လယ်ယာမြေအငြင်းပွားလျှင်

 ပုံစံ (၇) ရပြီးတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားရင်၊ မြေယာမှုခင်းဖွင့်စစ်ရင် (၄) လနဲ့ (၁၅) ရက် (ရက် ပေါင်း ၁၃၅ ရက်) အတွင်း အဆုံးအဖြတ်ကို အပြီးအပြတ် သိရမည်။ ရပ်ကျေးမှ စတင်ပြီး ပြည်နယ်တိုင်း အဆင့်အထိ စုစုပေါင်း ကြာချိန်ကို လယ်ယာမြေ နည်းဥပဒေမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း အမှုပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ ကြန့်ကြာနေရင် စိစစ်ပြီး ထိရောက်စွာ အရေးယူရမယ်လို့ နည်းဥပဒေမှာ ပြဌာန်းထားပါသေးတယ်။ ကြည့်ရအောင်...
လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွား မှုများ၊ အယူခံမှုများအတွက် လယ်ယာမြေ နည်းဥပဒေ (၆၀) မှာ အောက်ဖော်ပြပါ သတ်မှတ် ကာလအတွင်း အပြီးဆောင်ရွက် ပေးရမယ်လို့ ပြဌာန်းသတ်မှတ်ထား ပါတယ်...
(၁) ရပ်/ကျေး လယ်/စီအဖွဲ့က မူလမှုခင်းကို အမှုတွဲ စဖွင့်သည့်နေ့မှစ၍ (၁၅) ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
(၂) မြို့နယ်လယ်/စီအဖွဲ့က ရပ်ကျေး လယ်/စီအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဝင်ရောက် လာသော အယူခံလွှာ ရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ရပ်ကျေး လယ်/စီအဖွဲ့ရဲ့ အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုရမည်။
(၃) ခရိုင် လယ်/စီအဖွဲ့က မြို့နယ် လယ်/စီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဝင်ရောက်လာသော အယူခံလွှာ ရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မြို့နယ် လယ်/စီအဖွဲ့ရဲ့ အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုရမည်။
(၄) တိုင်းဒေသကြီး/ပြည်နယ် လယ်/စီအဖွဲ့က ခရိုင် လယ်/စီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ် ၍ ဝင်ရောက်လာသော အယူခံလွှာ ရရှိသည့် နေ့မှ ရက်ပေါင်း (၆၀) အတွင်း ခရိုင်လယ်/စီအဖွဲ့ရဲ့ အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းပြုရမည်။
အထက်ဖော်ပြပါ လယ်ယာမြေ နည်းဥပဒေ (၆ဝ) ပြဋ္ဌာန်းချက်ကို လိုက်နာ ဆောင်ရွက်ခြင်း မပြုတဲ့ လယ်/စီအဖွဲ့များကို အရေးယူ ဆောင်ရွက်ဖို့ ပြဋ္ဌာန်းချက်တစ်ရပ် နည်းဥပဒေမှာ ထည့် သွင်းထားပါတယ်။ လယ်ယာမြေ နည်းဥပဒေ ၆၃ မှာ “ဗဟိုလယ်/စီအဖွဲ့သည် လယ်/စီအဖွဲ့ အဆင့်ဆင့် တို့က အထက်ပါ ရက် ၃၀၊ ရက် ၆၀ သတ်မှတ်ကာလအတွင်း အမှုပြီး ပြတ်အောင် မဆောင်ရွက်နိုင်ဘဲ ကြန့်ကြာနေခြင်းရှိက စိစစ်ပြီး ထိရောက်စွာ အရေးယူခြင်း ပြုရမည်။
ကဲ.. အောက်ခြေမှာ မြေယာအငြင်းပွား မှုတွေကို သတ်မှတ် ကာလအတွင်း ပြီးပြတ်အောင် စီရင်မှု ရှိ/မရှိ၊ လုံးဝ စစ်ဆေးဆောင်ရွက် ပေးခြင်း မရှိဘဲ နှစ်ပေါက်အောင် ချောင်ထိုးထားတဲ့ အမှုတွေ ရှိ/မရှိ၊ ထိရောက်စွာ အရေးယူပါမယ် ဆိုတဲ့ အထက်ကရော စိစစ်ခြင်း၊ အရေးယူခြင်း ရှိ/မရှိ၊ ကြားရော ကြားမိပါရဲ့လား၊ ဥပဒေ ပြဋ္ဌာန်းချက်ဆိုတာ စာအုပ်ထဲ မှာလား၊ ဥပဒေ တည်ဆဲကာလမှာ လေးစား လိုက်နာရတယ်၊ တရားဥပဒေ စိုးမိုးရေး ဆိုတာ ဘာကို ဆိုလိုသလဲ၊ တာဝန်ရှိသူ တွေက တာဝန်ယူ တာဝန်ခံ ဆောင်ရွက် ရမယ်၊ လုပ်နိုင် သမျှ လုပ်ရမယ်၊ မလုပ်နိုင်ရင်လည်း ဘာကြောင့် မလုပ်နိုင်ကြောင်း လုပ်မရကြောင်း အကျိုးသင့် အကြောင်း သင့် တင်ပြရမယ်၊ အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲမှု အလွန်အားနည်းနေ သေးတယ်၊ ဒါတွေကြောင့် တောင်သူ လယ်သမား တွေရဲ့ မြေယာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ၊ ရာသီချိန်အမီ လုပ်ကိုင်ရမည့်ကိစ္စတွေ ထိခိုက်နစ်နာရင် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ...။
(၁၃၅ ) ရက်ဆိုသည်မှာ အမှုတွဲဖွင့်လှစ်မှု၊ အယူခံ ဝင်ရောက်မှု အပေါ် မူတည် ပါသည်။ ပြည်သူကို အကြံပြု ချင်တာက မြေယာမှုခင်းတွေ စစ်မပေးရင်၊ မပြီးပြတ်ရင် ပြည်နယ်တိုင်း လယ်စီအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဝန်ကြီးချုပ်ကို တင်ပြကြပါ၊ မရရင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ လယ်ဆည် ပြည်ထောင်စုဝန်ကြီး ကိုသာ တင်ပြကြပါ ။
မျိုးမင်းထွန်း

Comments