ပြန်လည်ပေါင်းသင်းလိုမှု ( ခေါ်လိုမှု )


မိမိထံမှ အကြောင်းမဲ့ထွက်ခွာသွားသော မယား သို့မဟုတ် လင်အား “ ပြန်လည်ပေါင်းသင်းလိုမှု “ ဖြင့် တရားစွဲ ဆိုနိုင်လေသည်။ တရားစွဲဆိုလိုသူသည် မိမိ၌ အပြစ်ကင်းကြောင်း၊ ထွက်ခွာသွားသူ၌သာလျှင် အပြစ်ရှိကြောင်း ထင်ရှားအောင် ပြရန်လိုပေသည်။
မြန်မာဗုဒ္ဓဘာသာများသည် ဤအမှုမျိုးကို စွဲနိုင်-မစွဲနိုင်ဆိုသည့်ပြဿနာနှင့်ပတ်သက်၍ ရှေးကဆန့်ကျင် ဘက် စီရင်ထုံးများ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယခုအခါတွင် စွဲဆိုနိုင်သည်ဆိုသည့်အချက်မှာ အတည်တကျဖြစ် နေသည့် ဥပဒေတစ်ရပ်ဖြစ်နေပေပြီ ။ စီရင်ထုံးများမှာလည်း တစ်ညီတစ်ညွတ်တည်း ဖြစ်နေပေပြီ။ 
“ မသိန်းနွယ် နှင့် မောင်ခ ( ၇ ရန်ကုန် ၄၅၁ )”။
စီရင်ထုံးတစ်ခု 
“ မောင်စိန် နှင့် ခင်သက်ကြီး [ ၂ ယူဘီအာ ( ၁၉၀၄ -၀၆) ၅]” ၌ လင်သည် မယားအား နှိပ် စက်ညှင်းပန်းပြီး တစ်နှစ်နှင့် ခုနှစ်လမျှ စွန့်ပစ်ထားသည်။ ထို့နောက် လင်က ၎င်းနှင့်အတူ လာရောက် နေ ထိုင်ရန် “ပြန်လည်ပေါင်းသင်းလိုမှု” တရားစွဲသည်။ ထိုအမှုတွင် မယား၌ ငြင်းဆိုပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ် ပြီး မယားအား အနိုင်ပေးသည်။
လင်သည် အခြားမိန်းမနှင့် ကျူးလွန်သည့်အတွက် လင်မယားရန်ဖြစ်ပြီး မယားက တစ်ခြားခွဲနေထိုင်သည်။ လင်က “ ပြန်လည်ပေါင်းသင်းလိုမှု” တရားစွဲရာ လင်သည် မယားအား ပြန်ခေါ်နိုင်ခွင့်မရှိဟု ဆုံးဖြတ်သည်။ 
“ မသိန်းနွယ် နှင့် မောင်ခ ( ၇ ရန်ကုန် ၄၅၁ )”။
မောင်ကြွယ် နှင့် မကြင်တို့သည် ဆယ့်တစ်နှစ်မြောက် ပေါင်းသင်းခဲပြီး သားသမီးသုံးယောက်ရသည်။ မောင်ကြွယ် မယားငယ်ယူသောအခါ မကြင်က ၎င်း၏ညီမနှင့်အတူ သွားရောက်နေထိုင်သည်။ မောင်ကြွယ်က မကြင်အပေါ် ပြန်လည်ပေါင်းသင်းလိုမှု စွဲဆိုရာ မောင်ကြွယ်မှာ အပြစ်ရှိသည်ဖြစ်၍ မယားအား ခေါ်နိုင်ခွင့် မရှိကြောင်း စီရင်ဆုံးဖြတ်သည်။ 
“ မောင်ကြွယ် နှင့် မကြင် ( ၈ ရန်ကုန် ၄၁၁ ) “။
လင်က မယားအား မဟုတ်မမှန်ဘဲ ပြစ်မှုစွပ်စွဲခြင်းသည်လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာမယားသည် ဘာသာခြားယောကျာ်း၏ အပျော်မယားနှင့် တစ်အိမ်တည်း အတူနေရန် ငြင်းဆိုခြင်းသည်လည်းကောင်း မယားအဖို့ လင့်ထံမှ ထွက်ခွာသွားလောက်အောင် ခိုင်လုံသည့် အကြောင်းရပ်များဖြစ်သည်ဟု စီရင်ထုံးတစ်ခု 
