မဟာမေဒင်အမွေဆက်ခံခြင်း
မဟာမေဒင်များအမွေဆက်ခံခြင်းအကြောင်း
အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများနှင့် ဘုရားသခင်၏ တမန်တော် မဟာမက်၏ လုပ်ငန်းစဉ်တို့ကို လက်ခံ ယုံကြည်လျှင် ထိုသူတို့သည် မဟာမေဒင်များအဖြစ် ယုံကြည်သူတို့၏ လိုအပ်ချက်နှင့် ပြီးပြည့်စုံပြီးဖြစ်သည်ဟု မှတ်ယူကြသည်။ယင်းပုဂ္ဂိုလ်တို့သည် မွေးစကတည်းကပင် သော်လည်းကောင်း ၊ သို့တည်းမဟုတ် အယူပြောင်းခဲ့လျှင် သော်လည်းကောင်း မဟာမေဒင်များ ဖြစ်ကြသည်ဟုဆိုသည်။
ထိုကဲ့သို့ မဟာမေဒင်များ ဖြစ်လာရန်အတွက် တသီးတခြား ပွဲလမ်းသဘင် အခမ်းအနား သော်လည်းကောင်း၊ ဘုရားဝတ်ပြုခြင်း အခမ်းအနားသော် လည်းကောင်း ပြုလုပ်ရန် မလိုပါ။ပုဂ္ဂိုလ်တစ်ဦးသည် မဟာမေဒင်အဖြစ် မွေးဖွားလာပါက ၎င်းသည် မွတ်စလင် ဘာသာဝင်အဖြစ်မှ စွန့်လွှတ်ကြောင်း အတည့်အလင်း မကြေငြာ မချင်း မဟာမေဒင်သာလျှင်ဖြစ်သည်။
တနည်းဆိုရလျှင် မဟာမေဒင်ဥပဒေအား သက်ဆိုင်သူ အမှုသည်များ၏ မိသားစုဥပဒေအဖြစ် အသုံးပြုရာတွင် ထိုအမှုသည်များသည် မွေးစကတည်းက မွတ်စလင် ဖြစ်လာရန် မလိုပေ။အစ္စလာမ်ဘာသာသို့ ကူးပြောင်း လာသူ တစ်ဦးတစ်ယောက်သည် ယခင်က ၎င်းယုံကြည်ကိုးကွယ်ခဲ့သည့် မည်သည့်ဘာသာ ပင်ဖြစ်စေ ယခင်က ၎င်းကိုးကွယ်ခဲ့သည့် ဘာသာကို စွန့်လွှတ်လိုက်ပြီး အစ္စလာမ် ဘာသာကို ယုံကြည်လက်ခံသည်နှင့် တပြိုင်နက် ယခင်က ၎င်းကိုးကွယ်ယုံကြည်ခဲ့သည့် ဘာသာနှင့်တကွ ထိုဘာသာ၏ ဓလေ့ထုံးတမ်း ဥပဒေကိုလည်း စွန့်လွှတ်ပြီး ဖြစ်၍ မဟာမေဒင် ဓလေ့ထုံးတမ်း ဥပဒေကို လက်ခံပြီးဖြစ်သွားသည်။၎င်းတို့သည် အစ္စလာမ်ဘာသာအား ယုံကြည်သက်ဝင်ခြင်း၊ သို့မဟုတ် အစ္စလာမ် ဘာသာသို့ ကူးပြောင်းလာသူများ ဖြစ်ပါက လုံလောက်သည်။
မည်သူမဆို အစ္စလာမ်ဘာသာတရားကို သက်ဝင်ယုံကြည်လျှင် ယင်းသူအား မွတ်စလင်ဟု ခေါ်သည်။မွတ်စလင်မျိုးနွယ်စုတွင် အဓိကအားဖြင့် စွန်နီ နှင့် ရှအာ မျိုးနွယ်စု ၂စုရှိကြသည်။
စွန်နီတွင်ထပ်မံ၍
(၁) ဟာနဖီ
(၂) မာလီကီ
(၃) ရှာဖီ နှင့်
