ပုံစံ ၁၀၅ / ၁၀၆ ဘယ်လိုလျောက်ထားခြင်း
ပုံစံ ၁၀၅ / ၁၀၆ ဘယ်လိုလျောက် ရသလဲ၊ ဘယ်လိုထုတ်ပေးပါသလဲ....။
မြေစာရင်း ပုံစံ ၁၀၅/၁၀၆ နဲ့ပတ်သက်လို့ မြေစာရင်းဌာန ယခု လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရဲ့ မြေပုံရေးကူးခြင်းနဲ့ ပတ်သက်ပြီး အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း(ဂ)၊ Record of Possession လက်ရှိဖြစ်မှုကို စာရင်းတင်မှတ်သားခြင်းမှာ-
“၂၈။ ဤအခန်းနှင့် သက်ဆိုင်သည့် မြို့များအတွက် အခွန်တော်အရာရှိက မြို့မြေစာရင်းကို ရေးမှတ်ထားပြီးလျှင်၊ နိုင်ငံတော်သမ္မတက ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ သတ်မှတ်သည့် အကြောင်းအရာများနှင့်တကွ မြို့အတွင်းရှိမြေများကို လက်ရှိထားသူတို့၏ အမည်များကို ရေးသွင်းမှတ်သားရမည်။
၃၄။ မြေတစ်စုံတစ်ရာကို မည်သူက လက်ရှိဖြစ်သူ အမှန်ဖြစ်ကြောင်း သိရှိနိုင်ရန် အခွန်တော်အရာရှိသည် မည်သည့်အချိန်တွင်မဆို အကျဉ်းနည်းဖြင့် စစ်မေး၍ လက်ရှိဖြစ်ကြောင်း ထင်ရှားသူ၏ အမည်ကို မြို့မြေစာရင်းတွင် ထည့်သွင်း မှတ်သားခွင့်ရှိသည်။
၃၅။ မြေတစ်စုံတစ်ရာ၏ လက်ရှိဖြစ်သူအဖြစ် မြို့မြေစာရင်းတွင် အမည်ရေးသွင်းချက်သည် ထိုသူသည် အဆိုပါ မြေကို လက်ရှိဖြစ်ဘူးကြောင်း သို့မဟုတ် လက်ရှိဖြစ်သူဖြစ်ကြောင်း မှတ်ယူရမည့် သက်သေခံချက် ဖြစ်စေရမည်။”
ဤအက်ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများတွင် ဖေါ်ပြပါရှိမှု မရှိသေးသော မြေများအပေါ် ဆောင်ရွက်ရန်ညွှန်ကြားချက် အတွက် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ ဥပဒေ လက်စွဲစာအုပ်၏ နောက်ဆက်တွဲ-၂ ပါ မြို့မြေပိုင်ဆိုင်မှု စိစစ်ရန်၊ မြေတိုင်းတာရန်၊ နယ်နိမိတ် ပိုင်းခြားသတ်မှတ် အတည်ပြုရန်၊ မြို့မြေစာရင်း ရေးသွင်းရန် ၊ ထပ်မံမြေတိုင်းတာရန် ဆင့်ဆိုချက်များမှ ကောက်နှုတ်ချက် တွင်ဖေါ်ပြထားပါသည်။
ဤအက်ဥပဒေ ပုဒ်မ ၂၈ မှ ၃၄ အထိ ပြဌာန်းဖေါ်ပြသည့် အခွန်တော်အရာရှိဆိုသည်နှင့် စပ်လျှဉ်း၍ ၂၀-၁-၁၉၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈ ၊ ၂၈-၄-၁၉၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၇ တို့တွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးတို့အား လုပ်ပိုင်ခွင့် အပ်နှင်းခြင်းကို ဖေါ်ပြထားပါသည်။
