အာမခံ (Bail)

 ( က ) အာမခံပေးခြင်း၏ရည်ရွယ်ချက်။

၁။ တရားစီရင်ရေးသည် လုပ်သားပြည်သူတို့ကို လုံခြုံမှုပေးခြင်းဖြစ်၍ ၊ တည်ဆဲ ဥပဒေအရ အာမခံ မပေးမနေရ ( Bailable ) ပြဋ္ဌာန်းထားသောအမှုများတွင် တရားခံအား အာမခံ ပေး၍ အလွတ် ထုချေခွင့်ပြုရ မည် ဖြစ်ပါသည်။

၂။ စွပ်စွဲခံရသူ ( တရားခံ ) အား အမှုတွင် ပြည့်ပြည့်စုံစုံနှင့် လွတ်လွတ်လပ်လပ် ခုခံရင်ဆိုင်နိုင်စေရန် အာမခံပေးခြင်းဖြစ်ပါသည်။

၃။ တရားခံနှင့် ၎င်း၏မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင်မပျောက်ရလေအောင် ရည်ရွယ်၍ အာမခံ ပေးခြင်းဖြစ်ပေသည်။

( ခ ) အာမခံမပေးခြင်း၏ရည်ရွယ်ချက်

၁။ တရားခံအား နောက်ထပ်ပြစ်မှုမကျုးလွန်အောင် အချုပ်နှင့်ထားရပေသည်။

၂။ တစ်နည်းနည်းဖြင့် မှန်ကန်သော တရားစီရင်ရေးပျက်ပြားအောင် မလုပ်နိုင်စေရန် အချုပ်ဖြင့် ထားရပေ သည်။

၃။ မှန်ကန်သော တရားစီရင်ရေးကင်းမဲ့အောင် ၊တရားခံ၏ထွက်ပြေးခြင်း မလုပ်နိုင်စေရန် အချုပ်နှင့် ထား ရပေသည်။

၄။ တရားခံကို တစ်ဘက်မှစော်ကားခြင်း၊ သို့မဟုတ် ရန်မူခြင်းမလုပ်နိုင်အောင် တရားခံ၏ လုံခြုံမှုအတွက် အချုပ်နှင့် ထားရပေသည်။

၅။ လုပ်သားပြည်သူတို့၏ လုံခြုံမှုအတွက် တရားခံအား အချုပ်နှင့်ထားရပေသည်။

၆။ နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်လျှင် နိုင်ငံတော်မူဝါဒမပျက်ပြားစေရန် တရားခံအား အချုပ်ဖြင့် ထားရပေသည်။

၇။ တည်ဆဲဥပဒေအရ အာမခံမပေးရဟု သတ်မှတ်ထားသောအမှုများ ဖြစ်ရပါမည်။

( ဂ ) အာမခံကိစ္စဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်။

(၁) အာမခံပေးရမည်ဟု ဥပဒေပြဋ္ဌာန်းချက်ရှိသော အမှုများ။

အာမခံပေးရမည်ဟု ဥပဒေပြဋ္ဌာန်းချက်ရှိသော ပြစ်မှုကျုးလွန်ခဲ့သူများအား ရဲစခန်းမှဖြစ်စေ၊ တရားရုံး မှဖြစ်စေ အာမခံမလွဲမသွေပေးရမည်သာဖြစ်ကြောင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၆ တွင်ပြဋ္ဌာန်း ပါ သည်။ပြစ်မှုဆိုင်ရာဥပဒေအရ အာမခံပေးရမည့်အမှု ( Bailable ) များနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၏ဒုတိယဇယား ၊ စာတိုင် ( ၅ ) တွင် ဖော်ပြထားပါသည်။( မြန်မာနိုင်ငံကိုဓဥပဒေအတွဲ-၈ တွင် ကြည့်ပါ။ )အထူးနှင်အထွေထွေဥပဒေများအရလည်း အာမခံပေးရမည်ဟု ပြဌာန်းထားသောအမှုများကို ရဲစခန်း မှဖြစ်စေ၊ တရားရုံးကဖြစ်စေ အာမခံပေးရမည်သာဖြစ်သည်။ အထူးနှင့်အထွေထွေဥပဒေများအရ မည်သည့်ပြစ် မှုမျိုးသည် အာမခံပေးခွင့်ရသောအမှုဖြစ်ကြောင်းကို မြန်မာနိုင်ငံကိုဓဥပဒေအတွဲ-၈စာမျက်နှာ-၃၈၇ တွင်ဖော်ပြ ထားပါသည်။ဥပဒေအရ အာမခံပေးရမည့်အမှုတွင် တရားခံအား အာမခံမပေးဘဲ မနေရ၊ မတန်တဆ အာမခံမတောင်းရ ၊ ကိုယ်တိုင်ခံဝန်ချုပ်နှင့် နေထိုင်စေရန် ခွင့်ပြုသင့်သည်များကို ထိုသို့နေပါစေ။( ပြည်သူ့တရားရုံး လက်စွဲစာစောင် ( ၁ ) ၊ အခန်း ( ၂ ) ၊ အပိုဒ် ( ၈၀ ) ကိုကြည့်ပါ။ )ဥပဒေအရ အာမခံပေးရမည့်အမှုတွင် ရဲစခန်းကသော်လည်းကောင်း ၊ တရားရုံးကသော်လည်းကောင်း ၊ အာမခံပေး၍ မရပါ။

