လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း

လက်ထပ်၊ ကွာရှင်း 


ဤစာစုကို ဖတ်ရှုခြင်းဖြင့် -


- ရှေ့နေနဲ့လက်ထပ်ချင်လို့ပါရှင့် တရားဝင်ပါသလားဆိုသောမေးခွန်း

- ကျွန်မကို ယောက်ျားဖြစ်သူက စွန့်ပစ်သွားတာ (၃) နှစ်ကျော်ပါပြီရှင့် လင်မယား ပြတ် မပြတ်သိလိုပါတယ် 

- လက်ထပ်ပြီးမှ ကျွန်မက ဘာသာကူးပြောင်းလိုက်ပါတယ် လင်မယားအရာ တည်မြဲသေးသလား ဘယ်လိုအခြေအနေဖြစ်သွားတယ်ဆိုတာကို သိချင်ပါတယ် 

- ကျွန်မတို့လင်မယား ကွာရှင်းပြီးတော့ အခုပြန်ပေါင်းနေကြပါတယ်ရှင့် အဲဒါ တရားဝင်ပါသလား 

စသည်ဖြင့် မေးမြန်းလာသောအဖြေများ ပါရှိသည်ဟု ဆိုချင်ပါသည် …….  

မိမိသိလိုသည်တို့ကို သဘောပေါက်လာစေရန် အတွက် ဖြေးဖြေးချင်းဖတ်ရှုသွားရန်ဖြစ်ပါသည်-

“ထိမ်းမြားလက်ထပ်ရေး” 

နိဒါန်း

ထိမ်းမြားလက်ထပ်ရေးသည် ချစ်မေတ္တာသင်္ကေတကို ပိုမိုထင်ရှားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကတိသစ္စာပြုကြသည့် ပွဲပင်ဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းကို သတို့သား၊ သတို့သမီးတို့ကိုးကွယ်ရာ ဘာသာ အလိုက် ပြုလုပ်ကြရပေသည်။ ခရစ်ယာန်ဘာသာနှင့်ဟိန္ဒူဘာသာတို့အရ ထိမ်းမြားလက်ထပ်ရေးသည် ဘာသာရေး အခမ်းအနားတစ်ရပ်ဖြစ်သည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူတို့အတွက်မူ လူမှုရေးကိစ္စသက်သက်သာဖြစ်ပေသည်။ 

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သူများ” 


“မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့၏ထိမ်းမြားလက်ထပ်ရေး”

၂။ ရှေးယခင်က မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အတွက် ထိမ်းမြားလက်ထပ်ရေး ကိစ္စရပ် သည် ဘာသာရေး နှင့် သက်ဆိုင်သလော သို့မဟုတ် လူမှုရေးကိစ္စရပ်သက်သက်သာဖြစ်သဘော ဆိုသော ကိစ္စသည် တရားလွှတ်တော်စီရင်ထုံးများအရ ကွဲကွဲပြားပြား မရှိခဲ့ပေ။ သို့ရာတွင် ၁၉၆၅ ခုနှစ် သို့ရောက်ရှိလာသော အခါတွင် တရားရုံးချုပ်သည် မောင်ကိုကြီးနှင့် ဒေါ်အုန်းခင် အမှုတွင် မြန်မာဗုဒ္ဓဘာသာ ထိမ်းမြားလက်ထပ်မှုသည် “ သိမ်မွေ့၍ အရေးကြီးသော လူမှုရေးကိစ္စတစ်ရပ်ဖြစ်သည်ဟု စုံညီခုံရုံးဖြင့် ဆုံးဖြတ်ပေးခဲ့သည်။ 

“အခမ်းအနားမလိုခြင်း”

၂(က)။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းတရားဝင်စေရန်အတွက် မည်သည့် အခမ်းအနားမျှမလို ဆိုသည့် အချက်ကို မအေးမယ် ပါ(၂) နှင့် မကြည်ကြည် ပါ(၂) {၁၉၄၈ ခုနှစ်၊ မတစ၊စာ ၆၂၅} အမှုတွင် ဆုံးဖြတ်ခဲ့သည်။ စီရင်ထုံးကို ကောက်နုတ်ဖော်ပြရလျှင် အောက်ပါ အတိုင်းဖြစ်သည် - 

“ မြန်မာဗုဒ္ဓဘာသာ တရားဥပဒေအရ ထိမ်းမြာလက်ထပ်ခြင်း တရားဝင်စေရန်အတွက် အခမ်းအနားမလိုပေ။ ကာယကံရှင် နှစ်ဦး၏ သဘောတူညီမှုဆန္ဒသာလျှင် လိုအပ်သည့်ကိစ္စဖြစ်ပေသည်။ ရှေးယခင်က အိမ်ထောင်ပြုဖူးသူ အိမ်ထောင်ကြီးများ အဖို့အကျွေး အမွေးဖြင့် ဧည့်ခံခြင်းမှာ လုပ်ရိုးလုပ်စဉ်ကိစ္စမဟုတ်ပေ။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း မပြု ဖူးသော မြန်မာဗုဒ္ဓဘာသာ အပျို လူပျိုများအဖို့မူကား အိမ်နီးချင်းများတက်ရောက်သည့် အခမ်းအနားတစ်ရပ်ကျင်းပကာ ထိမ်းမြားလက်ထပ်လျှက်ရှိပေသည်။ သို့သော် တရားဥပဒေအရအသိအမှတ်ပြုထားသည့် အခမ်းအနားဟူ၍ မရှိပေ။ 

အထက်ဖော်ပြပါ သဘောတရားကို “ ထိမ်းမြားလက်ထပ်ရန်ကတိပျက်ကွက်မှုအတွက် ကတိပျက်လျော်ကြေးငွေ ကျပ်သိန်း ၁၂၀ ရလိုမှုစွဲဆိုသည့်” အမှုတွင် ထိမ်းမြားလက်ထပ်ခြင်း တရားဝင်စေရန်အတွက် အခမ်းအနားမလိုကြောင်း ၊ မင်္ဂလာပွဲအခမ်းအနားမပြုလုပ်သည့်အတွက် အကြင်လင်မယားအဖြစ်လက်ထပ်ပေါင်းသင်းမှု ပျက်ပြယ်ခြင်းမရှိချေဟု ထပ်မံ၍ အတည်ပြု ဆုံးဖြတ်ပေးခဲ့သည်။ (မောင်ဝေလင်းလျှံ ပါ(၄) နှင့် မထက်ထက်အောင်၊ ၂၀၁၅ ခုနှစ်၊ မတစ၊ စာ- ၁၉၆(၁၉၇)။

“တရားရုံးများတွင် ထိမ်းမြားလက်ထပ်မှု”

