လယ်ယာမြေအခြားနည်း
လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက်
-------------------------------------------------------------
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၌ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားခြင်း ကိစ္စရပ်နှင့် ပတ်သက်၍နိုင်ငံနှင့် တစ်ဝန်း ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြခြင်းအပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ အကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လ အတွင်းကပင် ညွှန်ကြားချက်အသစ် ထုတ်ပြန်ခဲ့ပါသည်။
ရှေးယခင်က ဆောင်ရွက်ခဲ့သည့် နည်းလမ်း
-------------------------------------------------------------
တချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ကိစ္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅)ရေးကူးခွင့်အတွက် တစ်ကြိမ်၊ လုပ်ငန်းစာတွဲ တည်ဆောက်ခြင်း အတွက် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် တင်ပြနေရသောကြောင့် လုပ်ငန်းဆောင်ရွက်လိုသူ ကာယကံရှင်များအဖို့ မလိုအပ်သော အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ကြန့်ကြာမှုအတွက် ပြည်သူလူထုမှ ဌာနအပေါ် အထင်အမြင် လွဲမှားခြင်း၊ ထိုသို့အဆင့်ဆင့် နှစ်ကြိမ်တိုင်အောင် အထက်၊ အောက် တင်ပြရမှုကြောင့် ဆောင်ရွက်ရသည့်အဆင့်အပေါ်မူတည်လျက် မသမာသောဝန်ထမ်းများ အနေဖြင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍အဂတိ လိုက်စားမှုများနှင့် ရုံးဌာန၊ အဖွဲ့အစည်းများသို့ ကိုယ်တိုင် မသွားရောက်နိုင်သော သူများ အတွက်လည်း အမှုပွဲစားများကိုငွေကြေးပိုမိုပေးရခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ပါသည်။
ဆိုးကျိုးများကို ဖြေလျှော့သည့် နည်းလမ်း
-------------------------------------------------------------
အထက်ပါ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် ယခုအခါ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မြေစာရင်းပုံစံ (၁၀၅) တည်းဟူသော သက်သေခံမြေပုံ၊ မြေစာရင်းပုံစံ (၁၀၆) တည်းဟူသော မြေရာဇဝင်ရေကူးခြင်းအား သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း ရေးကူးစေ ပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲဖြင့် ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံးတစ်ပြေးညီကျင့်သုံး ဆောင်ရွက်နိုင်စေရေး အတွက်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်း အပေါ် တင်ပြသည့် အတိုင်းဆောင်ရွက်ရန် သဘောတူ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်း
-----------------------------------------------------------------
သို့ဖြစ်ပေရာ လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက် ယခင်ကလို နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ဘဲ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး၍ လယ်ယာမြေဥပဒေပုဒ်မ ၂၉ /၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တည်ဆောက်ရန်ပင် ရှိပါတော့သည်။ သို့သော် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၏ အဆင့်ဆင့် ထောက်ခံမှုအရ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ အခြား လယ်ယာမြေ ဖြစ်ပါက နေပြည်တော်ကောင်စီ သို့မဟုတ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူ ရန်သာ လိုအပ်ပါသည်။ လယ်ယာမြေဥပဒေပုဒ်မ -၂၉ / ၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲဖွင့်လှစ်သည့်အခါတွင်မူ လျှောက်ထားသူများ အနေဖြင့် အောက်ပါစာရွက်စာတမ်း၊ အထောက်အထားများအား ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်မည်ဖြစ်ပါသည်။
(က) လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄၊
(ခ) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊
(ဂ)ပတ်ဝန်းကျင်ပြ မြေပုံ၊
(ဃ) မြေတည်ရှိရာ အခြေပြမြေပုံ(Location Map) ၊
(င) ဆိုက်ပလင်(Site Plan) ၊ (စ) ဓာတ်ပုံမှတ်တမ်းများ၊
(ဆ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊
(ဇ) ရပ်ကွက်၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်၊
(ဈ) လျှောက်ထားသူ၏ ဝန်ခံချက်၊
(ည) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊
(ဋ) လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)၊
အထွေထွေ
-------------------------------------------------------------
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များ အနက် လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ကို ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲ ပေးပို့တင်ပြကြရပြီး လယ်မြေမဟုတ်သောအခြား လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅-က) ကိုသာ နေပြည်တော် ကောင်စီသို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ထုတ်ပေး ပိုင်ခွင့် ရှိသည်။ ယခုအခါ တချို့သောတိုင်း ဒေသကြီး အစိုးရအဖွဲ့ (ဥပမာ- ရန်ကုန်တိုင်းဒေသကြီး) များက လယ်မြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုကို တားမြစ်ပိတ်ပင်လိုက်သည်ဟု ကြားသိရပါသည်။ အချုပ်ဆိုသော် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားလိုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ၊ လယ်မြေမဟုတ်သော အခြားလယ်ယာ မြေကိုဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားကြရုံသာ ရှိတော့သဖြင့် ယခင်ကထက်ပိုမိုအဆင်ပြေချောမွေ့ လွယ်ကူလာနိုင်မည်ဖြစ်ကြောင်း အသိပေးရေးသား တင်ပြလိုက်ရပါတော့သည်။
Credit : မြန်မာတောင်သူကြီးများ ဂျာနယ်
Comments
Post a Comment