Company အနေဖြင့်တရားစွဲဆိုခြင်း

 ကုမ္ပဏီသည် Legal Person ဖြစ်သည့်အတွက် ကုမ္ပဏီမှ တရားစွဲဆိုလျင် BOD ဖြင့် တရားလို ခန့်အပ်ပြီးမှသာ တရားစွဲဆိုနိူင်ကြောင်း (ဦးဇော်သိန်းနိုင်နှင့် ဒေါမြမြဝေ ၂၀၁၆ ခုနှစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ထုံးများ စာ- ၈၇)တွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲ ဇယား စည်းမျဉ်းအပိုဒ် ၇၁ ပါ ပြဌာန်းချက်အရ ကုမ္ပဏီ တစ်ခုခု၏ အထွေထွေအရပ်ရပ်အုပ်ချုပ်မှု စီမံခန့်ခွဲမှု အာဏာသည် ဒါရိုက်တာ အဖွဲဝင်တွင်ရှိသည့် စည်းမျဉ်းအပိုဒ် ၉၁ အရ ဒါရိုက်တာ အဖွဲ့ကသာ ကုမ္ပဏီ ကိုယ်စားပြုရန် တစ်ဦးဦးအား လွဲအပ်ဆောင်ရွက်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

ထိုကြောင့် ကုမ္ပဏီ အမှုတွေမှာ တရားမကျင့်ထုံးဥပဒေအမိန့် ၃ နည်း ၁ အရ ကိုယ်စားလှယ်စာဖြင့် မစွဲဆိုသင့်ကြောင်း သတိထားရပေးမည်။

  •  ကုမ္ပဏီ တရားလို / တရားပြိုင်ဖြစ်သည့်အမှုများတွင်ကုမ္ပဏီကိုယ်စား တရားရုံးတွင် ဆောင်ရွက်ရန် တဦးတယောက်အား တာဝန်ပေးမည်ဆိုပါက ဘုတ်အေ့ဖ်ဒါရိုက်တာ အစည်းအဝေးကျင်းပပြီး BOD အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးရပါတယ် ။ BOD အစည်းအဝေးဆုံးဖြတ်ချက်အရတာဝန်ပေးအပ်ခံရသူက တရားရုံးတွင် တရားမကျင့်ထုံးဥ‌ပဒေအမိန့် ၂၉ နည်း ၁ အရလျှောက်ထားရပါတယ်။ လျှောက်လွှာနဲ့အတူ BOD အစည်းဝေးမှတ်တမ်းမူရင်းကို ပူးတွဲတင်ရပါတယ်။


  • ကုမ္ပဏီကကိုယ်စားလှယ်ခန့်ရာတွင်လည်း GP / SP

တို့နှင့်လွှဲနေကြသည်ကိုလည်း ယနေ့အထိ တွေ့နေရဆဲဖြစ်ပါတယ် ။ လူပုဂ္ဂိုလ် အချင်းချင်းလွှဲသည့်ကိစ္စများတွင်သာ GP/SP လွှဲလို့ရသည်ကိုလည်းသတိပြုရန်လိုအပ်ပါသည် ။


  •  ၂၀၁၇ ကုမ္ပဏီဥပဒေသစ်အရ ဒါရိုက်တာတဦးတည်းရှိသည့်ကုမ္ပဏီတည်ထောင်ခွင့်ပြုထားပါတယ် ။ ဒါရိုက်တာဦးတည်းရှိသည့်ကုမ္ပဏီဖြစ်ပါက BOD အစည်းအဝေးကျင်းပရန်မလိုပါ ။ လိုအပ်သောဆုံးဖြတ်ချက်ကိုစာဖြင့်မှတ်တမ်းတင်ပြီးလက်မှတ်ထိုးနိုင်ပါတယ် ။ တရားရုံးတင်သည့်လျှောက်လွှာတွင်မူ ဒါရိုက်တာတစ်ဦးတည်းရှိသောကုမ္ပဏီဖြစ်၍ စာဖြင့်ရေးသားထားသောမှတ်တမ်းကိုတင်ပြရခြင်းဖြစ်ကြောင်းဖော်ပြပါရှိရပါမည် ။


