ရဲစစ်ချက်နှင့် ရုံးထွက်ချက် ကွဲလွဲမှု

မှုခင်းတခုဖြစ်ပွားလျှင် အမှုနှင့်ပတ်သက်သည့် သက်သေများကို ရဲက စုံစမ်းမေးမြန်းပြီး စစ်ချက်များ ရေးမှတ်ယူရသည်။ အဆိုပါအစစ် ခံချက်များကို ရဲထံအစစ်ခံချက်ဟု ဥပဒေနယ်ပယ်ကခေါ်သည်။ ယင်းအမှု တရားရုံးသို့ ရောက်သည့်အခါ တရားရုံးက အဆိုပါ သက်သေများကို စစ်ဆေးရသည်။

ရဲထံအစစ်ခံချက်နှင့် တရားရုံးရှေ့တွင် အစစ်ခံချက်များ မကြာခဏ ကွဲလွဲမှုများ တွေ့ရသည်။ အကြောင်းရင်းအမျိုးမျိုးရှိသည်။မူလအမှုစစ် ဆေးသည့်ရဲ၏ ချွတ်ယွင်းချက်နှင့် ပေါ့လျော့မှုများလည်း ဖြစ်တတ် သည်။ အချိန်ကြာ၍ သက်သေကရိုးသားစွာ မေ့လျော့မှုလည်းဖြစ်နိုင်သည်။ တခါတရံသက်သေက တရားလို ဘက်သို့ပင်းပြီး ပိုပိုမိုမိုလည်း ထွက်ဆိုတတ် သည်။ အလားတူပင် သက်သေက တရားခံဘက်သို့ ဘက်လိုက်ပြီး လျှော့ လျှော့ပေါ့ပေါ့ ထွက်ဆိုမှုလည်း ရှိသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးတို့ကြောင့် ရဲထံအစစ်ခံချက်နှင့် တရားရုံးရှေ့ ထွက်ဆိုချက်တို့ ကွဲလွဲလျှင် တရားလိုအကျိုးဆောင်နှင့် တရားပြိုင်အကျိုးဆောင်တို့ အလုပ်များ ကြသည်၊ ငြင်းကြခုံကြသည်။

ထိုသို့ပြဿနာပေါ်သည့်အခါ မူလရဲစစ်ချက်ကို အခြေခံပြုလိုသည့်ဘက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ ကိုအသုံးပြုရန် တရားရုံးသို့ ခွင့်တောင်းရသည်။ ရုံးကခွင့်ပြုလျှင် အဆိုပါသက်သေအား သက် သေခံဥပဒေပုဒ်မ ၁၄၅ အရ ရဲထံအစစ်ခံချက်နှင့် တိုက်ဆိုင်မေးမြန်းရသည်။ ထိုသို့မေးမြန်းရာတွင် အချို့သက် သေက ရဲထံ အစစ်ခံချက်များ မှန်ပါ သည်ဟူ၍လည်းကောင်း၊ ထိုသို့ရဲထံအစစ်မခံပါဟူ၍ လည်းကောင်း အမျိုး မျိုး အဖုံဖုံ ထွက်ဆိုလေ့ရှိသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် သက်သေခံဥပဒေတို့၏ အဓိကရည်ရွယ်ချက်မှာ သက်သေတဦး၏ ထွက်ဆိုချက်ကို တရားရုံးက လက်ခံသင့်မသင့်၊ ယုံကြည်သင့်မသင့် စသည့်အချက်ကို စိစစ်ဝေဖန်နိုင်ရန် အတွက်ဖြစ်သည်။

သက်သေများသည် သာမန်လူသားများ ဖြစ်ကြသည်။ ကွဲလွဲမှုများသည် ရိုးသားစွာ မေ့လျော့မှုလည်း ဖြစ်နိုင်သည်။ ထိုနည်းအတူ တဘက်ဘက်သို့ အဂတိလိုက်ပြီး မမှန်မကန်ထွက်ဆိုမှုလည်း ပါရှိနိုင်သည်။ ထို့ကြောင့် သက်သေများ၏ ထွက်ချက်များကိုစိစစ်ရာတွင် ဖွဲနှင့်ဆန်ကွဲ ခွဲခြားသကဲ့သု့ိ အမှန်နှင့်အမှားကို ခွဲခြားရန်လိုအပ်သည်။

ယခုကဲ့သို့ ရဲထံအစစ်ခံချက်နှင့် ရုံးရှေ့ထွက်ချက်တို့ ကွဲလွဲမှုနှင့် ပတ်သက်သည့် တရားစီရင်ထုံးအများ ရှိသည့်အနက် သင့်လျော်သည့် စီရင်ထုံးအချို့ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

