ကိုယ်စားလှယ်လွှဲစာအကြောင်း
ကိုယ်စားလှယ် လွှဲအပ်ခြင်း
ကိုယ်စားလှယ်စာကို ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၁၈၃နှင့် ၁၈၄ အရ စိတ်မနှံ့သူ၊ စိတ်ပေါ့သွပ်သူ မဟုတ်တဲ့ တရားဥပဒေအရ အရွယ်ရောက်ပြီးသူ မည်သူကိုမဆို ကိုယ်စားလှယ် လွှဲအပ်နိုင်အပ်ခွင့် ရှိပါတယ်။
ကိုယ်စားလှယ် လွှဲစာများကို မှတ်ပုံတင်ပေးတဲ့နေရာမှာ အဓိကကျတဲ့ သတ်မှတ်ချက်က လွှဲအပ်သူ နေထိုင်တဲ့ အရပ်မှာရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လွှဲအပ်သူကိုယ်တိုင်က လွှဲအပ်သည်မှာ မှန်ကန်ကြောင်း Authenticated Power ကို လက်မှတ်ရေးထိုး လွှဲအပ် မှတ်ပုံတင်ရတာ ဖြစ်ပါတယ်။
ဥပမာ- ပဲခူးမှာနေတဲ့ ဦးဖြူဟာ တောင်ငူမှာရှိတဲ့ သူ့အိမ်နှင့်မြေအတွက် တောင်ငူက သူ့ရဲ့ညီ ဦးမဲကို Power လွှဲချင်ရင် ပစ္စည်းရှိတဲ့ အရပ် ဖြစ်တဲ့ တောင်ငူရုံးမှာ Power လွှဲရမှာ မဟုတ်ပါဘူး။ လွှအပ်သူ ဦးဖြူနေတဲ့ ပဲခူးမြို့နယ် မှတ်ပုံတင်ရုံးမှာသာ ကိုယ်စားလှယ်အပ် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ၁၉၄၆ ခုနှစ် အထိ မှန်ကန်အောင် ပြုပြင်ထားတဲ့ ( Corrected up to 1946) ၁၉၀၈ ခုနှစ်၊ မြန်မာနိုင်ငံ စာချုပ်စာတန်းများ မှတ်ပုံတင်အက်ဥပဒေရဲ့ အခန်း(၆)၊ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(၁)၊ အပိုဒ် (က) မှာ အောက်ပါအတိုင်း ပြဌာန်းထားတာကို လေ့လာရပါမယ်။
Section 33. (1) For the purposes of section 32, the following power –of-attorney shall alone be recongnized , namely;-
- If the principal at the of executing the power-of British Burma in which this Act is for the time being in force, a power-of- attorney exected before and authenticated by the Registrar or Sub- Registrar within whose district or sub-distrect the principal resides ;
- + + + + |+
- + + + +
