၃၂၆
ကျွန်တော်လိုက်ပါရတဲ့ ရာဇသတ်ပုဒ်မ ၃၂၆ ဒါးခုတ်မှုတခုမှာ တရားလိုရတဲ့ဒဏ်ရာက အပေါ်ဦးခွံရိုးနဲ့ချင်ဆီပြတ်သွားပြီး အောက်ဦးခွံရိုးမပြတ်တဲ့ ဒဏ်ရာပါ
အဲဒီဒဏ်ရာဟာ အပြင်းအထန်နာကျင်မှုဟုတ်-မဟုတ် သိလို တရားရုံးကိုတင်ပြလိုတာနဲ့ တိုက်ရိုက်စီရင်ထုံး တွေ့လိုတွေ့ငြား ရှာဖွေပါတယ်
အဲဒီလိုရှာဖွေရင်းက The Law Of Crime စာအုပ်မှာ ရာဇသတ်ကြီးပုဒ်မ ၃၂၀ သတ္တမအချက်မှာ " fracture of bone " လို့ပြဌာန်းထားတယ် ဒါကြောင့် " cutting of bone " ဟာ ၃၂၀အရ အပြင်းအထန်နာကျင်စေမှု မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အိန္ဒိယစီရင်ထုံးတခုကို တွေ့ရပါတယ်
ဒါပေမဲ့ အဲဒီသတ္တမချက်မှာဘဲ
" dislocation of bone " အရိုးကို တိမ်းလွဲစေခြင်း ဆိုတာပါဝင်ပါတယ် အဲဒီတော့ အရိုးဟာ ပြတ်တာဘဲဖြစ်ဖြစ် ကျိုးအက်ကွဲတာဘဲဖြစ်ဖြစ် တိမ်းလွဲတာဖြစ်တာကြောင့် အဲဒီစီရင်ထုံးအဆုံးအဖြတ်ကို ဘဝင်မကျပါဘူး ဒါပေမဲ့ကျွန်တော့အတွက်က အသုံးတည့်တဲ့စီရင်ထုံး ဖြစ်နေပါတယ်
ဒါနဲ့ အဲဒီစီရင်ထုံးအဆုံးအဖြတ်အကြောင်း ဆရာဦးကျော်ကျော်ဝင်းကို မေးကြည့်တော့ ဆရာက -
" အဲဒါ ကုလားတွေ ကတ်သီးကတ်သပ်ဆုံးဖြတ်ထားတာ အဟုတ်မှတ်မနေနဲ့ ကိုဥာဏ်မြင့် အပြင်းအထန်နာကျင်မှုဘဲ " လို့ ကျွန်တော့ကိုပြောပါတယ်
အဲဒီ ရာဇသတ်ကြီးပုဒ်မ ၃၂၀ ပါ သာမန်လူတွေ လုပ်ကိုင်မြဲအလုပ်ကို ရက်ပေါင်း ၂၀ အတွင်း မလုပ်ကိုင်နိုင်ရင် ဆိုတာနဲ့ပတ်သက်လို့ ပြောချင်ပါတယ်
အဲဒါကိုတော့ ဗဟိုတရားရုံး(မန္တလေး) တရားခွင်မှာ ကျွန်တော်ရှိနေတုံး အခြားအမှုမှာ ဥပဒေပညာရှင် ဒေါက်တာမောင်မောင်တိတ် လျှောက်လဲတင်ပြတာ ကျွန်တော်ကြားသိခဲ့ရတာကို ပြောချင်ပါတယ် သူလျှောက်လဲတင်ပြတာက -
" သာမန်လူတွေ နေ့စဥ်လုပ်ကိုင်မြဲအလုပ်မလုပ်ကိုင်နိုင်ရင်လို့ မြန်မာလိုပြဌာန်းထားတော့ နည်းနည်းရှုတ်ထွေးပါတယ် မြင်သာအောင် တင်ပြရရင် ဂေါက်ရိုက်တာဟာ သာမန်လူတွေ နေ့စဥ်လုပ်ကိုင်တာ မဟုတ်ပါဘူး ဂေါက်ရိုက်တဲ့သူက ဒဏ်ရာကြောင့် ရက်ပေါင်း ၂၀ အတွင်း ဂေါက်မရိုက်နိုင်တာမျိုးက သာမန်လူတွေ လုပ်ကိုင်မြဲအလုပ်ကို မလုပ်ကိုင်နိုင်တာ မဟုတ်ပါဘူး " လို့ ဖြစ်ပါတယ်