၃။ တရားရုံးများတွင် ထိမ်းမြားလက်ထပ်ရန် ဆောင်ရွက်ကြခြင်းသည် ငယ်ရွယ်သူ အချင်းချင်း မေတ္တာမျှကြ၍သော်လည်းကောင်း၊ လူကြီးမိဘများက သဘောမတူညီကြသည့် အခါတွင်လည်းကောင်း၊ မိဘများကို အသိမပေးလို၍သော်လည်းကောင်း၊ မိဘတို့၏ သဘော ဆန္ဒကို ဆန့်ကျင်၍ ပြုလုပ်ရာတွင် မိဘများက တိုင်တန်းသော ပြစ်မှုကို ကာကွယ်ရန် ရည်ရွယ် ချက်များဖြင့် ပြလုပ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပါ သည်။ သတို့သား သတို့သမီးတို့သည် အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မည်ဖြစ်ကြောင်း တရားရုံးတွင် ကတိသစ္စာဆိုသည့် ကိစ္စကိုပင် တရားရုံး၌ လက်ထပ်သည်ဟု ခေါ်ဆိုကြပါသည်။ 

“တရားရုံးတွင် ကတိသစ္စာဆိုပြီး ထိမ်းမြားလက်ထပ်ခြင်းသည် တရားဝင်ထိမ်းမြားမှု မြောက်သလော” 

၃ (က) ။ မောင်စန်းအောင်နှင့် မကြည်ကြည်ဝေ၊ မမြမြကြည်နှင့် ကိုအောင်မြင့်၊ မတင်သိန်း နှင့် မောင်ဝင်းခိုင် စသည့်စီရင်ထုံးများသည် တရားရုံးတွင် ကျမ်းကျိန်ဆိုပြီး ထိမ်းမြား လက်ထပ်ခဲ့ ကြသော အမှုများဖြစ်သော်လည်း အဆိုပါ အမှုများသည် ရာဇဝတ်ကျင်ထုံး ဥပဒေပုဒ်မ ၄၈၈(၁) အရ စားစရိတ်လျှောက်ထားသည့် အမှုများတွင် ဆုံးဖြတ်ခဲ့သော အမှုများသာဖြစ်သည်။ ထို့ကြောင့် တရားမကြီးမှုအနေဖြင့် ဆုံးဖြတ်ခဲ့သော အမှုများ မဟုတ်၍ “ ကတိသစ္စာ ဆိုပြီး ထိမ်းမြားလက်ထပ်မှု” သည် တရားဝင်ထိမ်းမြားမှုမြောက် မမြောက်” ဆိုသည့် ပြဿနာကို အပြီး အပိုင်ဆုံးဖြတ်ရာ မရောက်သေးဟု ယူဆရန်သာရှိသည်။ 

အထက်ပါပြဿနာကို မောင်ကြည်နှင့် မအုန်းမြင့် (၁၉၆၈ ခုနှစ်၊ တရားမ ပထမအယူခံမှုအမှတ်- ၆၁) အမှုတွင် “ မြန်မာဗုဒ္ဓဘာသာ အရွယ် ရောက်ပြီးသည့်ယောက်က်ျားနှင့် မိန်းမတို့သည် နှစ်ဦးသဘောတူ တရားရုံးသို့ သွားကာ ကျမ်းကျိန် ဆိုပြီး ထိမ်းမြားလက်ထပ်ခဲ့ပါက လင်မယားအဖြစ်လူသိရှင်ကြား အထင်အရှား ပေါင်း သင်းမှု မရှိစေကာမူ တရားဝင် အကြင် လင်မယား အရာမြောက်ကြောင်း” ဆုံးဖြတ်ခဲ့သည့်။ 

ထို့ကြောင့် တရားရုံးတွင် ကျမ်းကျိန်ဆိုကာ ထိမ်းမြားလက်ထပ်ခြင်းသည် မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင်တို့ အဖို့ တရားဝင်ထိမ်းမြားလက်ထပ်ခြင်းပင်ဖြစ်ပေသည်။ 

“နိုတြီပဗ္ဗလစ် နှင့် ရှေ့နေများက လက်ထပ်ထိမ်းမြားခြင်း ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုး၍ လက်ထပ်ထိမ်းမြားပေးခြင်းကိစ္စ” 

၄။ နိုတြီပဗ္ဗလစ် နှင့် ရှေ့နေများက လက်ထပ်ထိမ်းမြားခြင်း၊ ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုး၍ လက်ထပ်ထိမ်းမြားခြင်းကိစ္စနှင့်ပတ်သက်၍ တရားရုံးချုပ်က အောက်ပါ အတိုင်း အမှာစာထုတ်ပြန်ခဲ့ရပေသည်။

၄(က) ။ ကျမ်းကျိန်လွှာကို တရားမကျင်ထုံးဥပဒေပုဒ်မ ၁၃၉ နှင့် The Oaths Act အရ ကျမ်းကျိန်လွှာပြုလုပ်ပေးရန် အခွင့်အာဏာအပ်ခြင်းခံရသူများကသာ ပြုလုပ်ပေးပိုင်ခွင့်ရှိပါသည်။ ယင်းဥပဒေအရ ကျမ်းကျိန်လွှာပြုလုပ်ပေးခွင့်ရှိသူများမှာ တရားသူကြီးများနှင့် တရားရုံး များ သာဖြစ်ကြပါသည်။ 

၄(ခ) ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားဖြစ်သူ အမျိုးသားနှင့် ထိမ်းမြားလက်ထပ်မည်ဆိုပါက ၂၀၁၅ ခုနှစ်၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ နှင့် အညီသာ တရားဝင် ထိမ်းမြားလက်ထပ်နိုင်ပါသည်။ ယင်းသို့ ထိမ်းမြားလက်ထပ်ရာတွင်လည်း ယင်း ဥပဒေတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ယင်းဥပဒေအရ ခန့်ထားသည့် ထိမ်းမြားမှု မှတ်ပုံတင်အရာရှိများကသာ ထိမ်းမြားလက်ထပ်နိုင်ခွင့်ရှိပါသည်။ 

၄(ဂ) ။ နိုတြီပဗ္ဗလစ်များနှင့် ရှေ့နေများသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားတို့ကို လက်ထပ်ပေးခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုးပေးခြင်းစသည့် လုပ်ပိုင်ခွင့် များ မရှိကြသကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသားနှင့် အမျိုးသမီးတို့ကိုလည်း လက်ထပ်ထိမ်းမြား ခြင်း၊ ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုး၍ လက်ထပ်ပေးပိုင်ခွင့်မရှိကြပါ။ 

