ပုံစံ (၇) အမည်ပြောင်း

 ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းတွင် အမွေဆက်ခံခြင်း နှင့် မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်နှစ်ခုကိုသာ ယခင်ကဆောင်ရွက်ခွင့်ရခဲ့သည်။(ထိုအကြောင်းနှင့် ပတ်သက်၍ စာရေးသူသည် မြန်မာတောင်သူကြီးများဂျာနယ်တွင်ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ယခုအခါတွင်မူ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းစသည့်ကိစ္စရပ်များကိုပါအမည်ပြောင်းလဲနိုင်ပြီဖြစ်ကြောင်းတောင်သူ လယ်သမားများနှင့် ၎င်းတို့ထံမှ လယ်ယာမြေ ဝယ်ယူသူများ ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ရပ်ကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

လယ်ယာမြေအရောင်းအဝယ်ကိစ္စရပ်များ

လယ်ယာမြေ ဝယ်ယူသူများ၏ အမည်သို့ တရားဝင်ပြောင်းလဲနိုင်ခွင့် မရှိသေးသဖြင့် အရပ်စာချုပ်များ (ပဋိညာဉ်စာချုပ်များ) ချုပ်ဆို၍ ရောင်းချသူထံမှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) နှင့် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power)များကိုသာ ရယူထားနိုင်ကြသည်။ ယခုညွှန်ကြားချက်အရဆိုလျှင် လယ်ယာမြေကိစ္စရပ်များအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းများကပ်နှိပ်၍ ကျသင့်သော စာချုပ်စာတမ်း မှတ်ပုံတင်ခပေးဆောင်ကာ တရားဝင်စာချုပ်များ ချုပ်ဆိုမှတ်ပုံတင်ပြီးသော် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပြင်ဆင်နိုင်ပြီဖြစ်ကြောင်း သိရပါသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အသစ်များ

(၁) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြားချက်အမှတ် - ၂ /၂၀၁၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းကိစ္စရပ်များအတွက် လယ်ယာမြေတန်ဖိုးသတ်မှတ်ရန်အလို့ငှာ ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားနှင့်အညီ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား တာဝန်ပေးအပ်ထားပါသည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေတန်ဖိုးကို ဒေသန္တရအခြေအနေနှင့် ဆီလျော်သောနှုန်းထားဖြစ်စေရေးအတွက် လယ်ယာမြေတည်ရှိရာ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အဆိုပြုတင်ပြလာသော လယ်ယာမြေများ၏ တစ်ဧကဒေသပေါက်ဈေးအား စိစစ်ဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။ 

(၂) တစ်ဖန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြားချက်အမှတ် - ၃ /၂၀၁၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ညွှန်ကြားထားပါသည်။ အထက်ပါညွှန်ကြားချက် - ၂ /၂၀၁၉နှင့် ဆက်စပ်၍ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက လုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊လဲလှယ်ခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း စသည်တို့ကို ဆောင်ရွက်ကြသည့်အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စိစစ် အတည်ပြုထားသော လယ်ယာမြေ၏ တစ်ဧကဒေသပေါက်ဈေးနှုန်းထားများအရ ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ထမ်းဆောင်စေပြီး လယ်ယာမြေနည်းဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈ (ဂ) တို့နှင့် အညီ ရပ်ကွက်^ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း တင်ပြလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးသည် လယ်ယာမြေနည်းဥပဒေ ၂၄(ဂ)၊ ၄၇(ဃ)၊ ၄၈(င) တို့နှင့်အညီ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပါသည်။ 

(၃) ထို့ပြင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြားချက် ၄ /၂၀၁၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့ဖြင့် လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း ညွှန်ကြားထားပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်း ဥပဒေအပိုဒ် ၂၄(ခ) အရ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးသူများနှင့် လယ်ယာမြေနည်းဥပဒေ ၄၉ အရ ဆောင်ရွက်ပြီးသူများသည် နည်းဥပဒေ၂၅ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်လျှောက်လွှာ ပုံစံ (၉) ဖြင့် တင်ပြလျှောက်ထားလာပါက စိစစ်လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ညွှန်ကြားချက် ၃ /၂၀၁၉ အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

