စီရင်ထုံးများ ကိုးကား ဖော်ပြနည်း

တရားရုံးများက ဆုံးဖြတ်ရာတွင် စီရင်ထုံးကိုသာ ကိုးကား ဆုံးဖြတ်လေ့ရှိပြီး စီရင်ချက်ကို ကိုးကား ဆုံးဖြတ်မှု အလွန်နည်းပါးသည်ကို လေ့လာတွေ့ရှိရသည်။ စီရင်ချက်များတွင် စီရင်ထုံးများကို ကိုးကား ဖော်ပြရာ၌ တရား ရုံးများလက်စွဲ အပိုဒ် ၃၃ အရ စီရင်ချက်၏ စာကိုယ်တွင် ဖော်ပြလျက် စီရင်ထုံး၏ ခုနှစ်၊ အတွဲနှင့် စာမျက်နှာ တို့ကို အောက်ခြေမှတ် ချက်၌ ဖော်ပြရသည်။ ထို့ပြင် စီရင်ထုံးများ ရည်ညွှန်း ခေါ်ဝေါ် သုံးစွဲခြင်းကို တရားရုံးများ ညွှန်ကြားလွှာ လက်စွဲ (၁၉၄၆-၁၉၇၀)တွင် အောက်ပါအတိုင်း ညွှန်ပြသည်။

"စီရင်ထုံးများစာရင်း"

(၁) အိန္ဒိယစီရင်ထုံး (Indian Law Reports) (Rangoon Series) (၁၉၂၃-၁၉၃၆)
(၂) ရန်ကုန်စီရင်ထုံး (Rangoon Law Reports) (၁၉၃၇-၁၉၄၂) နှင့် (၁၉၄၆-၁၉၄၇)
(၃) မြန်မာနိုင်ငံ စီရင်ထုံးများ (Burma Law Report) (၁၉၄၈- --)
(၄) ရွေးချယ်စီစဉ်ထားသည့် စီရင်ထုံးများ (Selected Judgment) (၁၈၇၂-၁၉၂၂)
(၅) ပုံနှိပ်ပြီးစီရင်ထုံးများ (Printed Judgments) (၁၉၈၁-၁၉၀၀)
(၆) အောက်မြန်မာပြည် စီရင်ထုံးများ (Lower Burma Rulings) (၁၉၀၀-၁၉၂၂)
(၇) အထက်မြန်မာပြည် စီရင်ထုံးများ (Upper Burma Rulings) (၁၉၈၂-၁၉၂၂)
(၈) ဒန်ကလေ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Ruling by Dunkely)
(က) အတွဲ(၁) (၁၈၇၂-၁၉၂၂)
(ခ) အတွဲ(၂) (၁၉၂၃-၁၉၃၇)
(၉) ဦးဘိုးသာ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Rulings (Civil and Criminal) by U Bo Tha) (၁၉၃၇-၁၉၅၅)

"ခေါ်ဝေါ်ရည်ညွှန်းနည်း"
(၁)(က) ယခင်က King-Emperror Vs Ngs Aung Myat ဟု ခေါ်ဝေါ်သည်ကို ယခု __ အစိုးရ နှင့် မောင်အောင်မြတ် ဟု ခေါ်ဝေါ်ရပါမည်။
(ခ) ယခင်က Mi Me Vs Mi Shwe Ma ဟု ခေါ်ဝေါ်သည်ကို ယခု __ မမဲ နှင့် မရွှေမ ဟု ခေါ်ဝေါ်ရပါမည်။
(၂) ဘုရင် (The King) ဘုရင်ဧကရာဇ် (King Emperor) စသည်တို့ကို အစိုးရ (Government) အစား ပြည်ထောင်စု မြန်မာနိုင်ငံ (The Union of Burma) ဟု ပြောင်းလဲ ခေါ်ဝေါ်ပါသည်။

"ရည်ညွှန်းပုံ"
ဥပမာ __
(၁) အတွဲ-၇၊ ရန်ကုန်စီရင်ထုံးများ၊ စာ-၁၊ 7 Rangoon.P.1
(၂) ၁၉၅၈ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်)၊ စာ-၂၉၊ 1958, B.L.R. (H.C) p.29.
(၃) ၁၉၆၀ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာ-၂၀၊ 1960, B.L.R. (S.C) p.20.
(၄) ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားရုံးချုပ်)၊ စာ-၄၃၃၊ 1963, B.L.R. (C.C) p.433.
(၅) ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (အထူးရာဇဝတ်ရုံး အယူခံအဖွဲ့)၊ စာ-၁၂၉၊ 1966 B.L.R. (Special Criminal Courts' Appeal Court) p.129.
(၆) ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (စစ်ဘက် အယူခံ)၊ စာ-၈၊ 1966, B.L.R. (Court Martial Appeal Court) p.8.

"စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက် အပြည်အစုံကို ဖတ်ရှုမှသာလျှင် အမှု အချက်အလက် တို့ကို သိမြင် နိုင် သည်။ ခေါင်းစီးမှတ်ချက် တို့သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းမျှသာ ပြုနိုင်သည်။ စီရင် ထုံးပါ အမှု အကြောင်းအရာနှင့် ဆုံးဖြတ်ရန် အမှု အကြောင်းအရာ တို့ကို ကောင်းစွာ နှိုင်းယှဉ်ရသည်။ ပြီးမှသာ စီရင် ထုံး၏ လမ်းညွှန်မှုကို ယူသင့်သလောက် ယူအပ်သည်။ စီရင်ထုံး နောက်သို့ ဆုံးဖြတ်ရန် အမှု၏ အကြောင်း ခြင်းရာက လိုက်ရန်မဟုတ်။ အမှု အကြောင်းခြင်းရာကို ဥပဒေနှင့် စပ်ဟပ်ရာတွင် အခက်အခဲ ရှိ သရွေ့သာ လျှင် စီရင်ထုံးက ဆီလျော်သမျှ ထောက်ကူရန် ဖြစ်သည်။ အမှန်မှာ စီရင်ထုံး တစ်ရပ်သည် သက် ဆိုင် ရာ အမှုတွင် ပေါ်ပေါက်သော ဖြစ်ရပ်အတွက်သာ အဖြေ ဖြစ်သည်။ အမှုအားလုံးတွင် တရားသေ အသုံးပြု ရန် မဟုတ်ချေ။" ဦးထွန်း နှင့် ဒေါ်သိန်းငွေ (၁၉၇၁ မတစ စာ-၈၃) နှင့် ပထစ နှင့် စိုးမြင့်နိုင် (၁၉၉၁ မတစ ၅၃)
စီရင်ထုံး ဟူသည် ဖြစ်ရပ်ချင်း တူသော အမှုများအတွက်သာ ထုံးသာဓ က ဖြစ်ကြောင်း ၁၉၅၄ ခုနှစ် ကတည်း ကပင် တရားလွှတ်တော်က မစ္စတာ ဆပ်ဝမ်ကူ နှင့် မစ္စတာ H.R ရမ်း (1954 BLR 306) တွင် ညွှန်ပြခဲ့ပြီး ဖြစ် သည်။ ဦးထွန်းအောင်သာ နှင့် နိုင်ငံတော် အမှု (၁၉၆၉ မတစ ၅၈) တွင် စီရင်ထုံး လမ်းညွန်မှုကို ခံယူပုံ ခံယူ နည်းနှင့် ပတ်သက်၍ ဤသို့ အကျယ်တဝင့် ရှင်းပြသည်။
"မှုခင်းတစ်ရပ်ကို ကိုင်တွယ် စစ်ဆေးရာတွင် ပြစ်မှုမြောက်စေသော အင်္ဂါ ရပ်များ စုံညီ ထင်ရှားခြင်း ရှိ၊မရှိကို ကောင်းစွာ ဖော်ထုတ်၍ စစ်ဆေးအပ်သည်။ ပြစ်မှုမမြောက် ကင်းလွတ်စေသော အချက်များ ရှိနိုင်ကလည်း ဖော်ထုတ်၍ စစ်ဆေးအပ်သည်။ အချက်အလက် စုံလင် ထင်ရှား ပိုင်နိုင်ပြီးမှ ဥပဒေနှင့် စပ်ဟပ်ညှိနှိုင်း၍ အဆုံး အဖြတ်ကို ပေးရာသည်။
ဥပဒေကို အဓိပ္ပာယ် ကောက်ယူရာတွင် လမ်းညွှန်မှု လိုမှသာ ဆီလျော်ရာ မြန်မာနိုင်ငံ စီရင်ထုံး တို့ကို သုံးသပ် ကိုးကားရသည်။ တစ်မှုနှင့် တစ်မှု အကြောင်းခြင်းရာ မှုခင်းဖြစ် အခြေအနေ ထပ်တူညီသည်ဟု မရှိနိုင်သဖြင့် စီရင်ထုံးတို့၏ လမ်းညွန်မှုကို ကောင်းစွာသော သတိဖြင့်သာ ခံယူရသည်။ အချက်အလက် စုံလင်ထင်ရှား