ဇနီးနှင့်သားသမီးများအား စရိတ်ထောက်ပံ့ရန် အမိန့်


ပုဒ္မ ၄၈၈ ( ၁ ) ။ ။ မည်သူမဆိုလုံလောက်သော ဥစ္စာအင်အားရှိလျက်နှင့် မိမိ၏ဇနီးကို ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေစားသောက်နိုင်ခြင်းမပြုနိုင်သည့် တရား ဝင် သို့မဟုတ် တရားမဝင်သားသမီးကိုဖြစ်စေ ထောက် ပံ့ခြင်းမပြုဘဲ ပေါ့လျော့နေလျှင် သို့မဟုတ် ထောက်ပံ့ရန်ငြင်းပယ်လျှင် ခရိုင်ရာဇဝတ်တရားသူကြီး နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်းအာဏာရတရားသူကြီး တစ်ဦးဦးသည် ထိုကဲ့သို့ ပေါ့လျော့မှု သို့မဟုတ် ငြင်းပယ်မှုအတွက် ခိုင်လုံသောအထောက်အထားရရှိသော အခါ အဆိုပါပျက်ကွက်သူ သည် သူ၏ ဇနီး ( သို့မဟုတ် ) သားသမီးကို တစ်လလျှင် မိမိသင့်သည် ထင်မြင်သည့်အတိုင်း ကျပ်ငါးသောင်း ထက်မပိုသော လစဉ် ထောက်ပံ့ကြေးပေးရန်နှင့် တရားသူကြီးကအခါအား လျော်စွာ ညွှန်ကြားသည့်အတိုင်း အဆိုပါသူသို့ပေးရန် အမိန်ချမှတ်နိုင်သည်။ ( ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအမှတ် ၁၆/ ၂၀၁၆ )
( ၂ ) အဆိုပါထောက်ပံ့ကြေးကို အမိန့်ချမှတ်သည့်နေ့မှစတင်၍ဖြစ်စေ ၊အမိန့်တွင် ထောက်ပံ့ကြေး လျှောက် လွှာတင်သည့်နေ့မှ စတင်ပေးရန်ပါရှိလျှင် ထိုအတိုင်း ဖြစ်စေပေးစေရမည်။

အမိန့်ကိုအကျိုးသက်ရောက်အောင်ဆောင်ရွက်ခြင်း။

ပုဒ်မ ၄၈၈ ( ၃) တွင် “ ယင်းကဲ့သို့အမိန့်ချမှတ်ခြင်းခံရသူ မည်သူမဆို အမိန့်ကိုလိုက်နာရန်လုံလောက်သော အကြောင်းမရှိဘဲ ပျက်ကွက်ပါက ယင်းသို့အမိန့်ကို ဖောက်ဖျက်သည့်အခါတိုင်း အတွက်ကျသင့်သော ငွေ ကြေး ကိုကောက်ခံရန်အထက်က ငွေဒဏ်များ ကောက်ခံရန်အတွက် ပြဋ္ဌာန်းထားသောနည်းလမ်းအတိုင်း ဝရမ်း ထုတ်နိုင်သည်။ ထို့ပြင် ဝရမ်းအတည်ပြုပြီးနောက် ပေးသွင်းကျန်ရှိနေသည့်လစဉ် ထောက်ပံ့ကြေး အားလုံး အတွက် ဖြစ်စေ ၊ အချို့အဝက်အတွက်ဖြစ်စေ ထိုသူကို တစ်လအထိ ထောင်ဒဏ်ဖြစ်စေ ၊တစ်လမတိုင်မီ ပေးလျှင် ထိုသို့မပေးဘဲနေသည့် အချိန်ကာလအထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။
သို့ရာတွင် မိမိဇနီးသည် မိမိနှင့်အတူနေရန် စည်းကမ်းချက်ဖြင့် ကမ်းလှမ်းပါလျက်နှင့် ဇနီးဖြစ်သူက ၎င်းနှင့် အတူနေရန်ငြင်းပယ်လျှင် အဆိုပါတရားသူကြီးသည် ထိုဇနီးကအတူမနေလိုကြောင်း ငြင်းပယ်ရသည့် အကြောင်းပြချက်များကို စဉ်းစား၍ ခင်ပွန်းဖြစ်သူက အဆိုပါကမ်းလှမ်းချက်ကို ပြုလုပ်သည့်တိုင် အောင် ဇနီးဖြစ်သူမှာ အတူမနေနိုင်ခြင်းအတွက် တရားလမ်းမှန်ကျသော အကြောင်းပြချက်ရှိသည်ဟု ကျေနပ်ပါ က ဤပုဒ်မအရ အမိန့်ချမှတ်နိုင်သည်။
