သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်း
သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်း
အမှုပိတ်သိမ်းသည့်အခါ သက်သေခံပစ္စည်း စီမံ ခန့်ခွဲ ရေး ဆောင်ရွက် ရာ တွင် ဂျူနီယာ တရားသူကြီး မောင်၊ ညီမများ အထောက်အကူရရှိစေရန် ၊ အမှု စစ်ဆေးစီရင်မှုဆုံးခန်းတိုင်ရောက်သည့်အခါ သက်သေခံပစ္စည်းများကိုစီမံ ခန့်ခွဲခြင်း နှင့် ပတ်သက်၍ ဥပဒေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဤစာကိုရေးသားပါသည်။
တရားရုံး၌ အမှုစွဲဆိုစဥ် သက်သေခံအဖြစ် သိမ်းဆည်းတင်ပြထားသော သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၆-က၊၅၁၇၊ ၅၁၉၊၅၂၀၊ ၅၂၁၊၅၂၂၊၅၂၃၊၅၂၄၊၅၂၅ တို့ နှင့် တရားရုံးများလက်စွဲ အပိုဒ် ၁၀၉၁ မှ ၁၁၀၀ အထိ၊ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ်-၈ တို့ တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
အမှုဆုံးဖြတ်မပြီးမီအတွင်း ပစ္စည်းကိုစီမံခန့်ခွဲရန် နှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၆-က တွင်လည်ကောင်း၊ စစ်ဆေးစီရင်မှုဆုံးခန်းတိုင်ရောက်သည့်အခါ ပစ္စည်းကိုစီမံခန့်ခွဲရန် နှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇(၁) တွင်လည်းကောင်း ပြဌာန်းထားသည်။
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းရာတွင် သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်း နှင့် ပတ်သက်၍ တရားရုံးချုပ်(ယခင်) ၏ ညွှန်ကြားချက် အမှတ် ၁၁/၈၉ ကိုထုတ်ပြန်၍ လမ်းညွှန်ထားချက် လည်းရှိသည်။
အထူးဥပဒေများနှင့် ဒေသန္တရ ဥပဒေတို့တွင် ယင်းဥပဒေပါ ပြစ်မှုနှင့်စပ်လျှဉ်းသည့် သက်သေခံပစ္စည်းအပေါ် မည်ကဲ့သို့ အမိန့်ချမှတ်နိုင်ကြောင်း သီးခြားပြဌာန်းချက် များ ပါရှိ လျှင် ယင်းပြဌာန်းချက်များနှင့် အညီ ကျင့်သုံးဆောင်ရွက်ကြရသည်။
အကယ်၍ အထူးဥပဒေများနှင့် ဒေသန္တရ ဥပဒေတို့ တွင် သက်သေခံပစ္စည်းအပေါ် မည်ကဲ့သို့ အမိန့်ချမှတ်နိုင်ကြောင်း သီးခြားပြဌာန်းချက် မပါရှိလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရမည်ဟု ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁ တွင် ပြဌာန်းထားသည်။
( ကိုလှမြင့်(ခ) ဘာဘူ ပါ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ၁၉၈၂ မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၆၄ ကို ကြည့်ပါ)။
တရားရုံးများသည် ပြဌာန်းဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ကြရာ၌ စစ်ဆေးစီရင်ရသော အမှု တစ်မှုချင်း အလိုက် ပုံစံအမျိုး မျိုးကွဲပြား တတ် သလို ၊ အမှု ဖြစ်ပွားပုံ၊ သက်သေခံပစ္စည်း လက်ဝယ်ထားရှိသူ၊ ပေါ်ပေါက်နေသော အကြောင်းခြင်း ရာများ မှာလည်း တစ်မှု နှင့် တစ်မှု တူညီမှု မရှိတတ်သဖြင့် တရားသူကြီးများက မိမိတို့၏ ဆင်ခြင်တုံ တရားဖြင့် တွေးတောဆင်ခြင်ကာ အမှုမှ သက်သေခံ ပစ္စည်းများ နှင့်ပတ်သက်၍ တရားမျှတမှုရှိရှိ စီမံခန့်ခွဲသည့် အမိန့်ကို ချမှတ်ပေးကြရသည်။
