အမွေထိန်းစာ(Letters of Administration), အမွေဆက်ခံခွင့်လက်မှတ် (Succession Certificates)

 L.A နှင့် S.C တို့ နှင့်ပတ်သက်၍


လျှောက်ထားရမည့်ဥပဒေ နှင့် ပုဒ်မ

xxxxxxxxxxxxxxxxxxxxxxx

အမွေထိန်းစာ(Letters of Administration)ကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၁၈ အရ လျှောက်ထားရန်ဖြစ်ပါသည်။

အမွေဆက်ခံခွင့်လက်မှတ် (Succession Certificates)ကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၃၇၀။၃၇၃ အရ လျှောက်ထားရန်ဖြစ်ပါသည်။

---

လျှောက်ထားရမည့်တရားရုံး

xxxxxxxxxxxxxxxxxxxxx

အမွေထိန်းစာ(L.A)ကို ကွယ်လွန်သူ ကွယ်လွန်စဉ်က အတည်တကျနေထိုင်ခဲ့သည့် ဒေသ သို့မဟုတ် ကွယ်လွန်သူ၏ပစ္စည်းတစ်ရပ်ရပ်ကို တည်ရှိရာဒေသနှင့် သက်ဆိုင်သည့် ခရိုင်တရားရုံးတွင် လျှောက်ထားရပါသည်။ (အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၇၀)

အမွေဆက်ခံခွင့်လက်မှတ် (S.C) ကို ကွယ်လွန်သူ သေဆုံးစဉ်က သာမန်အားဖြင့် နေထိုင်ခဲ့သည့်ဒေသ သို့မဟုတ် ကွယ်လွန်သူသည် တနေရာရာတွင် အတည်တကျ နေထိုင်ခဲ့ခြင်းမရှိလျှင် ကွယ်လွန်သူ၏ပစ္စည်း တစ်စိတ်တစ်ဒေသ နှင့် သက်ဆိုင်သည့် ခရိုင်တရားရုံး တွင် လျှောက်ထားရပါသည်။

(အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၃၇၁ )

အမွေဆက်ခံခြင်းဥပဒေသည် အထူးဥပဒေတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၆/၂၀ ပါပြဌာန်းချက်များနှင့် မသက်ဆိုင်ချေ။ ဒေါ်သန်းမေ ပါ (၆) နှင့် ဦးယုကြည် (၁၉၈၀၊မတစ၊စာ-၈၁)

-----

လျှောက်ထားနိုင်သူများ

xxxxxxxxxxxxxxxx

အမွေထိန်းစာ(L.A)ကို

(၁) ကွယ်လွန်သူ၏ အမွေတစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ရထိုက်သူ

(အမွေဆက်ခံခြင်းအက်ဥပဒေ ပုဒ်မ - ၂၁၈(၁))

(၂) အမွေစားအမွေခံက လျှောက်ထားခြင်းမရှိလျှင် ကွယ်လွန်သူ၏မြီရှင်

(အမွေဆက်ခံခြင်းအက်ဥပဒေ ပုဒ်မ - ၂၁၈(၃))

