လယ်ယာမြေလုပ်ပိုင်ခွင့်မရှိသူအား ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေ ဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း
ဦးမြသိမ်းနှင့် ဦးအောင်ဇော်သိန်းတို့ ရှေ့တွင် ဒေါ်ခင်စန်းလွင်နှင့် ဥက္ကဋ္ဌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မွန်ပြည်နယ်ပါ ၄ (၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၅၄)
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့် ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုသူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေ ဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း။ (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
ဆုံးဖြတ်ချက်။ ။ လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြား နည်းသုံးစွဲပါက ဝန်ကြီးဌာန (ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန) က ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် သတ်မှတ်သည့် ဒဏ်ကြေး ပေးဆောင် စေသည့် အမိန့်ချမှတ်နိုင်ကြောင်း လယ်ယာမြေဥပဒေပုဒ်မ ၁၉ (က) တွင် ပြဋ္ဌာန်းထားသည်။
ထပ်မံဆုံးဖြတ်ချက်။ ။ လျှောက်ထားခံရသူအမှတ် (၄) သည် အချင်းဖြစ် ဥယျာဉ်ခြံမြေကို လုပ် ကိုင်ခွင့်ပြုရန် (ပုံစံ-၁) ဖြင့် လျှောက်ထားပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိပါက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပြုရန် (ပုံစံ-၁၄) ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထား ရမည်ဖြစ်သော်လည်း ထိုသို့လျှောက်ထားခဲ့မှုမရှိဘဲ ဥယျာဉ်ခြံမြေတွင် စားသောက်ဆိုင်ဖွင့်လှစ်၍ အခြားနည်းဖြင့် အသုံးပြုခဲ့ကြောင်းပေါ်ပေါက်သည်။
လျှောက်ထားခံရသူအမှတ် (၄) သည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိခဲ့ပြီးနောက် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် စားသောက် ဆိုင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါက လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) ကို ဖောက်ဖျက်သဖြင့် ယင်းဥပဒေပုဒ်မ ၁၉ အရ ဒဏ်ကြေးငွေထိုက်သင့်မည်ဖြစ်သည်။ သို့သော် ၎င်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းမရှိသည့်အပြင် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက် အဦဆောက်လုပ်ထားသဖြင့် လယ်ယာမြေဥပဒေအရ သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင်စေ ရန် သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၄-၄-၂၀၁၄ ရက်စွဲပါ ဆုံးဖြတ်ချက်အပိုဒ် (ဃ) တွင် ဆုံးဖြတ် ခဲ့ခြင်းသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိပေ။
Comments
Post a Comment