ထိုသို့ချမှတ်ရာတွင် မြန်မာနိုင်ငံသည် Common Law System ကို အခြေခံသည့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အားလျှော်စွာ ခေတ်အဆက်ဆက် တရားရုံးချုပ် တရားသူကြီးများ သုံးသပ်ဆုံးဖြတ်ထားသည့် စီရင်ချက်များကို ထုံးပြုထုတ်ဝေထားသည့် စီရင်ထုံးများမှ အတွေးအခေါ် ၊ ကောက်ယူ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တို့ကိုလည်း ဥပဒေပြဌာန်းချက် ကဲ့သို့ပင် လိုက်နာ ကျင့်သုံး ကြရသည်။ အကြောင်းခြင်းရာ အဖြစ်အပျက် တူညီမှုရှိသည့် စီိရင်ထုံးများမှ ထုံးဖွဲ့ လမ်းညွှန်မှု များ ကို နမူနာ ယူကြရသည်။ လိုက်နာ ကျင့်သုံး ၍ ဆုံးဖြတ်ကြရသည်။
စစ်ဆေးစီရင်မှု ဆုံးခန်းတိုင်ရောက်သည့်အခါ သက်သေခံပစ္စည်းကို စီမံခန့်ခွဲခြင်း နှင့် ပတ်သက်၍ ရေးသားလိုပါသည်။
စစ်ဆေးစီရင်မှု ဆုံးခန်းတိုင်ရောက်သည့်အခါ သက်သေခံပစ္စည်းကို စီမံခန့်ခွဲခြင်း နှင့် ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ (၁) တွင် အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇(၁)
×××..မည်သည့် ပြစ်မှုဆိုင်ရာ တရားရုံးတွင်မဆို စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု ဆုံးခန်းသို့ ရောက်ရှိသည့်အခါ တရားရုံးသို့တင်ြပထားသော ၊ သို့မဟုတ် တရားရုံးက ထိန်းသိမ်းထားသော ပစ္စည်း၊ သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို ဖြစ်စေ၊ ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်း နှင့် စပ်လျှဉ်းသည် ဟု ယူဆရန် အကြောင်းရှိသော ပစ္စည်း သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခု ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ပစ္စည်း၊ သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခု ကိုဖြစ်စေ၊ တရားရုံးသည် ဖျက်ဆီးစေရန်၊ ပြည်သူ့ဘဏ္ဌာအဖြစ် သိမ်းဆည်းစေရန်၊ သို့မဟုတ် လက်ရှိထားခွင့်ရှိသည် ဟု တောင်းဆိုသူအား ပေးအပ်စေရန် သို့မဟုတ် အခြားနည်းဖြင့်ဆောင်ရွက်စေရန် အတွက် သင့်သည် ထင်မြင်သည့် စီမံ ခန့်ခွဲမှု အမိန့် တစ်ရပ် ကို ချမှတ်နိုင်သည်..××××
ထို့ကြောင့် တရားရုံးများသည် အမှု စစ်ဆေးစီရင်မှု ဆုံးခန်းတိုင်ရောက်ရှိလျှင် အမှု၌ အပ်နှံ ၊ တင်ပြထားသည့် သက်သေခံ ပစ္စည်းကို - ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၇ (၁) အရ ---
- ဖျက်ဆီးစေရန်၊သို့မဟုတ်
- ပြည်သူ့ဘဏ္ဌာ အဖြစ် သိမ်းဆည်းစေရန်၊သို့မဟုတ်
- လက်ရှိထားခွင့်ရှိသည် ဟု တောင်းဆိုသူအား ပေးအပ်စေရန်၊ သို့မဟုတ်
- အခြားနည်းဖြင့်ဆောင်ရွက်စေရန် အတွက် သင့်သည် ထင်မြင်သည့် စီမံ ခန့်ခွဲမှု အမိန့် စသည့် အမိန့်တစ်ရပ်ရပ် ကို ချမှတ်နိုင်မည် ဖြစ်ပါသည်။
ရှေ့ဦးစွာ ခိုးမှု များမှ သက်သေခံ ပစ္စည်းများ စီမံခန့်ခွဲခြင်း အကြောင်း ရေးသားလိုပါသည်။ “ ခိုးမှု က သက်သေခံ ပစ္စည်း များ ဘာများရေးစရာ ရှိ လို့လဲ ၊ တရားခံ ဆီ က ဖမ်းမိ ၊ ပိုင်ရှင် ပြန်ပေး ပြီးတာပဲ “ ဟု ထင်စရာ ရှိပါသည်။ မဟုတ်ပါ ၊ လက်တွေ့ တွင် အမှု အဖြစ်အပျက် တို့သည် အမျိုးမျိုး အဖုံဖုံ ရှုပ်ထွေး လှချေသည်။
နမူနာ အမှုများဖြင့် ရှင်းလင်း တင်ပြလိုပါသည်။
ခိုးမှု
-ခိုးမှု ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ( သုံးနှစ်ထိထောင်ဒဏ် တစ်မျိးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ် စေချမှတ်နိုင်)
