အစိုးရရှေ့နေလိုက်ပါ ဆောင်ရွက်သောအမှုရှေ့နေငှားရမ်းခြင်း

အစိုးရရှေ့နေလိုက်ပါ ဆောင်ရွက်သောအမှုတွင် ရှေ့နေတစ်ဦးအား ငှားရမ်းလိုက်ပါစေခဲ့သော်

မောင်စာဂ

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ (စာတည်းအဖွဲ့ )

အစိုးရရှေ့နေဟူသည်

အစိုးရရှေ့နေဆိုသည်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂ အရ ခန့်ထားသည့် မည်သူ့ကိုမဆို ဆိုသည်။ ထို့ပြင် အစိုးရရှေ့နေ၏ ညွှန်ကြားချက်အရ ဆောင်ရွက်သူနှင့် တရားလွှတ်တော်၌ ပြစ်မှုဆိုင်ရာ မူလအမှုစီရင်ရာတွင် အစိုးရကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်သူလည်းပါဝင်သည်။ [ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ()()]

အစိုးရရှေ့နေဆိုသည်မှာ ပြည်ထောင်စုရှေ့နေချုပ်က ခန့်အပ်တာဝန်ပေးသည့် ဥပဒေအရာရှိကိုလည်း ကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်က သီးခြားတာဝန် ပေးသည့် ပုဂ္ဂိုလ်ကိုလည်းကောင်းဆိုသည်။ [ပြည် ထောင်စုရှေ့နေ ချုပ်နည်းဥပဒေများ၊ နည်း - ()]

ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များ

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့် ရှိ ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၄၊ ၃၅ နှင့် ၃၆ တို့တွင် ပြဋ္ဌာန်းထားသည်။

အစိုးရရှေ့နေများဖြစ်ကြသော ဥပဒေအရာရှိများ၏ အမှုလိုက်လုပ်ငန်းဆိုင်ရာများသည် ကျယ်ဝန်း နက်ရှိုင်း သည်။ အဆင့်ဆင့်ဆောင်ရွက်ရမှု များပြားသည်။ ကြိုးစားအားထုတ်ကြရသည်။ ဤမျှများပြားလှသော လုပ်ငန်း တာဝန်များထဲမှ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ဥပဒေအရာရှိ လိုက်ပါဆောင်ရွက်သောအမှုတွင် တိုင်တန်းသူ တရားလို သို့မဟုတ် နစ်နာသူက ရှေ့နေငှားရမ်းပြီး အမှုလိုက်ပါဆောင်ရွက်စေလိုလျှင် ဆောင်ရွက်ရမည့် နည်းလမ်းနှင့်စပ်လျဉ်း၍ မျှဝေပေးလိုသည်။

ဥပဒေပြဋ္ဌာန်းချက်

အစိုးရရှေ့နေသည် မိမိတာဝန်ယူရသည့် မည်သည့်အမှုတွင်မဆို ပြုလုပ်မှုသည် စုံစမ်းစစ်ဆေးမှု သို့မဟုတ် အယူခံမှု၌ အမိန့်စာမပါဘဲ မည်သည့်တရားရုံးရှေ့မဆို ရောက်ရှိ၍ အမှုလိုက်ပါဆောင်ရွက်လျှောက် လဲနိုင်သည်။

ထို့ပြင် အဆိုပါအမှုမျိုးတွင် တစ်ဦးတစ်ယောက်က အခြားတစ်ဦးကို မည်သည့်တရားရုံးတွင်မဆို အမှုစွဲ ဆိုရန် ရှေ့နေတစ်ဦးကို ငှားရမ်းလျှင်လည်း အစိုးရရှေ့နေကပင် တရားစွဲဆိုမှုကို ဆောင်ရွက်ရမည်။ ငှားရမ်းသည့် ရှေ့နေသည် ထိုအမှုတွင် အစိုးရရှေ့နေ၏ ညွှန်ကြားမှုများအရ ဆောင်ရွက်ရမည်။ [ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃]

ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သော ပြစ်မှုဆိုင်ရာအမှုတွင် တရားလိုဘက်မှ ငှားရမ်းသည့် ရှေ့နေအား ဥပဒေနှင့်အညီ ကြီးကြပ်ရသည်။ [ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ ပုဒ်မ ၃၆()]

