Share အမျိုးအစားများ

ကုမ္ပဏီထောင်လျှင် သိရမယ့် ရှယ်ယာ အမျိုးအစားများ

............................................

အခုနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ခုလုပ်တဲ့အခါ ယခင်လိုလုပ်ငန်းလိုင်စင်သက်သက်နဲ့လုပ်ကိုင်တာမျိုးမဟုတ်တော့ပဲ တရားဝင်ကုမ္ပဏီတွေထောင်ပြီးလုပ်ကိုင်လာကြတာတွေ့ရပါတယ်။ ကုမ္ပဏီထောင်ပြီးလုပ်ကိုင်တာဟာ ကိုယ့်အတွက်အခွင့်အရေးတွေလည်းပိုတိုးလာသလို၊ အခွန်ကိစ္စစာရွက်စာတမ်းကိစ္စတွေကြောင့်လည်း ကယိကထများပါတယ်။ ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြတဲ့အခါ တစ်ဦးတည်းပိုင်လုပ်ငန်း တွေအပြင် စပ်တူရှယ်ယာ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ရှယ်ယာ ရောင်းချချင်တာဘဲ ဖြစ်ဖြစ်၊ ဝယ်ချင်တာဘဲ ဖြစ်ဖြစ် ဘာမှမလုပ်ခင်မှာ ရှယ်ယာအမျိုးအစား တွေနဲ့ တစ်ခုချင်းရဲ့ Rules and Regulation တွေကို နားလည်ထားမှ အဆင်ပြေနိုင်မှာပါ။ အခုပြောပေးမှာကတော့ Online ကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ကို လျှောက်လွှာတင်တဲ့အခါ MyCO Website မှာရွေးချယ်ရတဲ့ ရှယ်ယာအမျိုးအစား (Share Class) တွေအကြောင်းပါ။

-

Share ဆိုတာ ဘာလဲ?

-

Share ဆိုတာ Company တစ်ခုရဲ့ ရင်းနှီး မြုပ်နှံမှု (သို့) ငွေအရင်းအနှီးကို အချိုးအစားအလိုက် ပိုင်ဆိုင်မှု ယူနစ်တစ်ခု ဖြစ်ပါတယ်။ အစုအစပ်ပါဝင်သူတွေ (ရှယ်ယာရှင် )တွေက Company ရဲ့ အမြတ်အစွန်းတွေကို တောင်းဆိုခံစားခွင့် ရှိယုံတင်မက Companyရဲ့ အကြွေးတွေနဲ့ အရှုံးတွေကို လည်းတာဝန်ခံရပါမယ်။ Share တွေကိုတော့ Company တွေ၊ ရှယ်ယာရှင်တွေ အပေါ်လိုက်ပြီး အမျိုးမျိုး ခွဲခြားထားပါတယ်။

-

Ordinary Share (ORD)

-

Ordinary Share ဆိုတာက တော်တော် များများ အသုံးပြုကျလေ့ရှိတဲ့ Share ပုံစံ ပါပဲ။ သူတို့မှာ Company ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် မဲပေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ကိုသူတို့ရထားတဲ့ Share ရာခိုင်နှုန်း အလိုက် အခွင့်အရေးရကြပါတယ်။ 

Ordinary Share မှာ 

(၁) Class A Share

(၂) Class B Share

(၃) Class C Share ဆိုပြီးပြန်ခွဲတတ်ပါတယ်။

-

Class A Share (A)

-

Class A Share ကတော့ လုပ်ငန်း ရဲ့ CEO, Chairman တွေ၊ ထိပ်သီးအရာရှိကြီး တွေကိုပေးထားတဲ့ Share ပါ။ သူ့မှာ အခြား Class Share တွေထက် Voting Right (မဲပေးပိုင်ခွင့်) တွေအများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် Class A Share တွေအပြင်ကို ထုတ်မရောင်းပါဘူး၊ ပြီးတော့ ရှယ်ယာရှင် အချင်းချင်းလည်း လွှဲပြောင်း ရောင်းချလို့လည်းမရပါဘူး။ အမြတ်ဝေစု ခွဲဝေရင် ဖြစ်ဖြစ် လုပ်ငန်းကို ရောင်းချပြီး ရှယ်ယာခွဲ ရင်ဘဲဖြစ်ဖြစ် Class A Share တွေကို အရင်ဆုံးပေးရပါတယ်။