ရဲစခန်းနှင့် တရားရုံးတို့သည် ဥပဒေပြဌာန်းချက်အတိုင်း လိုက်နာဆေင်ရွက်ရမည် သာဖြစ် ပါသည်။ ဥပဒေအရ တရားခံအားပေးထားသောအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် တရားရုံးတွင် တာဝန်ကျရောက်ပါသည်။ဥပဒေအရ တရားအား အာမခံပေးရမည့်အမှုတွင် အာမခံမပေးဘဲ ချုပ်ထားခြင်းသည် ဥပဒေကို ဆန့် ကျင်ရာရောက်ပါသည်။ မတရားချုပ်နှောင်ရာလည်း ရောက်ပါသည်။ နစ်နာသူတရားခံက ရာဇဝတ်ကြောင်း အရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုပိုင်ခွင့်ရှိသည်ကို သတိချပ်သင့်ပေသည်။

( ၂ ) အာမခံလုံးဝ မပေးရသောအမှုမျိုး။

သေဒဏ် ( သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်သည့် အမှုမျိုးတွင် အာမခံပေး၍မရပါ။ သို့ရာ တွင် အသက် ( ၁၆ ) နှစ်အောက်ဖြစ်လျှင် ၊ မိန်းမတစ်ဦးဖြစ်လျှင် ၊ နာမကျန်းသူ ( သို့မဟုတ် ) ချိနဲ့နေသူဖြစ် လျှင် အာမခံပေးနိုင်ပါသည် ။ ( ကျင့်ထုံးပုဒ်မ -၄၉၇ ( ၁ ) သေဒဏ်( သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ်ကျခံစေရန် အပြစ်ပေးနိုင်လောက်သည့် အထောက် အထားများပေါ်လွင်ခြင်းရှိ-မရှိကို အမှုမစစ်ဆေးရသေးသဖြင့် သုံးသပ်၍မရသေးပါလျှင် တရားရုံးသည် အမှုကို ဆက်လက်စစ်ဆေးကာ သုံးသပ်၍ရနိုင်သော စစ်ဆေးဆဲအချိန်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၇ ( ၂ ) အရ တရားခံကို အာမခံပေးနိုင်ပါသည်။တရားရုံးများ၏ ကျင့်စဉ်အရ ၊ သေဒဏ် ( သို့မဟုတ် ) တစ်သက် တစ်ကျွန်းဒဏ်ချမှတ်နိုင်သည့် အမှုများတွင် ရီမန်ကာလအတွင်း ( သို့မဟုတ် ) အဓိကတရားလိုပြသက်သေများ မစစ်ဆေးရသေးမီအချိန်တွင် တရားခံအား အာမခံပေးလေ့ပေးထ မရှိပေ။

( ၃ ) သေဒဏ် ( သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်သည့် အမှုများမှလွဲ၍ အာမခံ မပေးနိုင်သောအမှုမျိုးတွင် တရားရုံး ၏ဆင်ခြင်တုံတရားအရ အာမခံပေးနိုင်ခြင်းကိစ္စ။

    သေဒဏ် ( သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်သည့် အမှုများမှတစ်ပါး ၊ အာမခံမပေးနိုင်သော ပြစ်မှုများဟူ၍ ရာဇဝတ်ကျင့် ထုံးဥပဒေ၏ဒုတိယဇယား၊ စာတိုင်-၅ တွင်ဖော်ပြထားသောအမှုများ ကျုးလွန် သူများကို အာမခံပေး၍မရဟု ယူဆထားတတ်ကြပါသည်။ ဤကဲ့သို့ မှတ်ယူရန်မဟုတ်ပါ။

