မြေလွတ်မြေလပ်မြေရိုင်း အခြားနည်းသုံးခွင့်ရမြေ ဂရန်ပေးလို့ ရ/မရ
မြေလွတ်မြေလပ်မြေရိုင်း အခြားနည်းသုံးခွင့်ရမြေ ဂရန်ပေးလို့ ရ/မရ
မျိုးမင်းထွန်း
မြေလွတ်မြေလပ်မြေရိုင်းကို အခြားနည်းအသုံးပြုရန် ခွင့်ပြုထားသောမြေ (တနည်း) မြေလွတ်မြေလပ် မြေရိုင်းကို ဥပဒေနဲ့ ညီညွတ်တဲ့ စီးပွားရေး လုပ် ငန်းများ လုပ်ကိုင်ဖို့ အသုံးပြုခွင့် ပေးထားတဲ့ မြေကို စက်မှု/စီးပွားဂရန် ချထားပေးလို့ ရ/ မရ၊ ဥပဒေနှင့် ညီ/မညီ ဆိုတာ လေ့လာသုံးသပ် တင်ပြချင်ပါတယ်။
လက်ရှိအခြေ အနေမှာ မြေလွတ်မြေလပ် မြေရိုင်းကို အခြားနည်းသုံး (အိမ် ဆောက်၊ ဆိုင်ဆောက်၊ ဟိုတယ် ဆောက်၊ စီးပွားရေးလုပ်) အသုံးပြုမှုအတွက် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ က ဥပဒေနှင့် ညီညွတ်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေအသုံးပြုခွင့် ပေးပါတယ်။ နှစ်သုံးဆယ် အထိ ခွင့်ပြုချထားပေးတာတွေ ရှိပါတယ်။ အဲဒီလို ခွင့်ပြုချက်ချထား ပေးရင် ရတဲ့သူက အငှါးဂရန် (သို့) စက်မှုစီးပွား မြေငှါးဂရန် လျောက်ထား ကြပါတယ်။ ဒီလိုမြေအမျိုးအစားကို မြေငှါးဂရန် ခွင့်ပြုနေတာတွေ တွေ့နေရပြီး လျောက်ထားနေကြဆဲ ဖြစ်တာကိုလဲ တွေ့နေရပါတယ်။
ဒီလိုလျောက်ထားရင် နှစ်သုံးဆယ် (နှစ်ကိုးဆယ်) နှစ်ရှည် ဂရန်များ ချထား ပေးနေတာကိုလည်း တွေ့ရပါ တယ်။ မြေငှါးဂရန်ပေးရာမှာ ဂရန်ချထား ပေးလို့ ရတဲ့ မြေအမျိုးအစား ဖြစ်ဖို့နဲ့ ဥပဒေအရ ချထားပေးလို့ရဖို့ အရေးအကြီးဆုံးပါပဲ။ ဆိုလိုတာက မြေမျိုးကြီး (မြေအမျိုးအစား) တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရမှာ ဖြစ်တဲ့ အတွက် ဥပဒေအရ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်၊ ဥပဒေနဲ့အညီ ဖြစ်မှသာ ဂရန်ချထား ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုအခါ ဂရန်ချထားပေးတဲ့ ဥပဒေနဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေ နှစ်ခုက သဟဇာတ မဖြစ်သေးပါဘူး။
စက်မှု စီးပွားဂရန်နဲ့ ပတ်သက်လို့ မြို့နှင့် ကျေးရွာအတွင်းမှာရှိတဲ့ မြေဆိုရင် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ မြေများအက်ဥပဒေ၊ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၄၉-ခ အရ စက်မှု/စီးပွား မြေဂရန် ထုတ်ပေးလို့ ရပါတယ်၊ မြို့ ကျေးရွာ ပြင်ပ ဆိုရင်လည်း ၂၀၁၂ မတိုင်ခင် ချထားပေးခဲ့တဲ့ မြေလွတ် မြေရိုင်း ဆိုရင် မြို့နှင့် ကျေးရွာပြင်ပရှိ မြေများအတွက် ၁၈၇၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြေနှင့်အခွန်တော်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေများပါ နိုင်ငံပိုင် မြေလွတ် မြေရိုင်းများ ပေး အပ်ချထားခြင်းဆိုင်ရာ ပြဌာန်းချက်များနဲ့ စက်မှုစီးပွား မြေငှားဂရန် ထုတ်ပေးလို့ ရပါတယ်။ နောက်ပြီး ၂၀၁၂ မတိုင်မီက မြေရိုင်းမှ လယ်ယာမြေ ပြောင်း၊ ထိုမှ လန ၃၉ ခွင့်ပြုချက်ဖြင့် ဂရန် လျောက်ထားပြီး ခွင့်ပြုလို့လည်း ရခဲ့ပါတယ်။