-

ဥပမာ - Company တစ်ခုကအကြွေးတင်နေလို့ Share တွေထုတ်ရောင်းတာဘဲဖြစ်ဖြစ်၊ Company တစ်ခုလုံးကို ရောင်းချတာဘဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကြွေးရှင်တွေကို အရင်ဆုံး အပြည့် အဝပေးချေရပါတယ်။ ပြီးရင် Class A Share ပိုင်ဆိုင်သူတွေကို ခွဲဝေပေးရပါတယ်။

-

Class B Share (B)

-

Class B Share ဆိုတာက Class A Share ထက် Voting Right  နည်းပါတယ်။ အမြတ်ခွဲဝေမှုမှာလည်း Class A နဲ့ နောက်မှသာ Class B ကို ခွဲဝေပေးပါတယ်။ Class B Share တွေကိုတော့ Class A လိုမဟုတ်ဘဲ လွှဲပြောင်းလို့၊ ရောင်းချလို့ရပါတယ်။ Class B Share ပမာဏနဲ့ ဝယ်ယူထားတဲ့ အချိန်ကာလ တစ်ခုကြာလာပြီဆိုရင် Class A Share အဖြစ်သို့ ပြောင်းလဲလို့ရတတ်ပါတယ်။ (နောက်ဆုံးတစ်ချက်ကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မူတည်ပါတယ်)

-

Class C Share (C)

-

Class C Share ကတော့ Share တွေကို ၁နှစ်၊ ၂နှစ်လောက်ဝယ်ထားပြီး ပြန်ရောင်းချင်တဲ့ Investors တွေအတွက် ပိုအဆင်ပြေပါတယ်။ Class C Share မှာတော့ Voting Right မရှိပါဘူး ။ Class B လိုမျိုး သူရဲ့ Share တွေလို့လည်း လွှဲပြောင်း ရောင်းချလို့ရပါတယ်။

-

Preference Share (PRF)

-

Preference Share ပိုင်ဆိုင်သူများသည် ပုံမှန် အားဖြင့် Ordinary Share ပိုင်ဆိုင်သူများလို Voting Right မရှိကြပါဘူး။ Preference Share ပိုင်သူများကို Ordinary Share ပိုင်ဆိုင်သူများနဲ့အတူ လိုတဲ့ အမြတ်ကို ခွဲဝေပေးလေ့ ရှိပါတယ်။ Company ဒေဝါလီခံရရင် Company ရဲ့ ပိုင်ဆိုင်မှု (Assets ) ထဲကနေပြီး Preference ရှယ်ယာရှင်များကို ခွဲဝေပေးအပ်ရပါတယ်။အများအားဖြင့် Preference Share တွေရဲ့ အမြတ်က ပုံသေသတ်မှတ်ထားလေ့ ရှိပါတယ်။

ဥပမာ။  ။ တစ်လကို ၅သိန်းဆိုရင် လုပ်ငန်းမြတ်မြတ်ရှုံးရှုံး ၊ ၅သိန်းပေးချေပေးရပါတယ်။

-

Redeemable Share (RED)

-

Redeemable Share ဆိုတာက တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Share တွေကို အချိန်တစ်ခု (သို့) အခြေအနေ တစ်ခုရောက်ရင် ငွေသား(သို့) ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြန်လည်ရွေးနှုတ်လို့ရတဲ့ Share အမျိုးအစားတစ်ခုပါ။ Company ကလည်း ပြန်လည် ဝယ်ယူလို့ရပါတယ်။ ပုံမှန်အားဖြင့် Share မဝယ်ခင်ကတည်းက ပြန်လည်ရွေးနှုတ်လို့ ရတဲ့ အချိန်အပိုင်းအခြား (သို့) အခြေအနေတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။ 