    ထိုအမှုမျိုးတွင် တရားရုံး၏ဆင်ခြေတုံတရားအရ အာမခံပေးနိုင်ခွင့်ရှိပါသည်။[ကျင့်ထုံးပုဒ်မ -၄၉၇ ( ၁ ) ( ၂ )] အာမခံပေးမနေရရဟု ဥပဒေကအတိအလင်း ပြဌာန်းထားခြင်းမရှိသည့်ပြစ်မှုများတွင် အစိုးရအကျိုးဆောင် သို့မဟုတ် အမှုလိုက်၏မှတ် ချက် ကိုရယူပြီးနောက် ရုံးကအာမခံပေးသင့်ကပေးရန် ဖြစ်ပါသည်။ ထိုသို့ဆုံးဖြတ် ရာတွင် တရားခံကစွဲဆိုထားသောအမှုအတွက် အပြစ်ရှိသည်-မရှိသည်ဆိုသော အချက်ကို ဝေဖန်သုံးသပ်ခြင်း မပြုရ။ ( ပြည်သူ့တရားရုံး လက်စွဲစာစောင်-၁ ၊ အခန်း -၂ ၊ အပိုဒ်-၈၁။ ) သေဒဏ်( သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်သည့် အမှုများမှတစ်ပါး အာမခံမပေးနိုင်သော ( No Bailable ) အမှုများကို အာမခံပေးသင့်-မပေးသင့်ကို တရားရုံးများ၏ကျင့်စဉ်အရ အောက်ဖော်ပြပါ အချက် အလက်များကို ဆင်ခြင်သုံးသပ်၍ ( Discretion ) အာမခံပေးသင့်-မပေးသင့် ဆုံးဖြတ်ကြပါသည်။

( က ) တရားခံသည် ထွက်ပြေးတိမ်းရှောင်မည့်သူ ဟုတ်-မဟုတ်။

( ခ ) တရားခံသည် မလျော်သြဇာကျင့်သုံး၍လည်းကောင်း၊ ဓနအင်အားကိုသုံး၍သော်လည်းကောင်း၊ မှန်ကန်သောတရားစီရင်ရေးကို ပျက်ပြားအောင်ပြုလုပ်ရန်အကြောင်း ရှိ-မရှိ ဥပမာ-သက်သေကို ဖျက်သည့် ကိစ္စ။

( ဂ ) တရားခံ၏လုံခြံရေးအရ အာမခံမပေးဘဲထားရမည့်အမှုမျိုး ဟုတ်-မဟုတ်။ ဥပမာ- ရပ်ရွာက မုန်းတီး သော အမှုမျိုးတွင် တရားခံ၏လုံခြုံရေအရ အာမခံမပေးဘဲချုပ်နှောင်ထားပြီး စစ်ဆေးရသောအမှုမျိုးလည်း ရှိတတ်ပါသည်။

( ဃ ) တရားခံအား အာမခံပေးလိုက်ခြင်းကြောင့် အခြားသောလုပ်သား ပြည်သူများ၏ လုံခြံရေးနှင့် ငြိမ်းချမ်း သာယာရေးကို ထိပါးနိုင်စရာရှိ-မရှိ။ ဥပမာ -တရားခံအား အာမခံပေးထားလျှင် နောက်ထပ်ရာဇဝတ်မှု ကျူးလွန်ရန် အလားအလာရှိ-မရှိ ဖြစ်ပါသည်။

( င ) လုံလောက်သော အာမခံပေးနိုင်မည့်သူ ဟုတ်-မဟုတ်။အထက်ဖော်ပြပါ အချက်အလက်တစ်ခုခုကို ကန့်ကွက်လာလျှင် လိုအပ်ပါကစုံစမ်းမှုပြုလုပ်ရန် လိုပါမည်။ ကန့်ကွက်ချက်ကို တရားရုံးမှ လေးလေးစားစားအရေးယူကြားနားရပါမည်။ ကန့်ကွတ်သည့်ဘက်က ကန့် ကွက်ချက်ကို ခိုင်ခိုင်လုံလုံအထောက်အထားနှင့်တင်ပြရန် တာဝန်ကျရောက်ပါသည်။ သာမန်ကန့်ကွက်သည် ဆိုရုံမျှဖြင့် တရားရုံးမှ အာမခံပယ်ရန်မဟုတ်ပေ။ အာမခံမပေးသင့်သော အကြောင်းပြချက် ခိုင်လုံစွာရှိသည့် အခါမျိုးသာ တရားရုံးသည် အာမခံလျှောက်ထားသည့်ကိစ္စကို ပယ်ရပါသည်။ဆရာဝန်ထံမှဆေးလက်မှတ်တင်ပြရုံနှင့် သက်သေခံဥပဒေအရ တရားဝင်သော စာတမ်းမဟုတ် ရာဇဝတ် မှုများကို မှန်မှန်ကန်ကန်နှင့်လျှင်လျှင်မြန်မြန်ပြီးစီးစေခြင်းငှာ ဆေးလက်မှတ်တင်ပြရုံနှင့် အာမခံပေးခြင်းတို့ကို သတိထားရန်အရေးကြီးသည်။( တရားရုံးညွှန်ကြားလွှာအမှတ်-၁၇/၅၂ ကိုကြည့်ပါ။ )