အထက်ပါ စာချုပ်စာတန်း မှတ်ပုံတင်ဥပဒေ ပုဒ်မ ၃၃ (၁) (က) ပြဌာန်းထားချက်အရ “အခြားသူ တစ်ဦးတစ်ယောက်အား ကိုယ်စားလွှဲအပ်မည့် မူရင်းပုဂ္ဂိုလ် (Principal) သည် မြန်မာပြည်အတွင်း မည့်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ၊ ၎င်းမှ အခြားသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲအပ်ပါက လွှဲအပ်သူဖြစ်ပါသည့် မိမိ နေထိုင်ရာ အရပ် (Principal Resides)ရှိ ဒုတိယမှတ်ပုံတင် အရာရှိ (သို့မဟုတ်) မှတ်ပုံတင်အရာရှိ၏ ရှေ့မှောက်တွင် လွှဲအပ်သည့် လွှဲစာ ဖြစ်စေရမည်’’ လို့ ဆိုထားတဲ့ အတွက် လွှဲသူနေတဲ့ အရပ်က မှတ်ပုံတင်ရုံးမှာသာ Powerလွှဲစာ ကို မှတ်ပုံတင်လွှဲအပ်ရခြင်း ဖြစ်ပါတယ်။
Special Power and General Power
စာချုပ်စာတန်းမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၃ အရ လွှဲစာများကို မှတ်ပုံတင် ဆောင်ရွက်တဲ့အခါ လုပ်ငန်း သဘော အရ (၂)မျိုး ခွဲထားပါတယ်။ အထူးကိုယ်စားလှယ်စာ(Special Power)နဲ့ အထွေထွေ ကိုယ်စားလှယ်လွှဲစာ( General Power) ရယ်လို့ (၂)မျိုး ခွဲထားတယ်ဆိုတာ လူငယ်အရာရှိတွေ သိပြီးသားပါ။ သီးခြားcase တစ်ခုတည်းအတွက် ဆောင်ရွက်ဖို့ လွှဲတဲ့လွှဲစာကတော့ SP ဖြစ်ပြီး တစ်ခုထက်ပိုတဲ့ ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ လွှဲတဲ့လွှဲစာကတော့ GP လို့ အလွယ်တကူ နားလည်သဘောပေါက်ပြီး ဖြစ်ကြမှာပါ။
လွှဲစာ၏ အသက်ဝင်မှု
လုပ်ငန်းတစ်ရပ်တည်း၊ ကိစ္စတစ်ရပ်တည်းကိုသာ ဆောင်ရွက်ဘို့ လွှဲထားတဲ့ SP ကတော့ တာဝန်ပေးထားတဲ့ လုပ်ငန်းဆောင်ရွက်ပြီးတာနဲ့ အသက်ကုန်သွားပါပြီ။ မှတ်ပုံတင်အရာရှိက အဲ့ဒီ SP ကိုတောင်းပြီး ပြန်သိမ်းထားရပါတယ်။ ဒါမှမဟုတ်ရင် လွှဲစာပါ လုပ်ငန်းကို ဆောင်ရွက်ပြီးတာနဲ့ အဲဒီ လွှဲစာပေါ်မှာ အရာရှိက“ဘယ်နေ့ ဘယ်ရက်တွင် လွှဲစာပါကိစ္စရပ် ဆောင်ရွက်ပြီး’’ ဆိုတဲ့ စာသားကို မှင်နီနဲ့ power အပေါ် ကန့်လန့်ဖြတ် ရေးသားပြီး လက်မှတ်ထိုး တံဆိပ်ရိုက် ပေးလိုက်ရပါတယ်။
GPကတော့ အသက်ပြင်းပါတယ်။ ပဋိညာဉ်ဥပဒေက ပြဌာန်းချက်များနှင့် အညီ အသက်ရှိပါတယ်။
သက်တန်းကုန်ခြင်း
ကိုယ်စားလှယ်လွှဲစာ တစ်စောင် အသက်မဝင် ရပ်စဲသွားတဲ့ ကာလကို ပဋိညာဉ် အက်ဥပဒေ ပုဒ်မ ၂၀၁အရ အောက်ပါအတိုင်း သတ်မှတ် ထားပါတယ်။
(i)လွှဲအပ်သူ (principal) က ကိုယ်စားလှယ် လွှဲအပ်ခြင်းကို ရုပ်သိမ်းတဲ့ အခါမှာလည်းကောင်း၊
(ii) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဘို့ သီးခြားသတ်မှတ် တာဝန်ပေးတဲ့ အလုပ်ကိစ္စ အပြီးအပြတ် ဆောင်ရွက် ပြီးဆုံးသွားသော အခါ ၌လည်းကောင်း၊