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်းဌာန) တွင် မြေပုံရေးကူးခြင်းအပိုင်းကို The Burma Land Records Manual မြန်မာနိုင်ငံ မြေစာရင်းလက်စွဲတွင် အပိုင်း(၁)၊ အခန်း(၉) အခန်းငယ် (က) မှ အခန်းငယ် (ဂ) အထိ ပြဌာန်းထားပါသည်။ ယင်းအနက် အခန်းငယ် (က)၊ မှတ်တမ်းထိန်း အမှုထမ်းများအတွက် အရေးအကြီးဆုံး ပြဌာန်းချက်မှာ အပိုဒ် ၃၈၀ ဖြစ်ပါသည်။ ယင်းအပိုဒ်တွင် အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-
“၃၈၀။ မြေစာရင်းအမှုထမ်းတို့ ထိန်းသိမ်းထားသည့် အောက်ဖေါ်ပြပါ မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးနိုင်ခွင့် ရှိသည့်အပြင် မိတ္တူ သို့မဟုတ် ကောက်နှုတ်ချက်များ ရေးကူးပေးနိုင်ခွင့်လည်းရှိသည်။ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် အက်ဥပဒေ၊ အောက်မြန်မာနိုင်ငံ မြို့ရွာရှိ မြေယာအက်ဥပဒေနှင့် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် ရက်ဂူလေးရှင်း ဥပဒေများ အရလည်းကောင်း၊ ထိုဥပဒေများအရ ပြုသည့် နည်းဥပဒေများအရသော်လည်းကောင်း ရေးသားပြုစုထားသည့် မှတ်ပုံစာရင်းနှင့် မြေပုံများဖြစ်သည်။ သို့သော် မည်သူတဦးတယောက်အားမျှ ရုံးလုပ်ငန်းနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများကို ကြည့်ရှု စစ်ဆေးနိုင်ခွင့်နှင့် မိတ္တူရေးကူးခွင့် မပြုနိုင်ချေ။” ယင်း မှတ်ပုံစာရင်းနှင့် မြေပုံများကို မိတ္တူများလျှောက်ထားခြင်းနှင့် စပ်လျှဉ်း၍ အခန်းငယ် (ဂ) တွင် အပိုဒ် ၃၈၉ မှ ၃၉၈ အထိ ပြဌာန်းသတ်မှတ်ထားပါသည်။
သို့ရာတွင် ယင်းနှင့် စပ်လျှဉ်း၍ လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ ၁၉၉၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် စာအမှတ် ၆၈၄၅/ ၂ ဖ ၁/၉၄ ဖြင့် ထုတ်ပြန်သည့် အမြဲအမိန့် ၁/၉၄ ဖြင့် မြေစာရင်းဝန်ထမ်းများက မှတ်ပုံတင်စာရင်းနှင့် မြေပုံများမှ မိတ္တူရေးကူးပေးရာတွင် တပြေးညီ လိုက်နာကျင့်သုံး ဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။ ယင်းညွှန်ကြားစာတွင် အသုံးပြုရမည့် ပုံစံများနှင့် စပ်လျှဉ်း၍ အောက်ပါအတိုင်း ဖေါ်ပြထားပါသည်-
“(က) အသုံးပြုရမည့် ပုံစံများ
မြေစာရင်း လက်စွဲဥပဒေအရ မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးရာတွင် အသုံးပြုရသည့် အောက်ဖေါ်ပြပါ ပုံစံများအား မျက်မှောက်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပူးတွဲပါနမူနာပုံစံများအတိုင်း ပြင်ဆင်အသုံးပြုရမည်။
(၁) မြေစာရင်းပုံစံ ၁၀၃။ မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ ရေးကူးခွင့် လျှောက်လွှာပုံစံ၊
