After Thought (သို့) နောက်မှအကြံရ၍ တင်ပြခြင်း
After Thought (သို့) နောက်မှအကြံရ၍ တင်ပြခြင်း
After Thought နှင့် ပတ်သက်၍ ဆရာဦးမြ၏ သောင်းပြောင်းထွေလာဥပဒေပြဿသနာ အတွဲ - ၆ ၊ စာ - ၁၆၄ ပါ အောက်ဖော်ပြပါ ရှင်းလင်းချက်အား မျှဝေအပ်ပါသည်။ ယင်းဖော်ပြချက်မှ အောက်ပါအချက်များကို သင်ခန်းစာရရှိခဲ့ပါသည်။
(၁) စွဲချက်မတင်မီအဆင့်တွင် တရားလိုပြသက်သေများကို တရားခံက ထုချေရေးလမ်းကြောင်း မမေးမြန်းခြင်းသည် After Thought မဟုတ်ဘဲ ကျင့် - ၂၅၆ အဆင့်တွင်တောင်မှ မေးမြန်းခြင်းမပြုမှသာလျှင် After Thoughtဖြစ်ခြင်း။
(၂) တရားခံဆင်လိုသော ဇာတ်လမ်းဇာတ်ကွက်ကို သက်သေတိုင်း အား မေးရန်မဟုတ်ဘဲ ထိုဇာတ်လမ်းကို သိတန်ရာသည့် သက်သေကို သာမေးမြန်းရန်ဖြစ်ခြင်း။
(၃) ဇာတ်လမ်းကိုသိသောသက်သေအား မေးမြန်းခွင့်မရသဖြင့် မမေးမြန်းခဲ့ရသည့် အခြေအနေတွင် တရားခံ၏ ထုချေချက်သည် After Thought မဖြစ်ခြင်း။
-------------------------------------------------------------------------
ဦးတင်ထွဋ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ( ၁၉၆၆၊ မတစ၊ စာ - ၁၉၂) တွင် အောက်ပါအတိုင်းထုံးဖွဲ့ ထားသည်-
“ လျှောက်ထားသူ၏အဓိက ထုချေချက်မှာ သူသည် ဘီလ်ကောက်ခံသူအား အချင်းဖြစ်ငွေကို ပေးလိုက်သည်ဟုပြောဆိုသည်။ ဤကဲ့သို့ ပေးလိုက်သည်ဟု ဆိုခြင်း နှင့် ပတ်သက်၍ တရားလိုပြသက်သေ များစစ်ဆေးစဉ်က တစ်ဦး တစ်ယောက်ကိုမျှ ပြန်လှန်မေးခွန်းတွင် မေးခဲ့သည်ကိုမတွေ့ရှိရပေ။ လျှောက်ထားသူ အပေါ် စွဲချက်တင်ပြီးမှ လျှောက်ထားသူက ထုချေမှသာလျှင် သူသည် အချင်းဖြစ်ငွေကို ဘီ(လ်) ကောက်ခံသူများအားပေးလိုက်ပါသည်ဟု ထုချေခြင်းဖြစ်သည်။ ယင်းထုချေချက်မျိုးဖြစ်သည် နောက်မှ အကြံရ၍ ကြံစည်ကာ ထုချေခြင်းမျိုးဖြစ်သည်ဟု ယူဆရပေမည်။”
ဤစီရင်ထုံးတွင်မပါဘဲ ဖြည့်စွက်သော အယူအဆတစ်ရပ်ရှိပါသည် စွဲချက်မတင်မီ တရားခံဘက်မှ မိမိ၏ ခုခံရေးလမ်းကြောင်း နှင့် စပ်လျဉ်း၍ တရားလိုပြ သက်သေများ ပြန်လှန်စစ်မေးခြင်းမပြုဘဲ စွဲချက်တင် ပြီးနောက်မှ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြန်လှန်စစ်မေးလျှင် နောက်မှ အကြံရ၍ မိမိ၏ ဇာတ်လမ်းကို ဆင်ခြင်းဖြစ်သည်ဟု မှတ်ယူကြပါသည်။
တစ်နည်းအားဖြင့် စွဲချက်မတင်မီက တရားခံဘက်မှ တရားလိုပြသက်သေများအား မိမိထုချေလိုသည့် အချက်ကို ပြန်၍ မေးမြန်းခြင်းမပြုသည်ကို ထောက်ချင့်၍ မည်သို့ ထုချေရမည်ကို စိတ်ကူးမရသေးဟုဆိုနိုင်သဖြင့် နောက်မှအကြံပေါ်ပြီး ထုချေခြင်းဖြစ်သည်ဟု အကြောင်းပြပါသည်။
ယင်းဥပဒေသနှင့် စပ်လျဉ်း၍ စီရင်ထုံးမရှိသေးပါ။ ဆိုင်ရာပုဂ္ဂိုလ်များ၏ အမြင်သာဖြစ်ပါသည်။