(၄) ဟန်ဘာလီ ဟူ၍မျိုးနွယ်စုလေးများရှိပြီး ၎င်းမျိုးနွယ်စုလေးများသည် ဟာနာဖီ ထုံးတမ်းဓလေ့ကို လိုက်နာကြရသည်။
ရှအာတွင်လည်း
(၁) အတ်နာအရှာရီ
(၂) အစ္စမာလီ နှင့်
(၃) ဇိုင်ဒီ ဟူ၍ မျိုးနွယ်စုလေးများရှိကြပြီး ၎င်းမျိုးနွယ်စုလေးများသည် ရှအာ ထုံးတမ်းဓလေ့ကို လိုက် နာကြရသည်ကို တွေ့ရပါသည်။
အကယ်၍ ကွယ်လွန်သူသည် စွန်နီလော ၊ ရှအာလော ပြဿနာပေါ်ခဲ့လျှင် စွန်နီမဟုတ်ကြောင်း စွပ်စွဲသူက သက်သေထင်ရှား ပြသရပြီး မပြသနိုင်လျှင် စွန်နီဟု ကောက်ယူရမည်ဖြစ်ကြောင်း စီရင်ထုံးများက ဆိုသည်။
မွတ်စလင်တစ်ဦး သေဆုံးလျှင် အောက်ပါကိစ္စများအလိုက် ငွေကိုထုတ်နှုတ်ပေးချေပြီးမှ ကျန်ရစ်သော အမွေပစ္စည်းကို အမွေခွဲဝေပေးရသည်။၎င်းတို့မှာ-
(၁) အသုဘစရိတ်
(၂) အမွေဆက်ခံခွင့်လက်မှတ်စာ သို့မဟုတ် အမွေအုပ်ထိန်းခွင့်လက်မှတ်စာ ၊ သေတမ်းစာ အတည်ပြုကြောင်း လက်မှတ်စာ စသည်တို့ လျှောက်ထားရာ၌ ကုန်ကျစရိတ်
(၃) မသေဆုံးမီ (၃) လ အရင်က သေသူအား ပြုစုရာတွင် ကုန်ကျခဲ့သည့် လုပ်အားခ
(၄) သေသူပေးရန်ရှိသော ကြွေးမြီတို့ဖြစ်သည်။
မွတ်စလင်တစ်ဦး သေဆုံးသည်နှင့်တပြိုင်နက် အထက်ပါ ကန့်သတ်ချက်ရှိသည်မှတစ်ပါး အမွေပစ္စည်းများသည် အမွေခံများသို့ ချက်ချင်းသက်ဆင်းသည်။
အမွေခံများ၏ အစုများမှာ သတ်မှတ်ပြီး အစုများဖြစ်၍ အမွေပစ္စည်းကို ဆက်ခံရာ၌ မိမိအစုအလိုက် အတူပိုင်ဆိုင်သူများအဖြစ် ဆက်ခံကြသည်။သို့ရာတွင် အမွေခံများသည် အမွေရှင်မသေဆုံးမီ အမွေရှင်၏ ပစ္စည်းများနှင့် ပတ်သက်၍ အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိပေ။
မဟာမေဒင် ဥပဒေတွင် အမွေဆက်ခံခြင်း၌ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းဟူ၍ ခွဲခြားထားခြင်း မရှိပေ။ထို့ပြင် ဘိုးဘပိုင်နှင့် ကိုယ်တိုင် ရှာဖွေရရှိထားသည့် ပစ္စည်းဟူ၍လည်း ခွဲခြားထားခြင်း မရှိပေ။ထို့ပြင် စွန်နီထုံးတမ်းဓလေ့၌ ကိုယ်စားပြု အမွေဆက်ခံခြင်း အမျိုးမျိုးကို လက်ခံခြင်းမရှိပေ။(ဥပမာ- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် အမွေမမှီမြေးကဲ့သို့ အမွေခွဲဝေပေးလေ့ မရှိဟု ဆိုလိုခြင်း ဖြစ်သည်။)