၄(ဃ)။ သို့ရာတွင် အချို့သော တရားရုံးချုပ်ရှေ့နေနှင့် နိုတြီပဗ္ဗလစ်များသည် နိုင်ငံသားများနှင့် နိုင်ငံခြားသားတို့၏ လက်ထပ်ထိမ်းမြားခြင်း၊ ကတိသစ္စာပြုလွှာများတွင် လက်မှတ်ရေးထိုး၍ ထိမ်းမြားလက်ထပ်ပေးခဲ့ကြ၍ ၄င်းတို့အား လိုအပ်သလို အရေးယူပေးရန် တရားရုံးချုပ် ရှေ့နေများ ကောင်စီက အကြောင်းကြားခဲ့သဖြင့် တရားရုံးချုပ်က သက်ဆိုင်သူများ အား သတိပေးအကြောင်းကြားပြီးဖြစ်ပါသည် ဟု တရားရုံးချုပ်သည် (၁၅.၁၀.၁၉၉၉) ရက်နေ့ တွင် စာအမှတ် - ၈၈၈/ ၄- ရန/ (၉၉) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 “လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှု” 

၅။ လင်မယားအဖြစ် လက်ထပ်ပေါင်းသင်းနေထိုင်ရာတွင် “ မည်သည့် အခမ်းမနားကိုမျှ မလုပ်ဘဲ ယောက်ျားနှင့် မိန်းမတို့ နှစ်ဦးသဘောတူညီချက်ဖြင့် အကြင်လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြသူတို့လည်း ရှိပေသည်။ ထိုကဲ့သို့သော သူများသည် ထိမ်းမြားလက်ထပ်မှု နှင့်ပတ်သက်သောပြဿနာများပေါ်ပေါက်သည့်အခါတွင် ၄င်းတို့၏ နေထိုင်ပေါင်းသင်းဆက်ဆံမှု အပေါ် အခြေပြု၍ ဆုံးဖြတ်ရပေသည်။ 

“လင်မယားအဖြစ် အထင်အရှားပေါင်းသင်းနေထိုင်ရန်လိုအပ်ခြင်း”

၅(က)။ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှုဆိုသည်မှာ တရားဝင်လင်မယားအဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုပေသည်။ တိတ်တဆိတ် ပေါင်းသင်း စပ်ယှက် မှုမျိုးကို မဆိုလိုပေ။ တရားဝင်လင်မယားတို့ပေါင်းသင်းနေထိုင်မှုမှာ ယောက်ျား တစ်ယောက်နှင့် “တိတ်တိတ်ပုန်းမယား” တို့၏ ဆက်ဆံမှုမျိုးနှင့် မတူကွဲပြားခြားနားပေသည်။ လင်နှင့် မယားပေါင်း သင်းမှုမှာ ရပ်ရွာမှ အတင်းအဖျင်းပြောဆိုခြင်းမခံရဘဲ ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြု ဆက်ဆံ ကြောင်း ထင်ရှားစေရမည်ဟု မောင်မောင်နှင့် မစိန်ကြည် (၁၉၄၀၊ ရန်ကုန်၊ ၅၆၂) အမှုတွင် ဆုံးဖြတ်ထားသည်။ 

“လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဟု မဆိုနိုင်သည့် အချက်များ”

 ၅(ခ)။ လင်မယားအဖြစ် အတိအကျ အသိအမှတ်ပြုခြင်းမခံရဘဲ တချို့က မောင်နှမဝမ်း ကွဲဖြစ် သည်ဟူ၍လည်းကောင်း၊ တချို့က စေ့စပ်ကြောင်းလမ်း ထားသည် ဟူ၍လည်းကောင်း၊ တချို့က မိတ်ဆွေဖြစ်သည်ဟုလည်းကောင်း၊ အမျိုးမျိုးထင်မြင်ချက်ပေးခြင်း ခံရပြီး ၄င်းတို့ အချင်းချင်း တိတ်တိတ်ပုန်းစပ်ယှက်မှု ပြုနေခြင်းကို “ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှု” ဟု မခေါ်ဆိုနိုင်ကြောင်း၊ ထိမ်းမြားမှု မထင်ရှားကြောင်းကို ဦးထွန်းစိန် နှင့် မစန်းမြင့် ( ၁၉၃၈၊ အေအိုင်အာ၊ ရန်ကုန် စာ- ၁၁၅) စီရင်ထုံးတွင် ဆုံးဖြတ်ခဲ့သည်။ 

“နှစ်ဦးသဘောတူထွက်ပြေးကြ၍ စပ်ယှက်မှုရှိရုံဖြင့် လင်မယားအရာ မြောက်သလော”

၅(ဂ)။ အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူ အတည်တကျ နေထိုင်ရန် ရည်ရွယ်ချက် မရှိဘဲ ထွက်ပြေးပြီး စပ်ယှက်မှု ပြုရုံမျှဖြင့် “ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု” မမြောက်၍ ထိမ်းမြားမှု အတည်မဖြစ်ကြောင်း မငယ်မနှင့် မောင်ဖိုးရင်၊ အေအိုင်အာ ၁၉၃၁ ရန်ကုန် စာ- ၁၇၇ အမှုတွင် ဆုံးဖြတ်ခဲ့သည့်။ 

 “အပြည့်စုံဆုံးသော စီရင်ထုံး”

၅(ဃ)။ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှုနှင့် ပတ်သက်၍ လင်မယားအရာမြောက် မမြောက် သုံးသပ်ဆုံးဖြတ်ခဲ့သော စီရင်ထုံးမှာ ဦးပုလေးနှင့် ဒေါ်ချစ်၊ ၁၉၇၆၊ မတစ၊ စာ- ၄၁၊ စီရင်ထုံးဖြစ်သည်။ အဆိုပါစီရင်ထုံးတွင် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခြင်းဆိုသည်မှာ တရားဝင် လင်နှင့်မယား အထင်အရှားနေထိုင်ပေါင်းသင်းခြင်းကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်း စပ်ယှက်မှုမျိုး မဟုတ်။ အိမ်နီးချင်းတို့က အတင်းအဖျင်းပြောဆိုခြင်းခံရကာမျှနှင့် တရားဝင်လင်မယားအဖြစ် ရောက်ရှိပြီဟု မဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရားဝင် လင်မယားအဖြစ် မိတ်ဆွေသင်္ဂဟများကို ဧည့်ခံကျွေးမွေးခြင်း၊ သာရေးနာရေးအစရှိသည်များသို့ လင်မယားအဖြစ် အတူတကွသွားရောက်ခြင်းစသော အချက်အလက်များ အမှုတွင် မပေါ် ပေါက် ချေ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှုဟု ဆိုရာ၌ အကြင် လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှု အထင်အရှားဖြစ်ရန် လိုပေသည်။ အိမ်တစ်ဆောင် မီးတပြောင်ဖြင့် အထင်အရှား လူသိနတ်ကြား အတူတကွ နေထိုင်ပေါင်းသင်းသည့် လင်မယားတို့၏ ပေါင်းသင်းမှုကိုသာ “ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု” ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ( ဖော်ပြပါ စီရင်ထုံးတွင် ဦးပုလေး နှင့် ဒေါ်ချစ်တို့သည် တစ်အိမ်တည်းတွင် အနှစ် ၂၀ ခန့် အတူနေထိုင်ခဲ့ကြသည်) 

