ပြစ်မှုမကင်းသော ကျော်နင်းမှုများ
၁။ " ပြစ်မှုမကင်းသော ကျော်နင်းမှုဆိုတာ ဘာလဲ"
မည်သူမဆို ပြစ်မှုကျူးလွန်ရန် သို့မဟုတ် ပစ္စည်းလက်ရှိဖြစ်သူကိုခြောက် လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင် စေရန် အကြံဖြင့် သူတစ်ပါး ၏လက်ရှိပစ္စည်းအတွင်းသို့ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ ဝင်ရောက်လျှင် သို့မဟုတ် ထိုပစ္စည်းအတွင်း သို့ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ တရားသဖြင့် ဝင်ရောက်ပြီးနောက် ပစ္စည်းလက်ရှိ ဖြစ်သူကို စော်ကားရန်၊ စိတ်ငြိုငြင်စေရန်၊ ပြစ်မှု ကျူးလွန်ရန် အကြံဖြင့် ဥပဒေနှင့် ဆန့်ကျင်ကာ ထိုပစ္စည်း၌ ဆက်လက် နေလျှင် ထိုသူသည် ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်သည်မည်၏ ။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၁ )
၂။ " အိမ်ကျော်နင်းမှုဆိုတာ ဘာလဲ"
မည်သူမဆို လူနေအိမ်အဖြစ် အသုံးပြုသည့် အဆောက်အအုံ၊ တဲ၊ ရေယာဉ်ကိုဖြစ်စေ၊ ကိုးကွယ်ဝတ်ပြု သော နေရာအဖြစ်သော်လည်း ကောင်း၊ ပစ္စည်းသိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်သော်လည်း ကောင်း အသုံးပြုရသည့် အဆောက်အအုံကိုဖြစ်စေ ဝင်ရောက်ခြင်းဖြင့် သို့မဟုတ် ဆက်လက်နေခြင်းဖြင့် ပြစ်မှုမကင်း သော ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူသည် အိမ်ကျော်နင်းမှုကို ကျူးလွန်သည် မည်၏ ။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၂ )
၃။ " ပုန်းလျှိုးအိမ်ကျော်နင်းမှုဆိုတာ ဘာလဲ"
အိမ်ကျော်နင်းမှုကို ကျူးလွန်ရာ၌ ကျော်နင်းရာဖြစ်သော အဆောက် အအုံမှဖြစ်စေ၊ တဲမှဖြစ်စေ၊ ရေယာဉ် မှဖြစ်စေ ကျော်နင်းမှုကျူးလွန်သူကိုထုတ်ပယ်ရန် သို့တည်းမဟုတ် နှင်ရန် အခွင့်အရေးရှိသူက ကျော်နင်းသည် ကို မသိမမြင်အောင် ကြိုတင်စီမံပြုလုပ်၍ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင်ပုန်းလျှိုးအိမ်ကျော်နင်းမှု ကျူးလွန် သည်မည်၏ ။ ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၃ )
၄။ " ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုဆိုတာ ဘာလဲ"
မည်သူမဆို နေဝင်ပြီးချိန်မှစ၍ နေမထွက်မီအချိန်အတွင်း ပုန်းလျှိုးအိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူ သည် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကို ကျူးလွန်သည်မည်၏ ။ ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၄ )
၅။ " ကျော်နင်းမှုများ ကျူးလွန်လျှင် မည်သည့်ပြစ်ဒဏ် ထိုက်သင့်ပါသလဲ"
ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်လျှင် သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငါးရာထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ )
အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင်ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ( ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၄၄၈ )
ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် သုံးနှစ်ထိ ထောင် ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၆ )
၆။ " ပြစ်မှုမကင်းသော ကျော်နင်းမှုမြောက်သည့် ပြုလုပ်မှုက ဘာတွေလဲ"
”သူတစ်ပါး၏ပစ္စည်းပေါ်သို့ ကိုယ်ထိလက်ရောက်ဝင်သူကိုသာ ဤပုဒ်မအရ အရေးယူနိုင်မည်ဖြစ်သည်။
( ဘိုးခင် နှင့် အစိုးရ အတွဲ-၃ အောက်မြန်မာပြည်စီရင်ထုံး ၂၇၈ )