သာမန်နာကျင်စေမှု အပြင်းအထန်နာကျင်စေမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုစစ်ဆေးဆောင်ရွက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးများလက်စွဲ စာပိုဒ် ၅၃၀ ၊ ၅၃၂ ၊ ၆၂၅ ၊ ၆၂၆ ၊ ၆၂၇ တို့ကိုလေ့လာဖို့လည်း လိုအပ်ပါတယ်
အဲဒါတွေအနက်က ကျွန်တော်ပြောလက်စ အကြောင်းအရာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ တရားရုံးများလက်စွဲ စာပိုဒ် ၆၂၅ ဖော်ပြလမ်းညွှန်ချက်ကို ကူးယူဖော်ပြလိုက်ပါတယ် -
" ၆၂၅ ။ ။ အချို့ရာဇဝတ်တရားသူကြီးတို့သည်၊ ဒဏ်ရာများမှာ အပြင်းအထန်နာကျင်စေမှု မြောက်သည်မမြောက်သည်ကို သိသာရန်အလို့ငှာ၊ ဆေးဘက်ဆိုင်ရာ အရာရှိများအား ကျနစွာစစ်မေးခြင်းမပြု ပေါ့လျော့ပျက်ကွက်ကြလေသည်။ ရဲပုံစံ ၇၅၊ စာမျက်နှာ ၃ အောက်ခြေ၌ပါရှိသည့် ညွှန်ကြားချက်များသည်၊ ရဲကမိမိတို့၏ နောက်ဆုံးအစီရင်ခံစာများကို စီစဥ်ပြုလုပ်ရာ၌၊ ၄င်းတို့အား အကူအညီရစေရန် ရည်ရွယ်ထားသည်။ သို့ရာတွင် တရားရုံးသို့ အမှုရောက်ရှိလာသောအခါ၊ နာကျင်စေမှုများကို အမျိုးအစားခွဲခြားရန်မှာ၊ ဆေးဘက်ဆိုင်ရာသက်သေ၏ တာဝန်ဝတ္တရားမဟုတ်။ ရာဇသတ်ကြီးပုဒ်မ ၃၂၀ နှင့် သက်ဆိုင်သမျှ အကြောင်းအချက်များအားလုံးကို၊ ထိုဆေးဘက်ဆိုင်ရာ သက်သေထံမှ သိရှိရအောင် ရာဇဝတ်တရားသူကြီးက စစ်ဆေးပြီးနောက် ၊ နာကျင်စေမှုသည်၊ အပြင်းအထန် နာကျင်စေမှုဟုတ် မဟုတ်ကို ရာဇဝတ် တရားသူကြီးက ကိုယ်တိုင် ဆုံးဖြတ်ရမည်။ ဆေးဘက်ဆိုင်ရာ သက်သေက၊ " နာကျင်စေခြင်းသည် အပြင်းအထန် နာကျင်စေခြင်း ဖြစ်သည်ဟု ကျွန်ုပ် အမျိုးအစားခွဲခြားပါသည် " ဟု ထွက်ဆိုရမည်မဟုတ်။ သို့ရာတွင် " အရိုးတစိတ်တဒေသ ပြတ်ဝင်သွားသည်ကို ကျွန်ုပ် တွေ့ရသည်။" " သို့တည်းမဟုတ် အရိုးမှ အစတခု ပဲ့ထွက်သွားသည်။ " သို့တည်းမဟုတ် " လက်မမှာ အဆစ်လွဲသွားသည်။ " " သို့တည်းမဟုတ် ------ သောကြောင့်၊ လူနာမှာ တနေ့နှင့်နေ့ဝက် အသက်အန္တရာယ် စိုးရိမ်ဘွယ်ရှိခဲ့ရသည်ဟု ကျွန်ုပ် ထင်မြင်သည်။" သို့တည်းမဟုတ် " လူနာမှာ ဇွန်လ ၇ ရက်နေ့တွင် ဆေးရုံမှဆင်းသွားသော်လည်း၊ နောက်ရက်သတ္တပတ်အတွင်း စပါးရိတ်သိမ်းနိုင်မည် မဟုတ်ပါ။ " အစရှိသည်တို့ကိုသာထွက်ဆိုရမည်။
ဆေးဘက်ဆိုင်ရာ သက်သေကို စစ်မေးသည့်အခါတိုင်း၊ စာပိုဒ် ၅၃၀ နှင့် ၅၃၂ တို့တွင်ပါရှိသည့် ညွှန်ကြားချက်များအတိုင်း သက်ဆိုင်နိုင်သမျှ လိုက်နာရမည်။"
ဒါကြောင့်မို့ သာမန်နာကျင်စေမှုလား
