ထာဝရတားဝရမ်း ရလိုမှု

 ထာဝရတားဝရမ်း ရလိုမှု


 "ရုံးခွန်"

 ရုံးခွန်ဥပဒေပုဒ်မ ၇(၄)(ဃ)အရ တောင်းဆိုသော သက်သာခွင့်အပေါ် ဇယား ၁ အမှတ်စဉ် ၁ပါ နှုန်းအတိုင်း ထမ်းဆောင်ရမည်။


" သက်ဆိုင်သည့် ဥပဒေ"

 သီးခြားသက်သာခွင့် ဥပဒေ


" အင်္ဂါရပ်များ"

၁။ လျှောက်ထားသူ၏ အမှုသည် မျက်မြင်အားဖြင့် အခြေခံရှိခြင်း၊

၂။ ကုစား၍ မရနိုင်သော နစ်နာဆုံးရှုံးမှုမှ ကာကွယ်ရန် လိုအပ်ခြင်း၊

၃။ တားဝရမ်း ထုတ်မပေးလျှင် အကျိုးပျက်စီးမှု ပေါ်ပေါက်ခြင်း၊


" လေနှင့် အလင်းရောင်ရရန် တားဝရမ်းလျှောက်ထားခြင်း"


 ယခင်က ခံစားခဲ့သော အလင်းရောင်နှင့် လေကို ထိပါသည့်အတွက် အရေးယူနိုင်ရန် အလင်းရောင်နှင့် လေလျော့နည်းသွားခြင်းသည် မည် မည်ရရများ ရမည်။ ထို့ပြင် နှောင့်ယှက်မှု ဖြစ်ရမည်။ အလင်းရောင်ပိတ်ဆို့ကြောင်း သို့မဟုတ် အလင်းရောင်မှာ ယခင်ကထက် နည်းကြောင်း သက် သေပြရုံနှင့် မလုံလောက်။ တန်ဗန်ကောင် နှင့် ဒေါ်ခင်ခင် (၅၆/၃၆၀ လွှတ် တော်)။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၂ နှင့် ၅၄(ဂ)ပါ ပြ ဋ္ဌာန်းချက်များမှ မူများကို နှလုံးပြု၍ အမှုကို သုံးသပ်သော် အဓိကအားဖြင့် ဆုံးဖြတ်ရမည့် အချက်မှာ တရားလိုပိုင်တိုက်မှာ ပြတင်းပေါက်များကို ပိတ်လိုက်သည့်အခါ ထိုတိုက်၏ အထပ်အသီးသီးတွင် လေနှင့် နေ ရောင် ခြည် မည်မျှရှိဦးမည် ဟူသည့်အချက်ဖြစ်သည်။ သက်ဆိုင်ရာ အကြောင်းများကို ထောက်သော် တရားလို၏ တိုက်ရှိပြတင်းပေါက်များကို ပိတ်ရုံမျှဖြင့် ထိုတိုက်၏ အထပ်အသီးသီးတွင် လေနှင့် နေရောင်ခြည် လုံလောက်စွာ မရဟု သက်သေအထောက်အထား ခိုင်လုံစွာမရှိ။ သို့ဖြစ်၍ ဤအမှုတွင်လျော်ကြေးပေးဆောင်စေခြင်းဖြင့် တရားလိုသည် လုံလောက်သော သက်သာခွင့် ရရှိနိုင်မည်ဟု ယူဆသည်။ ဒေါ်မမ၏ တရားဝင်ကိုယ်စား လှယ် နှင့် နူးရ်မဟာမက်ဟာဘစ် (၆၄/၆၇၁)။


" ကုန်တံဆိပ်နှင့် တားဝရမ်း"


