Jurisdiction

စီရင်ပိုင်ခွင့်


အမှုတန်ဘိုးအလိုက် စီရင်ပိုင်ခွင့်အရ တရားရုံးများသည် အပ်နှင်းထားသည့် အာဏာနှင့် အမှုတန်ဘိုးအပေါ်တွင်သာ စီရင်ပိုင်ခွင့် ရှိကြသည်။
စီရင်ပိုင်ခွင့်အာဏာ(၄)မျိုးရှိသည်။၎င်းတို့မှာ-

၁။ ငွေကြေးတန်ဖိုးအလိုက် စီရင်ပိုင်ခွင့်အာဏာ

၂။ နယ်မြေဒေသအလိုက် စီရင်ပိုင်ခွင့်အာဏာ

၃။ အမှု၏ သဘောသဘာဝအလိုက် စီရင်ပိုင်ခွင့်အာဏာ

၄။ လူပုဂ္ဂိုလ်အလိုက် စီရင်ပိုင်ခွင့်အာဏာ ဟူ၍ဖြစ်သည်။


၁။ ငွေကြေးတန်ဖိုးအလိုက် စီရင်ပိုင်ခွင့်အာဏာ


ဒုတိယမြို့နယ်တရားသူကြီးသည် တန်ဖိုးကျပ် (၃၀) သိန်းထက် မပိုသည့် တရားမမူလမှုများကို လည်းကောင်း၊ တွဲဖက်မြို့နယ် တရားသူကြီးသည် တန်ဖိုးကျပ်သိန်း(၁၀၀) ထက်မပိုသည့် တရားမမူလမှုများကို လည်းကောင်း ၊ မြို့နယ်တရားရုံး တရားသူကြီးသည် တန်ဖိုးကျပ်သိန်း (၁၀၀) ထက်မပိုသည့် တရားမမူလမှုများကို လည်းကောင်း စီရင်နိုင်သည့် အာဏာများ အပ်နှင်းထားသည်။

ဒုတိယခရိုင်တရားသူကြီးသည် တန်ဖိုးကျပ်သိန်း (၁၀၀၀)ထက်မပိုသည့် တရားမမူလမှုများကို လည်းကောင်း၊ ခရိုင်တရားရုံးတရားသူကြီးသည် တန်ဖိုးကျပ်သိန်း (၅၀၀၀) ထက်မပိုသည့် တရားမမူလမှုများကို စီရင်နိုင်သည့် အာဏာများ အပ်နှင်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး တိုင်းတရားသူကြီးသည် တန်ဖိုးကျပ်သိန်း (၅၀၀၀)ထက်မပိုသည့် တရားမမူလမှုများကို လည်းကောင်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး ဒေသတရားသူကြီးသည် တန်ဖိုးကျပ်သိန်း (၅၀၀၀)ထက်မပိုသည့် တရားမမူလမှုများကို စီရင်နိုင်ပြီး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် (တိုင်း/ဒေသအတွင်းရှိ တရားရုံးများ၏ တရားလွှတ်တော်)သည် တန်ဖိုးကျပ်သိန်း (၁၀၀၀၀)နှင့်အထက် တရားမမူလမှုများကို စီရင်နိုင်သည့် အာဏာများအပ်နှင်းထားသည်။

၂။ နယ်မြေဒေသအလိုက် စီရင်ပိုင်ခွင့်အာဏာ


နယ်မြေအလိုက် စီရင်ပိုင်ခွင့်အာဏာသည် မည်သည့်အရပ်ဒေသတွင် တရားစွဲဆိုရမည်ကို ပြဌာန်းပေးခြင်းဖြစ်သည်။ ငွေကြေးတန်ဖိုးအလိုက် စီရင်ပိုင်ခွင့်ကို အထောက်အထားပြု၍ တရားမမှုများကို တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၆ မှ ပုဒ်မ ၂၀ အထိတွင် ဖော်ပြထားသော အရပ်ဒေသများ၌ တရားစွဲဆိုရမည် ဖြစ်သည်။

အမှုတန်ဖိုးနှင့် အခြားဥပဒေအရ သတ်မှတ်ချက်များနှင့်အညီ အမှုများကို အချင်းဖြစ်ပစ္စည်းနှင့် ပတ်သက်၍ တရားစွဲဆိုရာတွင် အချင်းဖြစ် ပစ္စည်း တည်ရှိရာ ဒေသ၌ဖြစ်စေ ၊ တရားပြိုင် စီးပွားရှာဖွေ လုပ်ကိုင်ရာ ဒေသ၌ဖြစ်စေ ၊ နေထိုင်ရာ ဒေသ၌ဖြစ်စေ တရားစွဲဆိုနိုင်သည်။

လူ(သို့မဟုတ် ) ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် ပတ်သက်၍ ထိခိုက်နစ်နာသဖြင့် လျော်ကြေးရလိုမှုများ စွဲဆိုရာတွင် ထိခိုက်နစ်နာမှု ကျူးလွန်သော ဒေသရှိတရားရုံး သို့မဟုတ် တရားပြိုင် နေထိုင်ရာအရပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းရှိရာအရပ် သို့မဟုတ် ကိုယ်တိုင် စီးပွားရှာဖွေ လုပ်ကိုင်ရာအရပ်ရှိ တရားရုံးများတွင် တရားစွဲဆိုရမည်။