ဥပဒေအရာရှိများ လိုက်ပါဆောင်ရွက်သော ပြစ်မှု ဆိုင်ရာမူလမှုများတွင် တိုင်တန်းသူတရားလို သို့မဟုတ် နစ်နာသူအမှုသည်က ရှေ့နေငှားရမ်းပြီး လိုက်ပါဆောင် ရွက်စေလိုလျှင် ခွင့်ပြုချက်ရရန် သက်ဆိုင်ရာဥပဒေရုံး သို့ လျှောက်ထားရသည်။ ထိုသို့ လျှောက်ထားရာတွင် သတ်မှတ်ထားသော ရုံးခွန်တံဆိပ်ခေါင်း ထမ်းဆောင်ထားသော လျှောက်လွှာနှင့်အတူ ပြင်ပရှေ့နေက သက်ဆိုင်ရာတရားရုံးတွင် တင်သွင်းမည့် ရှေ့နေကိုယ်စားလှယ်စာကို ပူးတွဲတင်ပြရမည်။ [ပြည်ထောင်စုရှေ့ နေချုပ် နည်းဥပဒေများ၊ နည်း - ၁၁၅]

အဘယ်ကြောင့်ပြင်ပရှေ့နေကို ငှားရမ်းကြသနည်း

ပြစ်မှုဆိုင်ရာမူလအမှုများ၊ အယူခံမှုများနှင့် အထွေထွေလျှောက်ထားမှုများတွင် ဥပဒေအရာရှိများသည် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ကြရသကဲ့သို့ ယင်းအမှု၏ တရားလို သို့မဟုတ် နစ်နာသူ၏ ကိုယ်စားလည်း လိုက်ပါဆောင်ရွက်ရသည်။ တရားလို သို့မဟုတ် နစ်နာသူက ယင်းတို့ ကိုယ်စားလိုက်ပါ ဆောင်ရွက်ပေးသည့် ဥပဒေအရာရှိကို အခကြေးငွေတစ်ပြားတစ်ချပ် မှမပေးရပါ။ ဥပဒေအရာရှိများသည် နိုင်ငံတော်က လစဉ်ထုတ်ပေးသည့်လစာကို ရရှိခံစားနေရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။

သို့ဖြစ်ပါလျက် အဘယ်ကြောင့် အခကြေးငွေ အကုန်အကျခံပြီး ပြင်ပရှေ့နေကို ငှားရမ်းကြပါသနည်း။ လက်တွေ့သဘောအရ ယေဘုယျအားဖြင့် အချက်သုံးချက်ကို ရှာဖွေတွေ့ရှိရသည်။

ပထမအချက်မှာ ပြစ်မှုတစ်ခုဖြစ်ပြီဆိုလျှင် တရားခံက ရှေ့နေငှားသည်။ တရားလို သို့မဟုတ် နစ်နာသူကလည်း အားကျမခံရှေ့နေငှားသည်။ သူ့အတွက် ဥပဒေအရာရှိက အမှုလိုက်ပါ ဆောင်ရွက်ပေးလိမ့်မည်ကို သူမသိ၍ဖြစ်သည်။ သိသည့်အချိန်တွင် ငှားပြီးဖြစ်သွားသည်။

ဒုတိယအချက်မှာ တရားလိုသည် သူ့အတွက် ဥပဒေအရာရှိက အမှုလိုက်ပါဆောင်ရွက်ပေးလိမ့်မည်ကို သိသည်။ သို့ရာတွင် မှန်မှန်ကန်ကန်ဖြစ်ပါ့မလားဆိုပြီး သံသယတွေဝင်သည်။ ဥပဒေ အရာရှိကို အားမရ။ ထို့ကြောင့် ရှေ့နေတစ်ဦးကို ငှားရမ်းသည်။

တတိယအချက်မှာ တရားလိုသည် အမှုလိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအရာရှိကို ယုံကြည်သည်။ သို့သော် အမှုကိုပို၍အားကောင်းစေချင်သည်။ ဥပဒေအရာရှိကို အထောက်အကူပေးလိုသည်။ ထို့ကြောင့်သူတင်ပြ လိုသည့် ဥပဒေအချက်အလက်၊ ကြောင်းခြင်းရာ အချက်အလက်တို့ကို ရှေ့နေကတစ်ဆင့် ဥပဒေအရာရှိသို့ သိရှိစေခြင်းငှာ ရှေ့နေကို ငှားရမ်းသည်။