 ကုန်တံဆိပ်သုံးစွဲသော ကာလနှင့် မိမိကုန်သွယ်မှု၏ အတိုင်းအတာအပေါ်မတည်ဘဲ ကုန်သည်တစ်ဦးသည် မိမိကုန်စည်များအပေါ်တွင်ဖြစ်စေ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ဖြစ်စေ အသုံးပြုရုံမျှဖြင့် သိသာကွဲပြားသော ကုန်တံဆိပ်ကို ပိုင်ဆိုင်ခွင့်ရရှိသည်။ ဦးချစ်ဆေ ွနှင့် မသန်း (၅၈/၃၇၇ လွှတ်တော်)။ မြန်မာနိုင်ငံတွင် ကုန်တံဆိပ်ကို မှတ်ပုံတင်နိုင်သည့် နည်းလမ်းမရှိသည်မှာ အတည်တကျ ဖြစ်လျက်ရှိသော ဥပဒေဖြစ်သည်။ သို့ရာတွင် အသုံးပြုခြင်းဖြင့် တံဆိပ်နှင့် စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် သို့မဟုတ် အခွင့်အရေး ရရှိနိုင်သည်။ ဦးကျော် နှင့် ဦးဘအေး (၆၂/၁၈၇)။ ကုန်တံဆိပ်ပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် မရှိပေ။ သို့ဖြစ်ရာ ကုန်တံဆိပ်အပေါ် ရရှိသော အခွင့်အရေးသည် ကုန်ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဥပဒေ၏ ယေဘူယျမူများအပေါ်တည်သည်။ ကုန်တံဆိပ်ပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် တောင်းဆိုသူများ၏ အခွင့် အရေးတို့ကို အင်္ဂလိပ်ရိုးရာ ဥပဒေဆိုင်ရာ မူများအရ ဆုံးဖြတ်ရမည်ဖြစ်သည်။


" အုတ်တံတိုင်း ကာရံခြင်းကို တားမြစ်ပေးရန် လျှောက်ခြင်း"


 အုတ်နံရံကာပြီးနောက်မှ အုတ်နံရံ မကာရံစေရန် တားမြစ်ပေးပါဟု တောင်းဆိုခြင်းမှာ အဓိပ္ပါယ်မရှိ။ ဆောင်ရွက်ပြီးသော ကိစ္စတစ်ရပ်ကို နောင်ကြောင်းပြန် အနေဖြင့် တားမြစ်ရန် မဖြစ်နိုင်ပေ။ အုတ်တံတိုင်း ကာရံခြင်းမှာလည်း မြို့နယ်ပြည်သူကောင်စီ၏ ခွင့်ပြုချက်အရ တရားဝင်ကာရံခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။ ထို့ကြောင့် အချင်းဖြစ်မြေကွက်တွင် အုတ်တံတိုင်း ကာရံပြီးနောက် သိရှိပါလျှက် ဝင်းထရံကာရံခြင်း မပြုရန်နှင့် သွားလာခွင့်ကို မပိတ်ပင်ရန် ထာဝရတားဝရမ်း လျှောက်ထားမှုတွင် ဒီကရီချမှတ် ပေးရန်မလို။ ဒေါ်ခင်မျိုးမြင့် ပါ-၂ နှင့် ဦးစံသိန်း ပါ-၂ (၉၂/၂၄)။


" လမ်းမြေကို အသုံးမပြုရန် လျှောက်ခြင်း"


