SP, GP များနှင့် ပါတ်သတ်သည့် အချက်များ

 အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှ အခြားလူတစ်ဦးသို့ ၎င်းပိုင်ဆိုင်သော မရွှေ့ မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အရပ်ရပ်ကိစ္စအားလုံးအတွက် ၎င်းကိုယ်တိုင် ဆောင်ရွက်ဘိသကဲ့သို့ ၎င်းကိုယ်စားလက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ခန့်အပ်သည့် ကိုယ်စားလှယ်လွှဲခြင်းကို ဆိုလိုသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power) အထူးကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။ (အထူး သဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တစ်ဆင့် ဝယ်ယူသို့ ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာရုံးဌာနအသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် အထူးကိုယ်စားလှယ်လွှဲစာကိုသာ ပေးကျခြင်းဖြစ်ပါသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power) သတိပြုရမည့်အချက်များ

- SP ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ SP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီး ထပ်ဆင့် SP လွှဲပေးလို့မရပါ။

- SP ပေးလို့ရသော မြေများမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှာ SP ပေးလို့မရပါ။

- လယ်မြေ နှင့် ဥယျာဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက SP ပေးလို့ရပါသည်။

- SP လွှဲအပ်ရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့်မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်လည်းကောင်း မှတ်ပုံတင်ပြီးပေးမှ တရားဝင်မည် ဖြစ်ပါသည်။

အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power ) သတိပြုရမည့်အချက်များ

- GP ပေးသည်ဆိုရာ၌ မိမိ၏ ပိုင်ဆိုင်သမျှအရာအားလုံးကို လွှဲအပ်ခံရသူအား မိမိကိုယ်စား လုပ်ခွင့်ပေးခြင်းဖြစ်ပြီး GP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီး ထပ်ဆင့် GP လွှဲပေးလို့မရပါ။

SP, GP ကို ဘယ်လိုလွှဲအပ်မလဲ။

- သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင်လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် လည်းကောင်း လွှဲအပ်သူ၊ သက်သေ (၂) ဦးတို့ လက်မှတ်ရေးထိုး၍ လူကိုယ်တိုင်လိုက်ပါဆောင်ရွက်ရန်လိုအပ်ပါတယ်။

- လွှဲအပ်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊ သတိကောင်းကြောင်း အထောက်အထားများရယူပြီး သက်ဆိုင်ရာရုံးကို ပြင်ပသို့လိုက်ပါ မှတ်ပုံတင်ပေးရန်(ကော်မရှင်နာ) လျှောက်ထားပါက သက်ဆိုင်ရာအရာရှိမှ နေအိမ်သို့ လိုက်ပါ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

- လွှဲအပ်မည့်သူက နိုင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိုင်ငံမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးရှိ တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်။ သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်။ သံရုံးရော၊ ကောင်စစ်ဝန်ရုံးရောမရှိတဲ့ ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရမှာဖြစ်ပါတယ်။

- လွှဲအပ်မည့်သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူးရှေ့မှောက်မှာ လွှဲရပါတယ်၊ ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်းမှူးရှေ့မှာလွှဲအပ်ရယူနိူင်ကြပါတယ်။

Special Power ၊ General Power တွေဟာ အခြေအနေ (၇) မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။ အဲဒီအခြေအနေတွေကတော့ -

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ SP, GP ကိုလွဲှပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွဲှအပ်ပေးပေမယ့် လက်ခံရမယ့်သူကအကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည် SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွဲှအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့လွဲှအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝ ပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။

(၄) လွဲှအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့) လွဲှအပ်ခြင်းလက်ခံသူ တစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထို SP, GP တွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၅) ရူးသွပ်ကြခြင်း အလားတူပင် SP, GP တို့ကို လွဲှအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၆) နှစ်ရှည်ထောင်ကျခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည် အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၇) လူမွဲအဖြစ်ခံယူကြခြင်း SP, GP တို့ကို လွဲှအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။

Comments