တရားရုံးရဲ့စီရင်ချက်သည် နောက်ထပ်စွဲဆိုသည့်အမှုတွင် သက်သေခံဝင်မဝင်

 တရားရုံးရဲ့စီရင်ချက်ကို နောက်အမှုမှာ သက်သေခံဝင်မဝင်နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်

         အဲဒါနဲ့ပတ်သက်လို့ သက်သေခံဥပဒေ ပုဒ်မ ၄၀ က ၄၄ ထိ ပြဌာန်းထားပေမဲ့ အဲဒီပြဌာန်းချက်တွေသက်သက်ကိုဖတ်ရင် နားလည်ဖို့ခက်ခဲပါတယ် ရှင်းလင်းချက်တွေ စီရင်ထုံးတွေနဲ့ ယှဥ်တွဲလေ့လာမှ နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

         ၁၉၇၁ ခုနှစ်က ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း ပြည်သူ့ရေးရာအရာရှိသင်တန်း ဥပဒေဘာသာရပ် တရားမဥပဒေမှတ်စုများ စာအုပ်ထဲက သက်သေခံဥပဒေအကျဥ်းချုပ် အပိုင်းမှာ သက်သေခံဥပဒေ ပုဒ်မ ၄၀ က ၄၃ ထိနဲ့ ပတ်သက်လို့ ဒီလိုဖော်ပြထားပါတယ် -

       တရားရုံးစီရင်ချက်

     တခါတရံတွင် တရားရုံးစီရင်ချက်များသည်၊ အရေးကြီးသော အချက်အလက်များနှင့် ပတ်သက်၍ စပ်ဆိုင်နေပေသည်။

       (က) တရားမမှုများတွင် အငြင်းထွက်အချင်းအရာ အချက်အလက်များကို စီရင်ဆုံးဖြတ်ပြီးက၊ ၄င်းအချက်များကို တရားမကျင့်ထုံးပုဒ်မ ၁၁ အရ၊ ယခင်အမှုသည် နှစ်ဘက်အတွက် ထပ်မံ၍စွဲဆိုခြင်း၊ စီရင်ဆုံးဖြတ်ခြင်း မပြုနိုင်တော့ပေ။ ထို့ကြောင့် တရားမရုံးစီရင်ချက်သည် စပ်ဆိုင်သောအချက် ဖြစ်ပေသည်။

        (ခ) ရာဇဝတ်မှုများတွင်လည်း တရားခံတဦးသည်၊ စွပ်စွဲချက်တခုအတွက် အပြစ်ဒဏ်ခံရပြီး၊ သို့မဟုတ် တရားသေလွှတ်ပြီးဖြစ်က၊ ဆုံးဖြတ်ပြီး စွပ်စွဲသောပြစ်မှုနှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ အရ၊ ထိုသူအားထပ်မံ၍ စစ်ဆေးစီရင်ပိုင်ခွင့် မရှိတော့ပေ။ သို့ဖြစ်၍ ရာဇဝတ်ရုံးစီရင်ချက်မှာ များစွာစပ်ဆိုင်ပြီး အရေးကြီးလှပေသည်။ - လို့ ပုဒ်မ ၄၀ ကို ရှင်းပြထားသလို ပုဒ်မ ၄၂ ၊ ၄၃ နဲ့ပတ်သက်ပြီးတော့လည်း ဒီလိုရှင်းပြထားပါတယ် -

       (ဂ) ယင်းစစ်ဆေးပြီးဆုံးသောစီရင်ချက်၊ အမိန့်၊ ဒီကရီများသည်၊ စစ်ဆေးမေးသောအမှုနှင့် စပ်ဆိုင်သော၊ အများပြည်သူတို့ဆိုင်ရာ အကြောင်းအရာနှင့်ပတ်သက်လျှင်၊ စပ်ဆိုင်သည့် အခြားစီရင်ချက်အမိန့်၊ ဒီကရီများသည် အငြင်းထွက်အချင်းအရာဖြစ်လျှင်၊ အက်ဥပဒေပါ အခြားပြဌာန်းချက်များနှင့် အကြုံးဝင်လျှင် စပ်ဆိုင်သည်။

       စီရင်ထုံးတွေကို လေ့လာမယ်ဆိုရင်တော့ -

        "ရာဇဝတ်တရားရုံး၏ စီရင်ချက်သည် မစပ်ဆိုင်၊ တရားမရုံးအပေါ် အတည်မဖြစ်။ " အောင်မင်္ဂလာသုခဆန်စက်ကုမ္ပဏီ လီမိတက် နှင့် ဦးသန်းစိန် ၁၉၆၆၊ မ-တ-စ ၊စာ - ၇၉၄ စီရင်ထုံးမှာ ထုံးဖွဲ့ထားတာ

       " တရားမမှုတွင် အငြင်းပွားသော အကြောင်းခြင်းရာများသည် ရာဇဝတ်မှုတွင် ပေါ်ပေါက်နိုင်သည့် တစ်ခုတည်းသောပြဿနာကို ထိန်းချုပ်စေကာမူ အများနှင့်သက်ဆိုင်သော စီရင်ချက်မှတပါး တရားမရုံး၏စီရင်ချက်သည် ရာဇဝတ်တရားရုံးတွင် နောက်ပိုင်း၌ဆုံးဖြတ်သည့် အကြောင်းအရာကို အပြီးသတ်အဆုံးအဖြတ်မပြုနိုင်။ ငှားသောကျွဲများပြန်ရလိုမှု စွဲဆိုရာ၌ ရှုံးနိမ့်သောသူအား ကျွဲများနှင့်စပ်လျဥ်း၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံမှုဖောက်ဖျက်သည့်အတွက် တရားပြိုင်အား ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်းကို ပိတ်ပင်ခြင်းမပြု။ တရားမရုံး၏စီရင်ချက်သည် မီး​သေသည့်အနေဖြင့် အကျိုးသက်ရောက်မှုမရှိ။ သက်သေခံအက်ဥပဒေပုဒ်မ ၄၀၊ ၄၁၊ ၄၂ သို့မဟုတ် ၄၃ တွင် အကျုံးမဝင်၊ ရာဇဝတ်မှုတွင် သက်ဆိုင်ခြင်းလည်းမရှိ။ " မောင်ဖိုးနွဲ့ နှင့် မဖွားခြုံ ၁၉၄၁ ရန်ကုန် ၁၆၃ စီရင်ထုံးမှာ ထုံးဖွဲ့ထားတာ တွေ့နိုင်ပါတယ်။

        ဦးကျော်ဝင်း နှင့် ပထဆ ၁၉၈၃၊ မ-တ-စ၊ စာ- ၇၈ စီရင်ထုံးမှာတော့ -

         " ပုဒ်မ ၄၁ သည် သေတမ်းစာအတည်ပြုခြင်း အမှုများနှင့်သက်ဆိုင်သည်။ ပုဒ်မ ၄၂ မှာ အများပြည်သူတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်သည်။ ပုဒ်မ ၄၀ မှ ၄၂ တွင် အကျုံးမဝင်သည့် စီရင်ချက်များသည် သက်သေခံအက်ဥပဒေပါ အခြားပြဌာန်းချက်တစ်ရပ်ရပ်တွင် အကျုံးဝင်ကြောင်း ပြဆိုနိုင်ခြင်းမရှိပါက မစပ်ဆိုင်ကြောင်း ပုဒ်မ ၄၃ တွင် ပြဌာန်းထားသည်။ " လို့ ရှင်းလင်းထားပါတယ်။

credit:  U Nyan Myint

Comments