သီးခြားသက်သာခွင့် ပုဒ်မ ၄၅ စီရင်ပိုင်ခွင့်
သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ အရ လျှောက်ထားတာကို တရားလွှတ်တော်ကဘဲ စီရင်ပိုင်ခွင့်ရှိတာ တွေ့ရပါတယ်
အခု ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေမှာ အဲဒီသီးခြား ၄၅ အရ လျှောက်ထားတဲ့အမှုတွေ စီရင်ပိုင်ခွင့်ရှိမရှိ လေ့လာပါတယ်
လေ့လာတော့ ပုဒ်မ ၃၈ မှာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် က-
(က) မူလမှု
(ခ) အယူခံမှု
(ဂ) ပြင်ဆင်မှု
(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားတဲ့အမှု တွေကို စီရင်နိုင်ကြောင်း အခွင့်အာဏာ အပ်နှင်းထားတာ တွေ့ရပါတယ်
အဲဒီတော့ သီးခြား ၄၅ အရ သတ်မှတ်ထားတဲ့အမှုကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၃၈(ဃ)အရ တိုင်းဒေသကြီးတရားလွှတ်တော်က စစ်ဆေးစီရင်ပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်
အဲဒီတော့ ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၃၈(ဃ) နှင့် သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ အရ တန်ဘိုးစိစစ်ရေးကော်မတီက တရားရုံးရဲ့ဒီကရီပါ ရောင်းကြေးငွေအတိုင်း သတ်မှတ်ပေးရေးအတွက် ညွှန်ကြားပေးဖို့ ဥပဒေပုဒ်မတွေပါ ဖော်ပြပြီး တရားမအထွေထွေမှု လျှောက်ထားစွဲဆိုပါတယ်
လျှောက်ထားသူအဖြစ် ကျွန်တော့အမှုသည် လျှောက်ထားခံရသူအဖြစ် တန်ဖိုးစိစစ်ရေးကော်မတီဥက္ကဌ ကို ဖော်ပြပြီး တိုင်းဒေသကြီးတရားလွှတ်တော်မှာ စွဲဆိုတာပါ
အမှုတင်သွင်းပြီးတော့ ဘယ်တရားခွင်ကိုပေးပို့သလဲဆိုတာ သိနိုင်ဖို့ ကနဦးကို သွားရောက်စုံစမ်းပါတယ် ကျွန်တော်တင်တာက အယူခံ/ပြင်ဆင် မဟုတ်ဘဲ မူလမှုဖြစ်တာကြောင့် တာဝန်ပေးရာတရားခွင်ကို သွားရမှာကြောင့် ဖြစ်ပါတယ်
အဲဒီလိုစုံစမ်းတော့ အမှုမဖွင့်သေးကြောင်း တရားသူကြီးချုပ်က လေ့လာဦးမှာဖြစ်ကြောင်း နဲ့ နောက်နေ့မှလာဖို့ ကနဦးက ပြောလိုက်ပါတယ်
နောက်နေ့ နံနက်ပိုင်းမှာ စုံစမ်းတော့ အမှုဖွင့်ပြီးဖြစ်ကြောင်း နဲ့ ဘယ်တရားခွင်ကို ပေးပို့ကြောင်း ကနဦးကပြောလို့ အမှုနံပါတ်နဲ့ တရားခွင်ကိုမှတ်သားပြီး အဲဒီတရားခွင်ကို သွားရောက်စုံစမ်းပါတယ်
စုံစမ်းတော့ တရားခွင်စာရေးမက အမကအမှုတွဲလေ့လာရမှာမို့ ညနေ ၃ နာရီမှ လာပါလို့ ကျွန်တော့ကို ပြောပါတယ်
ညနေမှာ တရားခွင်သွားတော့ စာရေးမက ကျွန်တော့ကို တရားဝန်ကြီးနားနေခန်းကို ခေါ်သွားပါတယ်
နားနေခန်းပေါက်က ဝင်စဥ်မှာဘဲ ကျွန်တော်က -
