နိုင်ငံခြားမှလာသော ကိုယ်စားလှယ်လွှဲစာ

 ယနေ့ခေတ်အခါတွင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ဆောင်ရွက်ကြသူများ၊ ပညာသင်အဖြစ်သွားကြသူများ၊ အများအပြားရှိလာပြီး မိမိတို့၏ မွေးရပ်ဇာတိဖြစ်သည့် မြန်မာနိုင်ငံတွင် မိမိတို့၏မိသားစုဝင်များ၊ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူများအား ကိုယ်စားလှယ်လွှဲအပ်ရန် အကြောင်းပေါ်ပေါက်လာခဲ့ပါက အောက်ပါအချက်များ သိထားသင့်ကြောင်း ဖော်ပြလိုက်ရပါသည်။

သက်သေခံအက်ဥပဒေပုဒ်မ ၈၅-တွင် ဖော်ပြထားသည်မှာ- နိုတြီပဗ္ဗလစ် (သို့) တရားမ တရားသူကြီး၊ ရာဇဝတ် တရားသူကြီး၊ ဗြိတိသျှကောင်စစ်ဝန် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုယ်စားပြုသူ ရှေ့မှောက်တွင် ချုပ်ဆို၍ ၎င်းကမှန်ကန်ကြောင်း၊ လက်မှတ်ရေးထိုးထားသော ကိုယ်စားလှယ်လွှဲစာများသည် မှန်ကန်ကြောင်း သက်သေခံစာရွက်စာတမ်းဖြစ်သည်ဟု ပြဌာန်းထားပါသည်။

ထို့ကြောင့် နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများမှာ သက်ဆိုင်ရာနိုင်ငံတွင်ရှိသည့် မြန်မာသံရုံးမှ တာဝန်ရှိသူ (ဥပမာ ပထမအတွင်းဝန်)ကမှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးစေသည့် ကိုယ်စားလှယ် လွှဲစာများသည် မှန်ကန်ကြောင်း သက်သေခံစာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။

သို့သော် အဓိကအချက်မှာ နိုင်ငံခြားမှပေးပို့သော ကိုယ်စားလှယ်လွှဲစာပေးသူသည် အသက်ထင်ရှား ရှိမရှိ၊ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်ခြင်း ရှိမရှိဆိုသည့် ကိစ္စရပ်ပင်ဖြစ်သည်။ ပေးပို့ထားသော ကိုယ်စားလှယ် လွှဲစာ မှာ နှစ်အတော်အတန်ကြာသွားပြီဆိုက ယင်းအချက်များကို သက်သေပြရန် တာဝန်ရှိလာပါသည်။

ထို့ကြောင့်နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများတွင် ပတ်ပို့စ်နံပါတ်နှင့် ဗီဇာသက်တမ်းများကို ဖော်ပြ ပေးရပါမည်။

၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၂၅ အမှုမှာ ဦးမျိုးခင်တင်ပြသော ဒေါ်ဝိကြိန်၏ အထွေထွေကိုယ်စားလှယ်လွှဲစာမှာ မြန်မာနိုင်ငံသံရုံး ပထမအတွင်းဝန်က မှန်ကန်ကြောင်း ထပ်ဆင့် လက်မှတ် ရေးထိုးထားသော ကိုယ်စားလှယ်လွှဲစာဖြစ်၍ မှန်ကန်ကြောင်း လက်ခံနိုင်သော်လည်း ဒေါ်ဝိကြိန်မှာ အသက်ထင်ရှားရှိ/မရှိနှင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားခြင်း ရှိ/မရှိ တင်ပြနိုင်ရန်အတွက် တရားရုံး ရှေ့ရောက်ရှိရန် ဆင့်ခေါ်သွားသည်ဟု အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများတွင် သက်ဆိုင်ရာ မြန်မာသံရုံးရှိ အရာရှိ လက်မှတ် အပြင် ကိုယ်စားလှယ်လွှဲသူ၏ ပတ်ပို့စ်နံပတ်နှင့် ဗီဇာသက်တမ်းများကို ဖော်ပြရေးသားပါရှိလျှင် ပြည့်စုံသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

Comments