 သုံးစွဲရင်းဖြစ်သော ဂိတ်ပေါက်မှ ဝင်ထွက်ခွင့်ရရှိသူ အယူခံတရား ပြိုင်တို့သည် အချင်းဖြစ် လမ်းတစ်လျှောက် သွားလာနိုင်သည်ဖြစ်ရာ နယ်မြေကန့်သတ်၍ တားဝရမ်းထုတ်ပေးရန်မှာ သဘာဝကျသည့် အချက် မဟုတ်ပေ။ အယူခံတရားပြိုင်တို့အား သုံးစွဲရင်း ဂိတ်ပေါက်မှ အချင်းဖြစ်လမ်းမြေကို ဝင်ထွက်သွားလာစေခြင်းအားဖြင့် အယူခံတရား လိုတို့အား တိုး၍ နစ်နာမှုဖြစ်စေရန် အကြောင်းမရှိချေ။ အယူခံတရားပြိုင်တို့က အချင်းဖြစ်လမ်းကို သုံးမြဲသုံးစွဲခြင်းအား တားမြစ်မှုမပြုလျှင် အယူခံတရားလိုတို့နှင့် အယူခံတရားပြိုင်တို့ နှစ်ဦးနှစ်ဖက်လုံးအတွက် သိသာထင်ရှားသည့် အကျိုးပျက်စီးစေမှု မဖြစ်ပေါ်နိုင်သောကြောင့် ထာဝရတားဝရမ်း ထုတ်ဆင့်ရန် မသင့်ကြောင်း သုံးသပ်ရရှိသည်။ ဦးဇော်မင်းမြင့်     ပါ-၂ နှင့် ဦးတင်မောင်အေး ပါ-၂ (၀၁/၁၈၆)။


" ပုဒ်မ၅၄၊ ၅၅နှင့် တရားရုံး၏ သဘောအတိုင်း ခွင့်ပြုခြင်း"


 တားဝရမ်းထုတ်ဆင့်ပေးရန်မှာ အခွင့်အရေးတစ်ရပ်အနေဖြင့် တောင်းဆိုနိုင်သည့် သက်သာခွင့်မဟုတ်။ တရားရုံးက မိမိသဘောအတိုင်း ဆောင်ရွက်ရသည့် ကိစ္စဖြစ်သည်။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၄ နှင့် ၅၅တို့တွင် “တရားရုံးသည် မိမိသဘောအတိုင်း” ဟူသော စကားရပ် မပါရှိသော်လည်း ပုဒ်မ ၅၂တွင် ယာယီ သို့မဟုတ် ထာဝရတားဝရမ်း ထုတ်ဆင့်ခြင်းဖြင့် တားဆီးပိတ်ပင်သည့် သက်သာခွင့်ကို တရားရုံး၏ သဘောအတိုင်း ခွင့်ပြုရသည်ဟု ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ တားဝရမ်းကို တရားရုံး၏ သဘောအတိုင်း ခွင့်ပြုရန်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်ရာ တရားရုံးက တရားပြိုင်သည် တရားလို၏ တရားဝင်အခွင့်အရေးကို ထိပါးခြင်းရှိမရှိသော စဉ်းစားရန်မဟုတ်၊ ထိုထိပါးခြင်းအား တားဆီးရန်အတွက် ဆောင် ရွက်မှုသည် သင့်မြတ်သော သက်သာခွင့်ဟုတ်မဟုတ် ထိုထိပါးခြင်းအား တားဆီးရန်အတွက် ဆောင်ရွက်မှုသည် သင့်မြတ်သော သက်သာခွင့်ဟုတ်မဟုတ်လည်း စိစစ်ရမည်ဖြစ်သည်။ ဤကိစ္စအလို့ငှါ တရားလိုအား အကျိုးပျက်စီးစေသည့် သို့မဟုတ် ပျက်စီးရန် ခြိမ်းခြောက်လျှက်ရှိသည့် ပမာဏကို တားဝရမ်းထုတ်ဆင့်ခြင်းကြောင့် တရားပြိုင်အပေါ် ထိခိုက်နစ်နာစေမှုနှင့် ယှဉ်တွဲသုံးသပ်ရမည် ဖြစ်သည်။ ဦးဇော်မင်းမြင့် ပါ-၂ နှင့် ဦးတင်မောင်အေး ပါ-၂ (၀၁/၁၈၆ အထူး)။


[ အညွှန်း - ဦးတင်ဝင်း (တရားရုံးချုပ်) ၊ တရားမမှု(၂၈)မျိုး စီရင်ချက်ရေးသားပုံများနှင့် အကျိုးသက်ရောက်စေ သည့် အမိန့်များ ၊ စာ - ၁၅ ]

Credit.

Comments