၅(င)။ ထို့ကြောင့် အနှစ်ချုပ်ဆိုရလျှင် တရားရုံးသို့ သွားရောက်၍ ကျမ်းကျိန်ဆိုပြီး “ထိမ်းမြားလက်ထပ်ခြင်း” သို့မဟုတ် ဆွေမျိုး မိတ်သင်္ဂဟများကို ဖိတ်ကြား၍ ဧည့်ခံကျွေးမွေး ကာ ထိမ်းမြား လက်ထပ်ခြင်း စသည့် အခမ်းအနားမျိုးကို ပြုလုပ်ခဲ့သူတို့အဖို့ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်မှု ရှိရန် မလိုအပ်တော့သော်လည်း၊ မည်သည့်အခမ်းအနားကိုမျှ မပြုလုပ်ဘဲ အတူနေ ထိုင်ကြသူတို့သည် “ လူသိ ရှင်ကြား အထင်အရှား ပေါင်းသင်းနေထိုင်မှု” ရှိရန် လိုအပ်ပေသည်ဟုဆိုရပါမည်။ 

သို့ဖြစ်၍ ကျွန်မ ရှေ့နေနှင့် လက်ထပ်ချင်လို့ပါရှင့် တရားဝင်ပါသလားဆိုသော မေးခွန်းကို ဖြေဆိုပြီးရာရောက်မည်ဟု မျှော်လင့်ပါသည်။ 

“နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်းပြုလုပ်ရာတွင် လိုအပ်သည့် အချက်များ”

၅(စ)။ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်းပြုလုပ်ရာတွင် လိုအပ်သည့် အချက်များ မှာ -

(ကက) လက်ထပ်မည့် အမျိုးသား/ အမျိုးသမီး ကိုယ်တိုင် ဖြစ်ရမည်။ ( စစ်မှုထမ်း ဖြစ်က တပ်ရင်းမှ လက်ထပ်ခွင့်ပြုကြောင်း ထောက်ခံစာပါရမည်။) 

(ခခ) လူပျို အပျိုဖြစ်ရမည်။ ( အိမ်ထောင်ကျဘူးသူဖြစ်က ယခင်အိမ်ထောင်နှင့် တရားဝင်ကွာရှင်းထားပြီးဖြစ်ကြောင်း အထောက်အထားပါရှိရမည်) 

(ဂဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းပါရှိရမည်။ 

(ဃဃ) သတို့သား အသက်(၁၈) နှစ်၊ သတို့သမီး အသက်(၂၀) ပြည့်ရမည်။ ( သတို့သမီး အသက် ၂၀ မပြည့်က မိဘအုပ်ထိန်းသူပါရမည်) 

(ငင) ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ရမည်။ 

(စစ) အသက်(၁၈) နှစ်ပြည့်ပြီးသည့် အသိသက်သေ(၂) ဦးပါရမည်။ 

(ဆဆ) သက်သေ(၂) ဦး၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းများ ပါရမည်။ 

(ဇဇ) လက်ထပ်စာချုပ်တွင် ၂၅ဝိ/- တန် အခွန်တော်တံဆိပ်ခေါင်း ကပ်ရမည်။ 

(ဈဈ) လက်ထပ်မင်္ဂလာစာချုပ်တွင် ပါရှိသည့် အချက်များ မှန်ကန်ကြောင်း ကိုယ်တိုင် တာဝန်ယူရမည်။ 

(ညည) လက်ထပ်မင်္ဂလာစာချုပ်တွင်ပါရှိသည့် အချက်များမှန်ကန်ကြောင်း ကိုယ်တိုင် တာဝန်ယူရမည်။ 

(ဋဋ) ထိမ်းမြားမင်္ဂလာစာချုပ်ပါ ရေးသားဖော်ပြချက်များသည် နိုင်ငံသား စိစစ်ရေးကတ်တွင် ပါရှိသည့် အချက်များနှင့် ကိုက်ညီရမည်။ 

စသည့်အချက်များဖြစ်သည်။

“ဘာသာကူးပြောင်းလျှင် ထိမ်းမြားမှု ပျက်ပြယ်သလော”

၆။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ပြီးနောက် ထင်ဖြစ်စေ၊ မယားဖြစ်စေ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်လျှင် ထိမ်းမြားမှု မပျက်ပြယ်ပေ။ ဆက်လက် တည်မြဲ လျက်ပင်ရှိသည်။ ( မောင်ရင်နှင့် မစောမြိုင်၊၂၆၂၊ အိုင်စီ ၇၀၀) 

ဆက်စပ်သော စီရင်ထုံးများ

ဒေါ်မော်နွီး နှင့် အယ်(လ်)အနင်း (ခ) ဦးပါ၊ ၁၉၆၂၊ မတစ ရုံးချုပ် ၂၃၂၊ 

ဒေါ်မေမေခင်နှင့် ဒေါ်ကျောင်ရှန်း၊ ၁၉၇၁ မတစ၊ ၁၂၇၊ 

ကိုဖန်စိမ်း နှင့်ဒေါ်ရှုတင် ၊ ၁၉၆၅ မတစ၊ ၁၁၇၊ 

မအေးသာ နှင့် မသိန်းခင်၊ အေအိုင်အာ ၁၉၃၅ ရန်ကုန်၊ ၅၁ 

ချင်နာဆာမိပီလေး နှင့် မတုပ်၊ အေအိုင်အာ၊ ၁၉၃၈ ရန်ကုန်၊ ၅၁ 

 “ကွာရှင်းပြီးနောက် ပြန်လည်ပေါင်းသင်းခြင်း”

၇။ လင်နှင့် မယားတို့သည် ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည်ပေါင်းသင်းလေ့ရှိကြသည် ဖြစ်ရာ၊ ထိုအမှုမျိုးတွင် ထိမ်းမြားခြင်းကို ထင်ရှားအောင်ပြရန် လိုအပ်သကဲ့သို့ လင်မယားအဖြစ် ပြန်လည်ပေါင်းသင်းကြောင်းကို အထူးထင်ရှားအောင် ပြရန် လိုအပ်ပေသည်။ {မခင်လေးမြင့်နှင့် ဒေါ်စိန်းရင်၊ ၁၉၅၆၊မတစ(လွှတ်တော်) ၇၁} 