( ဃ )  မှတ်ချက်။

၁။ ပြည်နယ်/တိုင်းတရားရုံးနှင့် တရားရုံးချုပ်တို့မှ အာမခံပေးခြင်းသည် ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၈ အရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၂။ တရားရုံးချုပ် သို့မဟုတ် ပြည်နယ်/ တိုင်းတရားရုံးသည် ပုဒ်မ-၄၉၈ အရဆောင်ရွက်ရာ၌ ဦးစွာ ပထမအစိုးရအား လျှောက်လဲပြောဆိုရန် အခွင့်အလမ်းမပေးဘဲ လူတစ်ယောက်ကို ခံဝန်မပေးနိုင်ပါ။ ( တရားရုံးများ လက်စွဲအပိုဒ်-၄၈၂ ကိုကြည့်ပါ။ )
၃။ အထက်ရုံးကပေးသောအာမခံကို အောက်ရုံးကမဖျက်နိုင်ပါ။( ဦးမောင်မောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ၁၉၄၉-ခု ၊ မြန်မာနိုင်ငံစီရင်ထုံးများ၊ တရားလွှတ်တော် ၊ စာမျက်နှာ-၅၀၃ ကိုကြည့်ပါ။ )

၄။ အောက်ရုံးက အာမခံပေးခြင်းကို တရားလိုဘက်မှ မကျေနပ်လျှင် ပြည်နယ်/တိုင်းတရားရုံးသို့ အာမခံ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည်။

    ပြည်နယ်/တိုင်းတရားရုံး၏အမိန့်ကို မကျေနပ်လျှင် တရားရုံး ချုပ်သို့ ထပ်မံလျှောက်ထားနိုင်ပါသည်။ ကျင့်ထုံးပုဒ်မ-၄၉၇( ၅ ) အရ လုံလောက်သောအကြောင်းပြချက်ဖြင့် ပြည် နယ်/ တိုင်းတရားရုံးနှင့် တရားရုံးချုပ်သည် အောက်ရုံး၏အာမခံပေးသည့်အမိန့်ကို ပြန်လည်ဖျက်သိမ်းနိုင်သော အာဏာရှိပါသည်။

( င ) အာမခံကို ပြန်လည်ရုပ်သိမ်းခြင်းကိစ္စ

၁။ အောက်ရုံး အာမခံပေးထားခြင်းကို မကျေနပ်၍ အယူခံဝင်သောအခါ အထက်ရုံးက အောက်ရုံး၏ အာမခံကို ပယ်ဖျက်သောအခါ တရားခံကိုအချုပ်နှင့် ပြန်ထားရပါမည်။

၂။ တရားခံအား ခံဝန်သူတို့က အာမခံကိုပြန်လည်ရုပ်သိမ်းကြောင်း လျှောက်ထားသည့် ကိစ္စတွင် တရားခံက ခံဝန်သူအသစ် မပေးလာနိုင်ပါက တရားခံကိုအချုပ်နှင့် ပြန်ထားရပါမည်။

၃။ အမှုစစ်ဆေးနေစဉ်အတွင်း တရားခံက သက်သေဖျက်ဆီးခြင်းနှင့် ဓနအင်အားသုံးပြုကြောင်း တစ်ဖက်မှထင်ရှားအောင် သက်သေအထောက်အထားနှင့်လျှောက်ထားသည့်အခါတွင် တရားရုံးက အာမခံ ကိစ္စကိုပြန်လည်ရုပ်သိမ်းလိုက ရုပ်သိမ်းခွင့်ရှိပါသည်။

၄။ မူလအမှု စစ်ဆေးဆဲကာလအတွင်း တရားခံသည် နောက်ထပ်ပြစ်မှုတစ်ရပ် ထပ်မံကျူးလွန်လျှင် တရားရုံးက အာမခံကို ရုပ်သိမ်းနိုင်ခွင့်ရှိပါသည်။ သို့ရာတွင် နောက်ထပ်ကျုးလွန်သောပြစ်မှုသည် အာမခံမ ပေးနိုင်သော ပြစ်မှုအမျိုးအစားလည်း ဖြစ်ရပါမည်။ အကယ်၍ နောက်ထပ်ကျူးလွန်သောပြစ်မှုသည် အာမခံ ပေးရသောအမှုဖြစ်လျှင် မူလအမှုတွင်ပေးထားသော အာမခံကိုရုပ်သိမ်းရန်မသင့်ပေ။