" ဝန်ကြီး ကျွန်တော်ကတော့ အိပ်ပျော်နေတဲ့ အမှုအမျိုးအစား နှိုးပြီး ခေါ်လာခဲ့တယ် " လို့ ပဋိသန္တာရ စကားပြောလိုက်ပါတယ်
အဲဒီတော့ အဲဒီဝန်ကြီးကလည်း -
" ကောင်းပါတယ် အမှုလည်းစွဲခွင့်ရှိပါတယ် ကျွန်မတို့လည်း စာဖတ်ဖြစ်တာပေါ့ " လို့ ပြောဆိုပြီး လျှောက်ထားခံရသူကို ဆင့်ခေါ်မဲ့အကြောင်းပြောပြီး ရုံးချိန်းပေးပါတယ်
ရုံးချိန်းရက်မှာ လျှောက်ထားခံရသူက အကြီးအကဲရဲ့ ရုံးခန်းကိုတော့ လာသွားတယ်လို့တော့ကြားသိရပါတယ် တရားခွင်ကိုတော့ မလာရောက်ပါဘူး ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော့အတွေးသက်သက်ပဲ ဖြစ်မှာကြောင့် မပြောတော့ပါဘူး
အဲဒီတော့ ရုံးထိုင်တရားဝန်ကြီးက လျှောက်ထားခံရသူ မလာရောက်ကြောင်း မှတ်တမ်းတင်ပြီး နောက်ထပ်ရုံးချိန်းချိန်းဆိုပါတယ်
အဲဒီရုံးချိန်းမှာလည်း လျှောက်ထားခံရသူက မလာရောက်တော့ တရားဝန်ကြီးက ဘာတင်ပြမလဲလို့ ကျွန်တော့ကို မေးပါတယ်
ကျွန်တော်က ပြည့်ပြည့်စုံစုံ ရေးသားတင်ပြလိုတာကြောင့် နောက်ရုံးချိန်းမှာ တင်ပြပါ့မယ်လို့ ပြောတော့ တရားဝန်ကြီးက လျှောက်ထားခံရသူ ရုံးချိန်းပျက်ကွက်တာနဲ့ ပတ်သက်လို့ လျှောက်ထားသူဘက်က တင်ပြဖို့ ရုံးချိန်းပေးပါတယ်
သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၄၅ အရ လျှောက်ထားတဲ့အမှုတွေမှာ ဘယ်လိုလျှောက်ထားရမယ် လျှောက်ထားခံရသူက ဘယ်လိုဆောင်ရွက်ရမယ် ပျက်ကွက်ရင်ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ အဲဒီဥပဒေပါ ပြဌာန်းချက်ကို ပြောချင်ပါတယ်
သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ မှာ အဲဒီပုဒ်မအရ လျှောက်ထားနိုင်ဖို့ အချက် (၅)ချက်ကို (a) ကနေ (e) အထိ ဖော်ပြထားပါတယ်
အဲဒီအချက် (၅)ချက်နဲ့ ပတ်သက်လို့ ဓူဝံ နှင့် တရားသူကြီးချုပ်၊ ရန်ကုန်မြို့၊ တရားမရုံး ပါ- ၂ ၁၉၆၇ ၊ မ-တ-စ ၊ စာ- ၅၆၁ စီရင်ထုံးရဲ့ စာမျက်နှာ ၅၆၄ မှာ မြန်မာလိုဖော်ပြထားပါတယ် အဲဒါကို သိစေဖို့ မူရင်းက ကူးယူဖော်ပြလိုက်ပါတယ်
သီးခြား ၄၅ အရ အဆုံးအဖြတ်ပြုတဲ့ စီရင်ထုံးတွေလေ့လာရင်း တွေ့ရှိနိုင်တာက မက်ဆားရှန်တီလာ(လ်)အင်ဆန်း နှင့် အခွန်တော်စည်းကြပ်ကောက်ခံမှု စစ်ဆေးရေးအဖွဲ့ ၁၉၆၆ ၊ မ-တ-စ ၊ စာ- ၃၈၅ စီရင်ထုံးမှာ ရှေ့နေခကို ငွေကြေးနဲ့သတ်မှတ်ပေးတာမဟုတ်ဘဲ ရွှေဒင်္ဂါး ၅ ပြားလို့ သတ်မှတ်ပေးတာပါ အဲဒီစီရင်ထုံးကိုလည်း ကူးယူဖော်ပြလိုက်ပါတယ်။
Comments
Post a Comment