သက်သေခံမြေပုံ (မြေစာရင်းပုံစံ-၁၀၅)ရေးကူးခြင်း

လုပ်သားပြည်သူ အများစုက အတိုကောက် (သို့) ခပ်လွယ်လွယ် ပြောဆိုသုံးစွဲ ခေါ်ဝေါ်လေ့ရှိသော အင်္ဂလိပ်လို ၁၀၅ (ဝမ်းနော့ဖိုက်)ခေါ်သက်သေခံ မြေပုံ (မြေစာရင်းပုံစံ-၁၀၅) သည် မြေယာကိစ္စအ၀၀နှင့်စပ်လျဉ်း၍ လျှောက်ထားဆောင်ရွက်ရသော လုပ်ငန်းများ၌မရှိမဖြစ်လိုအပ်သော အထောက်အထား တစ်ခုဖြစ်သည်။ မြို့တော်၊ မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး (လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) များတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း (ဥပမာ- အိမ်၊ ခြံ၊ မြေ) များရောင်းချ၊  ပေါင်နှံ၊ ပေးကမ်း၊ လွှဲပြောင်း၊အပိုင်ပေးခြင်း စာချုပ်များ ချုပ်ဆိုရာတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေကိုအခြားနည်း အသုံးပြုခွင့် (ပုဒ်မ-၂၉ နှင့် ၃၀) ခွင့်ပြုမိန့် လျှောက်ထားကြရာတွင် လည်းကောင်း၊ တရားရုံးများတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ တရားမမှုများ

ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ကြရာတွင် လည်းကောင်း သက်သေခံမြေပုံ (မြေစာရင်း ပုံစံ-၁၀၅)သည် လွန်စွာအရေးပါလေသည်။

           

မြေစာရင်းပုံစံ (၁၀၅) ၏ အကျိုးသက်ရောက်မှု


၂၀၁၅ ခုနှစ်က စာရေးသူထုတ်ေ၀ ဖြန့်ချိခဲ့သော  လယ်ယာမြေ ဆောင်းပါး ပေါင်းချုပ်စာအုပ်တွင် “မြေစာရင်းပုံစံ (၁၀၅) ဆိုသည်မှာ” ဟူသော ဆောင်းပါး တစ်ပုဒ်ကို ရေးသားဖော်ပြခဲ့ဖူးပါသည်။ ၎င်းင်းဆောင်းပါးတွင် မြေစာရင်းပုံစံ (၁၀၅) ၏ အကျိုးသက်ရောက်မှုအဖြစ် လုပ်သားပြည်သူများ တောင်သူ လယ်သမားများသည် အောက်ပါကိစ္စရပ်များအတွက်မြေပုံရေးကူးကြကြောင်း အကျဉ်းအားဖြင့် ဖော်ပြခဲ့ပါသည်။ 

(က)     စာချုပ်စာတမ်း မှတ်ပုံတင်ရန်၊

(ခ)     မြေငှားဂရန်၊ လိုင်စင်လျှောက်ထားရန်၊

(ဂ)     တရားရုံးတင်ပြရန်၊

(ဃ)    အဆောက်အဦ ဆောက်လုပ်ရန်အတွက်စည်ပင်ခွင့်ပြုမိန့် လျှောက်ထားရန်၊

(င)     လက်ဝယ်ကိုင်ဆောင်ရန်၊

(စ) လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် လ/န-၃၉ လျှောက်ထားရန်၊ (ယခု-လယ်ယာမြေ ဥပဒေပုဒ်မ-၃၀(က)^၃၀-(ခ)၊

(ဆ)   မြေ အမျိုးအစား တစ်ခုပေါ်တွင် အခြား သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအတွက် ခွင့်ပြုမိန့် လျှောက်ထားရန်။(ဥပမာ-လယ်မြေပေါ်တွင် ဥယျာဉ်ခြံ (သို့မဟုတ်) နှစ်ရှည်ပင် ပြောင်းလဲ စိုက်ပျိုးခြင်း)

(ဇ)  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ စိုက်ပျိုးရေး၊မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ရေးနှင့် အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်လျှောက်ထားရန်၊

(ဈ)  လယ်ယာမြေဟူသော စကားရပ်နှင့် အကြုံးမဝင်ကြောင်း ဝန်ခံချက်လက် မှတ်ပုဒ်မ-၃(က) «ယခင်-၃(ခ)» လျှောက်ထားရန်၊

(ည)  ဓာတ်သတ္တု၊ ကျောက်မီးသွေး၊ မြစ်ကျောက်၊ သဲထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားရန်၊