၅။ အာမခံပေးရမည့်အမှုတွင်ဖြစ်စေ ၊ အာမခံမပေးနိုင်သောအမှုတွင်ဖြစ်စေ ၊ အမှုအတွင်း တရားခံ ထွက်ပြေး၍ ပြန်လည်ဖမ်းဆီးရမိလာပါက ယင်းတရားခံကို နောက်ထပ်တစ်ကြိမ်အာမခံဖြင့် အလွတ် ထုချေခွင့် ပြုရန် တရားရုံးများက ဝန်လေးကြသည်။ အဘယ်ကြောင့်ဆိုသော ဒုတိယအကြိမ် ထပ်မံထွက်ပြေးခဲ့လျှင် တရားရုံး၌တာဝန်မကင်းရာရောက်ပေမည်။ ပြည်သူများကလည်း တရားရုံးများအပေါ်ယုံကြည်ကိုးစားမှု လျော့နည်းဖွယ်ရာလည်း ဖြစ်လာနိုင်ပါသည်။

၆။ တရားခံအကြောင်းမဲ့ ရုံးချိန်ရက်ပျက်ကွက်ပါက တရားရုံးအနေဖြင့် အာမခံကို ပြန်လည်ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်ခွင့်ရှိပါသည်။ သို့ရာတွင် ရုံးချိန်တစ်ကြိမ်တစ်ခါပျက်ကွက်ရုံမျှဖြင့် အာမခံကို မရုပ်သိမ်းသင့်ပေ။ အကြိမ်ကြိမ် ပျက်ကွက်လာပါက အာမခံပေးရမည့်အမှုတွင် ဖြစ်ပါစေ၊ အာမခံမပေးနိုင်သည့်အမှုတွင်ဖြစ်စေ၊ တရားရုံးက အာမခံရုပ်သိမ်းနိုင်ခွင့်ရှိပါသည်။

၇ ။ အာမခံမပေးနိုင်သောပြစ်မှုကြီးတွင် တရားခံအများအပြားပါဝင်ကြပြီး တရားခံအားလုံးကို အလွှတ် ထုချေခွင့်ပြုထားရာမှ တရားခံတစ်ဦးတစ်ယောက် ထွက်ပြေးတိမ်းရှောင်သွားသည့် အကြောင်းအချက်အပေါ် အခြေပြု၍ ကျန်ရုံးသို့မှန်မှန်လာကြသည့် တရားခံများ၏အာမခံကို ပြန်လည်ရုပ်သိမ်းရန်မပြုသင့်ပေ။

    သို့ရာတွင် ကျန်တရားခံများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်ရန် အလားအလာရှိပါသည်ဟု တရားလိုအစိုးရဘက်မှ ခိုင်လုံသောအထောက်အထားများဖြင့် တင်ပြလာပါက စုံစမ်းစစ်ဆေး၍ အာမခံရုပ်သိမ်းလိုက ရုပ်သိမ်းနိုင် ပါသည်။ သို့မှသာ တရားစီရင်ရေးကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ပေမည်။၈။ တရားရုံးများလက်စွဲအပိုဒ်-၄၈၃ အရဆိုလျှင် ခံဝန်မရသည့်အမှုများ၌ တရားခံကို စွဲချက်တင်ပြီးနောက် ၎င်း၏ခံဝန်ချုပ်ကို ဖျက်သိမ်းရမည်ဟု ဖော်ပြပါရှိလေသည်။ ယင်းတရားရုံးများလက်စွဲပါ ညွှန်ကြားချက်၏ ရည် ရွယ်ချက်မှာ တရားရုံးများတွင် မလိုလားအပ်သော ဥပဒေမဲ့နှောက်ယှက်မှု၊ တရားသူကြီးများ၊ အစိုးရအကျိုး ဆောင်များနှင့် လုပ်သားပြည်သူ့တို့အား ရန်မူခြင်းတို့ကိုမပြုလုပ်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်မှုအမြင် ဖြင့် ကြိုတင်တားဆီးခြင်းဖြစ်သည်။ တရားရုံးများလက်စွဲအပိုဒ်-၄၈၃ ပါ ပြဌာန်းချက်သည် ဥပဒေကဲ့သို့ အာနိသင်မရှိပေ။ ( မစ္စတာဘားနပ်နှင့် အခြားလေးဦးအမှု။ ၁၉၅၈- ခုနှစ် ၊ မြန်မာနိုင်ငံစီရင်ထုံးများ ၊ လွှတ်တော်-၄၃ ။ )