အပြင်းအထန်နာကျင်စေမှုလားဆိုတာ ဆေးစာမှာဖော်ပြချက် ဆရာဝန်ရဲ့ထင်မြင်ချက်အရ အဆုံးအဖြတ်ပြုရမှာမဟုတ်ဘဲ တရားသူကြီးကိုယ်တိုင်က အဆုံးအဖြတ်ပြုရမှာလို့ မှတ်ယူဖို့ဖြစ်ပါတယ်
ရာဇသတ်ပုဒ်မ ၃၂၁ အရ မိမိအလိုအလျောက်နာကျင်စေရာမှာ နာကျင်စေဖို့ကြံရွယ်ပြီး အပြင်းအထန်နာကျင်စေရင် ဒါမှမဟုတ် နာကျင်မယ်လို့သိပြီး အပြင်းအထန်နာကျင်စေရင် အဲဒီလိုပြုလုပ်သူဟာ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု ဖြစ်စေတယ်လို့ ရာဇသတ်ပုဒ်မ
၃၂၂ မှာ ဖွင့်ဆိုထားပါတယ်
ပုဒ်မ ၃၂၂ ရဲ့ ရှင်းလင်းချက် ပထမပိုဒ်မှာတော့ အပြင်းအထန်နာကျင်စေမှုကို မပြုဘူး အပြင်းအထန်နာကျင်စေဖို့ မရည်ရွယ်ဘူး အပြင်းအထန်နာကျင်စေမယ်လို့ မသိဘူး ဆိုရင် အဲဒါဟာ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေတာ မဟုတ်ဘူး လို့ ပြဌာန်းထားပါတယ်
ဒီပြဌာန်းချက်ကတော့ ရာဇသတ် အခန်း ၄ ကင်းလွတ်ရမြဲအချက်များ ပါ -
- ဥပဒေအရ ပြုလုပ်ပိုင်ခွင့်ရှိသူက ဥပဒေကို အယူအဆလွဲတာ မဟုတ်ဘဲ အကြောင်းအရာကို အယူအဆလွဲပြီး သဘောရိုးနဲ့ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ဘူးလို့ ပြဌာန်းထားတဲ့ ရာဇသတ်ပုဒ်မ ၇၉
- ဥပဒေနဲ့အညီ သတိကောင်းကောင်းထားပြီး ရာဇဝတ်မကင်းတဲ့အကြံမရှိပဲ ပြုလုပ်ရာမှာ မတော်တဆ ဒါမှမဟုတ် ကံဆိုးလို့ ဖြစ်တာဟာ ပြစ်မှုမမြောက်ဘူးလို့
ပြဌာန်းထားတဲ့ ပုဒ်မ ၈၀
-လူ့ကိုယ်ခန္ဓာ ပစ္စည်းတို့အပေါ် တခြားဘေးအန္တရာယ်ကို လွှဲဖယ်ဖို့ တားဆီးဖို့ သဘောရိုးနဲ့ပြုလုပ်တာဟာ ပြစ်မှုမမြောက်ဘူးလို့ ပြဌာန်းထားတဲ့ ပုဒ်မ ၈၁ ပြဌာန်းချက်တွေနဲ့ လိုက်လျောညီထွေ ဆက်စပ်နေပါတယ်
ပုဒ်မ ၃၂၂ ရဲ့ ရှင်းလင်းချက် ဒုတိယပိုင်းမှာတော့ အပြင်းအထန်နာကျင်စေမှုတမျိုးဖြစ်အောင် ပြုလုပ်ပေမဲ့ တခြားအပြင်းအထန်နာကျင်စေမှုတမျိုး ဖြစ်စေခဲ့ရင် အဲဒါဟာလည်း မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေတာဖြစ်တယ်လို့ ပြဌာန်းထားပါတယ်
အဲဒါကိုမြင်သာစေတဲ့ဥပမာကတော့ လူတယောက်က ပေါက်ပြားအသွားနဲ့ ထိခိုက်ပြီး နာကျင်စေဖို့ ပေါက်ပြားနဲ့ခုတ်တယ် ဒါပေမဲ့ ပေါက်ပြားဟာ လည်သွားပြီး ပေါက်ပြားအနှောင့်နဲ့ထုမိတယ် အဲဒီလိုထုမိပြီးအပြင်းအထန်ဒဏ်ရာရစေတာဟာ အဲဒီလူက မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေတာ ဖြစ်ပါတယ်
Comments
Post a Comment