ဘဏ်အပေါင်မှု့နှင့်ကာလစည်းကမ်းသတ်ပြဿနာ
အပေါင်မှု့နှင့်ကာလစည်းကမ်းသတ်ပြဿနာ
ယခုကာလတွင်ဘဏ်မှငွေချေးထားသူအတော်များများသည် ချေးငွေကာလကျော်လွန်သွားသော်လည်းဘဏ်ချေးငွေများကိုပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသကဲ့သို့အချို့ငွေချေးသူများသည်အတိုးပင်မှန်မှန်မဆပ်နိုင်ကြသဖြင့် အပေါင်ချေးငွေရလို့များစွဲနေကြရသည်ကိုတွေ့နေရပါသည် ။ တရားရုံးများတွင်လည်းဘဏ်အမှု့များအတော်ပင်များနေပါသည် ။ ဘဏ်ရှေ့နေများအမှု့ရကြသဖြင့်ကောင်းလှပေ၏ ။
ဘဏ်အမှု့များစွဲဆိုရန်နှင့်စပ်လျဥ်း၍ ကာလစည်းကမ်းသတ်ကာလဘယ်လောက်လဲဆိုတာကိုလည်း အတော်မေးကြသည် ။ ဖုန်းဖြင့် မက်ဆင်ဂျာဖြင့် ဗိုက်ဘာဖြင့်အဆင်ပြေသလိုမေးလာကြသည် ။
ထိုသို့မေးလာသူအများစုမှာ ဘဏ်ပေါင်ချေးငွေနှင့်ပတ်သတ်၍ ကာလစည်းကမ်းသတ်ကာလကို ၃နှစ်ဟူ၍သာသိနေကြသည်ကိုသတိပြုမိပါသည် ။ ထိုသို့ ကာလစည်းကမ်းသတ်ကာလ ၃ နှစ်ဟုထင်မှတ်မှားနေသည်မှာလည်းချေးငွေရလိုမှု့ကို ၃ နှစ်အတွင်းစွဲရမည်ဆိုသည်ကိုစိတ်တွင်စွဲနေကြသောကြောင့် ဘဏ်ကငွေချေးတာလည်းကာလစည်းကမ်းသတ် ၃ နှစ်ဟူ၍ပင်မှတ်ထင်နေကြသည် ။
အဓိက က ငွေချေးခြင်း အမျိုးအစားမတူညီသည်ကိုအမှတ်မဲ့ဖြစ်နေခြင်းဖြစ်သည် ။ ဘဏ်ကငွေချေးခြင်းနှင့်အရပ်ထဲကငွေချေးခြင်းအတူတူပင်ဖြစ်သည်ဟုမှတ်ထင်နေကြသောကြောင့်ဖြစ်သည် ။
ဘဏ်မှငွေချေးခြင်းမှ အလွတ်ချေးခြင်းမဟုတ်ဘဲ အာမခံပစ္စည်းဖြင့်ငွေချေးခြင်းဖြစ်ပါသည် ။ ဘဏ်ကအာမခံပစ္စည်းဖြင့်လက်ခံခြင်းကို ဥပဒေစကားအရ "အပေါင် "ဟုခေါ်သည် ။
ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေတွင် အပေါင်အမျိုးမျိုးကိုဖော်ပြထားသည် ။ ထိုအပေါင်အမျိုးအစားများအနက်ဘဏ်ကလက်ရှိအပေါင်ခံသည့်အမျိုးအစားမှာ " ပိုင်ဆိုင်မှု့စာရွက်စာတမ်းများပေးအပ်ပေါင်နှံခြင်း " ဖြစ်သည် ။
ထိုနည်းဖြင့်ပေါင်နှံခြင်းအတွက် ကလစည်းကမ်းသတ်မှာကာလစည်းကမ်းသတ်အက်ဥပဒေ ၊ ပထမဇယား ၊အပိုဒ်(၁၃၂)အရတွက်ချက်ရမည်ဖြစ်ပါသည် ။ အပိုဒ်(၁၃၂)အရ ကာလစည်းကမ်းသတ်ကာလမှာ ၁၂ နှစ်ဖြစ်ပါသည် ။
( ကာလစည်းကမ်းသတ် အပိုဒ် ၁၃၂ အားလေ့လာဖတ်ရှု့ပါ။ )
Comments
Post a Comment