(၂) မြေစာရင်းပုံစံ ၁၀၅။ မှန်ကြောင်း သက်သေမခံ/ သက်သေခံသော လက်ရှိမြေပုံတွင် ယခုနှစ် အသုံးပြုသော ဦးပိုင်မြေပုံလက်ခံ ရေးကူးရန်ပုံစံ၊
(၃) မြေစာရင်းပုံစံ ၁၀၆။ ဦးပိုင်တစ်ခု၏ ရာဇဝင်၊
(၄) မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးကြောင်း မှတ်တမ်းစာအုပ်။” ဆိုလိုသည်မှာ မိတ္တူကူးလိုသူတို့အနေဖြင့် မြေစာရင်းပုံစံ ၁၀၃ ဖြင့် လျှောက်ထားကာ၊ ဌာနအနေဖြင့် မြေစာရင်းပုံစံ ၁၀၅ ကိုအသုံးပြု၍ ယခုနှစ်အသုံးပြုသော ဦးပိုင်မြေပုံမှ သက်ဆိုင်ရာမြေကွက်၏ မြေပုံကို ကူးယူပေးရန်နှင့် မြေစာရင်းပုံစံ ၁၀၆ ကို အသုံးပြုကာ လျှောက်ထားသည့် ဦးပိုင်၏ မြေရာဇဝင်ကောက်နှုတ်ချက်ကို ကူးပေးရန် ဖြစ်ပါသည်။ ထို့နောက် လျှောက်ထားခြင်းအတွက် ဆောင်ရွက်ရန် အချက်များကို အောက်ပါအတိုင်း ဆက်လက်ဖေါ်ပြထားပါသည်-
“(ခ) မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးခွင့်လျှောက်ထားခြင်း ကိစ္စနှင့်ပတ်သက်၍ လိုက်နာရန်
(၁) မြေစာရင်းပုံစံ ၁၀၃ (ပြင်ဆင်ချက်)ဖြင့် မြို့နယ် မြေစာရင်းဦးစီးဌာနမှူးထံ လျှောက်ထားရမည်၊
(၂) မြေစာရင်းပုံစံ ၁၀၃ ၏ အပိုင်း-၁ မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့်လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖေါ်ပြ၍ လက်မှတ်ရေးထိုးရပါမည်၊
(၃) ရေးကူးလိုသည့် မြေကွက်အကြောင်းအရာ အချက်အလက်များကို သက်ဆိုင်ရာစာရင်းမြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာ ရေးသွင်းဖေါ်ပြရပါမည်၊
(၄) လျှောက်ထားသူမှ ရေးကူးလိုသည့် အကြောင်းအရာ (ဥပမာ စာချုပ်စာတမ်းချုပ်ဆိုမှတ်ပုံတင်ပြုလုပ်ရန်/ တရားရုံးသက်သေခံတင်ပြရန်/ အနားလေးရပ်မြေတိုင်းတာရန် စသည်တို့ကို ဖေါ်ပြရပါမည်။)
(၅) လျှောက်လွှာတွင် ပိုင်ဆိုင်သူ(သို့မဟုတ်)သက်ဆိုင်သူ ကိုယ်တိုင် လျှောက်ထားလျှင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့် သက်ဆိုင်ကြောင်း အထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင် ကိုယ်စားလှယ်လွှဲစာကို လည်းကောင်း ပူးတွဲ တင်ပြရပါမည်၊
(၆) လျှောက်လွှာကို မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခြင်း မှတ်တမ်းစာအုပ်တွင် ရေးသွင်း၍ လျှောက်လွှာအမှတ်စဉ် ရေးထိုးရပါမည်။” မြေပုံနှင့်မြေရာဇဝင် ကူးယူရန် မြေစာရင်းပုံစံ ၁၀၃ ဖြင့် လျှောက်ထားမှုအပေါ် စစ်ဆေးခြင်း၊ ကူးယူရန်ခွင့်ပြုခြင်းနှင့် စိစစ်အတည်ပြုခြင်း ကဏ္ဍအတွက် အောက်ပါအတိုင်း ဆက်လက် ဖေါ်ပြထားပါသည်-
“(ဂ) စစ်ဆေးခြင်း၊ ရေးကူးခွင့်ပြုခြင်းနှင့် စိစစ်အတည်ပြုခြင်းနှင့်ပတ်သက်၍ လိုက်နာရန်