မဟာမေဒင်ဥပဒေအရ တစ်သက်သာအတွက် အပိုင်ပေးမှု စီမံခြင်းအား အပိုင်ပေးခံရသူသည် အပြည့်အဝ အကျိုး ခံစားခွင့်ရှိလျှင် အပိုင်ပေးခွင့် ရှိကြောင်း ခွင့်ပြုထားသည်။ထိုသို့ အပြီးအပိုင် ပေးကမ်းရာ၌ တရားဝင်အတည်ဖြစ်စေရန် အတွက် စာဖြင့်ရေးသားထားရန် သို့မဟုတ် ရီစစ္စတြီ မှတ်ပုံတင် ပြုလုပ်ရန်မလိုပေ။
မဟာမေဒင်ဥပဒေတွင် ကန့်သတ်ဖော်ပြထားချက်များမှ အပ စိတ်မနှံ့သူ မဟုတ်သောသူများနှင့် ငယ်ရွယ်သူမဟုတ်သော မွတ်စလင်တိုင်းသည် ၎င်းတို့ပိုင် ပစ္စည်းများကို သေတမ်းစာအားဖြင့် ပေးကမ်းစီမံ ခန့်ခွဲနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုသေတမ်းစာတစ်ခု တရားဝင်ဖြစ်စေရန်အတွက် ထိုသေတမ်းစာကို စာဖြင့်ရေးသားထားရန်မလိုပေ။အကယ်၍ သေတမ်းစာကို စာဖြင့် ရေးသားထားခဲ့လျှင်လည်း လက်မှတ်ထိုးထားရန် မလိုပေ။လက်မှတ်ရေးထိုး ထားခဲ့လျှင်လည်း ထိုလက်မှတ် မှန်ကန်ကြောင်း သက်သေက ထပ်ဆင့် ထောက်ခံလက်မှတ် ရေးထိုးထားရန် မလိုပေ။ထိုသို့ လက်မှတ်များ ရေးထိုးရန်မလိုခြင်း အကြောင်းမှာ မဟာမေဒင် သေတမ်းစာသည် စာဖြင့်ရေးသားထားရန် မလိုခြင်းကြောင့် ဖြစ်သည်။သေတမ်းစာ ပြုလုပ်သူ တစ်ဦးက ၎င်း မသေမီ အချိန် အနည်းငယ် အတွင်းတွင် ၎င်း၏ ပစ္စည်းများနှင့် ပတ်သက်၍ ညွှန်ကြားထားသည့် စာတစ်စောင်သည် တရားဝင်သော သေတမ်းစာတစ်ခုအဖြစ် လက်ခံကြောင်း တွေ့ရသည်။
ဟနာဖီ ဥပဒေတွင် အမွေဆက်ခံသူ(၃)မျိုးရှိရာ ၎င်းတို့မှာ-
(၁) အတူအမွေဆက်ခံသူများ(ပုံသေဆက်ခံကြသူများ)
(၂) ကြွင်းကျန်သောအမွေဆက်ခံသူများ နှင့်
(၃) ဝေးသောဆွေမျိုးတော်စပ်သူများ ဟူ၍ဖြစ်သည်။
အထက်ပါအမွေဆက်ခံသူ(၃) မျိုးအား
(၁) ကိုရမ်ကျမ်းအရအမွေဆက်ခံသူ
(၂) အဘဘက်မှဘိုးဘေးစသည့် ယောက်ျားမျိုးရိုးတူသော အမွေဆက်ခံသူများ နှင့်
(၃) အမေတူ အဖေကွဲ အမွေဆက်ခံသူများ ဟူ၍လည်း အသီးသီးခေါ်ဆိုကြသည်။