ထို့ပြင်လည်း ဤပုဒ်မအရ ရသင့်သည့်ငွေကို ကောက်ခံပေးရန် ငွေပေးရန် အချိန်ကာလစေ့ရောက် သည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်းမပြုပါက ယင်းငွေကောက်ခံရန် အတွက် ဝရမ်းမထုတ်ရ”။
ပုဒ်မ၄၈၈ ( ၄ ) တွင် “ ဤပုဒ်မအရ ခင်ပွန်းဖြစ်သူထံမှ ထောက်ပံ့ကြေးရထိုက်သော မည်သည့်ဇနီးမဆို အခြားယောကျာ်းတစ်ဦးနှင့် ဖောက်ပြန်နေလျှင် သို့မဟုတ် လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ သူမ ၏ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်ရန်ငြင်းပယ်လျှင် သို့မဟုတ် ၎င်းတို့သည် နှစ်ဦးသဘောတူညီချက်အရ တကွဲတပြားနေထိုင်ကြလျှင် ထောက် ပံ့ကြေးရထိုက်ခွင့်မရှိစေရ”။
ပုဒ်မ ၄၈၈ ( ၅ ) တွင် “ ဤပုဒ်မအရ ရရန်အမိန့်တစ်ရပ် ချမှတ်ထားသော မည်သည့် ဇနီးမဆို အခြားယောကျာ်းတစ်ဦးနှင့်ဖောက်ပြန်နေကြောင်း သို့မဟုတ် လုံလောက်သောအကြောင်းမရှိဘဲ သူမ၏ခင်ပွန်း နှင့် နေထိုင်ရန် ငြင်းပယ်ကြောင်း သို့မဟုတ် သူတို့သည်နှစ်ဦသဘောတူညီချက်အရ တကွဲတပြားနေထိုင်ကြ ကြောင်း သက်သေခံအထောက်အထား ပေါ် ပေါက်လျှင် ရာဇဝတ်တရား သူကြီးသည် အမိန့်ကို ပယ်ဖျက်ရ မည်”။
ပုဒ်မ၄၈၈ ( ၆ ) တွင် “ ဤအခန်းအရ သက်သေခံချက်အားလုံးကို သက် ဆိုင်ရာ ခင်ပွန်းသို့မဟုတ် ဖခင်၏ရှေ့မှောက်တွင် သို့မဟုတ် ထိုသူ၏လာရောက်ခြင်းကို ခွင့်လွှတ်ထားပါက ၎င်း၏ရှေ့နေရှေ့မှောက်တွင် ရယူရမည်”။ ၎င်းပြင် အဆိုပါ သက်သေခံချက်ကို သမ္မန်မှုများအတွက် သတ်မှတ်ထားသော နည်းလမ်းအတိုင်း ရေးမှတ်ရမည်။
သို့ရာတွင် ထိုသူသည် သမ္မာန်စာကို လက်မခံရအောင် တမင်ရှောင် တိမ်းနေကြောင်း သို့မဟုတ် တရားရုံးသို့လာရောက်ရန် တမင်ပေါ့လျော့ကြောင်း တရားသူကြီးသည် ကျေနပ်လက်ခံလျှင် ထိုတရားသူကြီး သည် အမှုကိုတစ်ဖက်သတ် ကြားနာဆုံးဖြတ်နိုင်သည်။ ထိုအမိန့်ချမှတ်သည့် နေ့ရက်မှ သုံးလအတွင်း လျှောက်ထားရန် ခိုင်လုံသော အကြောင်းပြချက်တင်ပြနိုင်ပါက ချမှတ်သော မည်သည့် အမိန့်ကိုမဆို ပယ်ဖျက်ပေးနိုင် သည်။