သို့သော် ၂၀၁၂ ခုနှစ် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ထုတ်ပြန်ပြီးချိန် မှာတော့ ဥပဒေ အရ ပြောင်းလဲ သွားပါပြီ။ မြေလွတ်မြေရိုင်းကို စိုက်ပျိုးရေးသုံး၊ ထိုမှ တည်ငြိမ်လာရင် လယ်ယာမြေ ပုံစံ ၇ ထုတ်၊ ထိုမှ လယ ၃၀ ဖြင့် အခြားနည်း ခွင့်ပြုချက်နဲ့ ဂရန်လျောက်လို့ ရပါမယ်၊ ဒါတောင် မြေအသုံးပြုပြီး ငါးနှစ်လောက်မှ ရမှာပါ။ စိုက်ပျိုးရေး အတွက်ခွင့်ပြုမှုအတွက်သာ ဖြစ်ပါတယ်။
အခုက မြေလွတ်မြေလပ် မြေရိုင်းကို အခြားနည်းသုံးရန် ကာလအပိုင်းအခြားနဲ့ ခွင့်ပြုပေးတာကို မြေလုပ် ကိုင်ခွင့်ရသူက တိုက်ရိုက် ဂရန် လျောက်ထားရာမှာ သက်ဆိုင်ရာက ဂရန်ထုတ်ပေး ခွင့်ပြုတာမျိုးကို ဆိုလို ခြင်းဖြစ်ပါတယ်။ ဒီဥပဒေအရ အသုံးပြုခွင့်ရ မြေကို မြေငှါးဂရန် ထုတ်ပေးလို့ မရနိုင်သေးတဲ့ အခြေ အနေ တွေ၊ ဥပဒေ မရှင်းလင်း တာတွေ၊ ဥပဒေနှစ်ခု သဟဇာတ မဖြစ်သေးတာတွေ ရှိနေပါတယ်။
မြေလွတ် မြေလပ်နှင့် မြရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ အခန်း (၁) ပုဒ်မ (၂) ပုဒ်မခွဲ (င) နဲ့ (စ)မှာ-
(င) မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစား ခံယူ လုပ်ကိုင်သူ မရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့် မြေနှင့် နိုင်ငံတော်က သီးသန့်လျာထားသတ်မှတ်သည့် မြေများကို ဆိုသည်။
(စ) မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ဝါးပင် သို့မဟုတ် ချုံနွယ်များ ပေါက်ရောက်လျက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပထဝီမြေအနေအထားအရ မြေမျက်နှာပြင် ညီညာမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ကြိမ် တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်း မရှိသော မြေသစ်ဖြစ်သည့် မြေရိုင်းနှင့် တောရိုင်းမြေများကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်း၊ အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန်အလို့ငှာ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည့် ကြိုးဝိုင်း သစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်မြေများလည်း ပါဝင်သည် လို့ပြဌာန်းထားပါတယ်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးရာမှာ ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို-
(က) စိုက်ပျိုးရေးလုပ်ငန်း၊
(ခ) မွေးမြူရေးလုပ်ငန်း၊
(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၊
(ဃ) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြား လုပ်ငန်းများလို့ ပါဝင်ပါတယ်။
မြေလွတ်မြေလပ် မြေရိုင်းကို အခြားနည်းသုံးတယ် ဆိုတာ (အိမ်ဆောက်၊ ဆိုင်ဆောက်၊ ဟိုတယ်ဆောက်၊ စီးပွားရေးလုပ်) အထက်မှာ ဖော်ပြတဲ့ အထဲက (ဃ) အချက်အရ လုပ်ပိုင်ခွင့်ရတဲ့ မြေဖြစ်ပါတယ်။ နှစ် အကန့်အသတ်နဲ့ ချထားပေးပါတယ်၊ နှစ်သုံးဆယ် ပေးတာများပါတယ်။ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ (၁၀)မှာ-
(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