( စ ) အာမခံပေးသည့် အမိန့်ချမှတ်သည့်အခါ ဆောင်ရွက်ရမည့်ကိစ္စရပ်များ

၁။ အာမခံလျှောက်လွှာပေါ်တွင် အာမခံတန်ဖိုး မည့်ရွေ့မည်မျှ ၊ ခံဝန်သူ ဘယ်နှစ်ဦးနှင့် အလွှတ် ထုချေ ခွင့်ပြုမည်ဆိုသော မှတ်ချက်ကိုရေးသား၍ တရားသူကြီးကလက်မှတ်ရေးထိုးရပါမည်။အကယ်၍ ကိုယ်တိုင်ခံဝန် ဖြင့်ပေးလျှင် ထိုသို့ပေးကြောင်းကို မှတ်ချက်ရေးရပါမည် ။ ဥပဒေအရ အာမခံမပေးနိုင်သောအမှုကို အားမခံပေး ရသည့်ကျိုးကြောင်း ဖေ်ပြချက်များရှိပါက အာမခံလျှောက်လွှာပေါ်တွင် ရေးမှတ်ရန်လိုပါမည် ။

၂။ တရားခံက တင်သွင်းသော ခံဝန် (၂) ဦးနှင့် ၎င်းတို့တင်ပြသောပစ္စည်းများ စစ်ဆေးခြင်း ၊ အာမခံသူတို့ မှန်-မမှန် မှတ်ပုံတင်ခြင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ကျေနပ်မှ လက်ခံ၍ အာမခံချုပ်ကို ချုပ်ဆိုပေးရန်ဖြစ်ပါသည်။ ပစ္စည်းစာရင်းတန်ဖိုး မှန်-မမှန်ကို စစ်ဆေးရန်လိုအပ်သည့် အခါတွင် ဘီလစ်အား စစ်ဆေးရန်ညွှန်ကြားနိုင်ပါ သည် ။

၃။ ခံဝန်သူတို့အား ခံဝန်ချုပ်ပါ စကားရပ်များကို ရှင်းလင်းဖတ်ပြပြီးမှ ခံဝန်ချုပ်ချုပ်ဆိုရပါမည် ။

၄။ နေ့စဉ်မှတ်တမ်း၌လည်း တရားခံကို အာမခံပေးသည် ၊ မည်ကဲ့သို့အာမခံပေးခြင်းနှင့် ခံဝန်သူတို့အား ခံဝန်ချုပ်ပါ စကားရပ်များကို ရှင်းလင်းပြောကြားပြီကြောင်း မှတ်တမ်းတင်ရန်လိုအပ်ပါသည် ။

(ဆ) အာမခံပယ်သောအခါ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

၁။ အာခံလျှောက်လွှာပေါ်တွင် အာမခံကိုပယ်သည် ဟု မှတ်တမ်းတင်ရုံနှင့် မလုံလောက်ပါ။

၂။ မည်သည့် အတွက် အာမခံပေးခြင်း သို့မဟုတ် အာမခံကိစ္စကို မည်သည့်နေ့ရက်တွင် အမိန့်ချမည်စသည့် အချက်အလက်တို့ကို အာမခံလျှောက်လွှာပေါ်တွင် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်၍ တရားသူကြီးက လက်မှတ် ရေး ထိုးကြရပါမည်။

၃။ နေ့စဉ်မှတ်တမ်းတွင်လည်း တရားခံအာမခံလျှောက်လွှာတင်သွင်းကြောင်းနှင့် အာမခံကို ပယ်ကြောင်း မှတ် တမ်းတင်ရန်လိုအပ်ပါသည်။

    မှတ်ချက်အာမခံလျှောက်ထားရန်နှင့်ပတ်သက်၍ တရားခံတစ်ဦးတစ်ယောက်သည် ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါသာ အာမခံ လျှောက်ထားနိုင်ခွင့်ရှိသည် နှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်မရှိပါ။ တရားခံက အာမခံ လျှောက်ထားလာ သည့် အကြိမ်တိုင်း တရားရုံးမှ အလျှင်အမြန် အဆုံးအဖြတ်ပေးရန် အထူးလိုအပ်ပါသည်။