အားကိုးအားထားပြုထိုက်သည့် စီရင်ထုံးတစ်ခု

ဒေါ်မြမြထွေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂ဝ၁၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ- ၂၉) အမှုကို လေ့လာဖတ်ရှုမိသည်။ တရားလိုသည် အသတ်ခံရသူဦးတောက်ထွန်း၏ ယောက်ဖဖြစ်သူဦးလှမြင့် ဖြစ်သည်။ အသတ်ခံရသူ၏ဇနီးမှာ ခင်ပွန်းအား သတ်သူတရားခံနှင့် လူမှုရေးဖောက်ပြန်နေသူဖြစ်ကြောင်းနှင့် နောက်တိုးတရားခံအဖြစ် ထည့်သွင်းရန် လျှောက်ထားခံနေရသူ ဖြစ်သည်။ အသတ်ခံရသူဦးတောက်ထွန်း၏ ညီမ ဒေါ်မြမြထွေးသည် တရားလိုပြ သက်သေအဖြစ်ပါဝင်သည်။ ပြင်ပရှေ့နေ ဒေါ်သီတာမမ (တရားလွှတ်တော် ရှေ့နေ) အား ငှားရမ်းသူသည် ဒေါ်မြမြထွေးဖြစ်သည်။

ဒေါ်မြမြထွေးက ၎င်းငှားရမ်းထားသော ရှေ့နေ ဒေါ်သီတာမမအား ဥပဒေအရာရှိ၏ ကြီးကြပ်မှုအောက်တွင် ပူးတွဲလိုက်ပါခွင့်ပြုရန် လျှောက်ထားမှုအပေါ် ခရိုင်ဥပဒေအရာရှိက ထောက်ခံတင်ပြသဖြင့် ခရိုင်တရားရုံးက --၂ဝ၁၃ ရက်နေ့တွင် လိုက်ပါဆောင်ရွက်ခွင့်ပြုခဲ့သည်။

တရားခံအား စစ်ဆေးမည့် ၁၂--၂ဝ၁၃ ရက်နေ့တွင် တရားခံ၏ရှေ့နေက သက်သေဖြစ်သူ ဒေါ်မြမြထွေး ငှားရမ်းသည့် ရှေ့နေကို တရားလို၏ သဘောတူညီချက်မရှိဘဲလိုက်ပါဆောင်ရွက်ခွင့် မပြုသင့်ကြောင်း ကန့်ကွက်လျှောက်ထားသဖြင့် ကြားနာခဲ့သည်။ ထို့နောက် ခရိုင်တရားရုံးက တရားလိုဘက်မှ ပြင်ပရှေ့နေ ငှားရမ်းလိုက်ပါဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားသည့် အချက်တွင် တရားလို သို့မဟုတ် နစ်နာသူတစ်ဦးက ငှားရမ်းခြင်း သဘောတူညီချက်ရပြီးမှသာ လိုက်ပါဆောင်ရွက်ခွင့်ပြုသင့်သည်ဟု သဘောရရှိကြောင်း၊ အထက်ပါအချက်များကို ပြည့်စုံစွာဆောင်ရွက်ပြီးမှသာ လိုက်ပါဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း -၁ဝ- ၂ဝ၁၃ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတင်ခဲ့သည်။ တိုင်းဒေသကြီး တရားလွှတ်တော်က ခရိုင်တရားရုံး၏ - - ၂ဝ၁၃ ရက်နေ့က ချမှတ်သော အမိန့်နှင့် - ၁ဝ - ၂ဝ၁၃ ရက်နေ့က ချမှတ်ခဲ့သောအမိန့် များကို ပယ်ဖျက်ကာ ပြင်ဆင်မှုကိုပလပ်ခဲ့သည်။ ဒေါ်မြမြထွေးက မကျေနပ်သဖြင့် ဆက်လက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှုလျှောက်ထားခဲ့ခြင်းဖြစ်သည်။