ပုဒ်မ (၁၆) မှာ-
(ဂ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲ စိတ်ခြင်းမပြုရ။
ပုဒ်မ ၁၉ မှာ ဗဟိုကော်မတီသည် အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက်မှ လိုအပ်မည့် အနည်းဆုံး မြေဧရိယာကို ပြန်လည်ရယူပိုင်ခွင့်ရှိ သည်-
(က) ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ တွေ့ရှိခြင်း၊
(ခ) နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်း သို့မဟုတ် အထူးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ခြင်း၊
(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် ခွင့်ပြုထားသော သတ္တုအမျိုးအစားမှ အပ အခြားသယံဇာတ ပစ္စည်း တွေ့ရှိခြင်း၊
(ဃ) ပုဒ်မ ၄၊ ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဃ)တို့ပါ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သယံဇာတ ပစ္စည်းတွေ့ရှိခြင်း။
ပုဒ်မ ၂၀ မှာ ဗဟိုကော်မတီသည် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ ၁၉ အရပြန် လည်ရယူခြင်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက အမှန်တကယ် ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျ စရိတ်ငွေများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကာလတန်ဖိုးတွက်ချက်၍ သင့်လျော် သည့် သတ်မှတ်ကာလအတွင်း လျော်ကြေးရရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်ညှိနှိုင်း ဆောင်ရွက် ပေးရမည်။
ပုဒ်မ (၂၁) မှာ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူက ဤဥပဒေပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေ့ရှိလျှင် မူလပေးသွင်းထားသော အာမခံ ကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့် အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုလည်း ပြန်လည် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။
ပုဒ်မ (၂၂)မှာ-
(ဃ) မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်းခံရမည်လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။
မြေငှါးဂရန် ချထားပေးတာနဲ့ ပတ်သက်ပြီး မြေအမျိုးအစား အားလုံးကို ဂရန်ချထား ပေးလို့မရပါဘူး၊ မြေ အမျိုးအစားပေါ် မူတည်ပြီး ဥပဒေအရ ဂရန်ချထားပေးရတာ ဖြစ်ပါတယ်၊ မြေအားလုံးက နိုင်ငံပိုင်မြေပါပဲ၊ နိုင်ငံပိုင်မြေထဲမှာမှ မြို့ ရွာ နယ်နမိတ်အတွင်း ဂရန်ချထားပေးမယ်ဆိုရင် အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသောမြေ (အစိုးရချထား ပေးပိုင်ခွင့်ရှိသောမြေ) Land at the disposal of government ဖြစ်ရပါမယ်။
နိုင်ငံပိုင်မြေ State Land ဆိုတာနဲ့ အစိုးရစီမံခန်ခွဲပိုင်ခွင့်ရှိသောမြေ Land at the disposal of government မတူပါဘူး။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေအရ နိုင်ငံပိုင်မြေ ဟူသည်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-
