မြေလွတ်မြေရိုင်းအသုံးပြုသူ သိရှိရမည့်အချက်များ
မြေလွတ် မြေလပ် မြေရိုင်းတွေကို လုပ်ကိုင် အသုံးပြုကြပါတယ်။ တစ်ချို့က တရားဝင် လျောက်ထားပြီး ခွင့်ပြု ချက်နဲ့ သုံးကြသလို တစ်ချို့က ခွင့်ပြုချက်မရှိပဲ သုံးကြပါတယ်။ ခွင့်ပြုချက်မရှိပဲ အသုံးပြုရင် အရေးယူနိုင်သလို ခွင့်ပြုချက်အတိုင်း ဥပဒေနဲ့အညီ မသုံးရင်လည်း အရေးယူနိုင်ပါတယ်။ ဒီနေရာမှာ ခွင့်ပြု ချက်မရှိပဲ သုံးရင်၊ အသုံး ပြုခွင့်ရရှိသော်လည်း စည်းကမ်းမလိုက်နာရင်၊ အရေး ယူနိုင်မှုနှင့် အရေးယူခံရနိုင်မှု အခြေအနေများကို ဦးစားပေး တင်ပြလိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဒီဥပဒေပြဌာန်းပြီး ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။ ဥပဒေကို ပြင်ဆင်လိုက် တော့ ပိုမိုပြည့်စုံလာပြီး သိထားရမှာတွေလည်း ပိုလာပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ မြေလွတ်လပ် ရိုင်းနဲ့ ပတ်သက်ရင် အသုံးပြုခွင့်လျောက်၊ ခွင့်ပြုချက်ကို သတ်မှတ် စည်းကမ်းနဲ့အညီသုံး၊ ခွင့်ပြုချက်မရှိပဲ သုံးရင်၊ ခွင့်ပြုထားတဲ့အတိုင်း မသုံးရင် အရေးယူနိုင်တယ်ဆိုတာပါပဲ။ ရဲအရေးပိုင်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် မည်သူကမဆို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်တာကို သိထားရပါမယ်။ ဒါကြောင့် သိရှိစေဖို့ တင်ပြလိုက်ရပါတယ်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက လိုက်နာရမည့် စည်းကမ်းချက်များ။
ဥပဒေပုဒ်မ
၁၆။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူသည် -
(က) ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေး လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
(ခ) လုပ်ပိုင်ခွင့်ရမြေကို စတင်ခွင့်ပြုသည့်နေ့မှစ၍ ၄ နှစ် အတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်။ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြေအနေကြောင့်သော်လည်းကောင်း ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ကာလကို ဗဟိုကော်မတီမှ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးနိုင်သည်။
(ဂ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုး ရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရ။
(ဃ) မိမိလုပ်ကိုင်ခွင့်ရရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကို အပြေအကြေ ပေးဆောင်ရမည်။
(င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။
(စ) ခွင့်ပြုချက်ရယူထားသော လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ အခြားသယံဇာတ ပစ္စည်းများကို ထုတ်ယူခြင်းမပြုရ။
(ဆ) ခွင့်ပြုထားသောမြေအတွင်း သယံဇာတပစ္စည်းများတွေ့ရှိ၍ နိုင်ငံတော်အစိုးရက စီးပွားဖြစ် ထုတ်လုပ် လိုသဖြင့် ခွင့်ပြုထားသော မြေဧရိယာအနက် လိုအပ်မည့်မြေဧရိယာကို ပြန်လည်သိမ်းယူသည့်အခါ ပြည် ထောင်စုအစိုးရက ညွှန်ကြားထားသည့်အတိုင်း ပြန်လည် အပ်နှံရမည်။
အဲဒါတွေအပြင် ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ထပ်မံ ပါဝင်လာတာတွေက...