မှတ်ချက်။       ။

(၁) ရန်ကုန်၊  မန္တလေးမြို့တော်များ၌ မြေငှားဂရန်၊ လိုင်စင်လျှောက်ထားလိုပါက စည်ပင်သာယာရေး ကော်မတီသို့ မြေပုံရေးကူးခွင့် လျှောက်ထားရပါသည်။ 

(၂)    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်  လယ်ယာမြေမဟုတ်ကြောင်း ဝန်ခံချက်လက်မှတ် (၃-က) လျှောက်ထားရန် မြေပုံရေးကူးနိုင်ပါသည်။ (နယ်မြို့များတွင် ၃-က လက်မှတ်လျှောက်ထားခွင့် မရရှိသေးပါ။)


မြေတိုင်းတာခြင်းနှင့် မြေပုံရေးဆွဲပုံထုတ်ခြင်း


ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန (ယခု-လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) ၏ အဓိကပုံမှန်လုပ်ငန်းဆောင်တာများတွင်

“မြေတိုင်းတာခြင်းနှင့် မြေပုံရေးဆွဲပုံထုတ်ခြင်း လုပ်ငန်းလည်း ပါဝင်သည်။ ဤဌာနတွင် မြေတိုင်းစာရေးများ လက်ဝယ်ကိုင်ဆောင်ရသောကွင်းထွက်မြေပုံများမှာ

၁၆ လက်မ = တစ်မိုင်စကေး မြေပုံများဖြစ်၍ ကွင်းဖွဲ့တိုင်းတာခြင်းမပြုရသေးသော ကြေးတိုင်ပြင်ကွင်းများတွင်မူတစ်လက်မ = တစ်မိုင်စကေး စစ်သုံးမြေပုံများကို အသုံးပြုပါသည်။

ဤဌာနကဲ့သို့ပင် မြေတိုင်းတာခြင်းနှင့် မြေပုံရေးဆွဲပုံထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရသော ဌာနများမှာ မြေတိုင်းဦးစီးဌာနနှင့် သစ်တော ဦးစီးဌာန စသည်တို့ ဖြစ်ပါသည်။  ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသည်မြေတိုင်းတာရန် ကွင်း၊ အကွက်များများပြားပါက မြေတိုင်းဦးစီးဌာန၏ အကူအညီရယူရပါသည်။ ကျေးရွာအုပ်စု၊ ရပ်ကွက် သို့မဟုတ် မြို့မြေ တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်ရပါသည်။

(က) ကွင်းနယ်နိမိတ်များသတ်မှတ်ခြင်း၊

(ခ)    ကွက်ကျဲတိုင်းတာခြင်း၊

(ဂ)    ကွက်စိပ်တိုင်းတာခြင်း၊

(ဃ)     မြေပုံရေးဆွဲခြင်း၊

(င)     ကျေးရွာအုပ်စု၊ ကွင်းနယ်နိမိတ်များဆက်စပ်ခြင်း၊

(စ)     ဧရိယာစာရင်း တွက်ချက်ခြင်း၊

(ဆ)     ပုံနှိပ်တိုက်တွင် မြေပုံများ ပုံနှိပ်ခြင်း။


ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန

(ယခု-လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေပုံရေးကူးပေးခြင်း။)


ဤဌာနတွင် ထိန်းသိမ်းထားရှိသော မှတ်ပုံစာရင်းနှင့်မြေပုံများမှ မိတ္တူ သို့မဟုတ် ကောက်နုတ်ချက်များရေးကူးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့နိုင်ငံ မြေစာရင်းလက်စွဲဥပဒေ၊ အခန်း (၉) တွင် ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်သည့်အပြင် ယခင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (ရုံးချုပ်) ၏ ၁၉၉၄ခုနှစ်၊မတ်လ ၃ ရက်နေ့ ရက်စွဲပါ အမြဲအမိန့် အမှတ်-၁/၉၄ အရလည်းကောင်း၊ ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်) ၏  ၂၀၁၇ ခုနှစ်၊ မတ်လ၆ ရက်စွဲပါစာအမျတ်-၁၀၆၃/မပ (စီမံ)-၁၆(၁၇) အရလည်းကောင်း ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း အမှုတွဲထိန်းနှင့် မြို့မမြေတိုင်းစာရေးအပါအဝင် အခွန်တော်မြေတိုင်းစာရေးများက မိတ္တူများ ရေးကူးပေးရာတွင် ပုံစံအမျိုးမျိုးဖြစ်နေသဖြင့် တပြေးညီ လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်အလို့ငှာ ယခုအခါ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  (ရုံးချုပ်)မှ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်စွဲပါ အမြဲအမိန့်အမှတ်-၁၈၈ ကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။