အကယ်၍တစ်ဦးထက်ပိုသော တရားပြိုင်များ ရှိလျှင် အမှုစတင်ဖြစ်ပွားချိန်၌ တရားပြိုင် တဦးဦး နေထိုင်ရာအရပ်ဒေသရှိ တရားရုံး သို့မဟုတ် တရားပြိုင်တဦးဦး ကိုယ်တိုင် စီးပွားရှာဖွေ လုပ်ကိုင်ရာအရပ် ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှိရာအရပ်ရှိ တရားရုံး ၊ အချင်းဖြစ် အကြောင်းအရာ အားလုံးဖြစ်စေ ၊ တစိတ်တဒေသဖြစ်စေ ပေါ်ပေါက်ရာအရပ်ရှိ တရားရုံးများတွင် တရားစွဲဆိုရမည်ဖြစ်သည်။

၃။အမှု၏သဘောသဘာဝအလိုက်စီရင်ပိုင်ခွင့်အာဏာ


ပင်လယ်ရေကြောင်းဆိုင်ရာ အမှုများကို ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ ပုဒ်မ ၅(စျ)အရ နိုင်ငံတော် တရားရုံးချုပ်ကသာ စီရင်ပိုင်ခွင်အာဏာရှိသည်။
အမွေဆက်ခံရန် သက်သေခံလက်မှတ် ၊ အမွေထိန်းစာ သေတမ်းစာအတည်ပြု လက်မှတ် လျှောက်ထားမှုများကို ခရိုင်တရားရုံးများနှင့် တိုင်း/ပြည်နယ် တရားရုံးများကသာ စီရင်ပိုင်ခွင့်အာဏာ ရှိသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅ အရ တရားမမှုများကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသော အနိမ့်ဆုံးတရားရုံးမှာ စွဲတင်ရမည်။
အမှုတစ်ခုကို စီရင်ပိုင်ခွင့် အာဏာရှိသော အဆင့်အနိမ့်ဆုံး တရားရုံးက စီရင်ရမည်မှန်သော်လည်း အဆင့်မြင့်သော တရားရုံးက စစ်ဆေးစီရင်ခြင်းသည် လုပ်ထုံးလုပ်နည်း မကျခြင်းသာဖြစ်ပြီး အမှုမှာ ပျက်ပြယ်ခြင်းမရှိပါ။
တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၇အရ အချင်းဖြစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများသည် တစ်နေရာတည်းမှာ မရှိပဲ အခြားတရားရုံးများ၏ စီရင်ခွင့်ရှိသော ဒေသများတွင်လည်းရှိနေလျှင် ထိုပစ္စည်းများရှိသော ဒေသရှိ တရားရုံးတစ်ခုခုတွင် တရားစွဲဆိုနိုင်သည်။
မည်သည့်ရုံးမှာ တင်ရမည်ကို ဝေခွဲမရဖြစ်နေလျှင် အဆိုပါ စီရင်ခွင့်ရှိသော ရုံးများအနက် တရုံးရုံးတွင် တရားစွဲဆိုနိုင်သည်။
တရားပြိုင် ယာယီနေထိုင်ရာ အရပ်၌ဖြစ်စေ၊ အမြဲတမ်းနေထိုင်ရာ အရပ်၌ဖြစ်စေ
စွဲဆိုနိုင်သည်။အသင်းအဖွဲ့အစည်း များ၏ လက်အောက်ဌာန ရုံးများရှိရာ အရပ်၌ အမှုဖြစ်အကြောင်းအရာ ပေါ်ပေါက်လျှင် ထိုဌာနရုံးခွဲများရှိရာ အရပ်ရှိ တရားရုံး၌ တရားစွဲဆိုရမည်ဖြစ်သည်။

၄။ လူပုဂ္ဂိုလ်အလိုက်စီရင်ပိုင်ခွင့်အာဏာ


၁၉၆၁ ခုနှစ်၊ ဗီယင်နာ သဘောတူစာချုပ် အပိုဒ် ၂၉ အရ သံတမန်များသည် မိမိတို့ကိုယ်ကို မထိခိုက်သည့် အခွင့်အရေး ရှိကြသည်။ သံတမာန်ကင်းလွတ်ခွင့်များ ဟုလည်းခေါ်သည်။ သံတမာန်အဖွဲ့ဝင်များသည် လက်ခံသည့် နိုင်ငံရှိ ပြည်တွင်းတရားရုံးများ၏ တရားမနှင့် ပြစ်မှုဆိုင်ရာ စီရင်ပိုင်ခွင့်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့ဖြစ်၍ သံတမာန်များသည် တရားရုံးများ၏ စီရင်ပိုင်ခွင့် အာဏာမှ ကင်းလွတ်ခွင့်ရသူများ ဖြစ်ကြသည်။

Comments