ကောင်)အဖြစ် ပြောင်းလဲ အသုံးပြုရန် ရှိရင်၊ ထိုသူအပေါ် အမှု့ရုပ်သိမ်းရန်လိုအပ်လာခြင်း။
(ဂဂ) အမှု့သည်များ ဟာ သွေးရင်း သားရင်း များဖြစ်နေကြပြီး အမှန်တရားထုတ်ဖော်မှာမဟုတ်လို့အမှု့ဆက်စစ်ရင်လည်း အကျိုးထူးဖွယ်ရာမမြင်ခြင်း။
(၂) ရုပ်သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှု့မျိုးထပ်ဖြစ်လာရန် အကြောင်း ရှိမရှိ။
(၃) သက်ဆိုင်ရာ (ပြည်သူကောင်စီ EC)ရဲ့ သဘောထားမှတ်ချက်။
(ဃ) ရုပ်သိမ်းခွင့်ပြုမပြုဆုံးဖြတ်ခြင်း
အထက်အပိုဒ်ခွဲ (ခ) (ဂ) တို့အရ စိစစ်သုံးသပ်ပြီး အမှု့ ရုပ်သိမ်းရေး ကိစ္စကို လွတ်လပ်စွာ ဆုံးဖြတ်ရမယ်။
(င) ၀န်ကြီးအဖွဲ့က ရုပ်သိမ်းလိုသောအမှု့များ
နိုင်ငံတော်အတွက် အရေးကြီးတဲ့ အရေးကိစ္စ၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စများမှာ ၀န်ကြီးအဖွဲ့က အမှု့ ရုပ်သိမ်းလိုရင် သက်ဆိုင်ရာ ပြည်သူကောင်စီ EC အဆင့်ဆင့် ကိုအကြောင်းကြားရမယ်။ တရားစီရင်ရေးအဖွဲ့က ၀န်ကြီး အဖွဲ့ရဲ့ညွှန်ကြားချက် ဟုတ်-မဟုတ် စိစစ်ခြင်း၊ ဟုတ်လျှင် ရုပ်သိမ်းခွင့်ပြုရမယ်။
(စ) ရုပ်သိမ်းခွင့်ပြုရင်၊ တရားစီရင်ရေးအဖွဲ့က ရုပ်သိမ်းခွင့်ပြုရတဲ့အကြောင်းကို ဖော်ပြ၊ အမိန့်ချ၊ နေ့စဉ်မှတ်တမ်းမှာရေးမှတ်ရမယ်။ စွဲချက်မတင်ရသေးရင် စွပ်စွဲခံရသူကို တရားရှင် (Discharge)၊ စွဲချက်တင်ပြီးရင် စွပ်စွဲခံရသူကို အပြီးအပြတ် (Acquit)လွှတ်ရမယ်။
(ဆ) ရုပ်သိမ်းခွင့်မပြုရင် တရားစီရင်ရေးအဖွဲ့က အကျိုးအကြောင်းဖော်ပြအမိန့်ချရမယ်။ အမှု့တွဲနေ့စဉ်မှတ်တမ်းမှာ ရေးမှတ်ရမယ်။ အမှု့ကို ဆက်လက်စစ်ဆေးရမယ်။
၁၂။ အမှု့ရုပ်သိမ်းရေးအမိန့်အပေါ် ပြင်ဆင်မှု့စီရင်ပိုင်ခွင့်
မကျေနပ်သူက အဆင့်မြင့်တရားရုံးးကို ပြင်ဆင်မှု့ လျှောက်နိုင်တယ်။ အဆင့်မြင့်တရားရုံး ကလည်း မိမိသဘောအလျောက် ဆိုင်ရာအမှု့တွဲတောင်းခေါ်ကြည့်ရှု့ပြီး ကျေနပ်ဖွယ်ရာ မတွေ့ရင် ပြင်ဆင်မှု့ဖွင့်နိုင်တယ်။ ပြင်ဆင်မှု့မှာ တရားသူကြီးဟာ ဥပဒေနဲ့အညီ သင့်လျော်တဲ့ အမိန့်ချနိုင် တယ်တဲ့။
ကိုဖြူ။ အမှု့ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ အခုတလောဆူညံဆူညံအသံတွေ ကြားနေရတယ်ဆရာ။ ယခင်ခေတ်၊ကာလတွေတုန်းကလည်း ဒီလိုပဲလားဆရာ။
ယူတီကေ။ ရာဇ၀တ်ကျင့်ထုံးကို (၁၈၉၈)မှာ ပြဌာန်းတယ်။ ၁၉၈၈ထိ အမှု့ ရုပ်သိမ်းတဲ့ ကိစ္စ(ကျင့်-၄၉၄)ပြဿနာမရှိခဲ့ဘူးဗျ။
(၁၉၈၈-၂၀၁၁)ကာလမှာ တရားရုံးက အမှု့တွေအပေါ်
(က) စွပ်စွဲခံရသူဟာ ငြိစွန်းချက်မရှိပေမဲ့ အာဏာပိုင်တွေက ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချခိုင်းခဲ့တယ်ဗျာ။ တရားသူကြီးတွေက လိုက်နာခဲ့ကြရတယ်။
(ခ) ရက်ရက်စက်စက် ထူးထူးခြားခြား ကျူးလွန်တဲ့ တရားခံတွေကိုလဲ အာဏာပိုင်တွေက အမှု့ရုပ်သိမ်းခိုင်းခဲ့တယ်ဗျာ။ (ဥပဒေ၀န်ထမ်းတွေကရုပ်သိမ်းလွှာတွေ တင်ပေးခဲ့ကြရတယ်။)
(ဂ) ထောက်လှမ်းရေးရဲ့ အမိန့်နဲ့ ဥပဒေ၀န်ထမ်းတွေဟာ မူးယစ်ဆေးဝါး အကြီးအကျယ်မိတဲ့ အမှု့တွေကို ရုပ်သိမ်းလွှာ တင်ပေးခဲ့ကြပါတယ်။ တရားသူကြီးများကလည်း မငြင်းရဲဘူး၊ ရုပ်သိမ်းခွင့်ပေးခဲ့ကြတယ်။ ဒါကို ဘယ်အထက်တရားရုံးကမှလည်း ပြင်ဆင်မှု မဖွင့်ခဲ့ဘူး။ ဘယ်ပြည်သူမှလည်း မဝေဖန်ရဲခဲ့ဘူးဗျ။
(ဃ) အခုတော့ ပြည်သူတွေဟာ ပြည်သူ့ရေးရာကိစ္စ၊ ပြည်သူ့ဘ၀လုံခြုံရေးကိစ္စတွေမှာ ၀င်ရောက်ပါ၀င်ပြောဆို ရေးသားနေကြပြီဗျ။ တိုးတက်ပြောင်းလဲလာတယ် ပြောရမလားပဲ။
(င) အရင်တုန်းကလို " သူတို့ပြုသမျှနုရတဲ့ဘ၀"ကို လက်မခံတော့ဘူး။ "ပြည်သူဆင်ခြင်တုံတရား ရှိလေလေ အစိုးရကောင်းလေလေ" ပေါ့ဗျာ။
(စ) အဲ-ဥပဒေကို မှန်မှန်ကန်ကန် သိရှိ၊ နားလည်၊ အသုံးပြုနိုင်လေ ပိုကောင်းလေပေါ့။¬
ယူတီကေ (စိတ်၊ လိပ်၊ ဥ၊ တု)
Comments
Post a Comment