“၄။ (၁) နိုင်ငံပိုင်မြေ ဆိုသည်မှာ အစိုးရကဖြစ်စေ၊ အစိုးရ၏ ကိုယ်စားဖြစ်စေ အခွန်လွတ်အပိုင် ပေးအပ်ခြင်း မရှိသည့်၊ ယင်းသို့ ပေးအပ်ကြောင်းအသိအမှတ်မပြုသည့် သို့မဟုတ် ဆက်လက်ပေးအပ်ခြင်း မရှိသည့် မြေများကို ဆိုလိုသည်။”
နိုင်ငံပိုင်မြေများမှ လူနေထိုင်ရန် ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်ရန်ဖြစ်စေ၊ စက်မှုလုပ်ငန်း လုပ်ကိုင် ရန်ဖြစ်စေ မည်သည့်မြေများကို ဂရန်ပေးအပ်ချထားရမည်ကို အက်ဥပဒေ၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်-
“၄။ (၂) အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေ ဆိုသည်မှာ-
(က) မည်သူမျှ လက်၀ယ်ထားပိုင်ခွင့်အခွင့်အရေး မရရှိသေးသောမြေ၊
(ခ) အစိုးရကဖြစ်စေ၊ အစိုးရ၏ ကိုယ်စားဖြစ်စေ အပိုင်၊ သို့မဟုတ် အငှား ပေးအပ်ချထားခြင်းမှ ပေါ်ပေါက် သော အခွင့်အရေး တစ်စုံတစ်ရာကို မည်သူမျှ ရရှိထားခြင်း မရှိသေးသော မြေတို့ကို ဆိုလိုသည်။”
ဆိုလိုသည်မှာ တစ်စုံတစ်ဦးကိုမျှ ဤအက်ဥပဒေအရ အသုံးပြုရန် အခွင့်အရေး မပေးရသေးသည့် မြေများ ကိုသာ သူတစ်ဦးတစ်ယောက်သို့ ပေးအပ်ချထားနိုင်ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများကို ပေးအပ်ချထားခြင်း အတွက် အက်ဥပဒေ ၏ ပုဒ်မ ၁၆ တွင်-
“၁၆။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို-
(က) နိုင်ငံတော်သမ္မတက ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စည်းကမ်း သတ်မှတ်ချက်များဖြင့် အဆိုပါ မြေကို အကျိုးခံစားခွင့်များ လွဲအပ်သည့် အပိုင်ပေးအပ် ချထားမှုအရဖြစ်စေ၊ အငှားပေးအပ်ချ ထားမှုအရဖြစ်စေ၊
(ခ) အခွန်တော်အရာရှိက ခွင့်ပြုထုတ်ပေးသော လိုင်စင်အရ ဖြစ်စေ၊ ပေးအပ်ချထားခွင့်ရှိသည်။”
ထို့ပြင် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၏ ပုဒ်မ ၂ တွင်-
“၂။ ဤအက်ဥပဒေပါ ပြဌာန်းချက် များသည် မြို့ နှင့် ကျေးရွာရှိ မြေများနှင့်သာ သက်ဆိုင်စေရမည်။”
ထိုပြဌာန်းချက်အရ မြို့နှင့်ကျေးရွာများ အတွင်းရှိမြေများကို ဂရန်လျှောက်ထား ဆောင်ရွက်ရေးအတွက်သာ ထိုအက်ဥပဒေနှင့် သက်ဆိုင်သည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြို့ နယ်နိမိတ်၊ ကျေးရွာ နယ်နမိတ်ပြင်ပ မြေ များ ဂရန်ချထားပေးဖို့ မပါဝင်ပါဘူး။
မြို့နှင့် ကျေးရွာ နယ်နမိတ် ပြင်ပရှိ မြေများအတွက် ၁၈၇၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြေနှင့်အခွန်တော် အက် ဥပဒေ၊ ၁၈၈၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းများတွင် အခါအား လျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အရပ်ဒေသများတွင် လူနေ အဆောက်အအုံနှင့် စက်မှု လက်မှုအတွက် မြေများ ပေးအပ်ချထားခြင်း အခန်းပါ နည်းဥပဒေ ပြဌာန်းချက်များနဲ့ စက်မှုစီးပွား မြေငှား ဂရန် ထုတ်ပေးလို့ ရပါတယ်။