၂၂။ (က) ဤဥပဒေမပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသောပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များသည်
(၁) ခွင့်ပြုမိန့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧရိယာခွင့်ပြုမိန့် ထုတ်ပြန်သည့်ရက်စွဲနှင့် စာအမှတ် တို့ကို ပြည့်စုံစွာဖော်ပြပြီး အမှန်တကယ် ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးသောဧရိယာနှင့် ကျန်ရှိသောဧရိယာတို့ကို အထောက်အထားခိုင်လုံစွာဖြင့် ဓာတ်ပုံမှတ်တမ်းများပူးတွဲလျက် မှတ်တမ်း ပြုစုပြီး ဗဟိုကော်မတီသို့ တင်ပြရ မည်။
(၂) ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
(၃) ခွင့်ပြုထားသည့်မြေကို စတင်ခွင့်ပြုသည့်နေ့မှလေးနှစ်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(၄) ခွင့်ပြုထားသည့်မြေကို စတင်အသုံးပြုခွင့်ရသည့်နေ့မှ လေးနှစ်အတွင်း သတ်မှတ်ထားသည့် စည်းကမ်း ချက် များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုပြန်လည် ရုပ် သိမ်းခြင်းခံရမည်။
(ခ) ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ရယူလုပ်ကိုင်အသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်
(၁) မိမိရယူလုပ်ကိုင် အသုံးပြုလျက်ရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာနှင့် ၎င်းတို့နှင့်စပ်လျဉ်းသော အသေးစိတ် အချက်အလက်များကို ပြည့်စုံစွာဖော်ပြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်း သည့်နေ့မှစ၍ ခြောက်လအတွင်း သတ်မှတ်ချက်နှင့်အညီ ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားရမည်။
(၂) ပုဒ်မခွဲငယ် (၁) ပါအတိုင်း လျှောက်ထားဆောင်ရွက်ခြင်းမရှိလျှင် ဖြစ်စေ၊ လျှောက်ထားသော်လည်း ခွင့်ပြု မိန့်မရရှိလျှင်ဖြစ်စေ အဆိုပါ မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်။
(၃) ပုဒ်မခွဲငယ် (၁) ပါအတိုင်း သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ်တွင် ဆက်လက်၍ ရယူလုပ်ကိုင်အသုံးပြုလျှင်သော်လည်းကောင်း၊ ယင်းသို့လျှောက်ထားသည့် အခါ ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်သည့်အတွက်အဆိုပါ မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေရန် ညွှန်ကြားသည့် အမိန့်ကိုမလိုက်နာဘဲ ဆက်လက် ရယူ အသုံးပြုလျှင်သော်လည်းကောင်း၊ ဤဥပဒေအရ အရေးယူခြင်းခံရမည်.. လို့ပြဌာန်းထားပါတယ်။
ခွင့်ပြုချက်မရှိပဲ အသုံးပြုရင်၊ ကျူးကျော်ရင်၊ အကျိုးဖျက်ဆီးရင်၊ ခွင့်ပြုချက်ပါစည်းကမ်းတွေကို ချိုးဖောက်ရင် အရေးယူနိုင်တဲ့ အခြေအနေကတော့...
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၂၆။ မည်သူမဆို ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသော မြေပေါ်ရှိပစ္စည်း နှင့်စပ်လျဉ်း၍ အကျိုးဖျက်ဆီးကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၇။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်
(က) ဤဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ဝင်ရောက်ကျူးကျော်နေ ထိုင်ခြင်း သို့မဟုတ် ဝင်ရောက်ကျူးကျော်နေ ထိုင်စေခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း သို့မဟုတ် ဝင်ရောက်ကျူး ကျော် လုပ်ကိုင်စေခြင်း၊
(ခ) ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူ သို့မဟုတ် ယင်း၏ ကိုယ်စား လှယ်၏ သဘောတူခွင့်ပြုချက်မရရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများပေါ်တွင် ဝင်ရောက် ကျူးကျော် လုပ်ကိုင်ခြင်း။
၂၇-က။ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုသူ မည်သူမဆို
ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေချမှတ်ရမည်။
၂၈။ မည်သူမဆို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ သို့မဟုတ် ထိုသူ၏ သဘောတူ ခွင့်ပြုချက်အရ လုပ်ကိုင်သူက အဆိုပါ မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းများ ပေါ်တွင် ဤဥပဒေနှင့်အညီ ဆောင်ရွက် သော လုပ်ငန်းဆောင်ရွက်မှုတစ်စုံတစ်ရာကို ဟန့်တား နှောက်ယှက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။
၂၉။ မည်သူမဆို ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်း ထားသည့် မြေပေါ်မှထွက်ခွာဖယ်ရှားပေးရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၉-က။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ မည်သူမဆို
(က) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်။
(ခ) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (စ)ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဒီဥပဒေပါ ပြစ်မှုတွေကို ရဲအရေးပိုင်ကြောင်း အောက်ပါအတိုင်း ပြဌာန်းထားပါတယ်။
၃၀။ အခန်း(၉)ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ် မှတ်သည်..တဲ့။
ဒါကြောင့် မြေလွတ်မြေလပ်မြေရိုင်းတွေကို ခွင့်ပြုချက်နဲ့အညီ အသုံးပြုကြစေရေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်တတ် စေရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တင်ပြလိုက်ရပါတယ်။
မျိုးမင်းထွန်း
Comments
Post a Comment