မြေပေးမိန့် (သို့) မြေချပါမစ်

 မြေပေးမိန့် (သို့) မြေချပါမစ် (သို့) မြေပါမစ်ရသူဆိုတာ အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရသေးပါဘူး၊ လိုင်စင်ကမှ (၃)နှစ်ဆိုတာပါသေးတယ်၊ ပါမစ်က လိုင်စင်လောက် အာနိသင်မရှိဘူး။ ပါမစ်မြေကို ရောင်း၀ယ် လွှဲပြောင်းရင် တရားဝင် စာချုပ်စာတမ်း လုပ်ခွင့်လည်း မပေးပါဘူး။ ၁-က (I.A) မှာလည်း တရားဝင်မှတ်သား ပြောင်းလဲရေးသွင်း ခြင်းမရှိပါဘူး၊ ဂရန်ဆက်မလျောက်ရင်၊ ဂရန်မကျသေးရင် သူလဲ ကျူးကျော် အဆင့်ပဲ။ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ Disposal Land ကို အသုံးပြုနိုင်မည့်အခွင့်အရေး Right in land ဆိုတာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က) နဲ့ ပုဒ်မ ၁၆ (က)၊ (ခ) တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့် ရရှိနိုင်ပါတယ်။ အပိုင်ဂရန်၊ အငှါးရန်၊ လိုင်စင်လို့ အများက ခေါ်ကြပါတယ်။ ဒါပေမဲ့ မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိကြပါတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.၀.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ်ရွာသစ်တွေ တည်ထောင်ကြတဲ့ အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ် မြေချပါမစ် Permit တွေ တပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာဖြစ်ပြီး တရားဝင် မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့်အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇၊ ပုဒ်မ ၈ နဲ့ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖေါ်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဘို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှါးရမ်းသုံးစွဲခွင့် ရရှိဘို့် ဂရန်စာချုပ် ချုပ်ဆို ငှါးရမ်းရပါတယ်။ အစိုးရကိုယ်စား မြို့နှင့်ကျေးရွာမြေ များအက်ဥပဒေပါ အမိန့်ကြော်ငြာ စာများအရ ခန့်အပ်တာဝန်ပေးထားတဲ့ အခွန်တော်အရာရှိနဲ့ မြေအသုံးပြုမဲ့ ကာယကံရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်းသုံးစွဲခွင့် ဂရန်စာချုပ်၊ အငှားစာချုပ် လိုအပ် ပါတယ်။ ပါမစ်ဟာ ဂရန်အဆင့် မဟုတ်ပါဘူး။ ပါမစ်ရသူဟာ မြေကွက်မှာ အိမ်ဆောက် နေနိုင်ရန် ချထားခံရသူသာ ဖြစ်ပြီး အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးလို့ ဆိုနိုင်ပါတယ်။ လိုင်စင်ကမှ မြေကို ခေတ္တအသုံးပြုခွင့် ၃ နှစ်လိ့ုပါရှိ သေးတာမို့ ပါမစ်ဟာ လိုင်စင် လောက်တောင် အာနိသင် မရှိပါဘူး။ သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကို အဆောက်အဦး မဆောက်ရင် မြေချထားမှုကို ပြန်ဖျက်သိမ်းမည်လို့တောင် ပါမစ်မှာ Notice ပေးထားတတ်ပါ သေးတယ်။ မြေချထားခံရသူ/ပါမစ်ရသူက မိမိအမည်နဲ့ မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် အငှါးဂရန်၊ ဂရန်၊ ဒါမှမဟုတ် လိုင်စင် တစ်ခုခု ထပ်ပြီးတော့ လျှောက်ရမှာ ဖြစ်ပါတယ်။ ပါမစ်နဲ့ ချထားမြေများကို အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၇ မှာ ဖေါ်ပြခဲ့တဲ့ တောင်ဥက္ကလာပ မြို့နယ်က အိုးအိမ်မှချထားတဲ့ အစိုးရမြေကို ဒေါ်မြိုင်ဆိုသူက ပါမစ်ရခဲ့ပြီး ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ဒေါ်မြိုင်ရဲ့ အမွေစား မွေခံတွေက အမွေဆက်ခံခွင့် တောင်းခံတဲ့အခါ အဲဒီ မြေကွက်ဟာ နေခွင့်လက်မှတ် permit ဖြင့် ရရှိထားတဲ့မြေသာ ဖြစ်တဲ့အတွက် အမွေဆက်ခံခွင့် မရှိလိ့ုစီရင်ဆုံးဖြတ် ခဲ့တာ လေ့လာတွေ့ရှိ ရပါတယ်။ ပါမစ်ရရှိသူကို မြေပိုင်ဆိုင်ခွင့် ပေးထားတယ်လို့ တရားစီရင်ထုံးများမှာ ဆုံးဖြတ်ထားခြင်း မရှိပါဘူး၊ ပါမစ်မြေကို ရောင်း၀ယ် လွှဲပြောင်းရင် တရားဝင် စာချုပ်စာတမ်းတောင် လုပ်ခွင့် မပေးရပါဘူး။ Entry procedure of I.A Register Instructions တွေမှာလည်း ပါမစ်ရသူ အမည်ကို ၁-က မှာ တရားဝင်မှတ်သား ပြောင်းလဲ ရေးသွင်းခြင်း မပြုရသေးဘဲ ယင်းပါမစ် မြေကွက်ကို အစိုးရမြေ အဖြစ်သာ မှတ်သားထားရမှာ ဖြစ်ကြောင်း၊ ယင်းမြေကွက်အတွက် I-A မှာ အစိုးရ မြေလို့ ရေးသွင်းရပြီး အောက်မှာ ကွင်းစကွင်းပိတ်နဲ့ ပါမစ်ရသူအမည်ကို ခဲနဲ့မှတ်သားထားရပြီး အဲဒီပုဂ္ဂိုလ်ကို (Recognized squatter) လို့ သတ်မှတ်ပြီး ဂရန်မကျသေးမီအတွင်း ကျူးကျော်ခွန် စည်းကြပ်ရမှာ ဖြစ်ကြောင်း....။ 

Credit .. U Zaw Min (Nat Mauk)


Comments