Redeemable Share တွေကတော့ လုပ်ငန်းအခြေအနေနဲ့ ဝယ်ယူသူတွေပေါ်မှာ မူတည်ပြီး စည်းကမ်းတွေကိုတော့နှစ်ဦး နှစ်ဖက် ညှိုနှိုင်းပြီး သတ်မှတ်ကျပါတယ်။

-

Redeemable  Preference  Share (REDP)

-

Redeemable Preference  Share ဆိုတာကတော့ ရှင်းပါတယ်။ Redeemable Share နဲ့ Preference  Share (၂)ခုရဲ့ ဝိသေသတွေပေါင်းစပ်ထားတာဘဲ ဖြစ်ပါတယ်။ Shareholder  ကတော့ Preference Share လိုဘဲ လစဉ်(သို့) နှစ်စဉ် ၊ ပုံသေငွေ ပမာဏ တစ်ခုရနေ သလို အချိန်တစ်ခုရောက် ရင် Redeemable Share လိုဘဲ ပြန်လည်ရောင်းချလို့(သို့) Company ကပြန်လည်ဝယ်ယူလို့ ရပါတယ်။

-

Management Share (MGM) နဲ့ Employee Share (EMP)

-

Management Share နဲ့ Employee Share ကတော့ လုပ်ငန်းထဲမှာလုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေကို လုပ်သက်အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ပေး (သို့မဟုတ်) ထုတ်ရောင်း တဲ့ ရှယ်ယာအမျိုးအစားပါ။ ရည်ရွယ်ချက်ကတော့ သစ္စာရှိဝန်ထမ်း တွေကို ပိုကြိုးစားအောင်/ အလုပ်မှာတည်မြဲအောင်၊ အခြားရှယ်ယာရှင်တွေရဲ့ လုပ်ငန်းအပေါ် မျှော်လင့်ချက်တွေကို နားလည်ပြီး ပူးပေါင်းဖော်ဆောင်ဖို့ မက်လုံးအနေနဲ့ ထုတ်ပေးတဲ့ရှယ်ယာအမျိုးအစားပါ။ သူလည်းပဲ အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။

Management Share ကတော့ ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေကို ထုတ်ပေးထားတဲ့ ရှယ်ယာအမျိုးအစားဖြစ်ပြီး Employee Share ကတော့ကျန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ရှယ်ယာအမျိုးအစားပါ။ ဒီ Management Share နဲ့ Employee Share ရှယ်ယာရှင်အနေနဲ့ကတော့ ကျန်တဲ့ရှယ်ယာအမျိုးအစားတွေကို အမြတ်ခွဲဝေပြီးမှ ကျန်တဲ့ အမြတ်ကို ခွဲဝေယူရတာပါ။ (Management Share နဲ့ Employee Share ကတော့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်းပဲသွားတတ်ပါတယ်)

-

Company အများစုကတော့ စတင်တဲ့အချိန်မှာ Voting Right အရင်းအနှီးနဲ့ ခွဲဝေမှု တွေတန်းတူ ဖြစ်စေဖို့ အတွက်တော့ Ordinary Share နဲ့ စတင်ကြတာဖြစ်ပါတယ်။ Share အသစ်တွေထုတ်ပေးတာကတော့ ပြောင်းလွယ်ပြင်လွယ်ပြီး မတူညီတဲ့ အခွင့်အရေးတွေလိုအပ် လာတဲ့အခါကျရင် အထက်ပါ Ordinary Share တွေကို ပြန်လည်ခွဲဝေရောင်းချ သတ်မှတ်ခြင်းဖြစ်သည်။ Company တစ်ခုက Share Class အမျိုးမျိုးခွဲခြား ထုတ်ပေးလို့ရသည့် အပြင် Shareholder တွေအနေနဲ့ လည်း Share Class တစ်ခုထက်ပိုပြီး ပိုင်ဆိုင်လိုရပါတယ်။ ဒီလိုပိုင်ဆိုင်ခြင်းအားဖြင့် မတူညီသော အခွင့်အရေးတွေ (ဥပမာ- မဲပေးခွင့် (သို့) အမြတ်များရပိုင်ခွင့် ) တွေမှာ အကျိုးအမြတ်များရရှိနိုင်ပါတယ်။


Comments