- ခိုးမှု ၊ ရာဇသတ်ကြီး ပုဒ်မ၃၈၀ ၊ လူနေရန် သို့မဟုတ် ပစ္စည်းသိုလှောင်ရန် အသုံးပြုသော နေအိမ်၊ အဆောက်အအုံ၊ ရေယာဉ် တစ်ခုခု အတွင်းမှ ပစ္စည်းကို ခိုးမှု ( ခုနှစ် နှစ်ထိထောင်ဒဏ် တစ်မျိးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ် လည်းချမှတ်နိုင်)
💧ခိုးရာပါ ပစ္စည်းကို သဘောရိုး ဖြင့်ဝယ်ယူခြင်း💧
အမှု-၁။
မောင်ဖြူသည် ဦးနီ၏ ဆန်စက်မှ စက်ပစ္စည်းများကို ဦးနီ မရှိခိုက် ခိုးယူ၍ ဒေါ်လှ၊ ဒေါ်မြတို့ထံ သွားရောက်ရောင်းချခဲ့သည်။ ဒေါ်လှ၊ ဒေါ်မြ တို့ကလည်း တန်ဖိုးငွေအသီးသီးပေးအပ် ဝယ်ယူခဲ့ကြသည်။ ဦီးနီ ပြန်လာ၍ သိသောအခါ မောင်ဖြူကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ ခိုးမှုဖြင့် တရားစွဲလေသည်။ ဒေါ်လှ၊ ဒေါ်မြ တို့ က ဝယ်ယူထားသော ပစ္စည်းများကို သက်သေခံ ပစ္စည်း အဖြစ် အပ်နှံ လိုက်ရသည်။ တရားရုံးမှ အမှုစစ်ဆေးပြီး မောင်ဖြူကို ထောင်ဒဏ်ချမှတ်ကာ သက်သေခံပစ္စည်းများကို ဦိးနီ သို့ ပြန်ပေးရန် အမိန့်ချမှတ်သည်။ ဒေါ်လှ၊ ဒေါ်မြတို့က မကျေနပ်၍ အထက်တရားရုံးသို့ ပြင်ဆင်မှုတက်သည်။ မိမိတို့သည် မောင်ဖြူလာရောင်းသည့် ပစ္စည်းများကို သဘောရိုးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်၍ မိမိတို့ကိုသာ ပေးသင့်ကြောင်း လျှောက်လဲတင်ပြသည်။
အထက်ပါ အမှု အခြေအနေမျိုး ကို -
ဦးငယ် နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ဦးဘိုးစော) ၁၉၇၅ ခုနစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၂၆ တွင် အောက်ပါအတိုင်းဆုံးဖြတ်ထားသည်။
××××"လျှောက်ထားသူများသည် သဘောရိုးဖြင့် ဝယ်ယူသည် ဆိုစေကာမူ ရောင်းပိုင်ခွင့် မရှိသူထံမှ ဝယ်ယူခဲ့သောကြောင့် ပိုင်ဆိုင်ခွင့် ရရှိမည်မဟုတ်၊ သက်သေခံပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်ပေးရန်ချမှတ်သော အမိန့်ကို ဝင်ရောက် စွက်ဖက်ရန် အကြောင်းမရှိ။”××××
ခိုးရာပါပစ္စည်းကို သဘောရိုးဖြင့် ဝယ်ယူခဲ့ကြောင်းပေါ်ပေါက်လျှင်၊ တရားရုံးအနေဖြင့် ဝယ်ယူမိသူ အတွက် စဉ်းစားပေးနိုင်သည့် အတိုင်းအတာမှာ ၎င်းအား ခိုးရာပါ ပစ္စည်း လက်ခံမှုဖြင့် အရေးမယူခြင်းသာ ဖြစ်ပေလိမ့်မည်၊ ခိုးရာပါပစ္စည်းကို ၎င်း ထံသို့ ပြန်ပေးသည့် အခွင့်အရေး အထိ စဉ်းစားပေးမည်မဟုတ်ပေ။
ယင်းသဘောတရားကို ဦးမောင်ကို နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ဒေါ်တင်အေး) ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၇၇ တွင် အောက်ပါအတိုင်း လမ်းညွှန်ထားသည်။
“ သက်သေခံပစ္စည်းသည် ခိုးရာပါပစ္စည်း သို့မဟုတ် အလွဲသုံးစားသော ပစ္စည်းဖြစ်နေလျှင် ယင်းပစ္စည်းကို ဝယ်ယူသူက ပိုင်ဆိုင်ခွင့်မရနိုင်ချေ။ သဘောရိုးဖြင့် ဝယ်ယူကြောင်း ထင်ရှားလျှင် ခိုးရာပါ ပစ္စည်းလက်ခံမှု နှင့် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သော်လည်း ပစ္စည်းပြန်ရနိုင်ရန် အတွက် အရေးမဆိုနိုင် “
ဦးငယ် နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ဦးဘိုးစော) ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၂၆ စီရင်ထုံးတွင် ဆုံးဖြတ်ချက် နှင့် တစ်သဘောတည်းပင် ဖြစ်သည်။