ပြန်လည်ပေါင်းသင်းခြင်းသည် လူသိနတ်ကြား အထင်အရှား ဖြစ်ရပေမည်။ သာမန် စပ်ယှက်ရုံမျှဖြင့် ပြန်လည်ပေါင်းသင်းမှု မထင်ရှားကြောင်း {မောင်ဖိုးလတ် နှင့် မငွေမ၊ ၃ ယူဘိအာ၊(၁၉၁၇) ၁၈၂} စီရင်ထုံးတွင် ဆိုထားသည်။ 

“လင်မယားကွာရှင်းရေး”

၈။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်းပြတ်စဲရန် အဓိက အကြောင်းရင်း (၃) မျိုးရှိသည်။ ၄င်းတို့မှာ - 

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း၊

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်း၊ 

(ဂ) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း 

တိုဖြစ်သည်။ 

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း 

လင်နှင့် မယားတို့ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေးကွာရှင်းနိုင်ကြသည်။ နှစ်ဦး သဘောတူကွာရှင်းလျှင် လင်မယားကွာရှင်းသည့် စာချုပ်ရေးရမည်ဟူ၍ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေတွင်သော်လည်းကောင်း၊ တည်ဆဲဥပဒေတို့တွင်လည်းကောင်း ပြဌာန်းထားခြင်း မရှိပေ။ လင်မယား နှစ်ဦးသဘောတူညီချက်အရ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးဝပြတ်စဲ သည်။ (ဒေါ်အမနှင့် ဒေါ်ခင်တင့်၊ ၁၉၆၄၊ မတစ၊ ၃၁၄)

Burmese Buddhist Law – divorce- divorce deed- relevancy of s. 91 Evidence Act- Non- requirement of divorce deed for divorce.

Held: In Burmese customary law, a divorce at the will and captice of the husband is not permitted and mutual consent, in other words- a contract, is needed to dissolve the marriage. Thus a divorce deed under Burmese customary law is clearly a contract, ands. 91 of the Evidence Act must come into play in the proof of it. 

Held also: A divorce deed is not essential to dissolve a marriage in Burmese customary law; mutual consent between the husband and wife to end the marriage being sufficient. 

Volume 2, Kinwon Mingyi Digest, p. 227; and 9 Burma Law Times, p. 74 referred to.

( ဒေါ်အမ နှင့် ဒေါ်ခင်တင့်၊ ၁၉၆၄၊ မတစ၊ ၃၁၄) 

ဦးစံနှင့် မလှချစ် ပါ(၃) ၁၉၆၆၊ မတစ၊ စာ- ၅၁၃) အမှုတွင်လည်း အောက်ပါ အတိုင်း ဆုံးဖြတ် ထားသည်ကို တွေ့ရသည်။ 

ဆုံးဖြတ်ချက်။ ။ မြန်မာဗုဒ္ဓဘာသာတရားဥပဒေအရ လင်မယားနှစ်ဦးသည် သဘောတူလျှင် အချိန်မရွေးကွာရှင်းနိုင်ကြ၏။ နှစ်ဦးသဘောတူ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးဝပြတ်စဲ သည်။ ယင်းသို့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ခြင်းဖြစ်လျှင် လင်မယားပစ္စည်းခွဲဝေရာ၌ အိမ် ထောင်ရေး ပြစ်မှုကြောင့် ကွာရှင်းခြင်းကို အခြေပြုသည့် ပစ္စည်းခွဲဝေရေးကို အသုံးမပြုနိုင်။ နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အခြေပြုသည့် ပစ္စည်းခွဲဝေရေးသာလျှင် သက်ဆိုင်မည်ဖြစ် သည်။ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲကြောင်းထင်ရှားလျှင် မယားဖြစ်သူသည် အိမ်ထောင်ရေး ပြစ်မှုကို ကျူးလွန်ခဲ့စေကာမူ၊ လင်မယားပစ္စည်းခွဲဝေရာ၌ နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အခြေပြု သည့် ပစ္စည်းခွဲဝေရေး အရသာ ခွဲဝေရမည်။ 

MA AMI Gyi v. MAUNG HMUT. 

Held- in second appeal that what the Court had to decide was whether there was a divorce by mutual consent. It was not necessary that there should be a deed of divorce, or that the divorce should have taken place before elders. 

လင်မယားကွာရှင်းလျှင် ပစ္စည်းခွဲဝေလေ့ရှိကြသောကြောင့် ကွာရှင်းမှုများကို ရပ်ရွာ လူကြီးများအား အသိသက်သေထား၍ ပြုလုပ်လေ့ရှိကြသည်။ အမှန်စင်စစ်မှာမူ နှစ်ဦး သဘော တူ ကျေကျေနပ်နပ်ကွာရှင်းလိုလျှင် စာချုပ်စာတမ်းပြုလုပ်ရန်လည်း မလို၊ ရပ်ရွာလူကြီး များကို ပင် အသိ သက်သေပြုရန် မလိုပေဟု မအမိကြီး နှင့် မောင်မှတ် ၂၊ ယူဘီအာ( ၁၈၉၇ - ၀၁) ၃၇ တွင် ဆုံးဖြတ်ထားသည်။ 

မအမိကြီးစီရင်ထုံးကို အနည်းငယ်ပြည့်ပြည့်စုံစုံသိရှိစေရန် အတွက် စီရင်ထုံး အဆုံးသတ် ဆုံးဖြတ်ပုံကို ကောက်နုတ်၍ ဖော်ပြပေးလိုက်ပါသည်။

What the Court has to decide is whether there was a divorce by mutual consent. The evidence of this is mainly that of defendant- appellant, and of her mother and of her aunt, who were present, It is not necessary , so far as I know, that there should be a deed of divorce, or that the divorce should take place before elders. This transaction took place in Nadaw 1258 (December 1896), two years ago. Since that time there has been no intercourse between the parties, except so far as the demand by plaintiff’s brother for the child born five months after the alleged divorce goes. The child was eight months ‘old when given up to the plaintiff. These facts, of course, tend to support the assertion that there had been a divorce. On the other hand, to prove that there was no divorce, the evidence is very slight. I consider that it must be held, on the evidence, that there was a divorce by mutual consent. 

The decree of the District Judge is therefore set aside and that of the Court of First Instance is restored, with costs. 