ပိုင် နိုင်ခြင်း မရှိသေးဘဲ စီရင်ထုံးကို ရှာလျှင် ဆီလျော်ရာကို မတွေ့ဘဲလည်း ရှိတတ်သည်။ ဖြစ်ပျက်ခဲ့သော အချက် အလက်အတွက် စီရင်ထုံး ရှာခြင်းမျိုးထက် ကြိုက်နှစ်သက်ရာ စီရင်ထုံး အတွင်းသို့ ဝင်အောင် အချက် အလက်တို့ကို သွတ်သွင်းသည့် သဘောမျိုးလည်း ဖြစ်သွားတတ် သည်ကို သတိပြု၍ ဆင်ခြင်ရသည်။
ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌လည်း စကားပြေအရ အများနားလည် လက်ခံ၍ သဘာဝကျသော အဓိပ္ပာယ်ကို ယူခြင်းက ပို၍ မှန်ကန်တတ် သည်။ ယင်းသို့ အဓိပ္ပာယ် ဖွင့်ဆိုမှသာလျှင် ဥပဒေကို ပြည်သူအများ နားလည် လက်ခံမည်။ လိုက်နာ လေးစားကြမည်။ ဥပဒေနှင့် ပြည်သူ ရင်းနှီးကာ ဥပဒေများ သက်ဝင်လှုပ်ရှားမည်။ တရား သူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင် မိမိတို့ရှေ့သို့ ရောက်လာ သော အမှုအခင်းများကို စစ်ဆေး စီရင်ရာတွင်ကား မှုခင်းဖြစ်ပျက် ကာလ၊ ဒေသအခြေအနေ ပတ်ဝန်းကျင်၊ လူနေမှု၊ ဓလေ့ထုံးတမ်း စသည်တို့ကို စစ်ဆေး ဆင်ခြင်ကာ ဥပဒေဘောင် အတွင်းက မျှတမှန်ကန်၍ အများ နားလည်သည့် သဘာဝကျသောတရားကို စီရင်အပ်ပေသည်။အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ထားကိုး ကားလျှင် တရားစီရင်ရေသည် မြန်မာ ပီသမည် မဟုတ်ပေ။
မြန်မာ့ အခြေအနေနှင့် ကင်း၍ ပြည်သူနှင့် ဝေးဖွယ်ရာသာ ရှိသည်။ ပြည်သူအများက နားလည် လက်ခံခြင်း သည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက် ဖြစ်သည်။ အဓိက တန်ခိုး အာနိသင် ဖြစ်သည်။ တရားဥပဒေ သည် စာအုပ်ကြီးများ၊ စီရင်ထုံးများတွင် စကားလုံးများ အဖြစ်သာလျှင် တည်နေရန် မဟုတ်။ အမြဲ သက်ဝင် လှုပ်ရှား၍ ထာဝစဉ် ပြောင်းလဲနေသော လူ့အဆောက်အအုံ၊ လူမှုရေး တို့တွင် ထိရောက်စွာ ပါဝင် ၍ အကျိုးပြု ရမည်။ ထို့ကြောင့် တရားဥပဒေသည် တစ်ဖက်တွင် ဥပဒေ ဘောင်ကို ဖောက်ကျော်ခြင်း မပြု၊ ထုံးတမ်းလည်း ညီညွတ်စေ၍ တစ်ဖက်တွင်လည်း ပြောင်းလဲ တိုးတက်မှုတွင် အားသစ်ဖြင့် တက်ကြွစွာ သက်ဝင်လှုပ်ရှား နိုင်ရ မည်။ လူ့အဆောက်အအုံ တိုးတက်မှု၊ လူမှုရေး တို့နှင့် အကိုက်အညီ ပြဋ္ဌာန်းထားသော ဘောင်အတွင်းမှ မှန် ကန် မျှတစွာ ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုအပ်သည်။ တရားမျှတ မှန်ကန်ခြင်း ဆိုသည်ကို ပြည်သူတို့က နား လည် လက်ခံခြင်းဖြင့် မှတ်ကျောက် တင်အပ်ပေသည်။"