မြေစာရင်းပုံစံ (၁၀၅) နှစ်မျိုး


အထက်တွင်ဖော်ပြခဲ့သည့် စာချုပ်စာတမ်းမှတ်ပုံတင်ရန် သို့မဟုတ် မြေငှားဂရန်၊ လိုင်စင် လျှောက်ထားရန် သို့မဟုတ် လယ်ယာမြေကိုအခြားနည်းသုံးစွဲခွင့်လျှောက်ထားရန် အစရှိသည့် လုပ်ငန်း အမျိုးမျိုးအတွက် ပူးတွဲပါရှိရမည့် သက်သေခံမြေပုံ (မြေစာရင်းပုံစံ-၁၀၅) အပြင်၊၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) နှင့်အတူ ထုတ်ပေးသောမြေစာရင်းပုံစံ (၁၀၅) လည်း ရှိပါသေးသည်။ ၎င်းမြေစာရင်းပုံစံ (၁၀၅) နှစ်မျိုးမှာ အရွယ်အစားနှင့် စာရွက်အရောင် ကွဲပြားခြားနားပါသည်။ ဌာနမှပုံမှန်ထုတ်ပေးသောမြေစာရင်းပုံစံ (၁၀၅) မှာ ကွာရှည်ခေါ် A4 Size ဖြစ်၍ အဖြူရောင်ဖြစ်ပြီး (ပုံစံ-၇) နှင့်အတူ ထုတ်ပေးသောမြေစာရင်းပုံစံ(၁၀၅) မှာမူ ကွာတို A3 Size ဖြစ်၍ အဖြူရောင်စက္ကူပင် ဖြစ်ပါသည်။ သို့သော် ပုံစံတွင် ဖော်ပြပါရှိသော စာသားများနှင့် ဇယားများတူညီကြပါသည်။ Sticker ကပ်ပေးထားခြင်းလည်း တူညီ၍ ၎င်းသက်သေခံ မြေပုံတိုင်းတွင် မြေပုံရေးကူးသူမြေတိုင်းစာရေး၊ စစ်ဆေးသူလက်ထောက် ဦးစီးမှူးနှင့် အတည်ပြုသူ မြို့နယ်ဦးစီးမှူးတို့၏ ရေးထိုးမြဲလက်မှတ်များ ပြည့်စုံစွာ ပါရှိရပါမည်။ (သက်သေမြေပုံ၊ မြေစာရင်း ပုံစံ -၁၀၅ ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)


မြို့မြေပိုင်ဆိုင်မှုစာရင်း (၁-က)


မြေစာရင်းပုံစံ (၁၀၅) လျှောက်ထား လာသည့်အခါ ဌာန၏မြို့မြေပိုင်ဆိုင်မှု စာရင်း (၁-က) ကို လှန်လော၍ ၎င်းစာရင်းတွင်အမည်ပေါက်သူသို့မဟုတ် အမည်ပေါက်သူ၏ မိသားစု၊ ဆွေမျိုး ရင်းချာများ သို့မဟုတ် အမည်ပေါက်သူနှင့် သက်ဆိုင်သူ၊ ဆက်နွယ်ပတ်သက်သူ ဟုတ်၊မဟုတ် စစ်ဆေးကြည့်ရှုပြီးမှ မြေပုံရေးကူးပေးကြရစမြဲ ဖြစ်သည်။ မြို့မြေပိုင်ဆိုင်မှုစာရင်း (၁-က) တွင် ပိုင်ဆိုင်ခွင့်ကို အောက်ပါအတိုင်းအမျိုး အစားခွဲခြားဖော်ပြလေ့ရှိသည်။

(၁) အပိုင်ရထားမြေ၊ ဘိုးဘွားပိုင်မြေ O သို့ B ၊

(၂)  မြေပိုင်အခြေအနေရှိသော (လက်ဝယ်ထားရှိပိုင်

ခွင့်ရှိသောမြေ = C ၊)

(၃) အပိုင်ဂရန်ရထားသောမြေ =G ၊

(၄) အငှား ဂရန်မြေ =L ၊

(၅) လိုင်စင်မြေ =H ၊

(၆)     အခွင့်မရဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သောမြေ (Squarter) = A ၊


လုပ်ကိုင်ခွင့် အခြေအနေကို အောက်ပါအတိုင်း ခွဲခြားထား -

(၁)     သီးစားနှင့် ကိုယ်တိုင်ပိုင်ဆိုင် လုပ်ကိုင်သူ = O ၊

(၂)    လွှဲပြောင်း၊ အပေါင်ခံလက်ရောက်ရရှိများ = M ၊


လုပ်ကိုင်မှုအခြေအနေကို အောက်ပါအတိုင်း ခွဲခြားထားသည် -

(၁)     စိုက်ပျိုးမှုမလုပ်ကိုင်ဘဲ မြေပေါ်နေထိုင်သူ = R ၊

(၂)     နေလည်းမနေ၊ လုပ်လည်းမလုပ်သူ =N ၊

(၃) စိုက်ပျိုးလုပ်ကိုင်သူ =AG ၊


အမြဲအမိန့် (၁၈၈) အရ၊ မြေစာရင်းပုံစံ(၁၀၅) ရေးကူးပေးခြင်းဆိုင်ရာ နည်းလမ်းများ


သက်သေခံမြေပုံ (မြေစာရင်း ပုံစံ- ၁၀၅) ရေးကူးခွင့်ပြုရန် လျှောက်ထားလိုသူသည် ရှေးဦးစွာ သက်ဆိုင်ရာမြို့နယ်ရုံး၌ မြေစာရင်းပုံစံ(၁၀၃) လျှောက်လွှာတွင် ပြည့်စုံစွာကိုယ်တိုင်ရေးသား ဖြည့်စွက်၍ တင်သွင်းရပါသည်။ ရေးသွင်းချက်များ ပြည့်စုံမှန်ကန်ပါက မြေစာရင်းပုံစံ (၁၀၅)တွင် ဦးပိုင်လုပ်ကွက် သို့မဟုတ် မြေကွက်ကိုမူလမြေပုံနှင့် တိုက်ဆိုင်၍ ရေးဆွဲပေးပြီးထုတ်ပေးမည်ဖြစ်၍ မိမိတို့ အလိုရှိသောကိစ္စရပ်အတွက် အထောက်အထားအဖြစ်အသုံးပြုနိုင်ပါလိမ့်မည်။ ယခုအခါ၊ ရုံးချုပ်မှ တိုက်ရိုက်ဖြန့် ဝေပေးသော မြေစာရင်းပုံစံ (၁၀၃)နှင့် (၁၀၅)များအား သက်ဆိုင်ရာမြို့နယ်ရုံးများမှ အခမဲ့ထုတ်ပေးဆောင်ရွက်သည်ဟု သိရှိရပါသည်။ (မြေစာရင်းပုံစံ -၁၀၃ လျှောက်လွှာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။)


သက်သေခံမြေပုံ (မြေစာရင်းပုံစံ- ၁၀၅) ပေါ်တွင်ပါရှိသော အကြောင်းအရာ နှင့် ဇယားများအားတပြေးညီဖြစ်စေရေး အတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြရန် ညွှန်ကြားထားပါသည် -

(က)     ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကွင်း၊ အကွက်အမှတ်နှင့် အမည်၊ ဦးပိုင်အမှတ်တို့ကို ပြည့်စုံမှန်ကန်စွာ ရေးသားဖြည့်စွက်ရန်။

(ခ)     အခွန်စည်းကြပ်ခံ

ရသူပိုင်ရှင်အမည်၊ ဂရန်ရှင်၊ အငှားဂရန်ရှင်တို့ပါဝင်သော ဇယားကွက်တွင် ဌာန၏မှတ်ပုံတင် စာရင်းများဖြစ်သော မြို့မြေပိုင်ဆိုင်မှုစာရင်း(၁-က) သို့မဟုတ် မြေစာရင်းပုံစံ-၄၆ (မှတ်ပုံစာရင်း-၂) စိုက်ပျိုးသောသီးနှံများနှင့် အခွန်စည်းကြပ်မှုစာရင်း၌ မှတ်တမ်း တင်ထားသောအမည်ကို ရေးသားဖြည့်စွက်ရန်။