(iii)အချိန်ကာလ တစ်ခုအတွင်း ဆောင်ရွက်ရန် သတ်မှတ် လွှဲအပ်ပါက ထိုသတ်မှတ် အချိန်ကာလ ကုန်ဆုံးသွားသော အခါ၌လည်းကောင်း၊
(iv) ကိုယ်စားလှယ်က လွှဲစာပါ တာဝန်များကို မလုပ်နိုင်ကြောင်း ငြင်းပယ်သောအခါ၊ လွှဲအပ်ထားသော လုပ်ငန်းကို စွန့်လွှတ်သွားသော အခါ၌လည်းကောင်း၊
(v)လုပ်ငန်းရပ်တစ်ခုပေါ် မူတည်၍ (ဥပမာ- အသင်း / ကုမ္ပဏီ/ လုပ်ငန်းတစ်ခုခု၏) ကိုယ်စားလှယ် ခန့်ထားပါက ယင်းလုပ်ငန်း/ အသင်း/ ကုမ္ပဏီသည် ပျက်စီး၊ ဖျက်သိမ်းသွားသော အခါ၌လည်းကောင်း၊
(vi)လွှဲအပ်သူ(principle) သေဆုံး၊ ရူးသွပ်၊ သွားသောအခါ နှင့် insolvency လူမွဲအဖြစ် တရားရုံး၏ စီရင် ဆုံးဖြတ်ခြင်း ခံရသောအခါ၌လည်းကောင်း၊
(vii)လွှဲအပ်ခံရသူ ကိုယ်စားလှယ် သေဆုံး ကွယ်လွန်သည့် အခါ၌လည်းကောင်း၊
ကိုယ်စားလှယ်လွှဲစာ သက်တမ်း ကုန်သွားပြီ ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
Power သက်တမ်း ၆လ တစ်နှစ်ဘဲ ခံသလား
Power ရဲ့ သက်တမ်းက ဘယ်လောက်ခံလဲဆိုတာ ဆွေနွေးပေးပါမယ်။ အချို့ရုံးတွေက Powerတစ်ခု တစ်နှစ်ဘဲ သက်တမ်းထား လက်ခံတယ်ဆိုတာ ဥပဒေအရ မဟုတ်ပါဘူး ။ Power တစ်ခု ၆ လ ခံတယ်၊ တစ်နှစ် ခံတယ်လို့ စာချုပ်စာတန်း ဥပဒေမှာ သတ်မှတ်ထားတာ မရှိပါဘူး၊ ရုံးတွေက (အထူးသဖြင့် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်တွေက) မြေရာဇဝင်/ မြေပုံ ရေးကူးတာ၊ မြေကွက်တိုင်းတာတွေမှယာ power အဟောင်း တွေနဲ့လာရင် လက်တွန့်ကြပါတယ်။ ကြားကာလမှာ အပြောင်းအလဲတွေက များလွန်းတဲ့အတွက် မတော် အဆင့်ဆင့် လွှဲထားတာ တွေရှိရင်၊ အရှုပ်အရှင်းတွေ ရှိရင် ပြဿနာ မတွေ့အောင် Safe Side ယူတဲ့သဘောနဲ့ ကိုယ်စားလှယ် လွှဲထားတာ နှစ်ကြာနေရင် အဲ့ဒီ Power ကို လက်မခံဘဲ အသစ်ထပ် လွှဲခိုင်းလေ့ရှိတတ်ပါတယ်။ အဲဒါ စီမံခန့်ခွဲနည်းအရပါ။ ဥပဒေ မဟုတ်ပါဘူး။
ကျွန်တော်တို့ ကြေး/မြေ ဌာနလက်အောက်မှာရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွေကတော့ လွှဲစာကိုင်ပြီး အရောင်းအဝယ် အလွှဲအပြောင်း လာလုပ်ရင် ခင်ဗျားရဲ့လွှဲစာက နှစ်ကြာနေပြီ၊ Power လွှဲထားတာ အရင်နှစ်ကာလ တော်တော်ကြာနေပီဆိုရင် RO လုပ်ရမဲ့ အလုပ်က လွှဲထားသူ(principal) အသက်ထင်ရှား ရှိ/ မရှိ စစ်ဆေး သက်သေ ပြခိုင်းရတာဘဲ ဖြစ်ပါတယ်။ လွှဲစာ အသက်ဝင်နေဆဲဆိုတဲ့ အထောက်အထား တောင်းခံရပါတယ်။ မူလ လွှဲအပ်သူဟာ သက်ရှိ ထင်ရှားလည်း ရှိသေးတယ်၊ သူလွှဲခဲ့တာကိုလည်း ပြန်မရုတ်သိမ်းဘူးဆိုတာ သက်သေပြနိုင်ရင်၊ ခိုင်မာတဲ့အထောက်အထား ပြနိုင်ရန် အဲဒီ Powerဟာ Still Operative အသက်ဝင် နေသေးတယ်လို့ သတ်မှတ်ပါတယ်။
Power ရုပ်သိမ်းခြင်း ၊ ဖျတ်သိမ်းခြင်း
Power ကို ရုတ်သိမ်းလို့ ရပါတယ်။ လွှဲသူက အခရာပါဘဲ၊ ဒါကြောင့် သူ့ကို Princopal ပင်မပုဂ္ဂုလ် လို့ခေါ်ခြင်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်စာ ဖျတ်သိမ်းတာကို ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းတာက်ို (Revocation) လို့ ခေါ်ပါတယ်။ နည်း ၁၀၀ ကို အကျဉ်းချုပ် ရှင်းပြရရင်တော့ လွှဲအပ်သူက သတင်းစာကကြော်ငြာ၊ ဒါမှမဟုတ် မှတ်ပုံတင်အရာရှိထံ ပြန်လည်ရုတ်သိမ်းကြောင်း သတင်းပို့ချက်၊ အကြောင်းကြားချက် တင်ပြရင် အဲ့ဒီ အကြောင်းကြားချက် အပေါ်မှာ နေ့စွဲတပ်၊ လက်မှတ်ထိုး၊ မှတ်ပုံတင် စာအုပ်-၆-မှာရှိတဲ့ မူလ လွှဲစာရေးသွင်းချက် တွေပေါ်မှာ မှင်နီနဲ့ (Power revoked, see page Nos—— of Permanent File) ၊ “ကိုယ်စားလှယ်စာကို ပြန်လည် ရုတ်သိမ်းပယ်ဖျတ်ပြီး၊ အမြဲဖိုင် စာမျက်နှာ —– တွင်ကြည့်’’ လို့ ကန့်လန့်ဖြတ် ရေးလိုက်ရပါတယ်။ Power ဖျက်သိမ်းဖို့၊ ရုတ်သိမ်းဖို့ အကြောင်းကြားချက် စာတွေကို အမြဲဖိုင် တစ်ခု သီးသန့်ထား ဖွင့်ထားရပါတယ်။ သတင်းစာက ကြော်ငြာတာကို ကာယကံရှင်က မှတ်ပုံတင်ရုံးကို အကြောင်းကြားဖို့တော့ လိုပါတယ်။
ပြန်လည်ရုတ်သိမ်းခွင့် မရှိသောလွှဲစာ
ပြန်လည် ရုတ်သိမ်းခွင့်မရှိတဲ့ ကိုယ်စားလှယ်လွှဲစာဆိုတဲ့ စာသားကို လွှဲစာပုံစံတွေမှာ တွေ့နေရပေမဲ့ ပဋိညာဉ် ဥပဒေမှာတော့ ပြန်လည် ရုတ်သိမ်းမရတဲ့လွှဲစာ လွှဲခွင့်ရှိကြောင်း အတိအလင်း ပြဌာန်း ဖေါ်ပြထားချက် မတွေ့ရပါဘူး။
ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၀၂မှာ ဖေါ်ပြထားတာက ကိုယ်စားလှယ် လွှဲအပ်သူနှင့် လွှဲအပ်ခံရသူ အကြား အတိအကျ ချုပ်ဆိုထားတဲ့ ပဋိညာဉ် မရှိရင် ကိုယ်စားလှယ်ရဲ့ အကျိုးခံစားခွင့် တစုံတစ်ရာ ကျန်နေသေးပါလျက် ယင်းအကျိုး ခံစားခွင့်ကို ဆန့်ကျင်ပြီး လွှဲစာကို ရုတ်သိမ်းလို့ မရဘူူးလို့တော့ ပါရှိပါတယ်။