💧ပစ္စည်းပျောက်ဆုံးသူ အား ပျောက်ဆုံးသောပစ္စည်း ထက်ပို၍ အကျိုးအမြတ် မပေးနိုင်ခြင်း💧
အမှု-၂။
ဦးကွန် ဆိုသူပိုင် နားကပ်တစ်ရံကို ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးက ခိုးယူ၍ ပန်းတိမ်ဆရာ ဦးမောင်ကြီးထံ နားကပ်တစ်ဘက် ကို တစ်သိန်းကျပ်ဖြင့် လည်းကောင်း၊ ကျန်နားကပ်တစ်ဘက်ကို ပန်းတိမ်ဆရာ ဦးသန်းထံ၌ တစ်သိန်းကျပ်ဖြင့်လည်းကောင်း၊ နားကပ်မှ ပတ္တမြားကျောက် များ ကိုဖြုတ်၍ ယင်းကျောက်များအနက် ကျောက်ကြီးတစ်လုံးကို ဦးမောင်ကြီးထံ၌ပင် ငွေသုံးသောင်း ကျပ်ဖြင့် လည်းကောင်း ရောင်းချ ကာ ကျန် ပတ္တမြား ကျောက်များကို ဒေါ်အေးက သိမ်းထားလေသည်။ ဒေါ်အေးသည် ဦးမောင်ကြီးထံ ရောင်းရငွေများဖြင့် မိုးကုတ်လက်စွပ်တစ်ကွင်း၊ ပတ္တမြား တန်းစီ လက်စွပ်တစ်ကွင်း၊ ကျောက်နီမိုးကုတ်နားကပ်တစ်ရံ၊ ဘတ်ကြိုးတစ်ကုံးတို့ကို ဦးမောင်ကြီးထံမှပင် ပြန်လည် ဝယ်ယူခဲ့သည်။ ဒေါ်အေးမှာ ထိုမျှဖြင့် မရပ်သေး၊ ပြန်လည်ဝယ်ယူလာသည့် ဘတ်ကြိုးကို နောက်ပန်းတိမ်ဆရာ တစ်ဦးဖြစ်သော ဦးဝင်း ဆိုသူထံ နှစ်သောင်းကျပ်ဖြင့် ပြန်လည်ရောင်းချလေသည်။
ဦးကွန် က ဒေါ်အေးကို ရဲစခန်း၌ တိုင်တန်းလေရာ ၊ ရဲမှ သက်သေခံပစ္မည်း အဖြစ် ပန်းတိမ်ဆရာ ဦးမောင်ကြီး ထံမှ တစ်ကျပ်သားခန့်ရှိ အရေကြိုထားသော ရွှေတုံး တစ်တုံး ၊ကျောက်နီ (၁၀)လုံး၊ ပန်းတိမ်ဆရာ ဦးသန်းထံမှ တစ်ကျပ်သားခန့်ရှိ အရေကြိုထားသော ရွှေတုံး တစ်တုံး၊ ပန်းတိမ်ဆရာ ဦးဝင်းထံမှ ၃ပဲ သားခန့်ရှိ အရေကြိုထားသောရွှေတုံး တစ်တုံး၊ တရားခံ ဒေါ်အေးထံမှ ၎င်းဝယ်ယူထားသော ကျောက်နီလက်စွပ်နှစ် ကွင်း၊ ကျောက်နီနားကပ်၊ ကျောက်၄လုံး နှင့် ငွေနှစ်သောင်း ကျပ်တို့ကို သိမ်းဆည်းလေသည်။
ဒေါ်အေးကို မြို့နယ်တရားရုံးမှ ခိုးမှုဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး၊ သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ဦးဝင်းထံမှ သိမ်းဆည်းရမိသော ၃ ပဲသား ခန့်ရှိ အရေကြိုထား သောရွှေတုံး တစ်တုံး ကို ဦးဝင်း အားပြန်ပေးပြီး ကျန်သက်သေခံ ပစ္စည်းများ အားလုံးကို တရားလို ဦးကွန် သို့ ပြန်ပေးလေသည်။ ယင်းအမိန့်ကို ဦးမောင်ကြီး နှင့် ဦးသန်းတို့က ကျေနပ်မှု မရှိ၍ အထက် အဆင့်မြင့် တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှု တက်ရောက်ခဲ့ကြရာ နောက်ဆုံးတွင် ထိုစဉ်က ဗဟိုတရားရုံး ထိရောက် သွားလေသည်။
ဉီးမောင်ကြီး တို့က အခြားအကြောင်းပြချက်များ အပြင် ဦးကွန်၏ ပစ္စည်းကို ဇနီးဖြစ်သူ ဒေါ်အေးက ရောင်းချခြင်းမှာ ခိုးမှု မမြောက်ကြောင်း၊ လျှောက်ထားသူ ဦးမောင်ကြီးတို့သည် ကာလပေါက်ဈေး ပေး၍ သဘောရိုးဖြင့် ဝယ်ယူခဲ့ခြင်းသာ ဖြစ်သောကြောင့် ငွေလည်းဆုံး၊ ပစ္စည်းလည်း ဆုံးရမည် ဆိုပါက တရားမျှတမှု ရှိမည်မဟုတ်ကြောင်း တင်ပြလျှောက်ထားသည်။
အထက်ပါ အမှု အခြေအနေမျိုး ကို -
ဦးမောင်ကြီးပါ ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၁၁ တွင် အောက်ပါအတိုင်းဆုံးဖြတ်ထားသည်။