“မရာရှင် နှင့် နီယာဆင်း ( အေအိုင်အာ ၁၉၃၅ ရန်ကုန် ၃၆ )”။
မယားသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်သူ မဟုတ်ပေ။ မိဘနှစ်ပါး ပေးစားထိမ်းမြား၍ လင်မယားအရာ မြောက်ပြီးမှ မယားက အရွယ်မရောက်သေးဆိုသည့် အကြောင်းပြပြီး လင့်ထံမှ ထွက်ခွာသွားရာ လင်က မယားအား ပြန်လည်ပေါင်းသင်းလိုမှု တရားစွဲသည်။ ထိုအမှု၌ ထိမ်းမြားသည့် မယားသည် ငယ်ရွယ်သူ မဟုတ် တော့ဟု ဆုံးဖြတ်သည်။ 
“မောင်မြတ်သာ နှင့် မသုန် [၂ ယူဘီအာ( ၁၈၉၂-၉၆ ) ၂၀၀]”။
သမက်က ယောက္ခမအား မချေမငံ ပြောဆိုခြင်းသည် မသင့်လျော်သော်လည်း အိမ်ထောင်ရေးပြစ်မှု မဟုတ်သောကြောင့် လင်၌ ဇနီးအား ပြန်လည်ပေါင်းသင်းရန် ခေါ်ယူခွင့် ဆုံးရှုံးပြီဟု မယူဆနိုင်ချေ။ 
“မအေး အေး နှင့် မောင်ကြည် ( ၁၉၆၇ မတစ ၇၃၀ )”။
လင်၌ သီးခြားအလုပ်အကိုင် ဝင်ငွေမရှိခြင်း 
“မထား နှင့် မောင်အေးအောင် 
( အေအိုင်အာ ၁၉၃၀ ရန်ကုန် ၁၁၁ )” သည် 
မယား လင့်ထံမှ ထွက်ခွာသွားလောက်အောင် ခိုင်လုံသည့်အကြောင်းများ မဟုတ်ပေ။
လင်ယောကျာ်းတစ်ဦးသည် ဇနီးမယားအား ပြန်လည်ပေါင်းသင်းလိုမှု စွဲဆိုရာတွင် တကယ်ပြန်လည် ပေါင်း သင်းလို၍မဟုတ်ဘဲ မယားစရိတ် မပေးလိုသည့်အတွက်ကြောင့်သာ ဖြစ်သည်ဟု ပေါ်ပေါက်နေပါက ပြစ်မှု ဆိုင်ရာ တရားသူကြီးသည် မယားစရိတ်အမိန့်ကို ပယ်ဖျက်ရန် ငြင်းဆိုပြီး လင်ဖြစ်သူအား စားစရိတ်ပေးရန် အမိန့်ချမှတ်နိုင်ပေသည်။
“ယောကျာ်းဖြစ်သူက ဇနီးအား ပြန်ခေါ်ပေါင်းသင်းခွင့် တရားမရုံးတွင် တောင်းခံရရှိထား၏။ ထိုအမိန့်သည် တည်နေ၏။ ဇနီးဖြစ်သူကလည်း ယောကျာ်းနှင့်ခွဲ၍ တသီးတခြားနေရစဉ်အတွင်း မယားစရိတ်ကို ပြစ်မှုဆိုင် ရာရုံးတွင် တောင်းခံရရှိ၏။ ခွဲခွာနေရသည့်ကာလအတွက် ရုံးက ခွင့်ပြုခဲ့သော မယားစရိတ်ကိုပေးရန် လင်ယော ကျာ်းတွင် တာဝန်ရှိ၏။ မယားအား ပြန်ခေါ်ပေါင်းသင်းခွင့်နှင့် တသီးတခြားနေစဉ် ကာလအတွက် မယားအား ထောက်ပံ့ရန် တာဝန်တို့သည် ဆန့်ကျင်သည်ဟု မဆိုနိုင်။ တာဝန်နှင့် ရပိုင်ခွင့်ယှဉ်တွဲလျက်ရှိသည်။ 
“ မောင် ဉာဏ်ထွန်း နှင့် မအေးရင်ဖြူ ( ၁၉၅၁ မတစ ၉ )”။
အချုပ်အားဖြင့်ရေးရလျှင် လင်မယားတို့သည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် ပဋိညာဉ်တို့ကို အခြေပြု၍ထားခြင်းဖြစ်ရာ လုံလောက်သည့်အကြောင်းမရှိဘဲ လင့်ထံမှ ဖြစ်စေ၊ မယားထံမှဖြစ်စေ ထွက်ခွာခြင်း မပြုနိုင်ပေ။ လုံလောက်သည့်အကြောင်းမရှိဘဲ ထွက်ခွာသွားလျှင် ကျန်ရစ် သူက “ ပြန်လည်ပေါင်းသင်းလိုမှု” စွဲဆိုလျှင် အနိုင်ရမည်ဖြစ်ပေသည်။