(၁) မြေစာရင်းပုံစံ ၁၀၃(ပြင်ဆင်ချက်) ၏ အပိုင်း-၂ တွင် မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းအပေါ် စစ်ဆေးခြင်၊ ရေးကူးခွင့်ပြုခြင်းနှင့် စိစစ်အတည်ပြုခြင်းကို မှတ်တမ်းရေးသွင်း ရပါမည်၊
(၂) မြို့နယ် မြေစာရင်းဦးစီးဌာနမှူးသည် သက်ဆိုင်ရာ လက်ထောက်ဦးစီးမှူးအား ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ လျှောက်ထားသည့် မြေကို ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိချက်ကို ပြန်တင်ရန် အမိန့်ချမှတ်ရပါမည်၊
(၃) လက်ထောက်ဦးစီးမှူးသည် ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ လျှောက်ထားသည့်မြေကို ကွင်းဆင်း စစ်ဆေးပြီး လျှောက်ထားသည့်မြေကွက်သည် အမှန်ရေးကူးလိုသည့် မြေကွက် မှန်/မမှန်၊ မြေကွက်ပေါ်တွင် လက်ရှိအသုံးပြုနေမှုအခြေအနေ (ဥပမာ-လူနေအဆောက်အဦး/စက်ရုံ၊ အလုပ်ရုံ စသည်တို့နှင့် ပုံသဏ္ဍာန် အမျိုးအစားကို ဖေါ်ပြရန်) မြေကြီးမြေပုံ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ (ကွဲလွဲပါက မည်သို့ကွဲလွဲသည်ကို ရှင်းလင်းဖေါ်ပြရန်)နှင့် ဘိုးဘွားပိုင်မြေနှင့် လယ်ယာမြေဖြစ်ပါက လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)အရ ကင်းလွတ်ခွင့် ရပြီး/မပြီး၊ အမှုအမှတ်နှင့် နေ့စွဲ (သို့မဟုတ်) လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ အရ သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် ဆင့်ဆိုသည့် အမိန့်အမှတ်နှင့် နေ့စွဲတို့ကိုလည်းကောင်း၊ လိုင်စင်၊ ဂရန် စသည့် အစိုးရမှ အငှားချထားသည့်မြေများ ဖြစ်ပါက အမှုအမှတ်နှင့်၊ နေ့စွဲနှင့် သက်တမ်းကာလတို့ကိုလည်းကောင်း ဖေါ်ပြရပါမည်။
(၄) မြို့နယ် မြေစာရင်းဦးစီးဌာနမှူးသည် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်ကို လေ့လာစိစစ်၍ ရေးကူးခွင့် ပြုမိန့်ကို ချမှတ်ပေးရပါမည်၊
(၅) မြို့နယ် မြေစာရင်း ဦးစီးဌာနမှူး၏ ရေးကူးခွင့်ပြုမိန့်ကို ရရှိသည့်အခါ မြေတိုင်းစာရေးသည် မြေပုံလက်ခံ ရေးကူးရန် အတွက် မြေစာရင်းပုံစံ ၁၀၅ (ပြင်ဆင်ချက်)ဖြင့် လည်းကောင်း၊ ဦးပိုင်မြေကွက်ရာဇဝင် ရေးကူးရန်အတွက် မြေစာရင်းပုံစံ ၁၀၆ (ပြင်ဆင်ချက်)ဖြင့်လည်းကောင်း တည်ဆဲနှစ်အတွက် အသုံးပြုလျက်ရှိသည့် နောက်ဆက်တွဲ တိုင်းတာခြင်း မြေပုံနှင့် မှတ်ပုံတင်စာရင်းများမှ မိတ္တူရေးကူးရပါမည်။ ထိုမိတ္တူပေါ်တွင် မြေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည့်စုံစွာ ဖေါ်ပြရမည့်အပြင် လျှောက်လွှာတွင် ဖေါ်ပြပါရှိသည့်အတိုင်း မည်သည့်အတွက် ရေးကူးပေးသည်ကို မပျက်မကွက် ထည့်သွင်း ဖေါ်ပြရပါမည်။ အထက်ပါ ရေးကူးချက်များကို မည်သည့်ခုနှစ်အတွက် အသုံးပြုသော နောက်ဆက်တွဲ တိုင်းတာခြင်း မြေပုံနှင့် စာရင်းများမှ မှန်ကန်စွာရေးကူးပေးကြောင်း မှတ်ချက်ပြုဖေါ်ပြ၍ လက်မှတ်ရေးထိုး ရပါမည်။