××××× “ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ ပြစ်မှုထင်ရှား စီရင်သည့် အမိန့်ကို တရားခံ ဒေါ်အေးဝင်းက အယူခံတင်သွင်းခဲ့ခြင်းမရှိ၍ ယင်းအမိန့်မှာ အတည်ဖြစ်လျှက် ရှိပေသည်။ မိမိတို့ထံမှ သိမ်းဆည်းပြီး သက်သေခံပစ္စည်းအဖြစ် တင်ပြထားသည့် အလေးချိန် တစ်ကျပ်သားခန့်စီရှိ ရွှေတုံးများမှာ တရားခံ ဒေါ်အေးဝင်းထံမှ ဝယ်ယူခဲ့သည့် နားကပ်အား အရည်ကြို ၍ ထားသည့် ရွှေတုံးများဖြစ်ကြောင်းကို လျှောက်ထားသူဦးမောင်ကြီးနှင့် ဦးသန်းထွန်းတို့၏ အစစ်ခံချက်များတွင် အသီးသီးဝန်ခံ ထွက်ဆိုထားသည်ဖြစ်၍ ၊ ယင်းရွှေတုံးများတွင် ခိုးရာပါပစွည်း ပါဝင်သည့် အလျှောက် ဒေါ်အေးဝင်းထံမှ ဝယ်ယူခဲ့သော ရွှေချိန်ကို လျှောက်ထားသူများအား ပြန်လည်ပေးအပ်ရန် အကြောင်းမရှိပေ။”
“ တရားလို ဦးကွန်ဘ သည် ခိုးယူခြင်းခံရသည့် နားကပ် တစ်ရံ၏ အလေးချိန်နှင့် ညီမျှသော ရွှေချိန်ကို အပြည့် အဝ ပြန်လည် ရရှိခဲ့ပြီးဖြစ်ပါလျှက် ယင်းနားကပ်ရောင်းရငွေနှင့် ဝယ်ယူထားသည့် လက်ဝတ်လက်စားများနှင့် ငွေသားများကိုပါ ဦးကွန်ဘ သို့ ပေးစေရန် မြို့နယ်တရားရုံးက အမိန့်ချမှတ် ခဲ့ခြင်းသည် ဦးကွန်ဘ အား အကျိုးအမြတ် ရရှိစေရာ ရောက်သည်ဖြစ်၍ တရားမျှတမှု ရှိသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။ ဒေါ်အေးဝင်းထံမှ သိမ်းဆည်းခဲ့သော လက်ဝတ်လက်စားများမှာ သူခိုးယူသည့် နားကပ်များကို ရောင်းရသည့် ငွေနှင့် ဝယ်ယူထားသော ပစ္စည်းများ ဖြစ်သောကြောင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၇ ၏ ခြွင်းချက် တွင် အကျုံးဝင်၍ ယင်းပစ္စည်းများ၏ မူလပိုင်ရှင် ဖြစ်သူ ဦးမောင်ကြီးလက်ရှိ ရထိုက်သော ပစ္စည်းများဖြစ်ကြောင်း တွေ့ရှိရသည်။ လျှောက်ထားသူ ဦးသန်းထွန်းသည် တရားခံ ဒေါ်အေးဝင်း ထံမှ ရွှေနားကပ် တစ်ဘက်ကို သဘောရိုးဖြင့်ဝယ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်သည့်အလျှောက် တရားခံဒေါ်အေးဝင်းလက်ဝယ်မှ သိမ်းဆည်း ရမိသည့် ငွေကို ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၉ အရ ပြန်လည်ရနိုင်ခွင့်ရှိပေသည်။”××××
အထက်ပါ စီရင်ထုံးတွင် ခိုးမှု များနှင့် သက်ဆိုင်သော ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇၏ ရှင်းလင်းချက်၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၉ တို့ကို ကျင့်သုံးထားကြောင်း တွေ့ရှိရပေမည်။ အလျှဉ်းသင့်၍ ယင်းဥပဒေ ပုဒ်မများကို ဖော်ပြပါမည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇၏ ရှင်းလင်းချက်
××" ဤပုဒ်မပါ ပစ္စည်းဆိုသည့် စကားရပ်၌ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခြင်းနှင့် စပ်လျှဉ်းသည့် လက္ခဏာရှိသော ပစ္စည်း ဖြစ်သည့် အချက်တွင် အမှုသည် တစ်ဦးဦး၏ လက်ရှိပစ္စည်း၊ သို့မဟုတ် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ မူလပစ္စည်းသာမက ၎င်း ပစ္စည်းနှင့် လုပ်ကိုင်ထားသော ၊ သို့မဟုတ် ပြောင်းလဲထားသော၊ သို့မဟုတ် လဲလှယ်ထားသော မည်သည့်ပစ္စည်းမဆို တိုက်ရိုက်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေယင်းကဲ့သို့ ပြောင်းလဲ၍ ရရှိသော ၊ သို့မဟုတ် လဲလှယ်၍ ရရှိသော ပစ္စည်းများလည်းပါဝင်သည်။”×××
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၉