(က) လျှောက်ထားသူများ လိုက်နာ ဆောင်ရွက်ရန်

(၁) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီးသူများအနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေ၏ အားလုံးကိုဖြစ်စေ၊တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်းကိစ္စရပ်များအတွက် အမှန်တကယ်စာချုပ်ချုပ်ဆိုဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းက စိစစ်ပြီး သက်သေခံမြေပုံ ထုတ်ယူနိုင်ရန် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) စာရင်းမြေပုံ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများတွင် သက်သေခံမြေပုံ လျှောက်ထားရယူရမည်။ 

(၂) ဆက်လက်၍ လယ်ယာမြေနည်း ဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈(ဂ) တို့အရစာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လျှောက်ထားရမည် ဖြစ်ပါသည်။ 

(က) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ၊ 

(ခ) အထက်အပိုဒ်(၁) ပါ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) စာရင်းမြေပုံ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများမှ အမှန်ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ ပေါင်နှံ၊ ငှားရမ်းမည့် မြေပြင်အခြေအနေကိုစိစစ်ပြီး ထုတ်ပေးထားသည့်နေ့မှ တစ်နှစ်အတွင်းဖြစ်သော သက်သေခံမြေပုံ နှစ်ပုံနှင့်မြေရာဇဝင်။ 

(ဂ) သက်ဆိုင်ရာ ကာယကံရှင်များသို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေနှစ်ဦးတို့ပါဝင်လက်မှတ်ရေးထိုးထားသော ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း ပြုလုပ်မည့်စာချုပ်၊ 

(ဃ) စာချုပ်ပါ သက်ဆိုင်ရာကာယကံရှင်များ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေနှစ်ဦး၏ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊

(ခ) သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကလိုက်နာ စိစစ်ဆောင်ရွက်ရန်

(၁) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေနည်းဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈ (ဂ) တို့အရ စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကာယကံရှင်များ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများက တင်ပြလျှောက်ထားလာပါက အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရမည် ဖြစ်သည်။ 

(က) တင်ပြစာချုပ်ပါ လယ်ယာမြေတည်နေရာသည် မိမိတို့စီမံခန့်ခွဲပိုင်ခွင့်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စု နယ်နိမိတ် အတွင်း ကျရောက်မှု ရှိ၊ မရှိ။

(ခ) ပုံစံ (၇) ပါ အမည်ပေါက်သူများ သို့မဟုတ် ပုံစံ (၇) ပါ အမည်ပေါက်သူ၏ တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများက တင်ပြလာခြင်း ဟုတ်၊ မ

ဟုတ်။ 

(ဂ) စာချုပ်ချုပ်ဆိုသူများနှင့် သက်သေများသည် နိုင်ငံသား ဟုတ်၊ မဟုတ်။ 

(ဃ) စာချုပ်အား မြန်မာစာဖြင့် ရေးသားထားခြင်းရှိ၊ မရှိ။ 

(င) တင်ပြလာသောစာချုပ်တွင် မြေတည်နေရာကို မှန်မှန်ကန်ကန်ဖြင့် ရှင်းလင်းစွာ ရေးသားထားခြင်း ရှိ၊ မရှိ။

(စ) စာချုပ်တွင်ဖော်ပြထားသော ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ ပေါင်နှံ၊ ငှားရမ်းသော မြေ၏ဦးပိုင်အမှတ် တည်နေရာ၊ ဧရိယာများသည် စာချုပ်ချုပ်ဆိုရန် ပူးတွဲတင်ပြထားသော မြေစာရင်းပုံစံ (၁၀၅)ပါ အတိုင်း ကိုက်ညီခြင်း ရှိ၊ မရှိ။ 

(ဆ) စာချုပ်တွင် ဒေသန္တရအခြေအနေအရ သတ်မှတ်ထားသော တန်ဖိုးနှုန်းထားအပေါ် ကျသင့်သည့် တံဆိပ်ခေါင်းခွန်များ ပြည့်စုံစွာ ကပ်နှိပ်ထားခြင်း ရှိ၊ မရှိ။(ဇ) ငှားရမ်းစာချုပ်တွင် လယ်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ ငှားရမ်းခြင်း ဟုတ်၊ မဟုတ်နှင့် ငှားရမ်းသည့်ကာလကို သတ်မှတ်ဖော်ပြထားခြင်းရှိ၊ မရှိ။