(၆) လက်ထောက်ဦးစီးမှူးက မြေတိုင်းစာရေး၏ ရေးကူးချက်များကို စာရင်းမြေပုံများဖြင့် တိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရပါမည်၊
(၇) ထို့နောက် မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးက ထပ်ဆင့်စစ်ဆေး အတည်ပြုပြီး ရုံးတံဆိပ် ရိုက်နှိပ်ရပါမည်။”
မြေစာရင်းပုံစံ ၁၀၃ ဖြင့် လျှောက်ထားချက်အတွက် မြို့နယ်ဦးစီးမှူးက လက်ထောက်ဦးစီးမှူးနှင့် သက်ဆိုင်ရာ မြေတိုင်းစာရေးကို လျှောက်ထားသည့် မြေကွက်နေရာကို ကွင်းဆင်း၍ အမှန်ရေးကူးလိုသည့် မြေကွက် မှန်/မမှန်၊ မြေကွက်ပေါ်တွင် လက်ရှိအသုံးပြုနေမှု အခြေအနေ၊ မြေကြီးမြေပုံ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ နှင့် ဘိုးဘွားပိုင်မြေနှင့် လယ်ယာမြေဖြစ်ပါက လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)အရ ကင်းလွတ်ခွင့် ရပြီး/မပြီး၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ အရ သတ်မှတ်သည့် နည်းလမ်းအတိုင်းအသုံးပြုရန် ဆင့်ဆိုသည့် အမိန့်ရရှိမှု၊ လိုင်စင်၊ ဂရန် စသည့် အစိုးရမှ အငှားချထားသည့်မြေများ ဖြစ်ပါက သက်တမ်းကာလတို့ကို စိစစ်တင်ပြစေရပါသည်။ ထိုကွင်းဆင်း စိစစ်ချက်အပေါ်အခြေခံ၍ မြို့နယ်ဦးစီးမှူးက ရေးကူးခွင့်အမိန့်ချမှတ်မည်ဖြစ်ပါသည်။
ထိုသို့ခွင့်ပြုမိန့်ချမှတ်မှသာ မြေတိုင်းစာရေးက မြေပုံလက်ခံ ရေးကူးရန် အတွက် မြေစာရင်းပုံစံ ၁၀၅ ဖြင့် လည်းကောင်း၊ ဦးပိုင်မြေကွက်ရာဇဝင် ရေးကူးရန်အတွက် မြေစာရင်းပုံစံ ၁၀၆ ဖြင့်လည်းကောင်း တည်ဆဲနှစ်အတွက် အသုံးပြု လျက်ရှိသည့် နောက်ဆက်တွဲတိုင်းတာခြင်း မြေပုံနှင့် မှတ်ပုံတင်စာရင်းများမှ မိတ္တူရေးကူးရပါမည်။ ထိုမြေပုံတွင် လက်ထောက်ဦးစီးမှူးက တိုက်ဆိုင်စစ်ဆေးပြီးကြောင်း လက်မှတ်ထိုး တင်ပြသည့်အခါ မြို့နယ်ဦးစီးမှူးက အတည်ပြုလက်မှတ် ရေးထိုးပေးမည်ဖြစ်ပါသည်။ မြေပုံမြေရာဇဝင် မိတ္တူကူးယူခွင့် လျှောက်ထားခြင်းအတွက် ရေးကူးခ၊ တံဆိပ်ခေါင်းခွန်တို့ ပေးဆောင်စေခြင်းနှင့် မိတ္တူရေးကူး ထုတ်ပေးခြင်တို့အတွက် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်-