( ဇ) ဥပဒေပြဋ္ဌာန်းချက်အရ အာမခံမပေး မနေရ အမှုများတွင် အထူးသတိပြုရန်ဥပဒေအရ အာမခံမပေးမနေရဟု ပြဋ္ဌာန်းထားသော အမှုမျိုးတွင် တရားခံအား ကိုယ်တိုင်ခံဝန်နှင့် ဖြစ်စေ ၊ ခံဝန် သူနှင့် ဖြစ်စေ အာမခံပေးပြီး အလွတ်ထုချေခွင့်ပြုရပါမည်။ အာမခံမပေးမနေရ ပြဋ္ဌာန်း ထားသည့်အမှုတွင် တရားခံ အားအာမခံမပေးဘဲချုပ်ထားခြင်းသည် မတရားချုပ်နှောင်ရာ ကျရောက်တတ်ပေသည်။ အချုပ်ခံရ သူက ရာဇဝတ်ကြောင်းအရသော်လည်းကောင်း တရာမကြောင်းရသော်လည်းကောင်း တရားစွဲဆိုခွင့် ရှိ သည်ကို အထူး သတိချပ်သင့်ပါသည်။

(ဈ) ရမန်အတွင်း အာမခံလျှောက်ထားသည့်အခါတွင် အာမခံပေးသင့် မပေးသင့် နှင့်စပ်လျဉ်း၍ တရားရုံးမှ သုံးသပ်ဆင်ခြင်ရမည့် ချက်အလက်များ

၁။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆုံးဖြတ်ရမည်။

၂။ စွပ်စွဲခံရသော အမှုအကြောင်းအရာ။၃။ စွပ်စွဲခံရသော အမှုနှင့် ပတ်သက်၍ လိုအပ်သောသက်သေခံချက်များ မည်မျှရှိနေသည်။

၄။ စွပ်စွဲခံရသူသည် သက်သေများကို နှောင့်ယှက်ဖျက်ဆီးမည်ဟု စွပ်စွဲချက် ရှိ- မရှိ။

၅။ စွပ်စွဲခံရသူ၏ အလုပ်အကိုင်နှင့် အသက်အရွယ်။

၆။ စွပ်စွဲခံရသူသည် ထွက်ပြေးတိမ်းရှောင်မည်သူ ဟုတ် မဟုတ်။

၇။ လုံလောက်သော ခံဝန်သူ ပေးနိုင် မပေးနိုင်။

၈။ ရဲစက္ကူနှင့် ရဲအစီရင်ခံစာများကို ဖတ်ရှုသုံးသပ်ရပါမည်။

၉။ အမှုစစ်ရဲ အရာရှိ သို့မဟုတ် ရဲစခန်းမှူး၏ မှတ်ချက် သဘောထားများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ရဲမှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်မရှိပါ။ တရားရုံးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါသည်။

၁၀။ လိုအပ်ပါက ဥပဒေအရာရှိနှင့် တရားခံအကျိုးဆောင်တို့ထံမှ လျှောက်လဲချက်ကြားနာ ပြီးနောက် အာမခံ ကိစ္စကို ဆုံးဖြတ်ပါ။

မှတ်ချက်။

၁။ ရမန်ကာလအတွင်း အာမခံလျှောက်ထားသူ တရားခံ၏ လူ့အခွင့်အရေးကို အလေးနက်ထား၍ စဉ်စားပေးရ ပါမည်။ တစ်ဖက်တွင်လည်း အမှုစုံးစမ်းစစ်ဆေးရေးလုပ်ငန်း သို့မဟုတ် အမှုတည်ဆောက်ရေးလုပ်ငန်း သို့မ ဟုတ် အမှုမှန်ဖော်ထုတ်ရေးလုပ်ငန်းများကိုလည်း အနှောက်အယှက် မဖြစ်စေရန် လည်းသတိကြီးစွာထား၍ တရားရုံးအနေဖြင့် ဆောင်ရွက်ရပေမည်။

၂။ အမှုတွင် ကြည့်ရှုရမည်ဖြစ်သော ရှုထောင့်မှာ မူအားဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၆၆ အရ အရေးယူထားသည့် အပေါ်တွင် အာမခံ ပေးထားခြင်းသည် မှန် မမှန်ဖြစ်သည်။ အောက်ရုံးတရားသူကြီးသည် အမှုသွားအမှုလာနှင့် ရဲစစ်ချက်များအပြင် ရဲအစီရင်ခံစာကိုပါ ကြည့်ရှုပြီး ချင့်ချိန်ဝေဖန်သုံးသပ်သော အခွင့်အရေးရရှိခဲ့သည်။