“ကျော်နင်းမှုကျူးလွန်တိုင်း ပြစ်မှုမမြောက်ချေ၊ ပြစ်မှုမကင်းသောကျော် နင်းမှုဖြစ်ရန် ဤပုဒ်မရှိ အင်္ဂၤါရပ် များနှင့် ပြည့်စုံရန်လိုသည်။ ယင်းအင်္ဂါရပ်များ မရှိပါက ကျော်နင်းမှု ကျူးလွန်သော်လည်း ပြစ်မှုကြောင်းအရ အရေးမယူနိုင်” (မောင်ချမ်းသာ နှင့် အစိုးရ အေအိုင်အာ ၁၉၃၆ ရန်ကုန် ၁၁၆ )
“ဤပုဒ်မ၌ ပြဋ္ဌာန်းထားသည့် အကြံတစ်ခုခုအရ ဝင်ရောက်ခြင်းမဟုတ်ဘဲ အလုပ်ရှင်၏ ခိုင်းစေချက်အရ သူတစ်ပါး၏ လက်ရှိပစ္စည်းပေါ်သို့ဝင်ရောက်ခြင်းသည် ပြစ်မှုမမြောက်ချေ။
အလုပ်သမားက ဝင်ရောက်ခြင်းသည် အလုပ်ရှင်၏ ကိုယ်ထိလက်ရောက် ဝင်ရောက်ခြင်း မဟုတ်၍ အလုပ်ရှင်အား အရေးယူနိုင်မည် မဟုတ်ပေ” ( မောင်နု နှင့် မောင်ဘိုးလှ ၁၉၃၇ ရန်ကုန်စီရင်ထုံး ၂၄၆ )
“တရားလိုသည် ၎င်း၏ဇနီးကို မသင်္ကာသဖြင့် ခရီးထွက်မည်ဆိုပြီးချောင်းဖမ်းရာ တရားခံအား ညအချိန် အိမ်ပေါ်၌မိမည်။ ထိုစဉ်က တရား လို၏ ဇနီးသည် အိမ်ကိုလက်ရှိဖြစ်သော်လည်း တရားလိုအနေနှင့်လည်း လက်ရှိမဟုတ်ဟု မဆိုနိုင်သည့်အပြင် တရားခံသည် တရားလို၏ဇနီး ဖိတ်ခေါ်၍လာခြင်းဖြစ်သော် လည်း တရားလို၏အခွင့်အရေးကို ဆန့်ကျင်ကာ လင်ရှိမယားအား ကျူးလွန်၍ လာခြင်းဖြစ်၍ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ဝင်ရောက်သည်ဟု ယူဆရမည် ဖြစ်ပေသည်။ ( ချာတာဆင်းဒါမိုင်း နှင့် အစိုးရ (၁၉၁၇-၂၀) အထက်မြန်မာပြည်စီရင်ထုံး ၁၉၄ )
၇။" ပြစ်မှုမကင်းသော ကျော်နင်းမှုဖြင့် တရားရုံးမှ ပြစ်မှုထင်ရှားစီရင်ပြီးသော် လည်း ဥပစာမှ ထွက်ခွာခြင်းမပြုဘဲ ဆက်လက်နေထိုင်ပါကထပ်မံတရားစွဲနိုင်ပါသလား"
“အခင်းဖြစ် ဥပစာအတွင်းသို့ မတရားကျော်နင်းဝင်ရောက်ခြင်းအတွက်တရားရုံးမှ ပြစ်မှုထင်ရှားစီရင်ပြီး သော်လည်း ထိုဥပစာမှ ထွက်ခွာခြင်းမပြုဘဲဆက်လက်နေထိုင်ခြင်းဖြင့် ပိုင်ရှင်အား ထပ်မံ၍ စိတ်ငြိုငြင် မှု ဖြစ်စေလျှင် ပုဒ်မ ၄၄၁ အရ ပြစ်မှုမကင်းသော ကျော်နင်းမှုကို နောက်ထပ်ကျူးလွန်ရာရောက်သည့်အတွက် အခင်းဖြစ်ကြောင်းအရာ အသစ်ပေါ်ပေါက်လာသည်ဖြစ်၍ ပြစ်မှုကို အသစ်တစ်ဖန် ကျူးလွန်ရာရောက်သည်။ ဤသို့သော်အကြောင်းခြင်းရာ ပေါ်ပေါက်လာတိုင်း ကျူးကျော်ဝင်ရောက်နေထိုင်သူအားထပ်မံ၍ နစ်နာသူက တရားစွဲဆိုနိုင်သည်” (ပြစ်ထောင်စု နှင့် ဦးသောင်းညွန့်ပါ-၂ ၁၉၇၈ မြန်မာပြည် စီရင်ထုံး ၆၈ )
၈။ " လက်ရှိဖြစ်သူ၏ သဘောတူညီချက်မရှိဘဲ ပိုင်ရှင်ဖြစ်သူက ဝင်ရောက်ကျူးကျော်လျှင် ပြစ်မှုမကင်းသော ကျော်နင်းမှု မြောက်ပါသလား"
“လက်ရှိဖြစ်သူ၌ ပိုင်ဆိုင်ခွင့် မရှိသော်လည်း ပိုင်ဆိုင်သူအနေဖြင့် လက်ရှိဖြစ်သူအား တရားမဲ့ဝင်ရောက် ကျူးကျော်ခြင်း မပြုနိုင်ပေ။ လုံးဝပိုင်ဆိုင်ခွင့်မရှိသူက ပိုင်ဆိုင်သူ၏ နောက်ကွယ်၌ အတင်းဝင်ရောက်ကာ လက် ရှိယူထားခြင်းမျိုးကို မဆိုလိုပေ။ ပိုင်ဆိုင်ခွင့်မရှိသူက အေးဆေးစွာ ဝင်ရောက်ပြီး အကျိုးခံစားခဲ့ပါမူ ပိုင်ရှင်သည် လက်ရှိဖြစ်သူ၏ အခွင့်မရှိဘဲ ဝင်ရောက်ကျော်နင်းခြင်း မပြုနိုင်၊ ပြစ်မှုမကင်းသော ကျော်နင်းမှုမျိုးတွင် တရားစွဲ ဆိုသည့် အချိန်၌ ဥပေစာကို မည်သူက လက်ရှိဖြစ်သည်ကိုသာ အဓိကစဉ်းစားရန်လိုသည်၊ ပိုင်ဆိုင်မှု သည် အဓိကမဟုတ်ချေ”
ဦးမောင်မောင်နှင့် ပြည်ထောင်စု ၁၉၇၉ မြန်မာပြည်စီရင်ထုံး ၁၁၉
( အညွှန်း - ဓနုဖြူဦးသန်းဆွေ (တရားလွှတ်တော်ရှေ့နေ) ၊ လူတိုင်းအတွက်ပြစ်မှုဆိုင်ရာဥပဒေ၏ သိမှတ်စရာများ ၊ ၂၀၁၅ ၊ သြဂုတ် (ပထမအကြိမ်) ၊ စာ ၂၀၂ )။ #DVBlawlab
Comments
Post a Comment