တို့က လျှောက်ထားရယူနိုင်သည်။

အမွေဆက်ခံခွင့်လက်မှတ် (S.C) ကို

သေသူ၏ကြွေးမြီများကို ကောက်ခံသိမ်းဆည်းခွင့်ရှိသူ မည်သူမဆို လျှောက်ထားရယူနိုင်သည်။

--

မည်သည့်ကိစ္စများအတွက်လျှောက်ထားရန်ဖြစ်သနည်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမွေထိန်းစာ(L.A) ထုတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ကွယ်လွန်သူ၏ ပစ္စည်းကို လက်ရောက်ရယူနိုင်ရေး၊ ကွယ်လွန်သူရရန်ရှိသော ကြွေးမြီများကိုကောက်ခံနိုင်စေရေး၊ ကွယ်လွန်သူ၏အသုဘစရိတ်နှင့် ကွယ်လွန်သူ ကပေးရန်ရှိသည်များကိုပေးဆပ်နိုင်စေရေး၊ ထိုသို့ပေးဆပ်ပြီးနောက် ကျန်ရစ်သောပစ္စည်းတို့ကို ကွယ်လွန်သူ၏ မိသားစုဥပဒေအရ ကွယ်လွန်သူ၏အမွေကိုဆက်ခံထိုက်သူတို့အား ခွဲဝေပေးနိုင်စေရေးအတွက် ကွယ်လွန်သူ၏ အမွေကို ဆက်ခံသူတစ်ဦးအား ခန့်ထားပေးရန်ဖြစ်သည်။

တနည်းအားဖြင့် အမွေထိန်းလက်မှတ်စာရခြင်းသည် ထိုလက်မှတ် နှင့် သက်ဆိုင်သည့် ပစ္စည်းကို စီမံခန့်ခွဲပိုင်ခွင့်ရရှိခြင်းသာဖြစ်၍ အမွေဆက်ခံပိုင်ခွင့် ပေးခြင်း မဟုတ်ပေ။ ဦးပါစီလောင်း ( ၂၀၀၀ ပြည့်နှစ်၊ မတစ၊စာ-၁၆၈)

အမွေဆက်ခံခွင့်လက်မှတ် (S.C)ထုတ်ပေးခြင်းမှာ ယေဘူယျအားဖြင့် ကွယ်လွန်သူရရန်ရှိသော ကြွေးမြီ ကောက်ခံရန်၊ ကွယ်လွန်သူ၏ ဘဏ်တွင်အပ်နှံထားငွေများကို ထုတ်ယူရန်၊ ငွေချေးသက်သေခံလက်မှတ်များ လျှောက်ထားရယူရန် အတွက်ဖြစ်သည်။

ကွယ်လွန်သူကျန်ရှိသော ဥစ္စာပစ္စည်းများ (property) အတွက် အမွေဆက်ခံခွင့်လက်မှတ် (S.C) ထုတ်ပေးနိုင်မည် မဟုတ်ပါ။ ဦးထွန်းမောင် နှင့် ဦးစံဝင်းပါ၂ (၁၉၉၄၊ မတစ၊စာ - ၇၀)

-------

လျှောက်လွှာတွင်ပါရှိရမည့်အချက်များ။

xxxxxxxxxxxxxxxxxxxxx

အမွေထိန်းစာ(L.A) လျှောက်လွှာတွင် ပါရှိရမည့် အချက်များကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၇၈ တွင် ပြဌာန်းထားပြီး အမွေဆက်ခံခွင့်လက်မှတ် (S.C) လျှောက်လွှာတွင် ပါရှိရမည့် အချက်များကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၃၇၂ တွင် ပြဌာန်းထားပါသည်။

-----

လျှောက်လွှာ နှင့်စပ်လျဉ်း၍ ဖွင့်လှစ်ရမည့် အမှုအမျိုးအစား

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမအထွေထွေမှု ဖွင့်လှစ်ရန်ဖြစ်ပါသည်။

-----

လျှောက်လွှာ နှင့်စပ်လျဉ်းသည့် အကြောင်းကြားစာ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားရုံးသည် လျှောက်လွှာကို လက်ခံရန်အကြောင်းရှိသည်ဟုကျေနပ်လျှင် ကြားနာရန် အကြောင်းကြားစာကိုထုတ်ဆင့်ရပါသည်။ အမွေထိန်းစာ(L.A) အတွက် အကြောင်းကြားစာပုံစံမှာ တရားမပုံစံအမှတ် - ၁၃၄ ဖြစ်ပြီး အမွေဆက်ခံခွင့်လက်မှတ် (S.C) တရားမပုံစံအမှတ် - ၁၄၁ ဖြစ်ပါသည်။ အများအားဖြင့်သတင်းစာမှနေ၍ အကြောင်းကြားစာထုတ်ဆင့်ကြပါသည်။