(ဈ) ပေါင်နှံသည့်စာချုပ်တွင် ရွေးနုတ်ရမည့်ကာလကို သတ်မှတ်ဖော်ပြထားခြင်း ရှိ၊ မရှိ။ 

(ည) လယ်ယာမြေဥပဒေပုဒ်မ ၁၄အရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်ပေးကမ်းခြင်းဖြစ်ပါက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိထားခြင်း ရှိ၊ မရှိ။

 (ဋ) ပြဿနာအရှုပ်အရှင်းနှင့် ကန့်ကွက်သူ ရှိ၊ မရှိ။

 (၂) တင်ပြလာသော စာချုပ်များကို အထက်အပိုဒ် (၁) ပါ အချက်များ အတိုင်းစိစစ်ပြီး မှန်ကန်မှုရှိပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မိမိတို့ အဖွဲ့ရှေ့မှောက်တွင် ချုပ်ဆိုကြောင်းကို စာချုပ်နှင့်သက်သေခံမြေပုံပေါ်တွင် မူလရေးသားထားသောစာသားများအား မထိခိုက်စေဘဲနောက်ဆက်တွဲ (က) ပါ ပုံစံအတိုင်း ထပ်ဆင့်ရေးမှတ်ချက်ရေးသား၍ အမည်တံဆိပ်တုံးများရိုက်နှိပ်လျက် သို့မဟုတ် အမည်များရေးသားလျက် ဥက္ကဋ္ဌ၊ အဖွဲ့ရုံးတံဆိပ်တုံး ရိုက်နှိပ်ဆောင်ရွက်ရန်။

(၃) တင်ပြလာသော စာချုပ်များကို အထက်အပိုဒ် (၁) ပါ အချက်များအတိုင်းစိစစ်ပြီး မှန်ကန်မှုမရှိပါက “စာချုပ်ချုပ်ဆိုခြင်းကို ငြင်းပယ်သည်“ဟူသော စာသားကို စာချုပ်ပေါ်တွင် မူလရေးသားထားသော စာသားများအား မထိခိုက်စေဘဲ ရေးသားဖော်ပြ၍ ငြင်းပယ်သောစာချုပ်ကို လိုအပ်ချက်များပြည့်စုံအောင် ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် ကာယကံရှင်သို့ ပြန်ပေးရန်။ ထိုသို့ ငြင်းပယ်ကြောင်းကိုနောက်ဆက်တွဲ (ခ) ပါ ပုံစံဖြစ်သည့် ငြင်းပယ်မှုများ မှတ်တမ်းစာအုပ်တွင် မည်သည့်အကြောင်းကြောင့် ငြင်းပယ်ခြင်းဖြစ်ကြောင်း ရေသား၍ အမည်တံဆိပ်တုံးများ ရိုက်နှိပ်လျက် သို့မဟုတ် အမည်များရေးသားလျက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အနည်းဆုံး တစ်ဦးတို့က လက်မှတ်ရေးထိုးပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရုံး တံဆိပ်တုံးရိုက်နှိပ်ဆောင်ရွက်ရန်။

 (၄) စာချုပ်ချုပ်ဆိုရန် တင်ပြလာသောအချိန်တွင် ခိုင်လုံသောအထောက်အထားများဖြင့် ကန့်ကွက်လာပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကန့်ကွက်လွှာအား လက်ခံရရှိသည့်အခါ တရားဝင် ရေးသားပေးပို့လာသော စာများကို နောက်ဆက်တွဲ (ဂ) ပါပုံစံဖြစ်သည့် “ကန့်ကွက်တင်ပြမှုများကို မှတ်တမ်းတင်သည့် မှတ်တမ်းစာချုပ်“တွင် မှတ်တမ်းရေးသွင်း၍ ကန့်ကွက်သည့်ကိစ္စရပ်များအား လယ်ယာမြေဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်ရယူရမည့် ကိစ္စရပ်များဖြစ်ပါက တရားရုံး၏ ဆုံးဖြတ်ချက်ကို ရယူစေခြင်းတို့ကို ဆောင်ရွက်စေပြီးမှသာ စာချုပ်ချုပ်ဆိုခွင့်ပြုရန်။ 