“(ဃ) ရေးကူးခနှင့် တံဆိပ်ခေါင်းတန်ဘိုးပေးဆောင်ခြင်းနှင့် မိတ္တူရေးကူးထုတ်ပေးခြင်း
(၁) မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ ရေးကူးခကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ ၂၉-၈-၁၉၉၀ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမြဲအမိန့်အမှတ်(၁)ထိ ပြင်ဆင်နှုန်းထားများအရ ရယူရန် ဖြစ်ပါသည်။ မှန်ကန်ကြောင်း သက်သေခံ မိတ္တူများပေါ်တွင် ကပ်ရန် ရုံးခွန်တံဆိပ်ခေါင်းကို မြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၂၉၈ နှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၇/၉၀) တို့အရ ကပ်နှိပ်စေရန် ဖြစ်သည်။
(၂) ရေးကူးခနှင့် တံဆိပ်ခေါင်းတန်ဘိုး ပေးဆောင်ခြင်း၊ မိတ္တူရေးကူးထုတ်ပေးရန် ချိန်းဆိုခြင်းနှင့် ရေးကူးထုတ်ပေးခြင်း တို့အား မြေစာရင်းပုံစံ ၁၀၃ (ပြင်ဆင်ချက်) အပိုင်း-၃ နှင့် အပိုင်း-၄ တို့တွင် မှတ်တမ်း ရေးသွင်းရပါမည်။ အပိုင်း-၄ မှာ လျှောက်သူသို့ မိတ္တူထုတ်ပေးရန် ချိန်းဆိုသည့် ဖြတ်ပိုင်း ဖြစ်ပါသည်။
(၃) လျှောက်သူသို့ လက်ခံထုတ်ပေးသည့်အခါ အပိုင်း-၃ တွင် လျှောက်သူ၏ ရရှိကြောင်းလက်မှတ် ရေးထိုးစေရမည့်အပြင် မှတ်တမ်းစာအုပ်တွင် ရေးသွင်းပြီး လက်ခံရရှိကြောင်း လက်မှတ် ရေးထိုးစေရပါမည်။” အစိုးရဌာနရှိ စာရွက်စာတမ်းကို မိတ္တူကူးယူခြင်းဖြစ်ရာ၊ ရုံးခွန်အက်ဥပဒေတွင် နောက်ဆုံးပြင်ဆင်သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်အရ မိတ္တူတွင်ကပ်ရန် တံဆိပ်ခေါင်းတန်ဘိုးနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သတ်မှတ်ထားသည့် မိတ္တူရေးကူခငွေတို့ကို လျှောက်ထားသူအနေဖြင့် ပေးသွင်းစေရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည့် ငွေကို ပေးဆောင်ကြောင်းကိုလည်း မှတ်တမ်းတင်မည်ဖြစ်ပါသည်။ ထို့နောက် ရေးကူးပေးသည့် မြေပုံနှင့်မြေရာဇဝင် မိတ္တူပေါ်တွင် တံဆပ်ခေါင်းကပ်ကာ၊ လျှောက်ထားသူသို့ ထုတ်ပေးမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ကျသင့်ငွေများ ပေးချေပြီး ထုတ်ပေးရန် ရက်ချိန်းပေးရမည့်အကြောင်းအရာအတွက် အောက်ပါအတိုင်း ဆက်လက် ဖေါ်ပြထားပါသည်-
“(င) လျှောက်သူသို့ မိတ္တူထုတ်ပေးရန် ချိန်းဆိုခြင်း
(၁) မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးက မှတ်တမ်းရေးကူး ခွင့်ပြုမိန့် ချမှတ်ပြီးနောက် လျှောက်သူက ကျသင့်သည့် ရေးကူးခ ငွေများ ပေးဆောင်ပြီးလျှင် မြေပုံ/မှတ်တမ်းကောက်နှုတ်ချက် မိတ္တူမှန်ကို ရေးကူးပြီး လျှောက်သူသို့ ရေးကူးထုတ်ပေးနိုင်မည့် ရက်ကို ဖေါ်ပြ၍ လျှောက်သူသို့ မိတ္တူထုတ်ပေးရန် ချိန်းဆို သည့်ရက်ကို မြေစာရင်းပုံစံ-၁၀၃ (ပြင်ဆင်ချက်) အပိုင်း-၄ တွင် ရေးသွင်းဖေါ်ပြရပါမည်။