 “အကောင်းဆုံးသော နည်းလမ်း”

၉။ မည်သို့ဆိုစေ လင်မယားကွာရှင်းရာတွင် စီရင်ထုံးများအရ စာချုပ်စာတမ်းပြုလုပ်ရန်မလို နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောတူညီချက်သာလိုသည်၊ အရေးကြီးသည်ဟုဆိုသော်လည်း စာချုပ်စာတမ်းပြုလုပ်ထားပါက နောင် အရှုပ်အထွေးပေါ်ပေါက်လာပါလျှင် အခိုင်လုံဆုံးသော သက်သေခံ အထောက်အထားကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပေသည်။ ထို့ကြောင့် လင်မယား ကွာရှင်းလို လျှင် အကောင်းဆုံးသော နည်းလမ်းမှာ တရားရုံးတွင် ကွာရှင်းပြတ်စဲရန်ဖြစ်ပြီး၊ တရားရုံးသို့ သွားရန် အခွင့် မသာပါက ရပ်ရွာလူကြီးများနှင့် နှစ်ဘက်ဆွေမျိုးသားချင်းတို့၏ ရှေ့ မှောက်တွင် လင်မယား နှစ်ဦးသဘောတူ ကွာရှင်းကြခြင်းက အကောင်းဆုံးဖြစ်ပေသည်။ 

လင်ဖြစ်သူရဟန်းပြုခြင်းနှင့် အိမ်ထောင်ရေးပြစ်မှုကြောင့် လင်မယားကွာရှင်းခြင်း အကြောင်းတို့ကို ဖော်ပြခြင်း မပြုတော့ပေ။

“စွန့်ပစ်မှု”

၁၀။ ရှေးယခင်ကလက်ခံခဲ့သော စီရင်ထုံးနှင့် လူအများသိကြသည့် စွန့်ပစ်မှု ဆိုသည်မှာ “လင်ဖြစ်သူသည် မိမိဇနီးအပေါ်၌ မချစ်မနှစ်သက်၍ အထောက်အပံ့မပေးဘဲ သုံးနှစ်တိုင် စွန့်ပစ် ထားလျှင်သော်လည်းကောင်း၊ မယားဖြစ်သူက လင်ဖြစ်သူအား ထိုနည်းတူ တစ်နှစ်စွန့်ပစ် ထားလျှင်သော်လည်းကောင်း၊ လင်ခန်း မယားခန်း အလိုလိုပြတ်စဲကြလေသည်ဟု” ( မညွှန့်နှင့် မောင်စံသိန်း ၊ ၅၊ ရန်ကုန်၊ ၅၃၇ နှင့်အက်အေအက် ချစ်တီးယားကုန်တိုက် နှင့် ဦးမောင်ကြီး၊ ၁၄၊ ရန်ကုန် ၃၂၉၊ အမှုတို့တွင် ဆုံးဖြတ်ထားကြသည်။ 

၁၀(က)။ ၄င်းနောက်တစ်ဖန် “ စွန့်ပစ်သည်ဆိုရာ၌ လင်ခန်းမယားခန်းပြတ်စဲရန် ရည်ရွယ်ချက်နှင့် စွန့်ပစ်ထားခြင်းဖြစ်ရမည်။ လင်ဖြစ်သူ ထောင်(၁၂) နှစ် ကျနေ၍ မယားနှင့် ခွဲနေခြင်းသည် စွန့်ပစ်ထားသည် မမည်ပေ။ ( အောင်ဖြူနှင့် သက်နှင်း ၊ ၈၊ အယ်ဘီအာ၊ ၅၀၊ မသိန်းမယ်နှင့် ဖိုးကြွယ်၊ ၁၀၊ ဘီအယ်တီ၊ ၂၁၂) စီရင်ထုံးတွင် ဆိုခဲ့ကြပြန်သည်။ 

၁၀(ခ)။ သိန်းဖေ နှင့် ဦးပက်၊ ၃၊ အယ်ဘီအာ၊၁၇၅ စီရင်ထုံးကမူ “ သုံးနှစ်သော် လည်း ကောင်း၊ တစ်နှစ်သော်လည်းကောင်း စွန့်ပစ်ထားရုံနှင့် မပြီးသေး ထိုနှစ်ကာလ အပိုင်းအခြား ကုန်ဆုံးသောအခါ၌ စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယားခန်းပြတ်စဲလိုသော မိမိ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုရမည်။ ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းမရှိလျှင် လင်ခန်းမယားခန်း မပြတ် စဲပါ ဟူ၍” ဆုံးဖြတ်ခဲ့သည်။ 

၁၀(ဂ)။ ၄င်းနောက် အထက်ဖော်ပြပါ စီရင်ထုံးများကို ပယ်ဖျက်ပြီး “ စွန့်ပစ်ခြင်း ခံရသူ က လင်ခန်း မယားခန်းပြတ်စဲလိုသော ဆန္ဒကို ထပ်မံထုတ်ဖော်ရန်မလိုဟု မညွှန့်နှင့် မောင်စံသိန်း ၅၊ ရန်ကုန်၊ ၅၃၇ စီရင်ထုံးဖြင့် ဆုံးဖြတ်လိုက်ပြန်သည်။ 

၁၀(ဃ)။ နောက်ဆုံးတွင် “ သတ်မှတ်ထားသော အချိန်ကာလအတွင်း စွန့်ပစ်ပြီး ထောက် ပံ့ခြင်း မပြုလျှင် သို့မဟုတ် တစ်စုံတစ်ရာ အဆက်အသွယ်မပြုလျှင် ထိမ်းမြားခြင်း မပျက် ပြယ်ပေ။ လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးတစ်ယောက်က သတ်မှတ်ထားသော အချိန် ကာလအတွင်း စွန့်ပစ်ခြင်းမှာ စွန့်ပစ်ခြင်းခံရသူက ထိမ်းမြားမှုကို ပျက်ပြယ်လိုပါက ပျက်ပြယ် နိုင်ခွင့်ပေးကြောင်း မျှသာဖြစ်သည်။ စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယားခန်း ပြတ်စဲ လိုသော ရည်ရွယ်ချက်မရှိလျှင် သို့မဟုတ် စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုသော အပြုအမူကို ဖော်ပြခြင်း မရှိလျှင် လင်ခန်း မယားခန်း မပြတ်စဲပေ။ ဟူ၍ ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ( ၁၉၄၉ ၊ မတစ၊ လွှတ်တော် ၊ ၂၈၃) စီရင်ထုံးက မညွှန့် နှင့် မောင်စံသိန်းအမှုကို ပယ်ဖျက်၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ 