ဒါကလဲ ၂၀၁၂ မတိုင်မီ မြေလွတ်မြေလပ် မြေရိုင်းများ အသုံးပြုခွင့် ရရှိထားမှု အတွက်သာ ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၂ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ဥပဒေ သဘောတရားအရ ကိစ္စတစ်ခု အတွက် သီးခြားပြဌာန်းထားတဲ့ အထူးဥပဒေ ရှိနေရင် အဆိုပါ အထူး ဥပဒေအရသာ ဆောင်ရွက်ရတယ် ဆိုတဲ့ ဥပဒေမူအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေဟာ အဲဒီမြေ အမျိုးအစားအတွက် ပြဌာန်းထားတဲ့ အထူး ဥပဒေမှာ ပါဝင်ပါတယ်။ စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေအရ ဆိုရင်လည်း နောက်မှ ပြဌာန်းတဲ့ ဥပဒေ ဖြစ်တဲ့အတွက် အရင်ပြဌာန်းတဲ့ ၁၈၇၆ တို့ ၁၈၈၉ တို့နဲ့ ကွဲလွဲဆန့်ကျင်ခဲ့ရင် နောက်မှ ပြဌာန်းတဲ့ ဥပဒေကိုသာ အတည်ယူရမှာဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။
မြေလွတ်မြေလပ် မြေရိုင်းမှ အခြားနည်းသုံးခွင့်ရထားတဲ့ ပုဂ္ဂိုလ်များက မြေပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ထိုမြေကို ဂရန်လျောက်ထားပြီး ဂရန်ရရှိပါက ဘဏ်မှာ အပေါင်ထား ငွေချေးဖို့ ဖြစ်ပါတယ်။ နောက်ပြီး ပိုင်ဆိုင်ခွင့် ခိုင်မာအောင် လုပ်ချင် တာလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဂရန် လျောက်ထားကြတာ ဖြစ်ပါ တယ်။
မြေလွတ်မြေလပ် မြေရိုင်းဥပဒေမှာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လို့ ဆိုပေမဲ့ အမှန်တော့ ဗဟိုကော်မတီက နှစ်ကာလ ပိုင်းခြားပြီး မြေကို အသုံးပြုဖို့ ခွင့်ပြုချက်ပေးခြင်း မျှသာ ဖြစ်ပါတယ်။ အစိုးရမြေကို အငှါးချ ထားပေးသလို ပါပဲ။ ပြောမယ်ဆိုရင် ဂရန်သဘောပါပဲ။ သို့သော် ဂရန်နဲ့ မတူတာက မြေရှင် ဆိုင်ရာ အခွင့်အရေးတွေ မတူညီတာ ပါပဲ။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနဲ့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုထားတဲ့မြေကို ဥပဒေ ပုဒ်မ ၁၉ နိုင်ငံတော် လိုအပ်ချက်အရ ပြန်လည်ရယူနိုင်ခွင့် ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်း သို့မဟုတ် အထူးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန်လိုအပ်လို့ ပြန်ယူမယ့် အခါမျိုးမှာ ပြဿနာ တက်နိုင်ပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုထားတဲ့ မြေကို ပြန်သိမ်းယူရင် မြေပေါ်က ရင်းနှီးမြှုပ်နှံထားတဲ့ ကုန်ကျစရိတ်ကိုပဲ ပေးလျော်မှာ ဖြစ်တယ်လို့ အတိအကျ ပြဌာန်း ထားပါတယ်၊ မြေအတွက် လျော်ကြေး ပေးမှာ မဟုတ်ပါဘူး။ မြေကတော့ နိုင်ငံပိုင်မြေအဖြစ်သာ တည်ရှိနေပါမယ်။ နောက်ပြီး ခွင့်ပြုချိန်ထဲက မြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ အငှားချ ထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်းနှင့် ခွဲစိတ်ခြင်းတို့ကို ပြုလုပ်ပိုင်ခွင့် မရှိဘူးလို့ ပြဌာန်းထားတဲ့ အတွက် မြေအတွက် ဂရန်ကဲ့သို့ အခွင့်အရေး မရှိပါဘူး။
စက်မှု/စီးပွား မြေငှားဂရန် ထုတ်ပေးလိုက်ရင် အငှားဂရန် ရရှိသူက အငှား ချထားသည့် ကာလအတွင်းမှာ ဆိုင်ရေး ဆိုင်ခွင့်များ (Rights) ရရှိပါတယ်။ အငှားဂရန် ရရှိသူက တည်ဆဲ ဥပဒေများအရ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း၊ ခွဲစိတ်ခြင်းတို့ကို ပြုပိုင်ခွင့် လည်း ရှိသွားပြီ ဖြစ်ပါတယ်။