အတူအမွေဆက်ခံသူများ (ပုံသေဆက်ခံကြသူများ) ဆို သည်မှာ အမွေဆိုင်ပစ္စည်းများ အနက်မှ သတ်မှတ်ထားသော အမွေစုကို ဆက်ခံခွင့်ရှိသူများ (အစုအလိုက်ဆက်ခံကြ သူများ) ဖြစ်သည်။
အတူအမွေဆက်ခံကြသူများ( ပုံသေဆက်ခံကြသူများ)စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။၎င်းတို့မှာ-
(၁) လင်
(၂) မယား
(၃) အဖေ
(၄) အဘိုးနှင့် အထက်သို့တက်သည့်ယောက်ျားမျိုးဆက်
(အဖေ၏အဖေ)
(၅) အေမ
(၆) အဖွားအစစ်(အဖေ၏အမေ၏အမေ၊ အဖေ့အဖေ၏အမေ၊အမေ့ အမေ၏အမေ)
(၇) သမီး
(၈) သား၏သမီး နှင့် အောက်ဆင်းသည့် (သမီး)မိန်းကလေးမျိုးဆက်
(၉) အစ်မနှင့် ညီမ/နှမ အရင်း
(၁၀) မျိုးဆက်တစ်ခုတည်းမှ ဆင်းသက်လာသော အစ်မ နှင့် ညီမ / နှမ
(၁၁) အမေတူ အဖေကွဲ အစ်ကို /ညီ
(၁၂) အမေတူ အဖေကွဲ အစ်မ/ညီမ/နှမ တို့ဖြစ်ကြသည်။
အစုလိုက်ဆက်ခံကြသူများ (ပုံသေဆက်ခံကြသူများ)သည် အထက်တွင်ဖော်ပြ ထားသည့်အတိုင်း သေသူ၏ ဆွေမျိုးတော်စပ်ပုံ အနေအထားအရ အမွေစုပေးသင့် ပေးထိုက်သူများဖြစ်၍ ယင်းတို့အား အစဉ်အလိုက် အမွေခွဲဝေပေးခြင်း ဖြစ်သည်။
ကြွင်းကျန်သော အမွေဆက်ခံသူများမှာ အမွေဆိုင်ပစ္စည်းများ အနက်မှ သတ်မှတ်ထားသော အမွေစုကို ဆက်ခံခွင့် ရှိသူများ မဟုတ်သော်လည်း အတူအမွေဆက်ခံသူများ အနေဖြင့် ၎င်းတို့ရထိုက်သည့် အမွေစုများ ကျေနပ်စွာ ရရှိပြီးနောက် ကြွင်းကျန်နေသော အမွေဆိုင်ပစ္စည်းများကို ဆက်ခံရသူများ ဖြစ်သည်။
ဝေးသောဆွေမျိုးတော်စပ်သူများမှာ အထက်တွင်ဖော်ပြ ခဲ့သော အတူအမွေဆက်ခံသူများ နှင့် ကြွင်းကျန်သော အမွေဆက်ခံသူများ မဟုတ်သော သွေးတော်စပ်သူ ဆွေမျိုးများ ဖြစ်ကြသည်။
ရှအာ(ရှီယာ)မွတ်စလင် အမွေခန်းဥပဒေတွင် အမွေဆက်ခံသူများကို ဟာနဖီ (စွန်နီ)မွတ်စလင် အမွေဆက်ခံရေးကဲ့သို့ အမွေဆက်ခံသူ (၃) မျိုးမဟုတ်ပဲ အတူအမွေဆက်ခံသူများ နှင့် ကြွင်းကျန်သော အမွေဆက်ခံသူ(၂)မျိုးကိုသာ ခွင့်ပြုထားကြောင်း ဖတ်ရှူ့မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။
(မဟာမေဒင်များအမွေဆက်ခံခြင်းအကြောင်းမှတ်စု)
Crd
Daw Tinmoe Khaing
Comments
Post a Comment