သက်သေတဦးသည် ရဲအရာရှိထံ၌ ရေးထားသော အစစ်ခံချက် ပေးထားသော အစစ်ခံချက်သည် ထိုသက်သေရုံးရှေ့တွင် အစစ်ခံသောထွက်ဆိုချက်နှင့် ဖီလာဖြစ်နေလျှင် ထိုသက်သေ အစစ်ခံချက်၏ တန် ရာတန်ဖိုးကို ပျက်စီးစေလိုသော သဘောဖြင့် တရားလိုဘက်ကသော်လည်းကောင်း၊ တရားခံဘက်က သော် လည်းကောင်း၊ အဆိုပါရဲအရာရှိရှေ့တွင် အစစ်ခံခဲ့သော အစစ်ခံချက်ဖြင့် သက်သေခံအက်ဥပဒေပုဒ်မ ၁၄၅ တွင် ပြဋ္ဌာန်းထားသည့် အချက်အတိုင်း သုံးနိုင်လေသည်။ ဤသို့သုံးစွဲနည်းမှာ ၎င်းနှင့်သက်ဆိုင်ရာ ရဲအစစ်ခံ ချက်ကို ကောက်နုတ်၍ မိတ္တူတင်သွင်းခြင်းဖြင့်သာ အသုံးပြုနိုင်လေသည်။ သို့သော် ထိုသက်သေ၏ ရဲအရာရှိ ရှေ့ အစစ် ခံချက်သည် အမှုစစ်သောရုံးက အမှုတွင် ထည့်သွင်းစဉ်းစားနိုင်သော အစစ်ခံချက်မဟုတ်၊ ထိုသက် သေ၏ အစစ်ခံချက်ကို ယုံကြည်ထိုက် မယုံကြည်ထိုက် သို့မဟုတ် တန်ဖိုးမည်မျှရှိသည် မရှိသည်ကို ချိန်ဆနိုင် ရန်သာ ဖြစ်သည်။ သို့ရာတွင် ထိုသက်သေကို မေးခွန်းထုတ်ရာ၌ ရဲအရာရှိထံတွင် ဤမည်သော အစစ်ခံချက် များ ပြုလုပ်ခဲ့ပါသလားဟု အစစ်ခံခဲ့သော ကောက်နုတ်ချက်ကိုဖော်ပြ၍ မေးမြန်းသောအခါ ထိုအတိုင်းအစစ်ခံခဲ့ ပါသည်ဟု ထွက်ဆိုခဲ့လျှင် ထို့ပြင် ထိုအစစ်ခံချက်သည် ယခုရုံးရှေ့တွင် ထွက်ဆိုသော အစစ်ခံချက်နှင့် ကွဲလွဲ နေပါလျှင် မည်သည့်အစစ်ခံချက်က မှန်သလဲဟုမေးသောအခါ သက်သေက ရဲအရာရှိထံ အစစ်ခံခဲ့သော အစစ် ခံချက်သည် မှန်ပါသည်ဟုထွက်ဆိုလျှင် ထိုမှန်သည်ဆိုသော ရဲအစစ်ခံ ချက်သည် ပုဒ်မ ၁၆၂ တွင် တားမြစ်ထားသော ရဲအစစ်ခံချက် မဟုတ်တော့ဘဲ ထိုသက်သေက ရုံးရှေ့ကိုယ်တိုင် အစစ်ခံသော အစစ်ခံချက် အခြေသို့ရောက်၍ ဤအစစ်ခံချက်များကို ရုံးတော်က အမှုစစ်ဆေးရာ ၌ထည့်သွင်း စဉ်းစားနိုင်ပေသည်။ (ချစ်လှိုင် ပါ ၂၂ ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၅၈ လွှတ်တော် ၅၈၂)။