ပုဒ်မ၄၈၈ ( ၇ ) တွင် “ ဤပုဒ်မအရ လျှောက်လွှာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာ၌ တရားရုံးသည် တရားမျှတသည့် တရားစရိတ်များကိုပေးစေရန် အမိန့်ချမှတ်နိုင်သည့် အာဏာရှိစေရမည်”။
ပုဒ်မ၄၈၈ ( ၈ ) တွင် မည်သူကိုမဆို ၎င်းနေထိုင်ရာ သို့မဟုတ် ၎င်းသည် ဇနီးနှင့်အတူ နောက်ဆုံး နေထိုင်ရာ သို့မဟုတ် သက်ဆိုင်ရာတရားမဝင်သော သား သမီး၏ မိခင်နှင့်အတူနောက်ဆုံးနေထိုင်ခဲ့ရာ ခရိုင်အတွင်း၌ ဤပုဒ်မအရ မှုခင်းကိစ္စများကို အရေးယူဆောင်ရွက်နိုင်သည်။

ပုဒ်မ ၄၈၈ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလမ်းညွှန်စီရင်ထုံးများ

“ ကလေးစရိတ်ရလိုကြောင်း လျှောက်ထားမှုတွင် လျှောက်ထားခံရသူက ကလေး၏ ဖခင်မဟုတ်ကြောင် းငြင်းဆိုပြီး ကလေး၏သွေးကိုဖောက်ထုတ်စစ်ဆေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကျင့်ထုံးဥပဒေတွင် ထိုသို့ဖောက်ထုတ်စစ်ဆေးရန်အာဏာကိုမည်သည့်တရားသူကြီးကိုမျှ အပ်နှင်းမထားသဖြင့် လျှောက်ထားချက် ကို ပယ်သည်” ( အပ္ပဒူမာလစ်နှင့် မအေး ၁၉၅၇ မတစ ၁ ) ။
“ မယားစရိတ်လျှောက်ထားမှုတွင် လျှောက်ထားခံရသူက မိမိအိမ်တွင် အတူနေခဲ့သော အမျိုးသမီးနှင့် မှားယွင်းခဲ့ကြောင်း မငြင်းသော်လည်း ကျမ်းကျိန်လွှာဖြင့် ၎င်းအားလက်ထက်ခဲ့ခြင်းမှာ မိမိချစ်သူနှင့် လက်ထက်ပွဲတွင် နှောက်ယှက်မည်စိုး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုချေခဲ့မှုတွင် ဗုဒ္ဓဘာသာမိန်းကလေး တစ်ဦးသည် ဗုဒ္ဓဘာသာဝင်ယောကျာ်းလေးတစ်ဦးနှင့် တရားဝင်မယားဖြစ်သည မဖြစ်သည်ဆိုသော ပြဿနာ မှာကျယ် ဝန်းသဖြင့် မယားစရိတ်လျှောက်ထားမှုတွင် တိကျစွာ ဆုံးဖြတ်ရန် ခဲယဉ်းပြီးတရားမမှုတွင်သာ အဆုံးအဖြတ်ပေးနိုင်မည်သာဖြစ်သည်။ ( မမြင့်မြင့်ကြည်နှင့် ကိုအောင်မြင့် ၁၉၆၄ မတစ ၁၉၉ )။
“ ကလေးစရိတ်ကို သတ်မှတ်ရာ၌ ကလေး၏နေုထိုင်စားသောက်စရိတ်သာမက ကလေး၏ ပညာရေး ပါထည့်သွင်းရန် စဉ်းစားရန်လိုသည်။ မယားစရိတ်အတွက်လည်း နေထိုင်စားသောက်ရေးတို့အတွက် လင် ယောကျာ်း ၏ အလုပ်အကိုင်၊ အနေအထိုင်၊ အဆင့်အတန်းနှင့် လိုက် လျောညီထွေ အမှန်တကယ်ကုန်ကျ မည့်အတိုင်း နှိုင်းယှဉ်ချိန်ဆပြီး အမိန့်ချမှတ်ရန်လိုသည် “
( မောင်စိန်လှိုင်နှင့် မတင်ရီ ၁၉၆၄ မတစ ၆၉၂ )။