-----

ကန့်ကွက်ခွင့်ရှိသူ။

xxxxxxxxxxxxxx

အမွေထိန်းစာလျှောက်ထားမှုတွင်ကန့်ကွက်ခွင့်ရှိသူသည် မည်ကဲ့သို့သောသူဖြစ်ရမည်ဟု ထိုပုဒ်မ တွင်ဖြစ်စေ၊ အခြားပုဒ်မ တစ်ရပ်ရပ်တွင်ဖြစ်စေ ပြဌာန်းထားခြင်း မရှိချေ။

ဦးမြသန်း နှင့် ဦးခင်မောင်စိုး (၂၀၀၆၊မတစ၊စာ-၃၉)

အမွေဆက်ခံခွင့်လက်မှတ် (S.C) တွင်လည်း အလားတူပင် ပြဌာန်းချက်မရှိပါ။

----

အကြောင်းကြားစာထုတ်ဆင့်ပြီးနောက် တင်သွင်းသည့် ကန့်ကွက်လွှာ

Xxxxxxxxxxx Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ ချေလွှာပုံစံဖြင့် တင်သွင်းကန့်ကွက်ရမည်။

မူသူးကူမာရာဆွာမိပီလေး ပါ ၂ နှင့် ဂျန်နီကီးအမ်မားလ် (အောက်မြန်မာ၊ အတွဲ ၁ ၊စာ - ၂၁၂)

-------

အကြောင်းကြားစာထုတ်ဆင့်ပြီးနောက်ကန့်ကွက်သူပေါ်လာလျှင်

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကန့်ကွက်သူပေါ်လာပါက အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၉၅ အရ အမွေထိန်းစာလျှောက်ထားမှုတွင် “တရားမကြီးမှု” ပြောင်းလဲရေးဖွင့်၍ စစ်ဆေးရန်ဖြစ်ပါသည်။ ဦးမြသန်း နှင့် ဦးခင်မောင်စိုး (၂၀၀၆၊မတစ၊ စာ -၃၉)

အမွေဆက်ခံခွင့်လက်မှတ်လျှောက်ထားမှုတွင် “တရားမကြီးမှု” ပြောင်းလဲရေးဖွင့်ရန် မလိုပါ။ မထွေမှုတွင်ပင် စစ်ဆေးရန်ဖြစ်ပါသည်။ ဦးကျော်ဝင်းအောင် နှင့် ဒေါ်ညွန့် ပါ(၃) (၁၉၈၄၊မတစ၊စာ ၁၂၁) အမှု နှင့် ဦးထွန်းမောင် နှင့် ဦးစံဝင်း ပါ ၂ (၁၉၉၄၊မတစ၊စာ - ၇၀)တွင်ကြည့်ပါ။

------

တရားရုံးကစိစစ်ရမည့်အချက်များ။

xxxxxxxxxxxxxxxxxxxxxxxx

အမွေထိန်းစာ လျှောက်ထားမှုများကို ဆုံးဖြတ်စီရင်ရာ၌ လျှောက်ထားသူတွင် အမွေဆက်ခံခွင့်ရှိမရှိ နှင့် အမွေထိန်းစာလက်ခံထိုက်သူ ဟုတ်မဟုတ်စသော ပြသနာကို စီစစ်ရမည်ဖြစ်သည်။ ဒေါ်သန်းညွန့် နှင့် ဒေါ်ကြီး (၁၉၇၆၊မတစ၊ စာ - ၆၈)

အမွေဆက်ခံခွင့်လက်မှတ်ထုတ်ပေးရေးကိစ္စများတွင် အဓိကအဆုံးအဖြတ်ပေးရမည့် အချက်မှာ လျှောက်ထားသူသည် သေသူ၏ကြွေးမြီများကို ကောက်ခံသိမ်းဆည်းခွင့်ရှိသူ ဟုတ်မဟုတ် ဆိုသည့်အချက်ဖြစ်သည်။ ဦးဘသောင်း နှင့် ဒေါ်မြကေ (၁၉၇၉၊မတစ၊စာ-၉၀)