×××"ခိုးမှု သို့မဟုတ် ခိုးရာပါ ပစ္စည်းလက်ခံမှု အပါအဝင် ၊သို့မဟုတ် ၎င်းပြစ်မှုမျိုး တစ်ရပ်ရပ်မြောက်သော ပြစ်မှုအတွက် တစ်ဦးတစ်ယောက်သောသူကို ပြစ်မှုထင်ရှားစီရင်သောအခါ ထို့ပြင် ခိုးရာပါပစ္စည်းကို ခိုးကြောင်းမသိဘဲ ၊ သို့မဟုတ် ခိုးကြောင်းယုံကြည်ရန် အကြောင်းမရှိဘဲ ၎င်းသူထံမှ အခြားသူ တစ်ဦးတစ်ယောက်က ဝယ်ယူကြောင်းထင်ရှားသည့် အခါ အဆိုပါ ဝယ်ယူသူက လျှောက်ထားလာလျှင် ၊ ထို့ပြင် ခိုးရာပါ ပစ္စည်းကို လက်ရှိထားခွင့်ရှိသူသို့ ပြန်အပ်ရာတွင် ၎င်း တွေ့ရှိရယူသည့် အဆိုပါငွေကြေးအနက် အဆိုပါ ဝယ်ယူခဲ့သည့် အဖိုးထက်မပိုသည့် ငွေကို ၎င်းသူသို့ ပေးအပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။”×××
အထက်ပါ ဦးမောင်ကြီး စီရင်ထုံးတွင် တရားခံဒေါ်အေးဝင်းထံမှ ပြန်လည်သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများ၊ ငွေများကို ပနိးတိမ်ဆရာ ဦးမောင်ကြီး၊ ဦးသန်း နှင့်ဦးဝင်းတို့အား ပြန်လည်ပေးအပ်ခြင်းမှာ
-တရားလို ဦးကွန်ဘ ပျောက်ဆုံးခဲ့သော နားကပ်တစ်ရံအတွက် ပန်းတိမ်ဆရာများထံမှ သိမ်းဆည်းခဲ့သည့် အရည်ကြိုရွှေတုံးများကို တရားလို ဦးကွန်ဘကို ပြန်ပေးနိုင်သည့်အတွက် ခိုးသူဒေါ်အေးဝင်းထံ ကျန်ရှိနေသည့် ပစ္စည်းများကိုပါ ဦးကွန်ဘသို့ ထပ်ပေးလျှင် ဦးကွန်ဘ အားအကျိုးအမြတ်ဖြစ်စေပြီး ပစ္စည်းအပ်သူ ပန်းတိမ်ဆရာများအား နစ်နာစေနိုင်ခြင်း၊
- ပန်းတိမ်ဆရာဦးမောင်ကြီး တို့က ဒေါ်အေးထံမှ ရွှေနားကပ်ကို သဘောရိုးဖြင့် တန်ရာတန်ကြေးပေးကာ ဝယ်ယူခဲ့ကြောင်းပေါ်ပေါက်ခြင်းတို့ကြောင့်ဖြစ်သည်။
💧ခိုးရာပါ ပစ္စည်းကို မရိုး မဖြောင့် သော သဘော ဖြင့် ဆောင်ရွက်ကြခြင်း💧
အမှု.၃
အကယ်၍ အထက်ပါ အမှု အခြေအနေမျိုး တွင် ပန်းတိမ်ဆရာများသည်သဘောရိုးဖြင့်ဝယ်ယူကြောင်းမပေါ်ပေါက်ပဲ မရိုးမဖြောင့် သောသဘောဖြင့် ပြုလုပ်ခဲ့မှု တစ်ခုခုရှိခဲ့ကြောင်း ပေါ်ပေါက်ပါက ၊ ခိုးရာပါပစ္စည်းဝှက်သိမ်းရာတွင် ကူညီမှု (ရာဇသတ်ကြီးပုဒ်မ ၄၁၄) အရ အရေးယူခြင်းခံရနိုင်သည့် အပြင် တရားလို ပျောက်ဆုံးသွားသော ပစ္စည်းကို တရားလိုအားပြန်ပေးပြီး ၊ ခိုးသူထံမှ တွေ့ရှိရသော ကျန်ပစ္စည်းများကို ပန်းတိမ်ဆရာများသို့ ပြန်ပေးနိုင်မည်မဟုတ်ပဲ ပြည်သူ့ဘဏ္ဌာအဖြစ် သိမ်းဆည်းခြင်းခံရမည် ဖြစ်ပေသည်။
"ဦးသိန်းတန် ပါ၂နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါ၂ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၂၂၉ " တွင် အောက်ပါအတိုင်း ထုံးဖွဲ့ လမ်းညွှန်ထားသည်။
×××" ပစ္စည်းပိုင်ရှင် ဒေါ်လှတင်သည် အခိုးခံရသော ဌင်းပိုင် ပစ္စည်းများ အပြည့်အဝရပြီး ဖြစ်သဖြင့် ထပ်မံ၍ အခြားပစ္စည်း ရယူနိုင်ခွင့် မရှိသောကြောင်းလည်းကောင်း၊ ရှာဖွေပုံစံများဖြင့် အပ်ခဲ့သော ဒေါ်သိန်းရီနှင့် မပုတို့သည် ခိုးရာပါ ရွှေထည်ပစ္စည်းများကို မရိုးမဖြောင့်သော သဘောဖြင့် ဦးသိန်းတန်၏ရွှေဆိုင်သို့ သွားရောက်၍ ထုခွဲခဲ့ကြောင်း ပေါ်ပေါက်သဖြင့်လည်းကောင်း၊ ရှာဖွေပုံစံ(သက်သေခံ-ဌ) ပါ အမှတ်စဉ်-၃ ရှိ ကျောက်နီ ပတ္တမြားလက်စွပ်တစ်ကွင်း၊ရှာဖွေပုံစံ (သက်သေခံ- ဋ)ပါ အမှတ်စဉ် (၃)နှင့်(၄) ပါ နှစ်မွှာအသဲ လက်ကောက်တစ်ရံနှင့် ငွေသားကျပ် ၇၄၀၀/ တို့ကို ဒေါ်လှတင်သို့ထပ်မံ ပေးရန် မဖြစ်နိုင်သကဲ့သို့ မရိုးမသားလုပ်ဆောင်ခဲ့ကြသော ဦးသိန်းတန်နှင့် မပုတို့အား ပြန်ပေးရန်လည်း အကြောင်းမရှိပေ။
