အလိုမတူ ငြင်းဆန်ခြင်း နှင့် သဘောခွင့်ပြုချက်မရခြင်း

 `အလိုမတူ ငြင်းဆန်ခြင်း နှင့် သဘောခွင့်ပြုချက်မရခြင်း´´ 


တရားရုံးတွေမှာ မုဒိမ်းမှုကိုစစ်ဆေးကြတဲ့အခါ … မြန်မာအမျိုးသမီးတွေအဖို့ကတော့ တကယ်ကို ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ 

စစ်မေးကြရတဲ့ ရှေ့နေတွေကလဲ နားနဲ့မနာ ဖဝါးနဲ့ နာ ဆိုသလို အတတ်နိုင်ဆုံး ကာယကံရှင် အမျိုးသမီး အရှက်မရအောင် မေးမြန်းကြရပါတော့တယ်။

           မုဒိမ်းမှု (ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၅) မှာတော့

မုဒိမ်းမှုမြောက်ဖို့ - 

(၁) အမျိုးသမီးက ငြင်းဆန်တာ

(၂) အမျိုးသမီးက ခွင့်မပြုတာ

(၃) အမျိုးသမီးက ခွင့်ပြုစေဖို့ ခြိမ်းခြောက်ထားတာ

(၄) အမျိုးသမီးက ကိုယ့်ယောကျာ်း အမှတ်နဲ့ ခွင့်ပြုလိုက်တာ

(၅) အမျိုးသမီးက အသက်မပြည့်သေးတာ

စတာတွေကို အတိအလင်း ပြဌာန်းထားပါတယ်။ 

ဒါပေမဲ့ -

တချိုးမုဒိမ်းမှုကိုစစ်ဆေးကြရမှာ 

(၁) ငြင်းဆန်တဲ့လက္ခဏာ မပေါ်ပေါက်တာ

(၂) ခွင့်ပြုထားဟန် ရှိတာ 

ဒါတွေကို တရားခံရှေ့နေတွေက ပျော့ကွက်အဖြစ်နဲ့ လှည့်စား အသုံးချတတ်ကြတာကိုတွေ့ရပါတယ်။ 

အမှုအခြေအနေအရ အမျိုးသမီးက ဘယ်ငြင်းနိုင်ပါ့မလဲ?

တရားခံက မေ့ဆေးတိုက်ပြီး ပြုကျင့်ထားတာကိုး။ အဲ့ဒါကို 

တရားခံရှေ့နေ - 

``ညီမလေးကို မုဒိမ်းပြုကျင့်စဉ်မှာလဲ မအော်ဘူး၊ ငြင်းလဲ မငြင်းဘူး၊ ဒါ့ကြောင့် ညီမလေးက ခွင့်ပြုလို့ လုပ်ရတာလို့ပြောရင် ဟုတ်တယ်မလား?´´ 

                        ဆိုပြီး အမှုလွတ်လမ်းရှာတတ်ကြတယ်။ 

တချို့ကျအတိတ်မေ့အောင် ရိုက်နှက်ပြီး ပြုကျင့်တာတွေ ရှိတတ်ကြပါတယ်။ ဒါလဲမုဒိမ်းမှုမြောက်တယ်ဆိုတာကို သတိချပ်ရမှာဖြစ်ပါတယ်။ 

ပြုကျင့်စဉ်က ငြင်းပေမဲ့ နောက်ပိုင်းကျ မငြင်းတော့ဘဲ နေလိုက်လို့ မုဒိမ်းမှု မမြောက်ဘူးလို့ လျှောက်လဲ နေတဲ့ ရှေ့နေလဲ ရှိပါသေးတယ်။ 

ရှေ့နေ - `` ခဗျားကို ပြုကျင့်စဉ် ပထမတော့ အကူညီတောင်း

ပေမဲ့ နောက်ပိုင်းကျ ခဗျား မငြင်းဆန်ဘဲနေလိုက်တယ် ဆိုတာ ဟုတ်သလား?´´ 

အမျိုးသမီး - `` ကျွန်မ ငြင်းချိန်မရ __´´ 

ရှေ့နေ - `` ဟုတ်လားမဟုတ်လား မေးတာဘဲဖြေပါ။´´ 

စသဖြင့် လွတ်လမ်းရှာကြပါတော့တယ်။ 

အစပိုင်းပြုကျင့်လို့ ငြင်းဆန်တာဟာ

                `` အလိုမတူငြင်းဆန်မှု´´ ပါ။ 

နောက်ပိုင်း ငြင်းမရလို့ နေလိုက်တာဟာ 

                 ``သဘောခွင့်ပြုချက် မရတာပါ´´  

ဒါကို

``ဦးပန်းအေး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံစီရင်ထုံး ၁၉၆၆ မ.တ.စ-  ၅၂၇ ´´ မှာ - 

``မုဒိမ်းကျင့်စဉ် ငြင်းဆန်တာဟာ မုဒိမ်းမှုပါ။     

    နောက်ပိုင်းငြင်းဆန်သလား မငြင်းဆန်လား

    ဆိုတာကို ထည့်သွင်းစဉ်းစားရန်မလို။´´ 

ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ 

အလိုမတူ ငြင်းဆန်တာ နဲ့ သဘောခွင့်ပြုချက်မရတာကို ကွဲကွဲပြားပြားသိစေဖို့အတွက် မျှဝေလိုက်ရပါတယ်။

Comments