တရားလို သို့မဟုတ် နစ်နာသူဆိုသော စကားရပ်၏အဓိပ္ပာယ်

တရားလိုဟူသော စကားရပ်မှာ ရှင်းပါသည်။ အမှုကို တိုင်ကြားသူ၊ တရားလိုအဖြစ် တရားစွဲဆိုသူကို တရားလိုဟုခေါ်ဆိုသည်။ နစ်နာသူဆိုသော စကားရပ်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ပြည်ထောင်စုရှေ့နေ ချုပ်ဥပဒေနှင့် နည်းဥပဒေများတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိပါ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်အမှတ် / ၈၉ တွင် ပါရှိသော ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ကိုယ်တိုင်ထိခိုက်နစ်နာသူ ဆိုသည်မှာ နစ်နာသူ၏ တရားဝင်ဇနီး၊ ခင်ပွန်းနှင့် သားသမီးတို့ကိုသာ ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ထားသည်။

ထို့ပြင် ကိုယ်တိုင်ထိခိုက်နစ်နာခြင်းခံရသူဆိုသည့် စကားရပ်နှင့်စပ်လျဉ်း၍ မောင်မြဟန်ပါ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် [၁၉၆၅-၁၉၇ဝ အထူးရာဇဝတ်ရုံး အယူခံအဖွဲ့စီရင်ထုံးများ စာ-] အမှုတွင်ထိုနည်းတူ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်က ကြားနာခဲ့သည့် ဒေါ်မြမြထွေးအမှုတွင် 'နစ်နာသူ' ဆိုသော စကားရပ် အပေါ် အဓိကအငြင်းပွားခဲ့သည်။ ဒေါ်မြမြထွေးသည် တရားလိုလည်းမဟုတ်၊ အသတ်ခံရသူ၏ ဇနီးသားသမီးလည်း မဟုတ်၊ ထို့ကြောင့် အထက်ပါအနက်အဓိပ္ပာယ်ဖွင့်ဆိုထားချက်များအရ နစ်နာသူမဟုတ်၍ ပြင်ပရှေ့နေ ငှားရမ်းလိုက်ပါ ဆောင်ရွက်ခွင့်မရှိဟူသော ပြဿနာဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏သုံးသပ်ချက်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကြားနာစစ်ဆေးဆဲအမှုများ ပိတ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အမိန့် /၈၉ အပိုဒ် တွင် ဖော်ပြချက်မှာ 'ကိုယ်တိုင်ထိခိုက်နစ်နာသူ' ဆိုသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ 'နစ်နာသူ' ဆိုသောစကားရပ်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့်စပ်လျဉ်း၍ လမ်းညွှန် အဓိပ္ပာယ်ဖွင့် ဆိုချက်၊ အမှုပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ လမ်းညွှန် အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် ဘောင်ခတ်၍ အဓိပ္ပာယ် မဖွင့်ဆိုသင့်ဟု သဘောရရှိသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃ သည် တရားလိုအကျိုးဆောင် အစိုးရရှေ့နေ၏ လျှောက်လဲပြောဆိုခွင့်ကို ပြဋ္ဌာန်းထားသည့်အပြင် ပုဂ္ဂလိက ငှားရမ်းသော ပြင်ပရှေ့နေများသည် အစိုးရရှေ့နေများ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ဆောင်ရွက်ရမည့်အကြောင်းပြဋ္ဌာန်းထားသော ကျင့်ထုံးပုဒ်မဖြစ်သည်။

ပြင်ပပုဂ္ဂိုလ်က ငှားရမ်းသော ရှေ့နေများသည် တရားလိုဘက်က အမှုလိုက်ပါလိုပါက အစိုးရရှေ့နေက ခွင့်ပြုမှသာ လိုက်ပါဆောင်ရွက်ခွင့်ရှိသဖြင့် အစိုးရရှေ့နေ အနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဥပဒေအရာရှိ အဆင့်ဆင့်၏ ခွင့်ပြုချက်ရမှသာ လိုက်ပါဆောင်ရွက်ခွင့်ရှိသည်။ ဥပဒေအရာရှိများသည် ပြင်ပရှေ့နေတင်သွင်း လာသော ကိုယ်စားလှယ်လွှဲစာအပေါ်တွင်ဖြစ်စေ၊ သီးခြားစာရွက်ပေါ်တွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃ နှင့်အညီ ပြင်ပ ရှေ့နေသည် ဥပဒေအရာရှိ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ဥပဒေအရာရှိ၏ ညွှန်ကြားချက်နှင့် အညီ လိုက်ပါဆောင်ရွက်စေရန် သဘောတူခွင့်ပြုနိုင်ကြောင်း တွေ့ရသည်။