ထို့ကြောင့် ပဲခူးတိုင်းတရားရုံး(သာယာဝတီခရိုင်) နှင့် တရားရုံးချုပ်တို့၏ အမိန့်တွင် ရှာဖွေပုံစံ (သက်သေခံ-ခ) ရှိ အလေးချိန် ၁ကျပ်၊ ၁ပဲ၊ ၆ရွေးရှိရွှေချောင်း တစ်ချောင်း၊ ရှာဖွေပုံစံ(သက်သေခံ-ဌ) ရှိ ကျောက်နီ ပတ္တမြားလက်စွပ်တစ်ကွင်း၊ရှာဖွေပုံစံ (သက်သေခံ- ဋ)ပါ အမှတ်စဉ် (၃) ရှိ နှစ်မွှာအသဲ လက်ကောက်တစ်ရံနှင့် အမှတ်စဉ်(၄)ရှိ ငွေသားကျပ် ၇၄၀၀/တို့ကို ပြည်သူ့ ဘဏ္ဌာ အဖြစ်သိမ်းဆည်းရန် ပြင်ဆင်ချက်ဖြင့် ဤအထူးအယူခံမှုကို ပလပ်လိုက်သည်။ "×××
ဆက်လက်ဖော်ပြပါမည်....
Nwe Thi(Mosaic)
(28.7.2021)
သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်း (အပိုင်း. ၂)
💧ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၁၇ အရ စီမံခန့်ခွဲခြင်းသည် ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ခြင်း မဟုတ် 💧
အမှု-၄
“ မောင်ရှိူး နှင့် ပြည်ည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၆၁ “
မောင်ရှိူး က ဆိပ်ကမ်းတွင် ဆိုက်ထားသောသူပိုင်စက်လှေကို မောင်မြင့်သန်းပါ ၈ ဦးက ခိုးယူ မောင်းနှင်သွားပါသည် ဟု ဆိုကာ တရားစွဲဆိုမှုတွင် မောင်မြင့်သန်းပါ ၇ ဦးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ နှင့် ၃၇၉/၁၁၄ တို့အရ ပြစ်မှု ထင်ရှားစီရင်ခဲ့ပြီး၊ သက်သေခံစက်၊ စက်ပစ္စည်းများနှင့် လှေသုံးကိရိယာများကို တရားလိုမောင်ရှိူးအား ပြန်ပေးစေရန် အမိန့်ချခဲ့သည်။
ယင်းအမိန့်ကို မောင်မြင့်သန်း က မကျေနပ်သဖြင့် တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ မောင်မြင့်သန်း အားအပြီးအပြတ် လွှတ်၍ သက်သေခံစက်၊ စက်ပစ္စည်းများနှင့် လှေသုံးကိရိယာများကို တရားရုံးမှ ထိန်းသိမ်းထားကာ၊ တရားမရုံး၏ အဆုံးအဖြတ်နှင့် အညီ ဆောင်ရွက်စေရန်အမိန့်ချမှတ်ခဲ့သည်။
မောင်ရှိူးက သက်သေခံ ပစ္စည်းနှင့် ပတ်သက်၍ တိုင်းတရားရုံး၏ အမိန့်ကိုမကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တက်ရောက်လေသည်။ မောင်ရှိုးက အချင်းဖြစ် စက်လှေမှာ မောင်မြင့်သန်း ထံမှ ဝယ်ယူထားသော စက် ဖြင့် ဦးစံဝင်း ဒေါ်ဆန်းရွှေတို့ထံမှ ငှားယူထားသောလှေတွင် တပ်ဆင်ထားသော စက်လှေဖြစ်ကြောင်း ၊မောင်မြင့်သန်း အားစက်ဘိုးငွေများကို အပြေအကြေပေးဆပ်ပြီး ဖြစ်၍ မိမိမှာ တန်ဘိုးပေးဝယ်ယူလက်ရှိထားသူဖြစ်သဖြင့် တိုင်းတရားရုံးက ချမှတ်သော အမိန့် မှားယွင်းနေကြောင်း တင်ပြသည်။
ဗဟိုတရားရုံးမှ အောက်ပါအတိုင်း ဆုံးဖြတ်လေသည်။