(ဂ) “ပိုင်ဆိုင်ခွင့်” စာတိုင်တွင်

(၁) တရားဝင်ပိုင်ဆိုင်ခွင့်ဖြစ်သော ဂရန်ရရှိပြီးဖြစ်ပါက “G“၊

(၂)     အငှားဂရန်ရရှိပြီးပါက “L” ဟု လည်းကောင်း၊

(၃) အခွန်လွတ်ဂရန်ရရှိပြီးဖြစ်ပါက “အခွန်လွတ်ဂရန်“၊

(၄) အစိုးရထံမှ အခမဲ့မြေလွှဲအမိန့်ရရှိထားပါက “အစိုးရ”။

(၅) မြို့မြေ၊ ရွာမြေအတွင်းကျရောက်ပြီးပိုင်ဆိုင်ခွင့်တရားဝင်မရရှိသေးပါက “အစိုးရ”၊

(၆)  မြို့မြေ၊ ရွာမြေများမှအပ အခြားမြေဖြစ်ပါက “--------“ ၊

(၇)     လယ်ယာမြေဖြစ်၍လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ရရှိထားပါက “RUF” ၊ လယ်ယာမြေဖြစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မရရှိသေးပါက “NRUF”၊

(၈)  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း၊ တောရိုင်းမြေဖြစ်ပါက “ NVFV “၊ ခွင့်ပြုမိန့် ရရှိပြီး ပါက “VFV”၊

(၉)    လယ်ယာမြေကို အခြား နည်းအသုံးပြု ခွင့်ပြုမိန့် ရရှိပြီးဖြစ်ပါက “---”၊ လယ်ယာမြေဟူသော စကားရပ်နှင့် အကြုံးမဝင်ကြောင်း လက်

မှတ်ရရှိပြီးပါက “--“။


(ဃ) “မြေမျိုးနှင့်အတန်း} စာတိုင်တွင်

(၁)     မြို့မြေဖြစ်ပါက ]မြို့မြေ}၊ ရွာမြေဖြစ်ပါက “ရွာမြေ”၊

(၂) လယ်ယာမြေဖြစ်ပါက သက်ဆိုင်ရာမြေမျိုးနှင့် အတန်းအစား (ဥပမာ- “R1, Y2G”၊

(၃) အခြားမြေ (O.A) ဖြစ်ပါက ထိုမြေအမျိုးအစားအတိုင်း

(ဥပမာ-         ကျွဲ၊ နွားစားကျက်မြေ၊ မီးရထားလမ်းမြေ၊ လမ်းမြေ စသည့်ဖြင့်)၊

(၄) လယ်ယာမြေကို အခြားနည်းအသုံးပြု ခွင့်ပြုမိန့်ရရှိထားလျှင်သော်လည်းကောင်း၊ လယ်ယာမြေဟူသော စကားရပ်နှင့် အကြုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိထားလျှင်သော် လည်းကောင်း၊ ၎င်းခွင့်ပြုမိန့်နှင့် အကြောင်းအရာအား စာအမှတ် နေ့စွဲများဖြင့် တိတိကျကျ ဖော်ပြရေးသားရန် ဖြစ်ပါသည်။ မြေစာရင်းပုံစံ (၁၀၅) ဖြင့် မြေပုံရေးကူးရာတွင် ပုံစံနေရာမလောက်ငပါက မြေစာရင်းလက်စွဲ ဥပဒေအပိုဒ် (၃၉၄) အရ သီးခြားစာရွက်ဖြင့် ရေးကူးဆောင်ရွက်၍ မြေစာရင်းပုံစံ (၁၀၅) ၏ လယ်ယာဘက်အနားတွင် တွဲကပ်ရန်နှင့် ထိုတွဲကပ်ထားသည့် စာရွက်တိုအားဖြတ်၍ ရုံးတံဆိပ်ရိုက်နှိပ်ပြီးမြို့နယ် ဦးစီးမှူးက လက်မှတ်ရေးထိုးရမည်ဟု ပြောပါသည်။

 (င) “ဧရိယာဧက“ စာတိုင်တွင် မြေဧရိယာကို “ဧက၊ ဒသမ“ ဖြင့် ဖော်ပြရန်နှင့်အလျား၊ အနံနှင့် စတုရန်းပေ၊ ကိုက် တို့ဖြင့်ဖော်ပြရေးသားခြင်း မပြုရန်။

(စ) “မှတ်ချက်” စာတိုင်တွင်လည်း ခွင့်ပြုမိန့်နှင့်သက်ဆိုင်သော အချက်အလက်များအား အတိုချုပ် ရေးသားဖော်ပြရမည် ဖြစ်ပါသည်။


နိဂုံး


လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများအနေနှင့် အထက်အဆင့်ဌာန အကြီးအကဲတို့မှ အခါအားလျော်စွာ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာကျင့်သုံးဆောင်ရွက်ရင်း တာဝန်သိသိç တာဝန်ရှိရှိဖြင့် လုပ်သားပြည်သူတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျက် ရေးသားတင်ပြလိုက်ရပါတော့သည်။   

#အေးဝင်းဦး (ဘူမိဗေဒ)


Comments