အမည်ပေါက်ပိုင်ရှင်မဟုတ်တဲ့သူဆီက အရပ်စာချုပ်နဲ့ ဝယ်ယူခြင်း
တခါတခါမှာ ဥပဒေပြဌာန်းချက်တွေ စီရင်ထုံးတွေက လူညစ်ပတ်တွေကို အကာအကွယ် ပေးထားသလားလို့ စဥ်းစားရမဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ် အမှန်တကယ်ကတော့ ဥပဒေပြဌာန်းချက်တွေ စီရင်ထုံးအဆုံးအဖြတ်တွေကို လက်တလုံးခြားလုပ်တယ် လို့ ပြောဆိုရမှာ ဖြစ်တာကြောင့် အဲဒါမျိုးကို သိနားလည်ပြီး ရှင်းလင်းအောင်သိဖို့ တရားစွဲဆိုတတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်
မြင်သာအောင် တခုကို ပြောပါ့မယ်
ဂရန်အမည်ပေါက်ပိုင်ရှင်ဆီကနေ လူတဦးက အရပ်စာချုပ်နဲ့ဝယ်ယူပြီး နှစ်အတော်ကြာလက်ရှိနေထိုင်အသုံးပြုပြီးတဲ့နောက် အခြားသူတဦးက အဲဒီလူဆီကနေ အရောင်းအဝယ်ကတိစာချုပ် ချုပ်ဆို ငွေကြေးပေးဝယ်ယူပါတယ် အဲဒီနောက် ရောင်းတဲ့အဲဒီလူက ဝယ်သူကို မြေနဲ့အဆောက်အဦကို လက်ရောက်ပေးတာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးတာ ခြင်းတော့မရှိပါ။
ယင်းအခြေအနေတွင် နောက်ဆုံးဝယ်ယူသူက ဂရန်အမည်ပေါက်ပိုင်ရှင်ဆီက အရပ်စာချုပ်ဖြင့်ဝယ်ယူထားသည့် ရောင်းသူအပေါ် အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆို ပေးဖို့နဲ့ မြေနဲ့အဆောက်အဦ လက်ရောက်ရဖို့ အမှုစွဲပါတယ်။
အဲဒီ ဖြစ်ရပ်အတိုင်းဆိုရင် ဝယ်တဲ့သူဟာ အနိုင်ရသင့်သလား အနိုင်မရသင့်ဘူးလား။
မြို့နယ်တရားရုံးမှာ တရားစွဲဆိုတော့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး လက်ရောက်ပေးအပ်ဖို့ ဝယ်သူစွဲဆိုတဲ့အတိုင်း အနိုင်ဒီကရီချပါတယ်။
ရောင်းသူက တိုင်းတရားရုံး(အဲဒီအချိန်က ခရိုင်တရားရုံးလို့ သတ်မှတ်တာမရှိသေးပါဘူး)ကို အယူခံဝင်ရာမှာ ရောင်းသူဟာ အချင်းဖြစ်မြေနဲ့အဆောက်အဦကို မပိုင်ပါဟုဆိုပြီး အကြောင်းအရာအသစ်ကို အယူခံအကြောင်းပြချက်အဖြစ် တင်ပြပါတယ်၊ အဲဒါကိုလက်ခံစရာ အကြောင်းမရှိဘူးလို့ သုံးသပ်ပြီး အယူခံမှုကို ပလပ်တော့ ဝယ်သူဘဲအနိုင်ရပါတယ်။
ရောင်းသူက တရားရုံးချုပ်ကို ထပ်မံပြီး အယူခံဝင်ရာမှာ အကျဥ်းနည်းပလပ်ပါတယ်။
အဲဒီတော့ ရောင်းသူက တရားမအထူးအယူခံဝင်ရောက်ခွင့်ပြုဖို့ လျှောက်ထားရာမှာတော့ -
" မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ဝယ်တဲ့သူက ရောင်းတဲ့သူအပေါ် အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးဖို့နဲ့ လက်ရောက်ရဖို့ စွဲဆိုတဲ့အမှုမှာ အဲဒီပစ္စည်းကို ရောင်းတဲ့သူ တရားဝင်မပိုင်ဆိုင်ကြောင်း ပေါ်ပေါက်ပါရဲ့နဲ့ ဒီကရီချမှတ်ပေးတာ မှန် - မမှန် " ဆိုတဲ့ ဥပဒေပြဿနာ ထုတ်နှုတ်ပြီး အထူးအယူခံဝင်ရောက်ခွင့်ပြုပါတယ်။
အထူးအယူခံမှုမှာ ဝယ်သူစွဲဆိုတဲ့အမှုကို ပလပ်တဲ့အမိန့်ချမှတ်ပါတယ်။
မြေတွေ အဆောက်အဦတွေကို အမည်ပေါက်ပိုင်ရှင်မဟုတ်တဲ့သူဆီက ဝယ်ယူရာမှာ ဘယ်လိုဆောင်ရွက်သင့်တယ်၊ အမည်ပေါက်ပိုင်ရှင်မဟုတ်တဲ့သူဆီက အရပ်စာချုပ်နဲ့ ဝယ်ထားသူတွေအတွက် ဘယ်လိုအခွင့်အရေးတောင်းဆိုသင့်တယ် ဆိုတာ စဥ်းစားဆောင်ရွက်နိုင်ကြစေဖို့ ဦးစိုးမြင့် နှင့် ဦးအောင်ကျော်မင်း ပါ- ၂၊ ၂၀၀၁ ၊ မ-တ-စ ၊ စာ - ၁၆၇ (အထူးအယူခံ) စီရင်ထုံးကို ဖတ်ရှု့ ပါရန်။
Comments
Post a Comment