    ၎င်း သည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် အမှုတွင် တရားခံအား အာမခံပေးလျှင် သင့်မည်ဟုထင်မြင်ယူဆခြင်းကြောင့် အာမခံ ပေးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် အထက်ရာဘက် စက်ရှင် တရားသူကြီးကလည်း ရှေ့နေကြီးများ တင်ပြ ချက်နှင့်တကွ အမှုတွဲများကို လေ့လာပြီး ကိုယ်ပိုင်ဉာဏ်ကို အသုံးပြုလျှက် တရားခံအား ယခုအနေအရ အာမခံ ပေးထားခြင်းမှာ မှားယွင်းသည်ဟုမဆိုနိုင်သဖြင့် လျှောက် ထားသူ၏ လျှောက်လွှာကို ပယ်လိုက်ခြင်းဖြစ်သည်။ ထိုရုံးနေနှင့်လည်းတွေ့ရှိရသည်မှာ အောက်ရုံးများက အမှုသွားအမှုလာအပေါ်တွင် အခြေပြု ၍ ကိုယ်ပိုင်ဉာဏ် အသုံးပြုပြီး တရားခံအား အာမခံပေးထားခြင်းမှာ မှားယွင်းသည်ဟုမဆိုနိုင်ပေ။( မသန်းသန်းမြင့်နှင့် ရှိတ်အာရဖာအလီ ၊ ၁၉၆၆ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ နိုင်ငံတော်တရား ရုံးချုပ်၊ စာမျက်နှာ ၉၆၀ ကိုကြည့်ပါ။)

(ည) ကျင့်ထုံးပုဒ်မ ၄၉၈ အရ အယူခံတရားရုံးဖြစ်သော ပြည်နယ် တိုင်းတရားရုံးနှင့် တရားရုံးချုုပ်မှ အာမခံ ပေးသင့် မသင့် သုံးသပ်ရာတွင် စဉ်းစားရမည့်အကြောင်း အချက်များ

၁။ စက်ရှင်တရားရုံး ( ယခု ပြည်နယ်တိုင်တရားရုံး) မှ ကျင့်ထုံးပုဒ်မ ၄၉၈ အရ ဆောင်ရွက်သည့်အခါ ကျင့် ထုံးပုဒ်မ ၄၉၇ ပါပြဋ္ဌာန်းချက်များကို လိုက်နာရပါမည်။ ကျင့်ထုံးပုဒ်မ ၄၉၈ အရ စက်ရှင်တရားရုံး ( ပြည်နယ် တိုင်း တရားရုံး) မှ အာမခံပေးသည့်ကိစ္စတွင် ကျင့်ထုံးပုဒ်မ ၄၉၇ (၅) နှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိစေရ။ ကျင့်ထုံးပုဒ်မ ၅၆၁ (က) အရ တရားရုံးချုပ်သည် စက်ရှင်တရားသူကြီးမှ ကျင့်ထုံး ပုဒ်မ ၄၉၈ အရ အာမခံပေး ထားသည့်အမိန့်ကို ဆန့်ကျင့်ဆုံးဖြတ်နိုင်သည်။(ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ဦးတင်မောင်၊ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံးများတရားလွှတ်တော် ၊ စာမျက်နှာ ၆၅၇)

၂။ အာမခံလျှောက်ထားသည့်အခါတွင် လျှောက်ထားသူသည် စွဲဆိုခြင်းခံရသောပြစ်မှုကို ကျူးလွန်းခဲ့သည်ဟု ယုံကြည်ရန် အကြောင်းအချက်များ ရှိ မရှိကို တရားရုံးရှေ့ရှိ အထောက်အထားများ ပေါ်တွင် အခြေပြု၍ သုံး သပ်ရပေမည်။ ကျင့်ထုံးပုဒ်မ ၄၉၈ အရ တရားရုံးချုပ်အနေဖြင့် သေဒဏ်နှင့် တစ်သက်တစ်ကျွန်းဒဏ် ထိုက် သင့်စေသော အမှုများပင်ဖြစ်စေကာမူ အာမခံပေးနိုင်သည့် အခွင့်အာဏာ သည်အကန့်အသတ်မရှိပေ။ အာမခံပေးနိုင်ခွင့်ရှိသည်။ သို့ရာတွင် ထိုသို့သော အမှုမျိုးတွင် အာမခံပေခြင်းကို အထူးခြွင်းချက်တစ်ရပ်အနေဖြင့်သာ ဆောင်ရွက်သင့်ပေသည်။ (ဦးလှမြင့်နှင့်အခြား ၂ ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၅၁ ခု၊ မြန်မာနိုင်ငံစီရင်ထုံးများ တရားလွှတ်တော် ၊ စာမျက်မှာ ၅၆)

[အညွှန်း- ဦးဗကြိုင် ( B.A, B.L) ၊ ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာများ ဥပဒေနှင့်လက်တွေ့ ၊ စာ ၃၀ မှ ၃၈] 

Comments