(၂) ဤအပိုင်းကို လျှောက်သူသို့ ဖြတ်ပိုင်းအဖြစ် ပေးလိုက်ရန် ဖြစ်ပါသည်။ ချိန်းဆိုသည့်ရက်တွင် ဤဖြတ်ပိုင်းကိုတင်ပြစေ၍ ရေးကူးပြီးသည့် မြေပုံ/မှတ်တမ်းမိတ္တူကို ထုတ်ယူခွင့်ပြုရန် ဖြစ်ပါသည်။”
ဤညွှန်ကြားချက်အရ လျှောက်ထားလွှာဖြစ်သည့် မြေစာရင်းပုံစံ ၁၀၃ ၏ အပိုင်း (၄) တွင် မြေပုံ၊ မြေရာဇဝင်မိတ္တူ ထုတ်ပေးမည့် ရက်ချိန်းသတ်မှတ်ချက်ကို ရေးသား၍ လျှောက်ထားသူသို့ ပေးရန်ဖြစ်သည့်အချက်ကို သတိပြုကြရန် လိုအပ်ပါသည်။ ထို့ပြင် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရေးကူးပေးရေး လျှောက်ထားသည့် ကိစ္စများနှင့် စပ်လျှဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ၆-၃-၂၀၁၇ ရက်စွဲပါ စာအမှတ် ၁၈၆၃/မပ(စီမံ)-၁၆(၁၇) ဖြင့် ထပ်မံညွှန်ကြားခဲ့ပြန်ပါသည်။ ထိုမှတဖန် ၂၈-၁၁-၂၀၁၈ တွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အမြဲအမိန့် ၁၈၈ အဖြစ် မြေစာရင်းပုံစံ (၁၀၅) ရေးကူးပေးခြင်းဆိုင်ရာ နည်းလမ်းညွှန်ကြားခြင်းကို ထုတ်ပြန်ခဲ့ပါသည်။ မြေစာရင်းပုံစံ (၁၀၅) “ပိုင်ဆိုင်ခွင့်” ရေးသားမှုပုံစံနှင့် မြေမျိုးနှင့်အတန်း နေရာတွင် ရေးသားခြင်းများကို အောက်ပါအတိုင်း ညွှန်ကြားထားပါတယ်-
(၁၀၅) ပိုင်ဆိုင်ခွင့် ရေးသားရာ၌...
၁။ ဂရန်(Grant) ရရှိမြေဖြစ်လျှင် “G”
၂။ အငှားဂရန်(Lease) ရရှိပြီးမြေ “L”
၃။ အခွန်လွတ်ဂရန်မြေ "အခွန်လွတ်ဂရန်”
၄။ လိုင်စင်ရရှိပြီးမြေ “လိုင်စင်”
၅။ ဘိုးဘပိုင် (သို့) လက်ဝယ်ထားရှိပိုင်ခွင့် ရှိသောမြေ “B”
၆။ စကွာတာမြေ “A”
၇။ အစိုးရထံမှ အခမဲ့မြေလွှဲအမိန့်ဖြင့် ရရှိမြေ “အစိုးရ”
၈။ မြို့/ရွာမြေအတွင်း ကျရောက်ပြီး တရားဝင် ပိုင်ဆိုင်ခွင့် မရရှိသေးပါက “အစိုးရ”
၉။ ဌာနတွင် အခြားမြေအဖြစ် မှတ်တမ်းတင်ထားသော သတ္တုတွင်းမြေ၊ ကျွဲ-နွားစားကျက်မြေ၊ မီးရထားလမ်းမြေ၊ လမ်းမြေ၊ ဆည်မြောင်းကန် တာတမံမြေ၊ မြစ်ချောင်းနှင့် ရေအောက်မြေ၊ အင်းအိုင်မြေ၊ စက်ရုံမြေ၊ လေယာဉ်ပျံကွင်းမြေ၊ သာသနာသုဿန် အဆောက်အဦစသည့်မြေများ၊ ကျန်အခြားမြေများ ဖြစ်ပါက “—”
၁၀။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်နှင့် လယ်ယာမြေဟူသော စကားရပ်နှင့် အကျုံးမဝင်ကြောင်း သက်သေခံ လက်မှတ် ရရှိထားသောမြေ၊ မည်သည့် စာသားမှ ရေးသားခြင်းမပြုဘဲ “—”
မြေမျိုးနှင့်အတန်း ရေးသားရာ၌...