"တရားသူကြီး တစ်ဦးသည် ပြစ်မှု တစ်ခု၌ မည်သည့်အချက်များသည် အရေးကြီးသော အင်္ဂါရပ်များ ဖြစ်သည် ကို ဆန်းစစ်ရသည့် အပြင်၊ အမှုတစ်ခု၏ အကြောင်းခြင်းရာများ အရ မည်သည့် အကြောင်းကြောင့် ပြစ်မှုမှာ သက်သေ မထင်ရှား ဟု ပြောနိုင်ကြောင်းကို ဖော်ပြရန် တာဝန်ရှိ သည်။ တရားရုံးချုပ်သည် အချို့အမှုများ၌ အကြောင်းခြင်းရာချင်း မဖြစ်စလောက် ကွဲလွဲရုံမျှနှင့် တကယ် ကျူးလွန်သော ပြစ်မှု၏ သဘောကို တစ်မျိုးတစ်ဖုံ ဆုံးဖြတ်ကြသည်ဟု တရားသူကြီး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီး တစ်ဦးတစ်ယောက်က ပြောဆို၍ အမှုနှစ် ခု၏ အကြောင်း ခြင်းရာ များသည် တိတိကျကျ တူညီခြင်း ရှိမရှိကို ဂရုတစိုက်ဆန်း စစ် ကြည့်ရှုခြင်း မရှိ၊ မိမိရှေ့ ရှိ အကြောင်းခြင်းရာ များသည် မိမိ ရည်ရွယ်သော အမှုမှ အကြောင်းခြင်းရာ များနှင့် လုံး၀ တူညီသည်ဟု မည် သို့ မည်ပုံ ပြောဆိုနိုင်ကြောင်းကို ဖော်ပြခြင်း မပြုဘဲ ဆုံးဖြတ်ချက် တစ်ခုကို လိုက်နာသည်မှာ မှန်ကန်ခြင်း မရှိ ချေ။" ဟု မောင်လှမောင် ပါ-၇ နှင့် ပထစ အမှုတွင် ညွှန်ပြသည်။
စင်စစ် လက်အောက် တရားရုံးတစ်ရုံးသည် မိမိအထက် တရားရုံးချုပ်၏ စီရင်ထုံးကိုသာ လိုက်နာရန် တာဝန် ရှိပြီး၊ အခြား (အခြားနိုင်ငံ) တရား ရုံးချုပ်မှ ဆန့်ကျင်သော စီရင်ထုံးကို လိုက်နာခြင်း မပြုရန် စူးဂျူးတင် နှင့် မာစိန် (6 Ran 261) အမှု တွင်တရားရုံးချုပ်၏ လမ်းညွှန်ချက်ကို အထူး သတိချပ်ရန် လိုသည်။ မသောင်း နှင့် မောင်ဖေတင် (၁၉၅၇ မတစ ၂၅၉) စီရင်ထုံး အရ ဆိုလျှင် အကယ်၍ အဆင့်အတန်း တူညီသော တရားဝန်ကြီး ရုံး နှစ်ရုံးမှ စီရင်ထုံး နှစ်မျိုး ရှိနေလျှင် အောက်ရုံးများက မည်သည့် စီရင်ထုံးများက မှန်သည်၊ မည်သည့် စီရင် ထုံး များက မှားသည်ဟု ပြောခွင့် မရှိဘဲ မိမိ၏ ဆင်ခြင်တုံဉာဏ်ဖြင့် သဘောကျ နှစ်ခြိုက်သော စီရင်ထုံးကိုသာ လိုက်နာရန် ဖြစ်ကြောင်း တရားလွှတ်တော်၏ ထောက်ပြချက်ကို လိုက်ရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။
credit : ဦးတင်ဝင်း ၊ ညွှန်ကြားရေးမှူး (ငြိမ်း)

Comments