၁၀(င)။ အထက်ဖော်ပြပါ ဆုံးဖြတ်ချက်ကို ဒေါက်တာသာမြက တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရောက်ခဲ့ရာ တရားလွှတ်တော်ချုပ်က တရားလွှတ်တော်၏ စီရင်ချက်ကို အတည်ပြုပြီး “ ထိမ်းမြားမှုကို ပျက်ပြယ်လိုသော လင်ယောက်ျား၏ ဆန္ဒဖြင့် လင်နှင့်မယားတို့နှစ်ဦး သဘော တူညီချက်အရ ပြုလုပ်ခဲ့ကြသည့် ထိမ်းမြားမှုအနှောင်အဖွဲ့ကို ပျက်ပြယ်ရန်မလုံလောက်ပေ။ ထိုအနှောင်အဖွဲ့ကို ပျက်ပြယ်ရန်မှာ မယားဖြစ်သူကလည်း ထိမ်းမြားခြင်းကို ပျက်ပြယ်လိုသည့် ဆန္ဒကို တုန့်ပြန်မှုရှိရန် လိုပေသည်။ တုန့်ပြန်သည့် ဆန္ဒကို အထင်အရှားဖြစ်စေ၊ သို့မဟုတ် သိသာထင်ရှားလောက်သည့် အမူအရာဖြင့် ဖြစ်စေ ပေးရမည်” ဟူ၍ ထပ်လောင်း ဖြည့်စွက် ဆုံးဖြတ်ခဲ့သည်။ 

၁၀(စ)။ အချုပ်အားဖြင့် ဆိုရလျှင် လင်နှင့် မယားတို့သည် တစ်ဦးက တစ်ဦးအား ဆိုခဲ့သည့် နှစ်အပိုင်းအခြားအတိုင်းစွန့်ပစ်ထားရုံမျှဖြင့် ထိမ်းမြားမှု အလိုအလျှောက် မပြတ်စဲ မပျက်ပြယ်ပေ။ စွန့်ပစ်ခြင်းခံရသူသည် ထိမ်းမြားမှုကို ပျက်ပြယ်လိုပါက ပျက်ပြယ်အောင် ပြုနိုင်ခွင့်ပေးထားခြင်းမျှ သာဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူ သို့မဟုတ် စွန့်ပစ်ထွက်ခွာသွားသူ ၏ ဆန္ဒတစ်ခုတည်းဖြင့် ကွာရှင်းနိုင်ခွင့် မရှိပေ။ စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုမှသာ ကွာရှင်းနိုင်သည် ဟု မှတ်ယူရန် ဖြစ် ပါသည်။ 

“လီဆယ်မှု”

၁၁။ လီဆယ်မှု ဆိုသည်မှာ သားကြီး၊ မယားကြီး ရှိပါလျက်နှင့် လူပျိုပါဟုလည်းကောင်း၊ အရင် အိမ်ထောင်နဲ့ ကွာရှင်းပြီးပါပြီဟုလည်းကောင်း အဖြစ်အပျက်အမှန်ကို ဖုံးကွယ်လျှက် လိမ်ညာ ပြောဆိုပြီး ဒုတိယမယားယူသည့် အမှုမျိုးဖြစ်သည်။ အဆိုပါ အမှုမျိုးကျူးလွန်သူလင် ဖြစ်သူက နစ်နာသူ ဇနီးမယား အနေဖြင့် ယခုအခါတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံး ခြင်းဆိုင်ရာဥပဒေ အရ လင်ဖြစ်သူကို ရဲစခန်း၌ အမှုဖွင့်နိုင်သလို ၊ လိမ်ညာပြီးလက်ထပ်ခြင်းခံ ရသူ ဒုတိယမယားအနေဖြင့်လည်း အဆိုပါလိမ်ညာလက်ထပ်သည့် ယောက်ျားဖြစ်သူကို ကွာရှင်းခွင့် စွဲဆိုနိုင်ပေသည်။ 

၁၁(က)။ လီဆယ်မှုနှင့်ပတ်သက်၍ တရားစီရင်ရေးသမိုင်းတွင် မခင်နှင့် မောင်ကလေး ( ပီဂျေ၊ ၁၃၀) နှင့် မောင်ဖိုးညွှန့် နှင့် မစောတင်( ၃၊ ရန်ကုန်၊ ၁၆၀) စီရင်ထုံး နှစ်ခုသာရှိခဲ့သည်။ 

၁၁(ခ)။ မခင်နှင့် မောင်ကလေးစီရင်ထုံး၌ မောင်ကလေးသည် အိမ်ထောင်မရှိပါဟု လိမ်လည်ပြော ဆိုသည်ကို မခင်၏ မိဘဖြစ်သူတို့က ယုံကြည်၍ သမီးဖြစ်သူကို ထိမ်းမြားပေးစား လိုက်သည်။ ထိုသို့ ပေးစားပြီးမှ မောင်ကလေးတွင် မယားကြီးရှိမှန်းသိရသည်ဟု အကြောင်းပြ ကာ မခင်က မောင်ကလေးကို တရားစွဲဆိုခြင်းဖြစ်သည်။ မူလအမှုစစ်ရုံးတွင် တရားလိုဖြစ် သူ မခင်တို့ဘက်က စွဲဆိုသည့် အတိုင်း အနိုင်ရရှိသည်။ 

အဆိုပါအမှုကို မောင်ကလေးက ပထမအယူခံတရားရုံးသို့ တက်ရောက်ရာ မခင် စွဲဆို သော အမှုကို ပလပ်လိုက်သည်။ ထို့ကြောင့် မခင်သည် တရားမဒုတိယအယူခံမှုကို တင်သွင်း လာခြင်းဖြစ်သည်။ 

မခင်က အမှုကို မူလစွဲဆိုရာတွင် တရားပြိုင်သည် မိမိကိုလက်ထပ်ပြီးနောက်စွန့်ပစ်သွား ကြောင်း၊ ပေးကမ်းထောက်ပံ့ခြင်းလည်း တစ်စုံတစ်ရာမပြုကြောင်း၊ အခြား မိန်းမတစ်ယောက် ကိုလည်း ယူထားကြောင်းဖြင့် ဖော်ပြထားသည်။ 

မူလအမှုစစ်တရားရုံးက တရားပြိုင်သည် အိမ်ထောင်မရှိကြောင်းကို လိမ်လည်၍ တင်ပြခဲ့သည်ကို ယုံကြည်သောကြောင့် လက်ခဲ့ရခြင်းဖြစ်သည်ဟုဆိုကာ အဓိက အကြောင်းပြ၍ တရားလို တောင်းဆိုသော ဒီကရီကို ချမှတ်ပေးခဲ့သည်။ 

ထိုသို့ဒီကရီချမှတ်ပေးရာတွင် Manutharu Shwe Myin Dhammathat section ၁၃၂ကို ကိုးကား၍ ဒီကရီချမှတ်ပေး ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အချက်ကို အယူခံရုံးက သုံးသပ်သည်မှာ အဆိုပါအချက်များကို မူလအဆိုလွှာတွင် ဖော်ပြမထားခြင်း၊ သက်သေထင်ရှားမရှိခြင်းတို့ကြောင့် တရားလိုစွဲဆိုသော အမှုကို ပလပ် လိုက်ခြင်းဖြစ်သည်။ 

