မမှန်သက်သေခံ

 ၁။ "မမှန်သက်သေခံခြင်းဆိုတာ ဘာလဲ"

မည်သည်မဆို ကျမ်းသစ္စာအရဖြစ်စေ၊ ဥပဒေ၌ အတည့်အလင်းဖော်ပြထားသော ပြဋ္ဌာန်းချက်အရဖြစ်စေ၊ အမှန်ထွက်ဆိုရန် ဥပဒေအရ တာဝန် ရှိပါလျက်၊ အကြောင်းအရာ တစ်ခုခုနှင့် စပ်လျဉ်း၍ ကြေညာချက်ပြုရန် ဥပဒေအရ တာ ဝန်ရှိပါလျက် မမှန်သည်လည်းဖြစ်သည့်ပြင်၊ မမှန်ဟု မိမိသိသည်လည်းဖြစ်သော သို့တည်း မဟုတ် ယုံကြည်သည်လည်းဖြစ်သော သို့တည်းမဟုတ် မှန် သည်ဟု မယုံကြည်သည်လည်းဖြစ်သော ဖော်ပြ ချက်ကိုပြုလျှင် ထိုသူသည် မမှန်သက်သေခံသည်မည်၏ ။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၁)

၂။ "မမှန်သက်သေခံသည် ဆိုရာ၌ မည်သည်တို့ အကျုံးဝင်ပါသလဲ"
မမှန်သက်သေခံသည် ဆိုရာ၌ နှုတ်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေပြုသော ဖော်ပြချက်သည် ဤပုဒ်မ၏ အဓိပ္ပာယ်နှင့် အကျုံးဝင်သည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၁ <ရှင်းလင်းချက်-၁>)

၃။ "မည်သို့ပြုမူလျှင် မမှန်သက်သေခံမှု ကျူးလွန်ရာရောက်ပါသလဲ"
ထွက်ဆိုသူ၏ သို့တည်းမဟုတ် ကြေညာသူ၏ယုံကြည်ချက်နှင့် စပ် လျဉ်း၍ ထိုသူ၏ယုံကြည်ချက်အတိုင်း မဟုတ်သော ကြေညာချက်သည် သို့တည်းမဟုတ် ထွက်ဆိုချက်သည် ဤပုဒ်မ၏အဓိပ္ပယ်၌ အကျုံးဝင်သည်။ ထို့ပြင် တစ်ဦးတစ်ယောက်သောသူသည် မိမိမသိသောအရာကို သိသည်ဟု တွက်ဆိုခြင်းဖြင့် မမှန်သက် သေခံမှု ကျူးလွန်ရာ ရောက်သည့်နည်းတူ မိမိယုံကြည်သောအရာကို ယုံကြည်သည်ဟု ထွက်ဆိုခြင်းဖြင့်လည်း မမှန်သက်သေခံမှု ကျူးလွန်ရာရောက်သည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၁ <ရှင်းလင်းချက်-၂>)
အမှန်ထွက်ဆိုပါမည်ဟု ကျမ်းသစ္စာပြုပြီးသော မောင်ဖြူသည် ဤမည်သောနေ့ရက်တွင် ဤမည်သော နေရာ၌ မောင်မဲ ရှိကြောင်း မသိပါဘဲလျက် ထိုနေ့ရက်၊ ထိုနေရာ၌မောင်မဲရှိကြောင်း မိမိသိသည်ဟု ထွက်ဆိုသည်။ မောင်မဲသည် ထိုနေ့ရက်၊ ထိုနေရာ၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မောင်ဖြူသည် မမှန်သက်သေ ခံသည်မည်၏ ။

ပြစ်မှုဆိုင်ရာဥပဒေ ၁၉၁ <ဥပမာ-ဃ>
သက်သေတစ်ဦးသည် ကျမ်းသစ္စာအရသော်လည်းကောင်း၊ ဥပဒေအတည့်အလင်းပြဋ္ဌာန်းချက်အရသော် လည်းကောင်း၊ အမှန်ကို ထွက်ဆိုရန် တာဝန်ရှိပါလျက် ဆန့်ကျင်ဘက် ထွက်ဆိုချက်နှစ်မျိုး ပြုခဲ့ပါက မည်သည့်ထွက်ချက်သည် မမှန်ကန်သော ထွက်ချက်ဖြစ်သည်ဟု တစ်ထစ်ချမဆိုနိုင်စေကာမူ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၆ အရ တစ်ခုမဟုတ်တစ်ခုသည် မမှန်ကန်သော ထွက် ချက်ဖြစ်သည်ဟု ဆို၏ ။ စွဲချက်တင်၍ အရေးယူ အပြစ်ပေးနိုင်သည်။