ထို့ကြောင့် ဤပြင်ဆင်မှုခွင့်ပြုသည်။ တရားလွှတ်တော်ရှေ့နေ ဒေါ်သီတာမမအား ဥပဒေအရာရှိ၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်ခွင့်ပြု ကြောင်း အမိန့်ချမှတ်ပေးခဲ့သည်။

ဥပဒေအရာရှိများအတွက် အားကိုးအားထားပြုထိုက် သည့် စီရင်ထုံးတစ်ခု ပေါ်ထွက်လာခဲ့ပေပြီဟု ဆိုရ မည်သာ။ ဥပဒေအရာရှိ၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်ခြင်းဟူသည် ဥပဒေအရာရှိ၏ ကြီးကြပ်မှု အောက်တွင် လိုက်ပါဆောင်ရွက်ခြင်းဆိုသော အချက်နှင့် စပ်လျဉ်း၍ မည်ကဲ့သို့ကြီးကြပ်မှုပြုရမည်နည်း။ ကြီးကြပ်မှုအောက်တွင် မည်ကဲ့သို့ လိုက်ပါဆောင်ရွက်စေရမည်နည်း။ ဤသို့ မေးလာသည့်အပေါ် လက်တွေ့ဆောင်ရွက် ခဲ့သည့်ဖြစ်စဉ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ၊ နည်း ၁၁၈ ပါ ပြဋ္ဌာန်းချက်များကို အကိုး အကားပြု၍ အဖြေပေးလိုသည်။

() ဥပဒေအရာရှိ ကိုယ်တိုင်ဦးဆောင်၍ သက်သေများ ကို စစ်ဆေးသည်။ လျှောက်လဲချက်ပေးသည်။ ရှေ့နေက အကြံပေးမှုများ တင်ပြလာလျှင် ယူသင့်က ယူသည်။ မယူသင့်က ဘာကြောင်းဆိုသည်ကို ရှင်းပြသည်။ ထိုအကြောင်းကို အမှုလိုက်စာတွဲ နေ့စဉ်မှတ်တမ်းတွင် ရေးထားသည်။ တင်ပြချက်ကို အမှုလိုက်စာတွဲတွင် တွဲထားသည်။

() အမှုကိုထိခိုက်နိုင်ဖွယ်မရှိလျှင် ရှေ့နေအား သက်သေအားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကို ဖြစ်စေ စစ်ဆေးစေသည်။ သို့မဟုတ် လျှောက်လဲချက်ပေးစေသည်။ ထိုသို့ ဆောင်ရွက်စေသမျှ ဥပဒေအရာရှိ၏ ကြီးကြပ်မှု၊ အကြံပေးမှု၊ ညွှန်ကြားမှုအောက် တွင်သာ ဖြစ်စေရသည်။ အမှုလိုက်စာတွဲတွင် မှတ်တမ်းတင်ထားရသည်။

() ပြင်ပရှေ့နေက ရဲစက္ကူအမှုတွဲကို လေ့လာကြည့်ရှု ခွင့်တောင်းခံလာပါက ရုံးချိန်အတွင်းရုံးတွင်းမှာ ခွင့်ပြုသည်။ ရုံးပြင်ပယူဆောင်သွားခြင်းခွင့်မပြုပါ။

() တရားသေလွှတ်မိန့် အယူခံမှုများတွင်ဆိုပါက ဥပဒေအရာရှိကိုယ်တိုင် လျှောက်လဲချက် ပေးသည်။ ပြင်ပရှေ့နေ၏ အကြံပြုချက်များ တင်ပြချက်များ ယူသင့်ကယူသည်။

() အမှုကိုမထိခိုက်စေလျှင် ရှေ့နေအား လျှောက်လဲခွင့်ပြုစေသည်။ မိမိ၏ညွှန်ကြားချက်ဖြင့် ရေးသားသော လျှောက်လဲချက်ဖြစ်စေသည်။ ဥပဒေအရာရှိက သဘောတူကြောင်း လက်မှတ်ရေးထိုးရသည်။

လိုက်ပါဆောင်ရွက်ခွင့်ရရှိသည့် ရှေ့နေအတွက် သတိမူဖွယ်

တရားလိုအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက် ခွင့်ရရှိသည့် ရှေ့နေသည် အမှုလိုက် ဥပဒေအရာရှိ၏ ညွှန်ကြားမှုဖြင့်သာ လိုက်ပါဆောင်ရွက်ရမည်။