ဒီတော့ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ ပြန်လည်သိမ်းယူခဲ့ရင် မည်သို့ လျော်ကြေး ပေးပါမလဲ၊ ဂရန် ဖြစ်နေတဲ့အတွက် မြေသိမ်း အက်ဥပဒေများအရ မြေ၏ ကာလတန်ဖိုးကို ပေးလျော်မှာလား၊ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအရ မြေလျော်ကြေး မပေးပဲ မြေပေါ် ပစ္စည်းအတွက်ပဲ ပေးလျော်မှာလား ဆိုတာတွေ ဖြစ်လာပါတယ်။ နောက်ပြီး မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနဲ့ မညီတဲ့ လုပ်ကိုင်ခွင့်ရသူက လွှဲပြောင်း ခွဲစိတ် ရောင်းချထားလို့ မြေကို ပြန်သိမ်းမယ် ဆိုရင်ရော မြေဂရန်ကလည်း ရှိနေရင် ဘယ်လို ဖြစ်လာမလဲ။
ဒီတော့ နစ်နာမည့် သူက မြေကို သုံးနေတဲ့သူသာ ဖြစ်ပါမယ်။ ဒီလို နစ်နာမှုကြောင့် နစ်နာသူကဖြစ်စေ၊ အစိုးရကဖြစ်စေ ဥပဒေနဲ့ မညီပဲ ဂရန်ထုတ်ပေးထားတာကို အရေးယူစရာ ဖြစ်လာရင် အရေးယူခံရနိုင်တာက မြေဂရန်ချထား ပေးတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါပဲ။
နောက်တစ်ခုက နိုင်ငံပိုင် မြေလွတ်မြေလပ် မြေရိုင်းကို အစိုးရကိုယ်စား ဗဟိုကော်မတီက ဥပဒေနဲ့ ညီညွတ် သော အခြားလုပ်ငန်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုပေးထားတဲ့ ခွင့်ပြုမိန့် ရှိနေပြီး ဖြစ်တဲ့အတွက် ထပ်ပြီး အစိုးရကိုယ်စား ဂရန်ထုတ်ပေးရသူက မြေဂရန် ထုတ်ပေးဖို့ လိုအပ်ပါသေး သလား ဆိုတဲ့ ဥပဒေသဘော တရားကလဲ ရှိနေပါတယ်၊ အစိုးရက ပေးတာချင်း အတူတူပါပဲ၊ မြေဆိုင်ရာ အခွင့်အရေးသာ မတူတာပါ။
နောက်တစ်ခုက မြေခွန်ပေးဆောင်ရမှုတွေမှာလည်း ရှုပ်ထွေးနေပါတယ်။ ဗဟိုကော်မတီက မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ထုတ်ပေးမှုအရ ပေးဆောင်ရမည့် မြေခွန်များ၊ မြေခွန် ကင်းလွတ်ခွင့်ပြုသည့် ကာလ များနဲ့ နောက်တစ်ခါ ထိုမြေကို မြေဂရန်ထုတ်ပေးမှုအရ စည်းကြပ်ကောက်ခံမည့် မြေခွန်များ မည်သည်ကို ပေးဆောင်ရမည်နည်း၊ နှစ်ခုလုံးလား၊ မြေတစ်ခုထဲကို အခွန်နှစ်ထပ် ကောက်ခံခြင်း ဖြစ်ပေါ်နေပါက ဥပဒေ နှင့် ညီညွတ်ပါမည်လား စသည်ဖြင့် ရှုပ်ထွေးမှုများ ရှိနေပါသည်။
နောက်တစ်ခုက ဗဟိုကော်မတီက မြေလွတ်မြေလပ်ကို အသုံးပြုခွင့် နှစ်သုံးဆယ် ခွင့်ပြုထားတယ်၊ ထိုမြေကို ဂရန်ထပ်မံလျောက်ထားလို့ နှစ်ရှည် (နှစ်သုံးဆယ်မှ ကိုးဆယ်ထိ) ပေးမယ်ဆိုရင် ခွင့်ပြုနှစ်ကာလ မတူညီနိုင်တာ နဲ့ သက် တမ်း အပို အလိုတွေလည်း ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ရရှိထားတဲ့ မြေကို ဂရန်ချထားပေးခဲ့ပါက နောင်တစ်ချိန် ပြဿနာများ ပေါ်ပေါက်လာနိုင်ပြီး မြေအသုံးပြုသူက ဂရန်ပယ်ဖျက် ခံရခြင်း၊ မြေပြန်အသိမ်းခံရခြင်း၊ နစ်နာ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ဂရန်ထုတ်ပေးသူများအနေနဲ့လည်း တာဝန်ရှိတဲ့ အလျောက် အရေးယူ ခံရခြင်း များ ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
#DVB Lawlab
Comments
Post a Comment