၄။" မည်သို့သော ပြုမူဆောင်ရွက်ချက်သည် မမှန်သက်သေခံမှု ကျူးလွန်ရာမရောက်ဟု သတ်မှတ်နိုင်ပါသလဲ၊ မမှန်သက်သေခံမှု စွဲဆိုလျှင် ပျက်ပြယ်ပါသလား"
မောင်ဖြူသည် မောင်မဲ ရေးသားမြဲ လက်ရေး၏ပုံပန်းကို သိသဖြင့်ရေးထိုးသောလက်မှတ်တစ်ခုကို မောင်မဲ ၏ လက်မှတ်ဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သည့်အတိုင်း မောင်မဲ၏ လက်မှတ်ဖြစ်သည်ဟု မိမိယုံကြည် ကြောင်း ထွက်ဆို၏ ။ မောင်ဖြူ၏ထွက်ဆိုချက်သည် သူ၏ယုံကြည်ချက်နှင့်သာ သက်ဆိုင် သည့်ပြင် သူတ ကယ် ယုံကြည်သည်လည်းဖြစ်၏ ။ ထို့ကြောင့်အဆိုပါ ရေးထိုးထားသော လက်မှတ်သည် မောင်မဲ၏လက်မှတ် မဟုတ်စေကာမူ မောင်ဖြူသည် မမှန်သက်သေခံ ကျူးလွန်ရာ မရောက်ပေ။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၁ <ဥပမာ-ဂ>
အမှုတစ်မှုရှိ ထွက်ချက်သည် အခြားအမှုရှိ ထွက်ချက်နှင့် ကွဲလွဲနေ၍ ဤပုဒ်မအရ အရေးယူလျှင် အမှုနှစ်ခု လုံး၏ ထွက်ချက်များသည် ကျမ်းသစ္စာပြု၍ ထွက်ဆိုခဲ့သော ထွက်ချက်များ ဖြစ်ရပေမည်။ တစ်မှုမှုတွင် ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်သည် ဥပဒေအရ ကျမ်းသစ္စာပြုပြီး တွက်ဆိုစေရန် ပြဋ္ဌာန်းချက်မရှိပါက ကျမ်းသစ္စာပြု၍ ထွက်ဆိုထားသော ထွက်ချက်ပင် ဖြစ်လင့်ကစား ဤပုဒ်မဖြင့် အရေးယူရန် အကြောင်း မပေါ်ပေါက်နိုင်၊ အောက်မြန်မာပြည်ကျေးရွာဥပဒေအရ အရေးယူသော အထွေထွေအမှုတွင် မြို့အုပ်သည် သက်သေအား ကျမ်း သစ္စာပြု၍ စစ်ဆေးခြင်း မပြုနိုင်သဖြင့် ထိုအမှုတွင်ကျမ်းသစ္စာပြု၍ ထွက်ဆိုခဲ့သော ထွက်ချက်ခဲ့သော ထွက်ချက်သည် ပြစ်မှုရုံးရှေ့တွင် ကျမ်းသစ္စာပြု၍ ထွက်ဆိုသည့် ထွက် ချက်နှင့် ကွဲလွဲနေသည့်အကြောင်းကြောင့် ဤပုဒ်မဖြင့် တရားစွဲဆိုခြင်း မပြုနိုင်။


မောင်ပြန် နှင့် အစိုးရ အတွဲ-၉ မြန်မာပြည်စီရင်ထုံး ၁၈၈
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၅ အရ မမှန်သက်သေခံခြင်း၊ မမှန်သက် သေခံခြင်းပြစ်မှုကို တရားစွဲဆိုလျှင် သက်ဆိုင်ရာရုံး သို့မဟုတ် ပြည် သူ့ဝန်ထမ်းဖြစ်စေ ထိုရုံး သို့မဟုတ် ပြည်သူ့ဝန်ထမ်း အကြီးအကဲဖြစ်စေ တိုင်တန်းချက်ရှိရန် လိုပေသည်။ တရားစွဲဆိုခွင့် အမိန့်မရှိဘဲ စွဲဆိုသည့်အမှုသည် ပျက်ပြယ် သည်။