သက်သေအား စစ်မေးလိုသည့် အချက်အလက်များနှင့် တင်ပြလိုသည့်စပ်ဆိုင်သော အကြောင်းအချက်များကို စာဖြင့်ရေးသား၍ အမှုလိုက်ဥပဒေအရာရှိထံ တင်ပြရမည်။ အမှုလိုက်ဥပဒေအရာရှိ၏ ခွင့်ပြုချက်မရှိဘဲ တရားရုံး၌ သက်သေစစ်မေးခြင်း၊ သက်သေခံအထောက်အထား တင်သွင်းခြင်းနှင့် တရားရုံးတွင် တင်ပြလျှောက် လဲခြင်းများမပြုရပါ။ [ပြည်ထောင်စုရှေ့နေချုပ် နည်း ဥပဒေများ၊ နည်း - ၁၁၇]

ရှေ့နေအဖြစ် လိုက်ပါခွင့်ပြန်လည်ရုပ်သိမ်းနိုင်သည်

ခွင့်ပြုချက်ဖြင့် လိုက်ပါဆောင်ရွက်လျက်ရှိသော ရှေ့နေသည် အမှုနှင့်စပ်လျဉ်း၍ ရှေ့နေကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ဆောင်ရွက်သည်ကို တွေ့ရှိလျှင် ယင်းရှေ့နေအား တရားလို အကျိုးဆောင်အဖြစ် လိုက်ပါခွင့်ကို ပြန်လည်ရုပ်သိမ်းကြောင်း တာဝန်ခံဥပဒေအရာရှိက တရားရုံးသို့ တင်ပြလျှောက်ထားရသည်။ တစ်ဆက်တည်းပင် ယင်းရှေ့နေအား ပြည်ထောင်စုတရားလွှတ် တော်ချုပ်က အရေးယူနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့ နေချုပ်ရုံးသို့ အဆင့်ဆင့်တင်ပြရသည်။ [ပြည်ထောင်စု ရှေ့နေချုပ်နည်းဥပဒေများ၊ နည်း - ၁၁၉]

ဥပဒေအရာရှိ၏ တာဝန်လျှော့ပေါ့သွားမည်မဟုတ်

ဥပဒေအရာရှိများသည် မိမိလိုက်ပါဆောင်ရွက်သော ပြစ်မှုဆိုင်ရာ အမှုများတွင် ပြင်ပရှေ့နေ ငှားရမ်း၍ လိုက်ပါဆောင်ရွက်ရခြင်းမျိုး ကြုံတွေ့လာရသည့်အခါ မိမိ၏တာဝန်လျော့ပါးသွားသည်ဟု သဘောထားကြ ရန်မဟုတ်။ ပို၍သတိထားကြရသည်။ အမှန်တော့ မိမိအား အထောက်အကူပြုရရှိသည့်အတွက် ကျေနပ်စရာ ဖြစ်သည်။ သို့ရာတွင် ဥပဒေကြောင်းအရ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုလွန်ကဲစွာဖြစ်သွားခြင်း၊ လျော့နည်းပေါ့လျော့စွာ ဖြစ်သွားခြင်းမျိုး မပေါ်ပေါက်ရ အောင် ပို၍ဂရုစိုက်ရသည်။ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်၊ မျှမျှတတဖြစ်စေဖို့က အရေးကြီးသည် ပြစ်မှု ဆိုင်ရာအမှုများကို နိုင်ငံတော်ကိုယ်စားလိုက်ပါဆောင်ရွက်ရန် မိမိတို့အားယုံကြည်စွာဖြင့် နိုင်ငံတော်ကခန့်အပ်တာဝန် ပေးထားခြင်းဖြစ်သည်။

မည်သည့်အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်စေ မိမိလိုက်ပါဆောင်ရွက်သော အမှုများတွင် ပြင်ပရှေ့နေငှားရမ်းလိုက်ပါ ဆောင်ရွက်ခြင်းများရှိခဲ့သော် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မျှမျှတတ ဖြစ်စေဖို့ တာဝန်သည် မိမိတွင်အစဉ်အမြဲရှိနေရမည့် တာဝန်ဖြစ်သည်ကို မေ့လျော့မသွားကြစေဖို့ မေတ္တာဖြင့် မျှဝေလိုက်ပါသည်ခင်ဗျား


Comments