အခွင့်ရကိုယ်စားလှယ်ဆိုသည်မှာ
အခွင့်ရကိုယ်စားလှယ် ဟူသည်.....
၁။ အမှုသည်တစ်ဦးသည်တရားရုံးတစ်ရုံးသို့လာရောက်ရန်(သို့)လျှောက်လဲရန်(သို့)ဆောင်ရွက်ရန်ဥပဒေအရခွင့်ပြုထားလျှင်သော်၎င်း၊တည်ဆဲတရားဥပဒေတစ်ရပ်ရပ်တွင်အခြားနည်းအတိအလင်းပြဋ္ဌာန်းထားသည်မှတပါးအမှုသည်ကိုယ်တိုင်ဖြစ်စေ၊၎င်း၏အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ၎င်း၏ကိုယ်စားဆောင်ရွက်မည့်ရှေ့နေကဖြစ်စေလာရောက်ခြင်း၊လျှောက်ထားခြင်း၊ဆောင်ရွက်ခြင်းပြုနိုင်သည်။သို့ရာတွင်တရားရုံးကအမှုသည်ကိုယ်တိုင်လာရောက်ရန်ဆင့်ဆိုလျှင်အမှုသည်ကိုယ်တိုင်လာရောက်ရမည်။(အမိန့် ၃၊နည်း၁)
၂။ အမှုသည်ကိုယ်စားရှေ့နေကဆောင်ရွက်ခွင့်ကိုပြဋ္ဌာန်းဥပဒေတရပ်ရပ်အရအပ်နှင်းထားခြင်းဖြစ်လေသည်။အမိန့်၃၊နည်း(၁)သည်အယူခံမှုများ၊ဇာရီမှုလျှောက်လွှာများတင်သွင်းခြင်းနှင့်လည်းသက်ဆိုင်သည်။
၃။ အမိန့် ၅၊နည်း ၁(၂)တွင်သမ္မာန်စာထုတ်ဆင့်သောတရားပြိုင်သည်အောက်ပါတစ်နည်းနည်းဖြင့်တရားရုံးသို့လာရောက်နိုင်သည်။
(က) တရားပြိုင်ကိုယ်တိုင်(သို့မဟုတ်)
(ခ) နည်းလမ်းတကျညွှန်ကြားခံရပြီးတရားမမှုနှင့်စပ်လျဉ်သည့်အရေးပါသည့်မေးခွန်းအားလုံးကိုဖြေဆိုနိုင်စွမ်းရှိသည့်ရှေ့နေတစ်(သို့မဟုတ်)
(ဂ) အဆိုပါမေးခွန်းအားလုံးကိုဖြေဆိုနိုင်စွမ်းရှိသည့်ပုဂ္ဂိုလ်နှင့်အတူရှေ့နေတစ်ဦး။
၄။ အမှုသည်အားကိုယ်တိုင်လာရောက်ရန်တရားရုံးကညွှန်ကြားနိုင်သည်။မလာလျှင်တရားလိုဖြစ်ကအမှုကိုပလပ်ရန်နှင့်တရားပြိုင်ဖြစ်ကအမှုကိုတစ်ဖက်သတ်စစ်မေးနိုင်သည်။
၅။ ကိုယ်စားလှယ်စာခန့်သူကမိမိမှာအသက်ကြီးရင့်၍(နားမကျန်၍/မအားလပ်၍)ရုံးသို့မလာနိုင်သောကြောင့်မိမိကိုယ်စားပြောဆိုရန်နှင့်မိမိကိုယ်စားလှယ်အဖြစ်အမှုတွင်စီမံဆောင်ရွက်ရန်အတွက်မည်သူကိုမဆိုကိုယ်စားလှယ်ခန့့်ထားနိုင်သည်။(အမိန့်၃၊နည်း ၂)
၆။ ကိုယ်စားလှယ်စာအရကန့်သတ်ထားခြင်းမရှိလျှင်အခွင့်ရကိုယ်စားလှယ်သည်အငြင်းပွားမှုကိုခုံလူကြီးများ၏အဆုံးအဖြတ်ကိုခံယူနိုင်သည်။စာချုပ်စာတမ်း၊ကျမ်းကျိန်လွှာတင်သွင်းနိုင်သည်။ပြင်ဆင်ဆိုလွှာကိုလက်မှတ်ရေးထိုးနိုင်သည်။သို့ရာတွင်ကိုယ်စားလှယ်အမည်ဖြင့်တရားစွဲဆိုခြင်းမပြုနိုင်။လျှောက်လဲချက်ပေးခွင့်မရှိ။သက်သေများကိုစစ်ဆေးခြင်းမပြုနိုင်ပေ။