ကိုယ်စားလှယ် တစ်ဦးကို power လွှဲခဲ့တဲ့အခါ လွှဲစာမှာ ဖေါ်ပြ တာဝန်ပေးထားတဲ့ အလုပ်ကို လုံးဝစတင် မလုပ်ရသေးဘူးဆိုရင် သူ့ကိုလွှဲထားတဲ့ လွှဲစာကို ပြန်ရုပ်သိမ်းလို့ ပြဿနာမရှိနိုင်ပေမဲ့ လွှဲအပ်ထားတဲ့ အလုပ်ကို တစိတ်တဒေသ ဆောင်ရွက်ဆဲ တန်းလန်းဆိုရင်တော့ လုံလောက်တဲ့ အကြောင်းရင်းမရှိဘဲ ပြန်ရုပ်သိမ်း လို့မရပါဘူး၊ အကြောင်းမဲ့ ရုပ်သိမ်းရင် ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၀၅ အရ ပျက်ကွက်သူက လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ပါဝါ ရုပ်သိမ်းတဲ့အခါမှာ လွှဲအပ်ခဲ့သူက လျှောက်ထားတင်လျှင်သော်လည်းကောင်း၊လွှဲပေးသူနဲ့ အလွှဲခံရသူက သဘောတူ ပူးတွဲ တင်ပြလျှင်သော်လည်းကောင်း ရုပ်သိမ်းခွင့် ရှိပါတယ်။
ပြန်လည် ရုပ်သိမ်းခွင့်မရှိတဲ့ ပါဝါလို့ အမည်တပ်ထာ းရန်တော့ principal တဦးတည်း သဘောနဲ့ ရုပ်သိမ်းလေ့မရှိဘဲ ၂ဦး ၂ဖက် လျှောက်ထား ဖျက်သိမ်းလေ့ ရှိကြပါတယ်။principal က သက်ဆိုင်ရာ တရားရုံးမှာ အမိန့်တောင်းခံ ဖျက်သိမ်းလေ့ ရှိပါတယ်။ လုပ်ငန်းကိစ္စတစ်ရပ်တည်း ဆောင်ရွက်ဖို့အတွက် သတ်မှတ်လွှဲထားတဲ့SP ဖြင်ရင် ယင်းလုပ်ငန်း ဆောင်ရွက် မပြီးမချင်း ရုပ်သိမ်းလို့ မရပါဘူး။
အထက်က တင်ပြခဲ့တာတွေကို ပြန်ချုပ်ရရင်တော့ ပါဝါရဲ့ သဘောက ရန်ကုန်၊ မန္တလေးရယ်၊ ဘယ်ရုံးရယ် ၊ ဘယ်ဌာနရယ် အတွက်လို့ သီးခြားသတ်မှတ်ချက် မရှိပါဘူး။ အမှီသဟဲ ပြုရတဲ့ ဥပဒေက ပဋိညာဉ်ဥပဒေနဲ့ စာချုပ်စာတမ်းများ ဥပဒေသာ ဖြစ်ပါတယ်။ ပါဝါရဲ့ သက်တမ်းကို ပဋိညာဉ် အက်ဥပဒေ ပုဒ်မ ၂၀၁မှာ သတ်မှတ်ပြဌာန်းထားတဲ့ အချက်တွေကလွဲလို့ သီးခြား ထပ်မံ သတ်မှတ်ထားတာ မရှိပါဘူး။
ဒါပေမဲ့ ခုခေတ်က အလိမ်အညာတွေ၊ မသမာမှုတွေ ပေါများ ရှုပ်ထွေးလေတော့ ကိုယ့်ဘက်က မမှားအောင်ဆိုတဲ့ စီမံခန့်ခွဲရေးအမြင်နဲ့ ပါဝါလွှဲထားတာ ကာလ ဘယ်လောက်ကြာရင်တော့ ထပ်ပြီး လွှဲမှ လက်ခံမယ်၊ မဟုတ်ရင် လက်မခံဘူး ဘာဘူးနဲ့ လုပ်နေတာပါ။ ဥပဒေက သတ်မှတ်တာကတော့ ပါဝါရဲ့ သက်တမ်းဟာ ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၀၁ ပြဌာန်းချက် အရသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ပါတယ်။
credit : ကိုဇော် (နတ်မောက်)
Comments
Post a Comment