၁။ မြို့မြေဖြစ်ပါက “မြို့မြေ”
၂။ ကျေးရွာမြေဖြစ်ပါက “ရွာမြေ”
၃။ လယ်ယာမြေဖြစ်ပါက သက်ဆိုင်ရာ မြေမျိုးနှင့်အတန်းအစားအား ရေးသားရန် (ဥပမာ R1, Y2, G3 စသည်ဖြင့်)
၄။ သတ္တုတွင်းမြေ၊ ကျွဲနွားစားကျက်မြေ၊ မီးရထားလမ်း၊ လမ်းမြေ၊ ဆည်မြောင်းကန်တာတမံမြေ၊ မြစ်ချောင်းနှင့် ရေအောက်မြေ၊ အင်းအိုင်မြေ၊ စက်ရုံမြေ၊ လေယာဉ်ပျံကွင်းမြေ၊ သာသနာသုဿန် အဆောက်အဦစသည့် မြေများ၊ ကျန်အခြားမြေများဖြစ်ပါက အဆိုပါ မြေမျိုးများအတိုင်း ရေးသားရန်၊
၅။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်နှင့် လယ်ယာမြေဟူသော စကားရပ်နှင့် အကျုံးမဝင်ကြောင်း သက်သေခံလက်မှတ် ရရှိထားသော မြေများဖြစ်ပါက ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာမြေမျိုးကို ဖော်ပြရန်၊ (ဥပမာ-“ဆန်စက်မြေ”အဖြစ် အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့် ရရှိထားသည့်မြေ ဖြစ်ပါက "စက်ရုံမြေ" ဟုဖော်ပြရန်၊ မှတ်ချက်စာတိုင်တွင် ဆန်စက်မြေအဖြစ် အသုံးပြုရန် ခွင့်ပြုထားကြောင်း ဖော်ပြရန်)
၆။ အစိုးရထံမှ အခမဲ့မြေလွှဲအမိန့်ရရှိထားသည့်မြေဖြစ်ပါက ခွင့်ပြုမိန့်တွင် ဖော်ပြထားသည့် အသုံးပြုရန်သတ်မှတ်နည်းလမ်းအတိုင်း ရေးသားဖော်ပြရန် (ဥပမာ “ဌာနဆိုင်ရာ”မြေအဖြစ် မြေလွှဲအမိန့် ရရှိထားပါက “အဆောက်အဦး” ဟု ဖော်ပြရန်ဖြစ်ပြီး၊ မှတ်ချက်စာတိုင်တွင် မြေလွှဲအမိန့်ပါ သတ်မှတ်နည်းလမ်းအား ဖော်ပြရန်)
၇။ သာသနာမြေဖြစ်ပါက "သာသနာမြေ"
၈။ သုဿာန်မြေဖြစ်ပါက “သုဿန်မြေ”
၉။ တပ်မြေ၊ ဌာန/အဖွဲ့ အစည်းများအား ခွင့်ပြု ထားသည့်မြေ စသည့် အဆောက်အဦးဆောက်လုပ် အသုံးပြုရန် မြေများအား “အဆောက်အဦမြေ” စသည်ဖြင့် ဖော်ပြရန် ညွှန်ကြား ထားပါကြောင်းနှင့် ယခုတင်ပြစာသည် မြေငှါးဂရန်အတွက် အဓိက တင်ပြလိုရင်း ဖြစ်သော်လည်း မြေစာရင်း ဌာန၏ မြေစာရင်းမြေပုံ ရေးကူးခြင်း လုပ်ငန်းများနှင့်လည်း အကြုံးဝင်ပါကြောင်း တင်ပြလိုက်ရ ပါသည်။
ကိုးကား ... ဆရာဦးမောင်မောင်ညွန့်၏ လူနေအိမ်ရာအတွက် ဂရန်လျှောက်မည် အပိုင်းများ၊ ဥပဒေများနှင့် ဌာန၏ အမြဲအမိန့်များ
CREDIT: MYO MIN HTUN
Comments
Post a Comment