သက်သေမောင်စံလှိုင်သည် သက်သေခံစဉ်က ၎င်းသည် အခင်းဖြစ် မြေနီကျင်းအနီးမှ အယူခံတရား လိုနှစ်ဦးအား တာလမ်းပေါ်သို့ တက်သွားသည်ကို မြင်ရသည်ဟု ပထမထွက်ဆိုပြီး နောက်မှသာ အစိုးရရှေ့ နေကြီး၏ မေးမြန်းချက်အရ ရဲထံတွင် အယူခံတရားလိုများက သူငယ်မနှစ်ယောက်ကို ဓားနှင့်ခုတ်သည်ကို မြင်ခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြောင်း ယင်း သို့ရဲအရာရှိထံတွင် ထွက်ဆိုခဲ့သည့်ထွက်ချက်မှာ မှန်ကန်ကြောင်း ပြန် လည်ထွက်ဆိုခဲ့သည်။ ထိုထွက်ဆိုချက်ကို အယူခံတရားလိုတို့အပေါ် ထည့်သွင်းစဉ်းစားနိုင်သည်ဆိုခြင်းကို မငြင်းလိုပေ။
သို့ရာတွင် ယင်းသို့ အမျိုးမျိုးအဖုံဖုံထွက်ဆိုနေသည့် ထွက်ချက်အား အလေးပေး၍ ယုံသင့် မယုံသင့် ဆိုသော အချက်ကိုမူ လေးလေးနက်နက် စဉ်းစားရန် လိုပေသည်။ သက်သေသည် အချင်းဖြစ်ပွားပုံကို အခြား မည်သူ့ကိုမျှ ပြောပြခဲ့ခြင်းမရှိပဲ အချင်းဖြစ်ပြီး တလလောက်အကြာတွင် ရဲအရာရှိထံ၌သာ အစစ်ခံခဲ့သဖြင့် ၎င်း၏ထွက်ဆိုချက်မှာ သံသယမကင်းစရာ ဖြစ်နေသည် ။ (မောင်ဟန်စိန် ပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၆၆ ရုံးချုပ် ၁၆၃)။
ရဲထံတွင် အစစ်ခံချက်နှင့်ပတ်သက်၍ ပုဒ်မ ၁၆၂ အရ သက်သေတဦးဦးသည် မူလထွက်ချက်နှင့် ကွဲလွဲကာ ထွက်ဆိုပါမူ ၎င်းသည် ယုံကြည်စိတ်ချရသော သက်သေမဟုတ်ကြောင်း ဆန့်ကျင်ဘက် ထွက်ဆို သည့် သက်သေဖြစ်ကြောင်း ထင်ရှားအောင် ထိုအစစ်ခံချက်ကို တင်ပြအသုံးပြုနိုင်သည်။ ၎င်း၏ရုံးရှေ့ရှိ ထွက်ချက်ကို ထောက်ခံသည့်အနေဖြင့် အသုံးမပြုနိုင်ပေ။ အကယ်၍ သက်သေတဦးသည် ရဲထံတွင်ထွက်ဆို သော ထွက် ချက်နှင့်ကွဲလွဲပြီး ရုံး၌ထွက်ဆိုနေပါက အစိုးရရှေ့နေကြီးသည် ရုံး၏ ခွင့်ပြုချက်နှင့် ရဲထံတွင်ထွက် ဆိုခဲ့သော ထွက်ချက်ကိုဖော်ပြ၍ မေးမြန်းနိုင်သည်။ ထိုသို့မေးမြန်းသောအခါ သက်သေက ဖတ်ပြသော ထွက်ချက်မှာ ရဲထံတွင် ထွက်ဆိုခဲ့ကြောင်း ထိုထွက်ချက်အတိုင်း မှန်ကန်ကြောင်း ဝန်ခံပါမူ ၎င်းထွက်ချက်ကို တရားခံအပေါ် အသုံးပြုနိုင်ပေသည် (မောင်တင်လှိုင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ၁၉၆၆ ရုံးချုပ် ၆၅၄)။
သက်သေများသည် ရဲစစ်ဆေးစဉ်ကတမျိုး ထွက်ဆိုခဲ့ကြပြီး ရုံးရှေ့ရောက်သောအခါ ကွဲလွဲစွာ ထွက်ဆိုခဲ့ကြသဖြင့် ၎င်းတို့အား ကျင့်ထုံးပုဒ်မ ၁၆၂ အရ ဆန့်ကျင်ထွက်ဆိုသည့်သက်သေများအဖြစ် ကြေငြာ ခြင်းခံခဲ့ရသောကြောင့် ၎င်းတို့၏ထွက်ချက်များအား အလေးပေး၍ ထည့်သွင်းစဉ်းစားခြင်း မပြုနိုင်ပေ ။ (မောင်ဘိုးခွေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၆ ရုံးချုပ် ၆၈၄)။
သက်သေများက အယူခံတရားလိုအပေါ် ပွင့်လင်းစွာထွက်ဆိုကြခြင်း မပြုသောကြောင့် ၎င်းတို့က ရဲတွင် အစစ်ခံထားခဲ့သည်တို့ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ ထုတ်၍ မေးမြန်းခဲ့ရသည်။ ထိုအခါကျမှ ရဲတွင်အစစ်ခံခဲ့သည့်အတိုင်း မှန်ကန်ပါသည်ဟု သက်သေများက ထွက်ဆိုကြသည်။ မှန်ကြောင်း ဝန်ခံထွက်ဆိုကြသောကြောင့် ယခင်အစစ်ခံထားချက်တို့သည် ရဲရှေ့တွင်အစစ်ခံချက်မဟုတ်တော့ပဲ အထူးရာဇ ဝတ်ရုံးရှေ့တွင် အစစ်ခံချက်များ ဖြစ်သွားသည်။ ထို့ကြောင့် အထူးရာဇဝတ်ရုံးက တရားဝင် ထည့်သွင်း စဉ်း စားနိုင်သည် [ဦးစိန်မောင် (ခေါ်)ဦးဟုတ်ကျန်ပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၆၇ မတစ ၁၃၈]။

အညွှန်း - [ ဦးမြစိန် (ဗဟိုတရားရုံးရှေ့နေ)၊ အသုံးချဥပဒေပေါင်းချုပ်၊ ၁၉၈၂ ၊ ရဲစစ်ချက်နှင့် ရုံးထွက်ချက် ကွဲလွဲမှု၊ စာ - ၁၈၈]

Comments