၇။ အခွင့်ရကိုယ်စားလှယ်ထံဆင့်စာချအပ်ခြင်းသည်ကာယကံရှင်အမှုသည်ထံချအပ်ဘိသကဲ့သို့အကျိုးသက်ရောက်သည်။ဤဥပဒေအရအမှုသည်ကိုယ်တိုင်ကိုယ်ကျထံဆင့်စာချအပ်ခြင်းကိုပိတ်ပင်ခြင်းမပြု။(အမိန် ၃၊နည်း ၃(၁)(၂) )
၈။ တစ်ဦးတယောက်အတွက်တရားရုံးတစ်ရုံးရုံးတွင်လိုက်ပါဆောင်ရွက်ရန်အလို့ငှာထိုသူကဖြစ်စေ၊ထိုသူ၏အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ ရှေ့နေခန့်အပ်စာရရှိသည့်ရှေ့နေသည်တရားမမှုတွင်ဆောင်ရွက်ရန်မှုခင်းကိစ္စအားလုံးဆောင်ရွက်ခွင့်ရရှိပြီး၊မပြီးပြတ်သေးသရွေ့ယင်းရှေ့နေခန့်အပ်စာသည်အတည်ဖြစ်သည်။ှရှေ့နေခန့်စာမရရှိသည့်မည်သည့်ရှေ့နေမျှထိုသူအတွက်အမှုလိုက်ပါဆောင်ရွက်ခွင့်မရှိပေ။(အမိန့် ၃၊နည်း ၄(၁)(၂) )
၉။ မှုခင်းကိစ္စဆိုသည်မှာစီရင်ချက်ကိုပြန်လည်သုံးသပ်ပေးရန်လျှောက်ထားခြင်း၊ပုဒ်မ (၁၄၄)နှင့်(၁၅၂)အရလျှောက်ထားခြင်း၊ဒီကရီ သို့မဟုတ် အမိန့်ကိုအယူခံခြင်း၊စာချုပ်စာတမ်းများပြန်လည်တောင်းခံခြင်း၊တရားရုံးသို့တင်သွင်းထားသည့်ငွေများပြန်လည်ထုတ်ပေးရန်လျှောက်ထားခြင်းတို့ဖြစ်ပေသည်။(အမိန့်၃၊နည်း၄(၃) )
၁၀။ တရားရုံးတွင်ဆောင်ရွက်ရန်နည်းလမ်းတကျခန့်အပ်ခြင်းခံရသည့်ရှေ့နေတစ်ဦးဦးသည်မိမိအမှုသည်အတွက်လျှောက်လဲရန်ငှားရမ်းသည့်ရှေ့နေတစ်ဦးဦးနှင့်သက်ဆိုင်ခြင်းမရှိပေ။အမိန့် ၃၊နည်း၄(၅) )
၁၁။အမိန့်ဆင့်စာတစ်ရပ်ရပ်ကိုအမှုသည်၏ရှေ့နေထံချအပ်လျှင်အမှုသည်ထံနည်းလမ်းတကျချအပ်ပြီးသကဲ့သို့အကျိုးသက်ရောက်လေသည်။(အမိန့်၃၊ နည်း ၅)
၁၂။ တရားရုံး၏စီရင်ပိုင်ခွင့်နယ်တွင်နေသောသူအားသမ္မာန်စာများကိုလက်ခံရန်ခန့်အပ်နိုင်သည်။(အမိန့်၃၊နည်း၆(၁))
၁၃။ ကိုယ်စားလှယ်တစ်ဦးကိုအမှုတစ်ခုအတွက်သာလွှဲ ခြင်း(သို့မဟုတ်)အထွေထွေကိစ္စများအတွက်ကိုယ်စားလှယ်ခန့်အပ်ပါကခန့်သူသည်စာဖြင့်ရေး၍လက်မှတ်ရေးထိုးခြင်းပြုရမည်။၎င်းခန့်စာ၏မိတ္တူကိုအမှန်ရေးကူး၍ရုံးသို့တင်ပြပြီးအမှုတွဲ၌တွဲထားပါက၎င်းကိုယ်စားလှယ်သည်တရားရုံးတွင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။(အမ်ိန့်၃၊နည်း၆(၂))
Comments
Post a Comment