အနည်းဆုံးအခကြေးငွေနှင့်ပါတ်သတ်၍ အလုပ်ရှင်တာဝန်

"အနည်းဆုံးအခကြေးငွေနှင့်ပတ်သက်၍ အလုပ်ရှင်၏တာဝန်များ နှင့် အလုပ်သမား၏အခွင့်အရေးနှင့်တာဝန် များ ဘယ်လိုရှိကြမလဲ"


ယခုလက်ရှိအနည်းဆုံးအခကြေးငွေနှင့်ပတ်သက်ပြီးတော့-

အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ 

အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၁၈ အရ-

" မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်) " ဆိုပြီး သတ်မှတ်ထုတ်ပြန်ထားပါတယ်။

Exception တစ်ခုအနေနဲ့ကတော့-

ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၀ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ ဟု ဆိုပြီး ဖော်ပြထားပါတယ်။


ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရေးအတွက်လည်းကောင်း၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ပြည် ထောင်စုလွှတ်တော်သည် "၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေ"  ဥပဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်


၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ အရ- 

အလုပ်သမားဆိုသော စကားရပ်ကို ပုဒ်မ ၂ (က)မှာ ဖော်ပြထားပြီးတော့ ပုဒ်မ ၂(က) (၁)၊ (၂) နဲ့ (၃)မှာတော့ အနည်းဆုံး အခကြေးငွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အလုပ်သမားနဲ့ဝန်ထမ်းအမျိုးအစားတွေကို ဖော်ပြထားပါတယ်။


"ပုဒ်မ ၂(က)"အရ-

 "အလုပ်သမား" ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘော တူညီချက်ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင် ၍ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေး ငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့်ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပ အလုပ် သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွမ်းမံ ပြင်ဆင်ရေး အလုပ်သမားများလည်း ပါဝင်သည်။ 


သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်း များ မပါဝင်-

(၁) အလုပ်ရှင်အပေါ် မှီခို၍ အတူနေပြီး အလုပ်ရှင်၏အလုပ်ကို လုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစု ဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘနှင့် ညီအစ်ကိုမောင်နှမအရင်းများ၊

(၂) နိုင်ငံ့ဝန်ထမ်းများ၊

(၃) ပင်လယ်ကူးသင်္ဘောသားများ။


"ပုဒ်မ ၂(င)" အရ-

"အခကြေးငွေ" ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ် အလုပ် သို့မဟုတ် အခြားအချိန်ပိုင်းအလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်း ကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေး သည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစား ခွင့်များသည်လည်းကောင်း ပါဝင်သည်။


 သို့ရာတွင် အခကြေးငွေဆိုတဲ့ စကားရပ်ထဲမပါဝင်တာတွေကတော့ "ပုဒ်မ ၂ (င)"အရ-

(၁) ခရီးစရိတ်များ၊

(၂) ပင်စင်လစာနှင့် အငြိမ်းစားလုပ်သက်ဆုငွေ၊

(၃) လူမှုဖူလုံရေး အကျိုးခံစားခွင့်ငွေကြေးများ၊

(၄) နေထိုင်ခနှင့် စားသောက်စရိတ်များ၊ မီးဖိုး၊ ရေဖိုးနှင့် အခွန်အခများ၊

(၅) ဆေးကုသစရိတ်နှင့် အပန်းဖြေခများ၊

(၆) အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊

(၇) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက် ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော အခြားအခကြေးငွေများ။


အနည်းဆုံးအခကြေးငွေနှင့်ပတ်သက်ပြီး အလုပ်ရှင်၏တာဝန်များ မှာ "ပုဒ်မ ၁၂" အရ- 

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ အလုပ်သမား အား အခကြေးငွေပေးခြင်းမပြုရ။

(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် ပို၍ ပေးနိုင်သည်။

(ဂ) ဤဥပဒေအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် အနည်းဆုံးအခကြေးငွေမှ နုတ်ယူခွင့်ရှိသည် ဟု သတ်မှတ်ထားသော အခကြေးငွေမှအပ အခြားအခကြေးငွေကို နုတ်ယူခွင့်မရှိစေရ။

(ဃ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင် နေသော အလုပ်သမားများအား အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ပေးရမည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့် အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမား၏ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သောပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ပေးနိုင်သည်။

(င) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား အနည်းဆုံးအခကြေး ငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်း သဘောတူညီချက်အရဖြစ်စေ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ပေးနိုင်သည်။ ထိုသို့ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏မိသားစုကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။


ပုဒ်မ ၁၃အရ-

"အလုပ်ရှင်"သည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားများအနက် လုပ်ငန်းနှင့်သက် ဆိုင်သော အနည်းဆုံးအခကြေးငွေနှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ် ငန်းခွင်တွင် သက်ဆိုင်ရာအလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။

(ခ) အလုပ်သမားများ၏စာရင်း၊ ဇယားနှင့်စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို သတ်မှတ် ချက်များနှင့်အညီ မှန်ကန်စွာမှတ်တမ်းပြုစုထားရှိရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ပြုစုထားရှိသော စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို သတ်မှတ်ချက် များနှင့်အညီ သက်ဆိုင်ရာဦးစီးဌာနသို့ အစီရင်ခံရမည်။