“ မိခင်က လင်မယားပေါင်းသင်းစဉ် ရရှိခဲ့သည့် သားငယ်အတွက် စရိတ်မတောင်းခံခဲ့သော်လည်း ကျွေးမွေးစရိတ်၊ ကျောင်းစရိတ်အတွက် လိုအပ်သဖြင့် နှစ်အတန်ကြာမှ ကလေးစရိတ်လျှောက်ထားသည်ကို ဥပဒေကတားမြစ်ပိတ်ခြင်းမရှိ။ လင်းမယားနှစ်ဦးပေါင်းသင်းခဲ့ကြောင်း အငြင်းမပွားသဖြင့် ရရှိသော ကလေး သည် သက်သေခံအက်ဥပဒေ ပုဒ်မ၁၁၂ အရ လျှောက်ထားသူ၏ ကလေးဖြစ်သည်ဟု မှတ်ယူရမည်”( မောင် သိန်းမောင်နှင့် မအတင် ၁၉၆၄ မတစ ၂၁၃ ) ။
“ ကလေးစရိတ်ကို အသက်၁၈နှစ်ပြည့်လျှင် ပုဒ်မ ၄၈၈ ( ၁ ) တွင် ကလေး၏ အသက်ကို ကန့်သတ် မထားပေ။ ကလေးအရွယ်ရောက်သည်ဖြစ်စေ ထိုကလေးကိုယ်တိုင်ရှာဖွေစားသောက်နိုင်စွမ်းမရှိလျှင် ဖခင်ကပညာသင်စရိတ်အပါအဝင် လိုအပ်သောစားသောက်နေထိုင်စရိတ်တို့ကို ထောက်ပံ့ရန် တာ ဝန်ရှိသည်” ( မောင်မြသွင်နှင့်ကိုမောင်သန်း ၁၉၆၅ မတစ ၂၈၂ လွှတ်တော် )။
“ မယားစရိတ်လျှောက်ထားမှုတွင် မယားဟုတ်မဟုတ်၊ လင်မယားမြောက်မမြောက်နှင့်စပ်လျဉ်း၍ ကျမ်းပြု ဆရာများနှင့်စီရင်ထုံးများက အမျိုးမျိုးဝေဖန် သုံးသပ်ထားကြသည်။ စားစရိတ်မှုတွင် လက်ထက်ထိမ်းမြားခြင်း ၊ ပေါင်သင်းခြင်းမရှိသော်လည်း မယားစရိတ်ပေးရန်တာဝန်ရှိသည်ဟုဆုံးဖြတ်ချက်ရှိသည်။ လင်မယားမြောက် မမြောက် အပြီး အပိုင် ဆုံးဖြတ်နိုင်မည်မဟုတ်ဘဲ တရားမ ရုံးတွင်သာ အပြီးအပိုင်ဆုံးဖြတ် နိုင်မည်ဖြစ်သည်။ ( မတင်သိန်းနှင့် မောင်ဝင်းနိုင် ၁၉၆၅ မတစ ၁၄၉ ) ။
“ မယားစရိတ်ပေးစေရန် အမိန့်ချထားစဉ် လင်ဖြစ်သူက လင်မယားကွာ ရှင်းရန် တရားစွဲ သော်လည်း မအောင်မြင်။ လင်ဖြစ်သူကနောက်ထပ် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုထားသည်ဖြစ်ရာ အောက်ရုံး၂ရုံးက မယားစရိတ်ပေးစေရန် ချထားသော အမိန့်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိ ( မောင်ခင်မောင်နှင့် မမြရွှေ ၁၉၆၅ မတစ ၆၇၃ )။
“ မိခင်ကသားများကို အတတ်သင်စေခြင်းနှင့် ပေးဝေရင်းနှီးခြင်းမျိုး မလုပ်နိုင်လျှင် ဝင်ငွေရှိသော ဖခင်၌သားငယ်များအား ထောက်ပံ့ရန်တာဝန်ရှိသည်။ ဥပဒေကလည်း ဤသို့ပြဋ္ဌာန်းထားသည်။ ဖခင်သည် သားငယ်များကို မိမိနှင့်အတူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ထောက်ပံ့ရန်တာဝန်ရှိသည် “ ( ဗိုလ်ငြိမ်း မောင်နှင့် မအုန်းမြင့် ၁၉၆၆ မတစ ၁၂၂၂ ) ။