ဒုတိယအယူခံရုံးက သုံးသပ်ရာတွင် Manutharu Shwe Myin Dhammathat section ၁၃၂ ပြဌာန်းချက်နှင့်ပတ်သက်၍ လက်မထပ်ဘဲ အတူနေသူများကို လက်ထပ်ထိမ်းမြားခြင်း အဖြစ်သို့ ရောက်ရှိသွားစေနိုင်သည့် အမှုမျိုးကို ဖုံးကွယ်ခြင်းမျိုး မဖြစ်စေရန် သတိပြုရန်ဖြစ် သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။ 

ထို့ကြောင့် ပုဒ်မ ၁၃၂ တွင် ဖော်ပြထားသောအချက်များနှင့်ပတ်သက်၍ ပေါ်ပေါက် လာသော အမေးပြဿနာတို့ကို ကိုးကားဖော်ပြရန် မလိုအပ်ကြောင်း၊ လီဆယ်၍ လက်ထပ် ထိမ်းမြား ခြင်းခံရသော ဒုတိယမယားတို့၏ အခွင့်အရေးများ၊ကာကွယ်ပေးထားသောအချက်များ နှင့်ပတ်သက်၍ Burma Selected Judgments Ma In Than v. Maung Saw Hla at Page 105 စီရင်ထုံးတွင် ရှင်းလင်းစွာဖော်ပြထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အယူခံတရားလိုသည် လီဆယ်၍ လက်ထပ်ထိမ်းမြားခြင်းကြောင့် ဆုံးရှုံးခဲ့ရသော အခွင့်အရေးတို့ကို ဥပဒေနှင့် အညီ တောင်းခံနိုင်ကြောင်း၊ သို့ဖြစ်၍ ပထမအယူခံတရားရုံးက မူလအမှုစစ်တရားရုံး၏ဒီကရီအား ပလပ်ခဲ့သည့် အမိန့်ကို အတည်ပြု၍ ဤအယူခံကို ပလပ်လိုက်သည်။ သို့ရာတွင် အမှုသည် တို့သည် ဤအယူခံမှုတွင် မိမိတို့စရိတ်ကို မိမိတို့ကျခံကျစေ ဟု အမိန့်ချမှတ်ခဲ့ကြောင်း တွေ့ရှိရ သည်။ 

ယခု ခေတ်အခါတွင် အိမ်ထောင်ရှိသူ အမျိုးသားတို့ကို အိမ်ထောင်ရှိမှန်းသိလျက် ပေါင်းသင်းနေထိုင်သော အမျိုးသမီးတို့သည် ၄င်းတို့နှင့် အဆင်မပြေသော အချိန်တွင် အိမ်ထောင်ရှိ အမျိုးသားကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် တိုင်မည်၊ လူပျိုပါလို့ လိမ်ညာပြော၍ လက်ထပ်ကြောင်းစသည်ဖြင့် တိုင်ကြားမည်ဟု ခြိမ်းခြောက်လာသော အမျိုးသမီးများကို ပြန်လည်တုန့်ပြန်နိုင်ရန် လေ့လာသင့်သော အမှုမျိုးဖြစ်သည်ဟု ထင်မြင်မိ ကြောင်း မှတ်ချက်ပြုပြောကြားလိုပေသည်။ 

မောင်ဖိုးညွှန့်နှင့် မစောတင် စီရင်ထုံး(၃၊ရန်ကုန်၊ ၁၆၀) အမှုမှာ မစောတင်က ကွာလို မှုစွဲဆိုသော အမှုဖြစ်၍၊ အကြောင်းပြချက်မှာ မယားကြီးဖြစ်သူနှင့် ကွာရှင်းပြီးဖြစ်ပါသည် ဟု လိမ်လည်လှည့်ဖြားခဲ့ပါသည်ဟု အကြောင်းပြကာ စွဲဆိုခြင်းဖြစ်သည်။ သို့ရာတွင် တရားရုံးက လင်မယားကွာရှင်းခွင့် ဒီကရီကိုချမှတ်ပေးခဲ့သည်မှာ မယားကြီးနှင့် ကွာရှင်းပြီးဖြစ်သည်ဟု လိမ်ညာပြောဆိုခဲ့သည့် အချက်ပေါ်တွင် မူတည်၍ ဒီကရီချမှတ်ပေးခြင်း မဟုတ်ဘဲ လင်ဖြစ်သူက (၃) နှစ် စွန့်ပစ်ထားသည့် အချက်ပေါ်တွင် မူတည်၍ အနိုင်ဒီကရီချမှတ်ပေးခဲ့သော အမှုဖြစ်သည်။ 

သို့ဖြစ်၍ လီဆယ်ပြောဆို၍ လက်ထပ်ခဲ့ရပါသည်ဟု အကြောင်းပြကာ တရားစွဲဆိုသော အမှုများသည် အောင်မြင်သော အမှုများ မရှိခဲ့ဟု ဆိုရပါမည်။ 

 နိဂုံး

၁၀။ လောကလူဘုံတွင် နေထိုင်ကြသူ လူသားတို့အနေဖြင့် အိမ်ထောင်သားမွေးခြင်းအမှုကို ပြုကြရပေသည်။ အိမ်ထောင်သားမွေးပြုမည်ဆိုပါက မင်္ဂလာ တစ်ပါးဖြစ်သော ထိမ်းမြား လက်ထပ်ခြင်းကို ရှေးဦးစွာဆောင်ရွက်ကြရပါမည်။ ထို့ကြောင့် လူ့လောကအတွင်း ကျင်လည် နေသူတို့အဖို့ လက်ထပ်ထိမ်းမြားခြင်းအကြောင်းကိုလည်း သိထားသင့် ပေသည်။ ထိမ်းမြား ခြင်း၏ နောက်ကွယ်တွင် ဖြစ်လာတတ်သော အိမ်ထောင်ရေးပြ ဿနာတို့ကိုပါသိရှိ ထားခြင်းဖြင့် ဆောင် ရန် ရှောင်ရန်တို့ကို သိရှိလာကာ သာယာချမ်းမြေ့သော အိမ်ထောင်ရေးကို ထူထောင် နိုင်မည်ဟု မျှော်လင့်မိပါသည်။ ထို့ကြောင့် ကြုံတွေ့လာရသော အိမ်ထောင်ရေး ပြဿနာတို့ကို ဖြေရှင်း ဆောင်ရွက် နိုင်စေခြင်း အကျိုးငှာ ဤစာစုကို ပြုစုတင်ပြလိုက်ရပေသည်။ သိုဖြစ်ပါ၍ ချစ်ခြင်း၏ နောက်ဝယ် အပြုံးပန်းများသာ ဝေပါစေဟု ဆုတောင်းပေးလိုက်ပါသည်။

ကိုးကား- 

ဆရာကြီးဦးမြစိန်ပြုစုသော “ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ” 

Printed Judgments of Lower Burma (1893-1900)


Credit

Comments