--- စီရင်ထုံးကိုရေးသားသောတရားဝန်ကြီးချုပ်အပါအဝင်
ရှေးက ရှေးက ရှေ့နေကြီးများသည် စွဲချက်မတင်မီ အဆင့်တွင် သက်သေများကို ပြန်လှန်မေးမြန်းလေ့မရှိ။
တရားလိုဘက်က ဇာတ်လမ်းကို စောင့်ကြည့်ကြသည်။ မေးမှားကိုင်မှားမိ၍ မိမိတရားခံနစ်နာမည်ကို သတိထားကြသည်။
တရားလိုဘက်မှ ဇာတ်လမ်း ရုပ်လုံးပေါ်မှ စွဲချက်တင်သည်ဖြစ်ရာ မည်သို့ထုချေရမည်ကို စဉ်းစားကြံဆကြသည်။ ထုချေမည့်လမ်ကြောင်း (ခေတ်စကား ဖြင့်ပြောရလျှင် ထုချေမည့်လိုင်း) ကိုရွေးချယ်၍ တရားလိုပြသက်သေများကို ပြန်လည်ခေါ်ယူကာ ထိုဇာတ် လမ်းကို ပုံပေါ်အောင်မေးမည်။
သက်သေများ၏ ထွက်ချက်တို့တွင် ကွဲလွဲချက် ၊ သဘာဝ မကျချက် အစရှိသည် တို့ ပေါ်လွင်အောင် စစ်စစ်ဖာဖာ မေးမြန်းသည်။
ထိုသို့ မေးမြန်းခွင့်မျိုး ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၂၅၆ တွင် ခွင့်ပြုထားသည်။
သို့ဖြစ်ရာ
အထက်ပါ အယူအဆ မှန်သည်ဟု ယူဆပါက ထိုအခွင့်အရေးကို တနည်းအားဖြင့် ပြန်လည်ရုပ်သိမ်းရာရောက်၍ တရား ခံအားမည်မျှ ထိခိုက်စေနိုင်သည်ဟု တွေးယူကြပါကုန်။
စောဒကတက်ရန် အကြောင်းရှိပါသည်။ စွဲချက်မတင်မီအဆင့်တွင် သက်သေများအား ပြန်လှန်စစ်မေးခြင်းမပြု ဘဲ စွဲချက်တင်ပြီးမှ အားလုံးကို ပြန်လည်ခေါ်ယူ၍ ထပ်မံစစ်မေးလိုလျှင် အမှု မကြန့်ကြာပေဘူးလား။
အမှုမြန်ဆန်ရေးဘက်ကိုသာ ကြည့်ရန်မဟုတ်ပါ။ မှန်ကန်မှုကိုလည်း ဦးစားပေးရပါမည်။ သို့မှသာ တရားမျှတမှုကို ဖြစ်စေပါမည်။
အမှုမကြာရအောင် တရားလိုဘက်က အမှုရုပ်လုံးဖော်ပြီးသောအခါ တရားခံအပေါ်စွဲချက်တင် နိုင်သည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၄ တွင် ပြဌာန်းထားပါသည်။ ဥပဒေဝန်ထမ်းများသည် အမှု ပုံပေါ်စေမည့် သက်သေများကို ဦးစွာစစ်ဆေးသင့်သည်။ ရဲစွဲချက်တွင်ပါသော သက်သေအစီအစဉ်အတိုင်း စစ်ဆေးရန်မလိုပါ။
ဥပဒေပညာရှင်တစ်ဦးက “after thought” ဆိုသောစကားရပ် နှင့် စပ်လျဉ်း၍ ၎င်းတွေ့ကြုံရသော ပြသနာကို ဆွေးနွေးပါသည်။
ခိုးမှုတစ်မှုတွင် အမှုစစ်ရဲအရာရှိ လေးဦးရှိရာ သုံးဦးစစ်ဆေးပြီး ကျန်တစ်ဦးကို
ဥပဒေ ဝန်ထမ်းက ပယ်လိုက်ပါသည်။ ကျန်တစ်ဦးသည် တရားလိုအား မိမိဝတ်ထားသောနားကပ်ကို ရဲစခန်းတွင် ချွတ်စေကာ တရားခံထံမှ သိမ်းမိသည်ဟု အကွက်ဆင်ခဲ့ကြောင်း၊ တရားခံက ပြောပြထားသည်။
ပထမ သတင်းပေး တိုင်ချက်တွင် ဖော်ပြထားသော အခိုးခံရသည့်ပစ္စည်း အသေးစိတ်စာရင်းတွင်မူ နားကပ်မပါဝင်ချေ။
ထိုကိစ္စကို ထိုရဲအရာရှိအား စစ်ဆေးသည့်အခါ မေးမြန်းမည်ဟု အားခဲထားရာ
တရားလို ဘက်မှ သက်သေကို ပယ်လိုက်သဖြင့် မမေးခဲ့ရကြောင်း၊ တရားခံဘက်မှ ထိုကိစ္စကို ထုချေတင်ပြီးသောအခါ တစ်ဖက်မှ ထိုဇာတ်လမ်းကို တရားခံအား နောက်မှအကြံရ၍ တင်ပြခြင်းဖြစ်သည်ဟု တင်ပြလာကြောင်း၊ ထိုတင်ပြချက်မှန်မမှန်သိလိုကြောင်းပြောပြပါသည်။