“ ပုဒ်မ ၄၈၈အရ မယားစရိတ်လျှောက်ထားမှုတွင် လက်ထပ်ထိမ်းမြားခြင်းကို စံနှုန်းပြသရန်မလို။ လက်ထက်ထိမ်းမြားမှုသည် အရေးကြီးသော လူမှုရေးကိစ္စဖြစ်သည်။ ဓလေ့ထုံးတမ်းအရ လက်ထပ်လျှင် တရားဝင်စေရန် အခမ်းအနားမလို။ နှစ်ဦးသဘောတူပေါင်းသင်းနေထိုင်သော ဆန္ဒ၊ အပြုအမူနှင့် ကျော်ဇော သတင်းကိုသာ ထောက်ထားရမည်ဖြစ်သည်။ “( မလှခင်နှင့် ဦးသိန်းမောင် ၁၉၆၉ မတစ ၁၆၄ ) ။
“ ပုဒ်မ၄၈၈ပါ “ child” မှာ သားသမီးကိုဆိုလိုသည်။ အရွယ်ရောက်ခြင်း အက် ဥပဒေနှင့် မသက်ဆိုင်၊ သား သမီးကို ထောက်ပံ့ရာ၌ အသက်အရွယ်မကန့် သတ်၊ သားသမီးက မိမိကိုယ်ကို မထောက်ပံ့နိုင်သမျှ ဖခင်ကထောကပံ့ရန် တာဝန်ရှိသည်။ မိဘဝတ္တရားငါးပါးတွင် အတတ်ပညာသင်ကြားခြင်းလည်းပါဝင်ရာ သမီးဖြစ်သူ တက္ကသိုလ်ပညာသင်ကြားရေးအတွက်လည်း ဖခင်က ထောက် ပံ့နိုင်စွမ်းရှိသဖြင့် ထောက်ပံ့ရန် တာဝန်ရှိသည်။ ကလေးအတွက် အစား အသောက်အနေအထိုင်သာမက၊ မိဘ၏အဆင့် အတန်း အခြေအနေ တို့ကိုလည်း စဉ်းစားသင့်သည် “ ( ဦးဟန်တင်နှင့် ဒေါ်ခင်မိမိ ၁၉၇၀ မတစ ၂၁၈ ) ။
“ ဖခင်က ၎င်း၏ရင်သွေးများကို ၎င်း၏ထမင်းဆိုင်တွင် စားသောက်နေထိုင်စေခြင်းအားဖြင့် ကလေးစရိတ် ပေးရန်မလိုဟူသော အကြောင်းပြချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိ။ ကလေးများကို ကျွေးမွေးပြုစုခြင်းမှာ ဖခင်၏စေတနာအရပင်ဖြစ်သည်။ မိမိဆန္ဒအလျောက် ကျွေးမွေးပြုစုခြင်းကြောင့် ကလေးစရိတ်မပေး သင့်ဟုမဆိုနိုင်” ( ကေ၊ ပီကာဒယ် နှင့် မစကီနာဘီ ၁၉၇၅ မတစ ၄ )။
“ လိမ်လည်လှည့်ဖြား၍ ကာမရယူခဲ့ခြင်း မပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၁၇ အရ ပြစ်မှုမမြောက်ေ သာ်လည်း နှစ်ဦးစပ်ယှက်၍ ရရှိလာသောကလေးအတွက် သင်္ကန်းဝတ်ဖြင့် ဖြစ်စေကာမူ ပုဒ်မ ၄၈၈( ၁ ) အရ ကလေးစရိတ်ပေးရန် တာဝန်ရှိသည်” ( မတင်အိနှင့် ဦးဝိမလ ၁၉၇၅ မတစ ၄၄ ) ။
“ မိန်းကလေးက ပြစ်မှုပုဒ်မ ၄၁၇ အရ အရေးယူကြောင်း အချစ်နယ်ကျွံ၍ ကိုယ်ဝန်ရှိကြောင်း စာချုပ်၌ ဖော်ပြ ခြင်းနှင့် လျှော်ကြေးယူခြင်းတို့အရ တရားဝင်ဇနီးမဟုတ် “ ( မောင်လှစိုးနှင့် မတင်တင်ဝင်း ၁၉၇၆ မတစ ၁၂၃ ) ။
“ သတင်းစာတွင် လင်မယားပြတ်စဲကြောင်း ကြော်ငြာရုံဖြင့် လင်မယားပြတ်စဲပြီးဟု မဆိုနိုင်ချေ” ။ ( ဦးကျော်ဇံ နှင့် ဒေါ်လှကြင် ၁၉၇၆ မတစ ၅ ) ။
[ဦးသက်ထွန်း ၊ ခရိုင်တရားသူကြီး (ငြိမ်း ) ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပြဿနာဆိုင်ရာမှတ်စုကြမ်း ၊စာ ၂၀၅] ။

Comments