တရားဝင်ငွေတိုးချစားခွင့်ရချင်ပါက

တရားဝင်ငွေတိုးချစားခွင့်ရချင်လျှင် -

     ငွေကြေးသည် လူ့ဘောင်နယ်ပယ်တွင် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ လူမသေငွေမရှားဆိုသည့် စကားအတိုင်း လူအသက်ရှင်နေသ၍ ငွေမရှားသူများ ထုနဲ့ဒေးရှိသော်လည်းလူမသေခင်ငွေရှားပါးနေသူများမှာလည်း ဒုနဲ့ဒေးပင်ဖြစ်ပါသည်။  ထို့ကြောင့် တစ်ဦထံမှ တစ်ဦးက ငွေချေးဌားကြရခြင်းမှာလည်း လူတို့နှင့် မကင်းနိုင်သော အရာပင် ဖြစ်ပါသည်။

သို့သော် ဥပဒေနှင့် အညီချေးငှားကြဖို့လိုပါသည်။ မိမိတို့၏ မိတ်ဆွေတစ်ဦးတစ်ယောက်သည်အမှန်တကယ် ငွေကြေးအခက်အခဲဖြစ်ပေါ်နေလျှင် မေတ္တာဖြင့်ချေးငှားပေးခြင်းကို ဥပဒေကခွင့်ပြုထားပါသည်။ အတိုးရခွင့်မရှိပါ ။ 

  သို့သော် တကယ့်လက်တွေ့တွင် မေတ္တာစစ်စစ်ဖြင့်ကူညီသူ အင်မတန်မှနည်းပါးပြီး အတိုးကိုမျှော်ကိုး၍ ဟန်ဆောင် စာချုပ်များချုပ်ဆိုကာ ချေးငှာကြခြင်း ၊ အပေါင်ခံကြခြင်းက ပို၍များပါသည်။ ထိုသို့ပြုလုပ်ကြရာတွင်လည်း ဥပဒေနှင့် ဘောင်ဝင်စေရန် အမျိုးမျိုးသော စာချုပ်များကို ပြုလုပ်ချုပ်ဆိုကြပါသည်။

ငွေပြန်မရသည့်အခါ  တရားတဘောင်ဖြစ်ကြ ရပါတော့သည်။ 

     ထိုအခါ မိမိတို့ပြုလုပ်ထားသော ဟန်ဆောင်စာချုပ်များဖြင့် တရားစွဲဆိုပြိုင်ဆိုင်ကြတော့သည်။     

   တရားရုံး၏ အကူအညီကိုလာရောက်တောင်းခံသူသည် သန့်ရှင်းသော  လက်ဖြင့် လာရောက်ရမည်ဟူ

သော တရားစီရင်ရေးမှုအရ မသန့်မရှင်းပြုလုပ်ထားသူများ အမှုရှုံးမည်မှာ အသေအချာပင်ဖြစ်ပါသည်။ 

   မည်သူမှ မိမိတွင်မရှိသောအခွင့်အရေးကို မလိုချင်သင့်ပါ ။ ထို့ကြောင့် မိမိတွင် အတိုးယူ၍ငွေချေးပိုင်ခွင့် မရှိလျှင် မည်သူမှ အတိုးယူ၍ ငွေချေးငှားပေးခြင်းအားမပြုလုပ်သင့်ပါ ။ မဖြစ်မနေချေးပေးရမည့် မိတ်ဆွေရင်းချာများ ဖြစ်နေပါက အတိုးမယူဘဲ မေတ္တာသက်သက်ဖြင့်သာငွေချေးငှာလိုက်ပါ။ 

   ငွေကြေးလိုအပ်နေသူများအနေဖြင့်လည်း တရားဝင် ချေးယူနိုင်သည့် ဘဏ်များ ၊  အမိန့်ရ အပေါင်ဆိုင်များ ၊မှတ်ပုံတင် ငွေတိုးချစားခွင့်ရှိသူများ ထံမှ ချေးယူနိုင်ပါသည်။ 

     ငွေရှင်များအနေဖြင့် ငွေချေးသည့် ကိစ္စကို လုပ်ငန်းတစ်ခုအနေဖြင့် အမှန် တကယ်လုပ်ကိုင် လိုပါက ၁၉၄၅ခုနှစ် ၊  ငွေတိုးချစားသူများ  အက်ဥပဒေအရ မှတ်ပုံတင်၍ လုပ်ကိုင်ကြပါရန် အောက်ဖော်ပြပါ ငွေတိုးချစားခွင့်  မှတ်ပုံတင် လျှောက်ထားခြင်း ပုံစံအား ဖော်ပြလိုက်ရပါသည်။  