နောက်မှအကြံရ၍တင်ပြသော ဇာတ်လမ်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရားခံ၏ ထုချေချက်ကို ငြင်းပယ်ခဲ့သည်မှာ ၁၉၆၆ ခုနှစ် စီရင်ထုံး
ပေါ်ထွက်လာပြီးကတည်းကဖြစ်ပါသည်။
ထိုစီရင်ထုံးတွင် ကိုးကားထားသော
အေ အိုင် အာရ် ၁၉၃၅ ရန်ကုန် ၃၉၃ ကို ယခင်က လူသိမများသဖြင့် အဆိုပါတင်ပြချက်မျိုးကို ပွဲထုတ်ခဲ့ခြင်းမရှိပါ။
ပထမဆုံးစစ်ဆေးသော တရားလိုပြသက်သေကိုယ်တိုင်က တရားခံတင်ပြလိုသော ဇာတ်လမ်းမှန်ပါသည်ဟု ဝန်ခံထွက်ဆိုပါလျက် ကျန်တရားလိုပြသက်သေများအား တရားခံထုချေတင်ပြလိုသည့် ဇာတ်လမ်းကိုထပ်တလဲလဲမေးမြန်းကြသည် များကို တွေ့ရဖူးပါသည်။
တရားလိုပြသက်သေတစ်ဦးထံမှ တရားခံလိုချင်သော အဖြေရလျှင်လုံလောက်မှန်းမသိကြပါ။
တရားခံဆင်လိုသော ဇာတ်လမ်းဇာတ်ကွက်ကို သက်သေတိုင်းအား မေးရန်မဟုတ်ပါ။ ထိုဇာတ်လမ်းကို သိတန်ရာသည့် သက်သေကို သာမေးမြန်းရန်ဖြစ်ပါသည်။
နားကပ်ကိစ္စကို နားကပ်သိမ်းသည့် အမှုစစ်ရဲအရာရှိအား မေးရန်ဖြစ်ပါသည်။ တရားရုံးက စစ်ဆေးသော အမှုစစ်ရဲအရာရှိများသည် နားကပ်သိမ်းသည့် ကိစ္စကိုသိသူများမဟုတ်ပါ။
ခိုးမှုကို စုံထောက်မေးမြန်းရာ၌ အခြားကဏ္ဍများတွင် ဆောင်ရွက်ရသော အမှုစစ်ရဲအရာရှိများ ( အဆိုပါအမှုတွင် အမှုစစ်ရဲအရာရှိများ တစ်ဦးပြီးတစ်ဦးပြောင်းသွားသည်ဟု အဆိုရှိသည်။) အား မိမိစုံထောက်မေးမြန်းသည့် အမှုတွင် ဆောင်ရွက်ခဲ့သည်များကို မေးမြန်းနိုင်သည်။
အခြားအမှုစစ်ရဲအရာရှိ၏ ဆောင်ရွက်ချက်များကို မေးမြန်းပါက ဖြေကြားသူ၏ ဖြေကြားချက်သည် တစ်ဆင့်ကြားစကားဖြစ်၍ သက်သေခံဥပဒေပုဒ်မ- ၆၀ အရ သက်သေခံဝင်မည်မဟုတ်ချေ။
သို့ဖြစ်ရာ နားကပ်မသိမ်းသူ အမှုစစ်ရဲအရှိအား နားကပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ မေးလျှင် ဘာအကျိုးရှိပါမည်လဲ။ ဆိုင်ရာ အမှုစစ်ရဲအရာရှိအား မေးမြန်းခွင့်မရခဲ့သော တရားခံသည် “after thought theory” ကြောင့်နားကပ်ကိစ္စကို
ဖြေရှင်းခွင့်ဆုံးရှုံးရပါလျှင် တရားမျှတပါမည်လား။
စီရင်ထုံးကို အတုံးလိုက်အတစ်လိုက် သုံးရန်မဟုတ်ပါ။
တရားခံ၏ ပျက်ကွက်မှုကြောင့် “နောက်မှုအကြံရ၍ တင်ပြခြင်းဖြစ်သည်။” ဟူသော ဥပဒေသ ပေါ်လာခြင်းဖြစ်သည်။
တရားခံက အမှုစစ်ရဲအရာရှိအား မေးခွင့် လက်လွတ်ဆုံးရှုံးရသည့်ကိစ္စတွင် ပျက်ကွက်မှု ပြသနာမပေါ်ပေါက်နိုင်။
ထိုအခြေအနေတွင် ထိုကဲ့သို့သော ဥပဒေသကို အသုံးချမည်ဆိုပါက ဥပဒေသည် မဖြစ်နိုင်သည် မရည်ရွယ်ဟု ၁၉၅၈၊ မတစ၊ စာ - ၈၁( တရားလွှတ်တော်ချုပ်)တွင် ထုံးဖွဲ့ထားသည်ကို မျက်ကွယ်ပြုရာရောက်ပေလိမ့်မည်။
Credit: ထွန်းမျိုးဌေး
×××××××
Comments
Post a Comment