(၅) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်းချုပ်ဆိုသော စာချုပ်များကို နောက်ဆက်တွဲ (ဃ) ပါ ပုံစံဖြစ်သည့် “စာချုပ်များ မှတ်တမ်းစာအုပ်“တွင် စာချုပ်ကို ရေးကူးခြင်း သို့မဟုတ်မိတ္တူကူး၍ ကပ်နှိပ်ခြင်းပြုလုပ်ပြီး မှတ်တမ်းတင်ထားရန်။

(၆) “စာချုပ်များ မှတ်တမ်းစာအုပ်“တွင် ရေးကူးမှတ်တမ်းတင်ပြီးပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တံဆိပ်တုံးများရိုက်နှိပ် လက်မှတ်ရေးထိုးထားသည့် စာချုပ်မူရင်းနှင့် သက်သေခံမြေပုံကို စာချုပ်ချုပ်ဆိုသူ သက်ဆိုင်ရာကာယကံရှင်များ ထံသို့ ပြန်လည်ထုတ်ပေးရန်။

ဗဟို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးအဖွဲ့၏ ညွှန်ကြားချက်အမှတ် ၄ /၂၀၁၉ အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

မြို့နယ်ဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့သည် လယ်ယာ မြေလုပ်ပိုင်ခွင့် ရရှိသူအမည် ပြောင်းလဲပေးရန် တင်ပြလာသောအခါ အောက်ပါအတိုင်းဆောင်ရွက်ရန် ညွှန်ကြားထားပါသည်- 

(က) ဦးပိုင်တစ်ခုလုံးအတွက် ဖြစ်ပါက လယ်ယာမြေနည်းဥပဒေ ၂၅၊၂၆၊ ၂၇၊၂၈ ပါ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်။ 

(ခ) ဦးပိုင်တစ်စိတ်တစ်ပိုင်းအတွက်သာ ဖြစ်ပါက ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း

များနှင့်အညီ ဦးပိုင်ခွဲစိတ်ခြင်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးနောက် အမည်ပြောင်းလဲရေးလုပ်ငန်းအားအထက်အပိုဒ် (က) အတိုင်း ဆောင်ရွက်ရန်။ 

(ဂ) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းနှင့် ပူးတွဲပါရှိသော သက်သေခံမြေပုံမူရင်းများအား မင်နီဖြင့် “ဖျက်သိမ်းကြောင်း“ မြန်မာစာသားဖြင့် ထင်ရှားစွာရေးသားပြီးနောက် သက်ဆိုင်ရာလုပ်ငန်းစာတွဲတွင်ပူးတွဲ၍ မှတ်တမ်းတင် ထိန်းသိမ်းထားရှိရန်။ 

(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ကို အမည်ပြောင်းလဲပြင်ဆင်ထုတ်ပေးပြီးပါက နည်းဥပဒေ ၅၂အရ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအလိုက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်းပုံစံ(၁၁)တွင် မှတ်တမ်းတင်ရန်အတွက် မြို့နယ်ဦးစီးဌာနရုံးသို့ မိတ္တူပေးပို့ရန်။

အထွေထွေ

လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်နမူနာများ၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် ထပ်မံထားရှိရမည့် မှတ်ပုံတင်စာရင်းများနှင့်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်လွှာ ပုံစံ (၉) များအကြောင်းကို ဆောင်းပါးရှည်မည်စိုး၍ ရေးသားဖော်ပြခြင်း မပြုတော့ပါကြောင်း။


- အေးဝင်းဦး(ဘူမိဗေဒ)

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ(၂၄) အမှတ်(၃၅၅)၊ ဇွန် ၃ - ၉၊ ၂၀၁၉ ခုနှစ် မှ ကူးယူဖေါ်ပြပါသည်

Comments