------

လက်မှတ်ထုတ်ပေးခြင်း နှင့် ငြင်းဆိုခြင်း။

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားရုံးသည် မိမိသဘောအတိုင်း ကွယ်လွန်သူ၏ပစ္စည်းအားလုံးနှင့်စပ်လျဉ်း၍ဖြစ်စေ၊ မိမိစီရင်ပိုင်ခွင့်ဒေသ အတွင်း၌ သာရှိသော ပစ္စည်းနှင့်စပ်လျဉ်း၍ ဖြစ်စေ အမွေထိန်းစာ(L.A)ထုတ်ပေးနိုင်သည် ။ (အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၇၁)

အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၉၈ အရ အမွေထိန်းစာ(L.A)ထုတ်ပေးရန် တရားရုံးက ငြင်းဆိုနိုင်သည်။

အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၃၆ အရ အရွယ်မရောက်သေးသူ နှင့် စိတ်ပေါ့သွပ်သူများအား အမွေထိန်းစာ(L.A) ထုတ်မပေးနိုင်ပါ။

အမွေဆက်ခံခွင့်လက်မှတ်မည်သူသို့ ထုတ်ပေးရန်ဖြစ်သည်ကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ -၃၇၃(၂) နှင့် ၃၇၃(၃)အရ ဆုံးဖြတ်ရန်သာဖြစ်ပါသည်။ ပုဒ်မ - ၃၇၃(၄) အရ အရေးဆိုသူများကို ပူးတွဲ၍လည်း လက်မှတ်ထုတ်ပေးနိုင်ပါသည်။

-----

လက်မှတ်ထုတ်ပေးခြင်း။

Xxxxxxxxxxxxxxxxxx

အမွေထိန်စာလက်မှတ်ကို တရားမပုံစံ - ၁၃၉ ဖြင့်ထုတ်ပေးရပါသည်။ အမွေထိန်းစာပုံစံကို တရားရုံးများလက်စွဲအပိုဒ် - ၃၃၃ အရ နှိပ်တံဆိပ်ခေါင်းပေါ်တွင် ရေးသားရန်ဖြစ်ပါသည်။

အမွေဆက်ခံခွင့်လက်မှတ်ကို တရားမပုံစံ - ၁၄၂ ဖြင့်ထုတ်ပေးပါသည်။

------

ခံဝန်ချုပ်ဆိုခြင်း၊

xxxxxxxxxx

အမွေထိန်းစာရသူသည် အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၉၁ အရ ခံဝန်ချုပ်ဆိုရပါသည်။ ခံဝန်ပုံစံမှာ တရားမပုံစံ - ၁၃၆ ဖြစ်ပါသည်။ တံဆိပ်ခေါင်းအက်ဥပဒေ ဇယား - ၁ ၊ အမှတ်စဉ်- ၂ အရ တံဆိပ်ခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။

အမွေဆက်ခံခွင့်လက်မှတ်ရသူသည် အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၇၅ အရ ခံဝန်ချုပ်ဆိုရပါသည်။ ခံဝန်ပုံစံမှာ တရားမပုံစံ - ၁၃၇ ဖြစ်ပါသည်။ တံဆိပ်ခေါင်းအက်ဥပဒေ ဇယား - ၁ ၊ အမှတ်စဉ်- ၅၇ အရ တံဆိပ်ခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။

------

အယူခံ။

xxxxx

အမွေထိန်းစာလျှောက်ထားမှုတွင်ချမှတ်သော အမိန့်ကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၉၉ အရ အယူခံတင်သွင်းရန်ဖြစ်ပါသည်။

အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားမှုတွင်ချမှတ်သော အမိန့်ကို အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၃၈၄ အရ အယူခံတင်သွင်းရန်ဖြစ်ပါသည်။



Credit : Htun Myo Htay

Comments