(ဃ) စစ်ဆေးရေးအရာရှိက စစ်ဆေးရန် ဆင့်ဆိုသည့်အခါ သွားရောက်စစ်ဆေးခံရမည်။ ထို့ပြင် အဆိုပါ စာရင်းနှင့် မှတ်တမ်းများကို တောင်းခံသည့်အခါ တင်ပြရမည်။

(င) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိက ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သောအကူအညီများ ပေးရမည်။

(စ) အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ်ကိုင်နိုင်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆေးကုသ ရန် အလုပ်နားခွင့်ပေးရမည်။

(ဆ) အလုပ်သမားများ၏မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေ မှ ဖြတ်တောက်ခြင်းမပြုဘဲ သတ်မှတ်ချက်များနှင့်အညီ အလုပ်နားခွင့်ပေးရမည်။


အနည်းဆုံးအခကြေးငွေနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏အခွင့်အရေးများ


"ပုဒ်မ ၁၄" အရ -

ဤဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်နေသော အလုပ်သမားသည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို သော်လည်းကောင်း၊ ထိုအခကြေး ငွေထက် အလုပ်ရှင်က ပို၍ပေးပါက ပိုပေးသည့် အခကြေးငွေကိုသော်လည်းကောင်း ရထိုက် ခွင့်ရှိသည်။

(ခ) ဤဥပဒေ အာဏာမတည်မီက ရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သောအနည်း ဆုံးအခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသောအခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်။

(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်ပါ အနည်းဆုံးအခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ် ထားသောအနည်းဆုံးအခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်း ဆုံးအခကြေးငွေကို ရထိုက်ခွင့်ရှိသည်။

(ဃ) အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အလုပ်ကို လုပ်ကိုင်သည့်အခါ လုပ်ကိုင်သော အလုပ် အသီးသီးအတွက် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့် ရှိသည်။

(င) အချိန်ပိုင်း၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့်အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်။

(စ) လစားအလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိပြီး ထိုနားရက်အတွက် အခကြေး ငွေရထိုက်ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပိုလုပ် ခ ရထိုက်ခွင့်ရှိသည်။

(ဆ) နေ့စားအလုပ်တွင် သတ်မှတ်ထားသည့် တစ်နေ့အလုပ်ချိန်နာရီထက်လျော့၍ အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ဆန္ဒအရမဟုတ်လျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရ လျှင်သော်လည်းကောင်း အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေရထိုက်ခွင့်ရှိသည်။

(ဇ) သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ခံစားခွင့် ရှိစေရမည်။

(ဈ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင် သောအလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့် အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်း ဖြင့်သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ရထိုက်ခွင့်ရှိသည်။

(ည) စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သောအလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘော တူညီချက်အရဖြစ်စေ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သောပစ္စည်းတချို့ တစ်ဝက်တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏မိသားစုအတွက် သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိ သည်။


ပုဒ်မ ၁၅- ပုဒ်မ ၁၄ အရ အခကြေးငွေနှင့် အခြားခံစားခွင့်များ ရထိုက်ခွင့်ရှိသော အလုပ်သမားသည်-


(က) ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အားလုံးကို မရရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက်လျော့နည်း၍ ရရှိလျှင်သော်လည်းကောင်း အဆိုပါ နစ်နာသော အခကြေးငွေနှင့် အခြားခံစားခွင့်များရရှိရေးအတွက် ရထိုက်ခွင့်ရှိသည့်နေ့မှတစ်နှစ် အတွင်း သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ဦးစီးဌာနသို့တင်ပြနိုင်သည်။

(ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံးအတွက် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်။


တားမြစ်ချက်နှင့် ပြစ်ဒဏ်များကတော့-


"ပုဒ်မ ၂၄"အရ- 

မည်သည့်အလုပ်ရှင်မှ-

(က) အနည်းဆုံးအခကြေးငွေ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းမပြုရ။

(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားများအနက် မိမိ၏ မလုပ်သမားများနှင့် သက်ဆိုင်သော အနည်းဆုံး အခကြေးငွေ နှုန်းထားများနှင့် စပ်လျဥ်း၍ အလုပ်သမားများအား အသိပေးပြီး လုပ်ငန်းဌာနနှင့် လုပ်ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့် နေရာ၌ ကြော်ငြာထားရန် ပျက်ကွက်ခြင်း မရှိစေရ။


"ပုဒ်မ ၂၅"အရ-

မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၄ပာ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။


"ပုဒ်မ ၂၆"အရ- 

တရားရုံးသည် ပုဒ်မ ၂၃ နှင့်၂၅ တို့အရ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုချမှတ်သည့်အခါ အလုပ်ရှင်ကပေးဆောင်ရန်ပျက်ကွက်သော အခကြေးငွေကို ငွေဒဏ်အဖြစ်ချမှတ်ပြီး အလုပ်သမားအားပေးရမည်။


"ပုဒ်မ ၂၇"အရ-

မည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောက်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် သုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။


Credit

Comments