အောက်မြန်မာပြည် “တရားဌာန” “ ကော်မရှင်မင်းကြီးရုံး” မှ ၁၈၈၃ ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့က ဆုံးဖြတ် သည့် 
“ မလှအောင် နှင့် မအေး [အက်ဂျေ ၂၁၉ ( ၂၂၁ )]” အမှုတွင် “ဗုဒ္ဓဘာသာဥပဒေအရ ယောကျာ်းနှင့် မိန်းမ တန်းတူအခွင့်အရေးရှိသည်” ဟု မှတ်ချက်ချထားသည်ကို တွေ့ရသည်။
မြန်မာဗုဒ္ဓဘာသာဝင်လင်မယားတို့သည် ပစ္စည်းခန်း၌ “ပူးတွဲပိုင်ဆိုင်သူများ” အဖြစ်မဟုတ်ဘဲ “အတူပိုင်ဆိုင် သူများ” အဖြစ် တည်ရှိနေပေသည်။
“မအုန်းကြည် နှင့်ဒေါ်နှင်းနွယ် 
( ၁၉၅၃ မတစ လွှတ်တော် ၃၃၂)”။
ထိမ်းမြားခြင်းမပြုမီ သို့မဟုတ် ထိမ်းမြားပြီးနောက် ပေါင်းသင်းနေစဉ် ရရှိသည့် ပစ္စည်းရပ်အားလုံးသည် လင်နှင့်မယား နှစ်ဦး၏ အကျိုးခံစားမှုအတွက်ဖြစ်လာသည်။ ထိုပစ္စည်းရပ်များတွင် လင်မယားနှစ်ဦး စလုံး ၌ အချိးကျ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်ရှိသည်။ 
“မအေးတင် နှင့် ဒေါ်သန့် ( ၁၉၄၀ ရန်ကုန် ၈၃၁)”။
အိမ်ထောင်ကြီး ( အိမ်ထောင်ပြုဖူးသူများ ) ချင်း ထိမ်းမြားကြသည့်အခါ တစ်ဦးကပါလာသော ပစ္စည်း ၌ တစ်ဦးက မည်သည့်အကျိုးခံစားခွင့်မျှ မရှိကြချေ။ အကြောင်းမှာ ထိုပစ္စည်းမျိုးသည် နှစ်ဦးပိုင်ပစ္စည်း မဖြစ်နိုင်သောကြောင့်တည်း။ “ ဦးထန်မှတ် နှင့် ဦးဘသိန်း ( ၁၉၆၂ မတစ ရုံးချုပ် ၃၄ )”။
ထီပေါက်သည့်ငွေဖြင့် မြေနှင့်အိမ်ကို လင်တစ်ဦးတည်း၏အမည်နှင့် ဝယ်သည်ဖြစ်စေ၊ လင်မယား နှစ်ဦး စလုံး၏အမည်နှင့် ဝယ်သည်ဖြစ်စေ၊ လင်မယားနှစ်ဦးပိုင်ပစ္စည်းဟူ၍ မှတ်ယူရသည်။ အမှုတစ်ခုတွင် မယားက မြေနှင့်အိမ်ကို လင်တစ်ဦးတည်းအမည်ဖြင့် ဝယ်ခဲ့စေကာမူ ၎င်း၏ကိုယ်ပိုင်ငွေနှင့် ဝယ်ယူခဲ့သောကြောင့် ၎င်းပိုင်ကြောင်း ကြေညာပေးရန် စွဲသည်။ လင်က မယားသည် ၎င်းအား မကြာခဏစွန့်ပစ်ပြီး အခြားလူများနှင့် ကျူးလွန်ခြင်းကြောင့် မရထိုက်ပါဟု ချေပသည်။ တရားရုံးချုပ်က လင်၏ ချေပချက်ကို ကွာလိုမှု၌သာလျှင် စဉ်းစားနိုင်ပေမည်။ အချင်းဖြစ်အိမ်နှင့် မြေမှာ လင်မယားနှစ်ဦးပိုင်ဖြစ်သည်ဟု ဆုံးဖြတ်သည်။ 
“ဦးဂန္ဓ နှင့် မမြကြင်” ( ၁၉၆၂ မတစ ရုံးချုပ် ၁၃၁ ) “ ။
(ဦးမြစိန်၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၏အခြေခံမူများ ၊ စာ ၄၃)



Comments