အစိုးရနှင့် ထောက်တာလွယ် အတွဲ-၂ အောက်မြန်မာပြည်စီရင်ထုံး ၃၀၂
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၈(၁)(ခ)တွင်လည်းကောင်း၊ ပုဒ်မ ၄၇၆ တွင်လည်းကောင်း၊ သက်သေတစ်ဦးအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၃ အရ မမှန်သက်သေခံမှုဖြင့် အရေးယူရာတွင် သက်ဆိုင်ရာတရား ရုံး၏ ရေးသားတိုင်တန်းချက်အရသာ အရေးယူရမည်ဟု ပြဋ္ဌာန်းထားသဖြင့် တရားခံအပေါ် မြို့နယ်တရားရုံးမှ သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့၏ တိုင်ကြားချက်မရှိဘဲ ပုဒ်မ ၁၉၃ အရ အရေးယူခြင်းသည် မှားယွင်းသည်။

ဦးတင်ရွှေ (ခ) သံလုံး နှင့် ပြည်ထောင်စု ၁၉၈၂ မြန်မာပြည်စီရင်ထုံး ၂၈
တရားရုံးတွင်ဆောင်ရွက်သည့် မှုခင်းကိစ္စနှင့် စပ်လျဉ်း၍ ကျူးလွန်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၃ အရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၅(၁)ခ)အရ ယင်းတရားရုံးကဖြစ်စေ၊ ယင်းတရားရုံး၏ အထက်တရားရုံးကဖြစ်စေ စာဖြင့်ရေးသား၍ တရားစွဲဆိုခြင်း မဟုတ်လျှင် လက်ခံအရေးယူခွင့်ရှိမည် မဟုတ်ပေ။ တရားရုံးက စာဖြင့်ရေးသား တရားစွဲ ဆိုခြင်း မဟုတ်ဘဲလက်ခံအရေးယူသည့် အမှုသည် ပျက်ပြယ်သည်။

ဦးအလီဂျန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၂ ၂၀၀၁ ခုနှစ် မြန်မာပြည်စီရင်ထုံး စာ ၇၇
မမှန်သက်သေခံမှုဖြင့် အရေးယူရန် အချိန်ကြာမြင့်မှ လျှောက်ထားလျှင် လက်ခံစဉ်းစားခြင်း မပြုသင့်ပေ၊ တရားစွဲဆိုခွင့်ကို တရားခံအပေါ် ပြစ် ဒဏ်ထင်ရှားစီရင်နိုင်အောင် သက်သေအထောက်အထား ခိုင်လုံမှ ပေးသင့်သည်။

ဟွီအိုင်ဟိန် နှင့် အစိုးရ ၁၉၈၄ မြန်မာပြည်စီရင်ထုံး ၄၀
သက်သေတစ်ဦးအား မမှန်သက်သေခံမှုနှင့် အရေးယူသင့်/မသင့်ဆိုသော ပြဿနာကို တရားရုံးသည် ပြည်သူ့အကျိုးကို ရှေ့ရှု့၍ သတိကြီးစွာဖြင့် ဆုံးဖြတ်ရန် တာဝန်ရှိသည်။ ပုဂ္ဂိုလ်အချင်းချင်း ကလဲ့စားချေရန် မဟုတ်ဘဲ မှန်ကန်သော တရားစီရင်ရေးအတွက်သာ ဖြစ်ရပေမည်။ တရားစွဲဆိုခွင့်ပြုသင့်/မသင့်ဆိုသော ကိစ္စတွင် နှောင့်နှေးကြန့်ကြာမှုရှိ/မရှိ၊ တရားစွဲဆိုပါက ပြစ်ဒဏ်ထင်ရှားစီရင်ခြင်း ခံရရန် လုံလောက်သည့် အထောက်အထားက ပြစ်ဒဏ်ထင်ရှားစီရင်ခြင်း ခံရရန် လုံလောက်သည့် အထောက်အထားရှိ/မရှိဆိုသော အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုသည်။

(ကောင်းဝီးလိတ်နှင့် ကိုယူတိတ် ၁၉၅၅ မြန်မာပြည်စီရင်ထုံး ၈၀ <လွှတ်တော်ချုပ်>)
( အညွှန်း - ဓနုဖြူဦးသန်းဆွေ (တရားလွှတ်တော်ရှေ့နေ) ၊ လူတိုင်းအတွက်ပြစ်မှုဆိုင်ရာဥပဒေ၏ သိမှတ်စရာ များ ၊ ၂၀၁၅ ၊ သြဂုတ် (ပထမအကြိမ်) ၊ စာ ၁၁၃

Comments