 (၆) ငွေတိုးချစားသူ - ဆိုသည်မှာ ၊ ဤအက်ဥပဒေတွင် အဓိပ္ပါယ်ဖော်ပြထားသည့် အတိုင်း ငွေထုတ်ချေးသည့် အလုပ်လုပ်ကိုင်သူကို ဆိုလိုသည် ။ ထိုစကားရပ်တွင် ငွေတိုးချစားသူ၏ တရားဝင်ကိုယ်စားလှယ်များအပြင် အမွေဆက်ခံခြင်းဖြင့်ဖြစ်စေ၊ လွှဲပြောင်းပေးခြင်းဖြင့်ဖြစ်စေ ၊ အခြားနည်းဖြင့်ဖြစ်စေ၊ အကျိုးဆက်ခံ သူများလည်း ပါဝင်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ 

 တရားဝင်ငွေတိုးချစားခွင့်ပြုလုပ်လိုလျှင် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး (မြေစာရင်းရုံး)တွင် မှတ်ပုံတင် သွင်းရပါမည်။

 မှတ်ပုံတင်ရန်လျှောက်လွှာကို ၊ ပြဌာန်းထားသည့် ပုံစံအတိုင်း ရေးရမည့်ပြင် ၊ ပြဌာန်းထားသည့် ရုံးခွန်တော် အတွက် တံဆိပ်ခေါင်းကပ်ရမည်။ 

   ထို့ပြင်လျှောက်လွှာတွင် အောက်ပါတို့ကို ဖော်ပြရမည်။

(က) လျှောက်ထားသူ၏ အမည်နှင့်လိပ်စာ ။

(ခ) ငွေတိုးချစားသူအဖြစ် အလုပ်လုပ်ကိုင်ရာ၌ မိမိအသုံးပြုသည့် (သို့) အသုံးပြုလိုသည့် အမည်နှင့် အခေါ်အဝေါ် ။

 (ဂ) မိမိ၏ အလုပ်လုပ်ကိုင်ရာ အဓိကဌာန၏လိပ်စာ၊ ထို့အပြင်ဌာနခွဲများရှိလျှင် ထိုဌာနခွဲများ၏ လိပ်စာများ ၊ ထို့အပြင် မိမိအလုပ်ကို လုပ်ကိုင်သည့် ၊ သို့တည်းမဟုတ် လုပ်ကိုင်လိုသည့် ခရိုင်၊ (သို့) ခရိုင်များဆိုင်ရာ အကြောင်းအရာများ ။

(ဃ) ပြဌာန်းထားသည့် အခြားအကြောင်းအရာများ ။

မှတ်ပုံတင်လျှောက်လွှာကို - 

 (က) ငွေတိုးချစားသူက မိမိ၏ အလုပ်အကိုင်ကိုခရိုင်များတွင်ဖြစ်စေ၊ပြည်ထောင်စုမြန်မာနိုင်ငံတော် တဝှန်းလုံးတွင်ဖြစ်စေ ၊လုပ်ကိုင်ရန် ရည်ရွယ်လျှင်၊ ရန်ကုန်မြို့ရှိ မှတ်ပုံတင်အရာရှိထံ တင်သွင်းရမည်။

 (ခ)  ငွေတိုးချစားသူက မိမိ၏ အလုပ်အကိုင်ကိုခရိုင်တခု၏ နယ်နိမိတ်အတွင်း၌သာ လုပ်ကိုင်ရန်ရည်ရွယ် လျှင် ၊ ထိုခရိုင်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ (သို့) လက်အောက်မှတ်ပုံတင်အရာရှိထံတင်သွင်းရမည်။ 

   လျှောက်လွှာကို စည်းကမ်းတကျ တင်သွင်းလျှင် ၊ မှတ်ပုံတင် အရာရှိသည် ၊ ပုဒ်မ ၄ အရ ၊ မိမိထားရှိသော မှတ်ပုံတင်စာရင်းတွင် ၊ လိုအပ်သောရေးသွင်းချက်များကို ပြုပြီးနောက် ၊  မှတ်ပုံတင်လက်မှတ် တစ်စောင်ကို ၊ ပြဌာန်းထားသည့်ပုံစံဖြင့် ရေးသား၍ ငွေတိုးချစားသူအား ထုတ်ပေးရမည် ဟုပါရှိပါသည်။ (၁၉၄၅ ခုနှစ်၊ငွေတိုးချေးစား သူများအက်ဥပဒေ)

Comments