  •  မူလကိုယ်စားလှယ်အစား ကိုယ်စားလှယ်အသစ်တာဝန်ပေးအပ်ရန်လိုအပ်လာပါက BOD အစည်းအဝေး ကျင်းပပြီး မူလကိုယ်စားလှယ်ကိုမည်သည့်အတွက် ရုပ်သိမ်းကြောင်းနှင့် မည်သူ့ကိုကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ကြောင်းဆုံးဖြတ်ရပါတယ် ။ ကိုယ်စားလှယ်သစ်အဖြစ်တာဝန်ပေးအပ်ခံရသူက တရားမကျင့်ထုံးဥပဒေအမိန့် ၂၉ နည်း ၁ အရ မူလကိုယ်စားလှယ်အားရုပ်သိမ်းခွင့်ပြုရန်နှင့် ကိုယ်စားလှယ်သစ်အဖြစ်ဆောင်ရွက်ခွင့်ပြရန်လျှောက်ထားရပါမည် ။ သို့မှသာဥပဒေနှင့်အညီ နည်းလမ်းတကျလျှောက်ထားခြင်းဖြစ်ပါတယ် ။


  • ABC ကုမ္ပဏီကိုတရားပြိုင်အဖြစ် တရားစွဲမည်က တရားပြိုင်ကုမ္ပဏီကို အဆိုလွှာတွင် မည်သို့​ဖော်ပြရမည်နည်း။


တရားလိုကုမ္ပဏီအမှုတွင် -

A B C ကုမ္ပဏီလီမိတက် .......တရားလို

( ၎င်း၏ကိုယ်စား ဦးဘ )

လိပ်စာ...........

ဟူ၍​ဖော်ပြရ​သော်လည်း တရားပြိုင်ကုမ္ပဏီကိုမူ အဆိုလွှာတွင် ထိုသို့​မ​ဖော်ပြရပါ ။


DEF ကုမ္ပဏီလီမိတက်.......တရားပြိုင်

( ၎င်း၏ကိုယ်စား MD ဦးလှ )

လိပ်စာ.......

ဟူ၍မ​ဖော်ပြရပါ ။


DEF ကုမ္ပဏီလီမိတက်

လိပ်စာ...... ဟူ၍သာ​ဖော်ပြရပါသည် ။

တရားပြိုင်ကုမ္ပဏီက အမှုတွင်ကိုယ်စား​ဆောင်ရွက်ရန်မည်သူ့အားတာဝန်​ပေးမည်မသိ​သေးသဖြင့် ကိုယ်စားလှယ်အမည်မထည့်ရခြင်းဖြစ်ပါသည် ။

တရားပြိုင်ကုမ္ပဏီကလည်း BOD အစည်းအ​ဝေး​ခေါ်ပြီး BOD အစည်း​ဝေးဆုံးဖြတ် ချက်ဖြင့် ကိုယ်စားလှယ်ကို တာဝန်​ပေးရသည်ဖြစ်ရာ တရားလို၏​ကိုယ်စားလှယ် အမည်ဖော်ပြချက်သည် ဆီ​လျော်မှုမရှိ​ကြောင်း မြင်နိုင်ပါသည် ။


  • ကိုယ်စားလှယ်အမည် မ​ဖော်ပြထားလျှင် သမ္ဗာန်စာဘယ်လိုချလို့ရမလဲ ။ ကုမ္ပဏီကလူပုဂ္ဂိုလ်မဟုတ်လို့ သမ္ဗာန်စာဘယ်လိုလက်ခံမလဲဟု​မေးသူကလည်းရှိသည် ။ ​

ကော်ပ‌ရေးရှင်း ကိုဘယ်လိုသမ္ဗာန်စာ ချရမည်ကို တရားမကျင့်ထုံးတွင် ပြဌာန်းထားပြီးဖြစ်သည်ကို​မေ့​နေကြဟန်ရှိသည် ။တရားပြိုင်ကုမ္ပဏီအတွက်ကိုယ်စားလှယ်ကို တရားပြိုင်ကုမ္ပဏီ BOD အစည်း​ဝေးကသာခန့်ထားတာဝန်​ပေးနိုင်သည်ဆိုသည်ကိုသတိပြုရန်ဖြစ်ပါသည် ။

(တရားမကျင့်ထုံးအမိန့် ၂၉ ၊ နည်း ၂ တွင် ကော်ပရေးရှင်းအပေါ် ဆင့်စာချအပ်ခြင်းကို ဖော်ပြထားသည်။)


Comments