"အချင်းဖြစ် စက်လှေအရောင်းအဝယ်နှင့် စပ်လျှဉ်း၍ အဖိုးငွေနှင့် ပတ်သက်ပြီး အငြင်းပွားမှုကို ပြစ်မှု ဆိုင်ရာ မှုခင်းတွင် သက်သေခံ ပစ္စည်းကိုစီမံ ခန့်ခွဲရန် အတွက် ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။ ထိုကိစ္စ မှာ တရားမ ရုံး၏ စီရင်ပိုင်ခွင့် အတွင်းကျေရာက်နေသဖြင့် ပြစ်မှုဆိုင်ရာ တရားရုံးမှ ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းမှာ မိမိ၏ စီရ င်ပိုင်ခွင့်ကို ကျော်လွန်၍ ဆောင်ရွက်ရာ ရောက်နေပေသည်။ ပြစ်မှုဆိုင်ရာ အမှုများကို အပြီးသတ် အဆုံးအဖြတ်ပေးသည့် အချိန်တွင် သက်သေခံ ပစ္စည်းများကို စီမံ ခန့်ခွဲရေးနှင့်ပတ်သက်၍ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ တွင်ပြဌာန်းထားသည့် အတိုင်းသာ လိုက်နာဆောင်ရွက်ရပေမည်။ အချင်းဖြစ်သက်သေခံစက်၊ စက်ပစ္စည်းများနှင့် လှေသုံးကိရိယာများကို ပစ္စည်းများမှာ မောင်ရှိုးထံမှ ခိုးယူခြင်းခံရသော ပစ္စည်းများဖြစ်သဖြင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ အရ မောင်ရှိုးအားပြန်ပေးရန်သာ ဖြစ်ပေသည်”
ယင်းသဘောမျိုးကို ၁၉၇၅ ခုနှစ်က ဒေါ်စိန်အေးစီရင်ထုံးတွင်လည်းအောက်ပါ အတိုင်းလမ်းညွှန် ထားသည်။
"ဒေါ်စိန်အေး နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၃၄"
“ သက်သေခံပစ္စည်းနှင့်ပတ်သက်၍ အမှု ပြီးဆုံးသော အခါ တရားရုံးက သက်သေခံ ပစ္စည်းကို မည်သူ လက်ဝယ်ထားရှိထိုက်သည် ဟူသော အချက်ကို အလေးထား၍ ဆုံးဖြတ်ခြင်းသာ ဖြစ်သည်။ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ခြင်းမဟုတ်၊ ပိုင်ဆိုင်ခွင့်မှာ တရားမမှု နယ်ပယ် အတွင်း ကျရောက်သည်ဖြစ်၍ တရားမကြောင်း အရသာ အရေးယူပိုင်ခွင့်ရှိသည် “
အလားတူ “ ကိုတင်ရွှေနှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၁ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၄၉ “ တွင်လည်းအောက်ပါအတိုင်း ထုံးဖွဲ့ထားသည်။
“ ပြစ်မှုဆိုင်ရာ တရားရုံး၌ ပြစ်မှုနှင့် ပတ်သက်၍ သက်သေခံ အဖြစ် တင်ပြထားသော ပစ္စည်းများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် အညီ တရားရုံးက စီမံ ဆောင်ရွက်ရပေမည်။ အချင်းဖြစ် ပစ္စည်းများကို ပိုင်ရေးပိုင်ခွင့်နှင့်ပတ်သက်၍ တရားမကြောင်းအရ တရားမရုံးက အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည် “
“ ဦးကံသာ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၇၃ “ တွင် ပိုမို ရှင်းလင်းသော သုံးသပ်ချက်မျိုးကိုအောက်ပါအတိုင်း တွေ့ရသည်။
"တိုင်းတရားရုံးက ဒေါ်ကြည်သည် အချင်းဖြစ် ကျွဲများကို ဦးပေါက်စ ထံမှ အမွေရခွင့် ရှိသောကြောင့် လက်ရှိရထိုက်သည်ဟု သုံးသပ်ထားကြောင်းတွေ့ရသည်။ ဒေါ်ကြည်သည် ယင်းကျွဲများကို အမွေ ရသည် ဆိုသော အချက်မှာ မှန်ကန်ပါမူ အချင်းဖြစ်ကျွဲများမှာ ဒေါ်ကြည်ပိုင်အဖြစ်သို့ ရောက်ရှိလိမ့်မည်။ သို့သော် ပိုင်ဆိုင်ခွင့်နှင့် လက်ရှိထားခွင့်တို့မှာ ကွဲပြားခြားနားသည့် အလျှောက်ပိုင်ဆိုင်ရုံ မျှဖြင့် ကျွဲများကို လက်ရှိရထိုက်သည်ဟု တထစ်ချ ကောက်ယူခြင်းမပြုနိုင်ပေ။ အမွေရှင် ဦးပေါက်စ မကွယ်လွန်မီက ယင်းကျွဲများမှာ ဦးကံသာ လက်ဝယ်၌ တရားဝင် ရောက်ရှိနေသည် ဖြစ်ရာ ဦးပေါက်စ ကွယ်လွန်သောအခါ ဒေါ်ကြည်က ထိုကျွဲများကို အမွေဆက်ခံ ရရှိသည့်တိုင်အောင် ဦးကံသာအနေဖြင့် ထိုကျွဲများကို လက်ရှိထားမြဲထားခြင်းမှာ ပြစ်မှုမြောက်သော ပြုလုပ်မှု မမြောက်သေးသရွေ့ ဆက်လက်၍လက်ရှိ ထားခွင့်ရှိပေသည်။ သို့ဖြစ်ရာ ဤအမှုတွင် ပေါ်ပေါက်သော သက်သေခံချက်များအရ ယင်းကျွဲများကို လက်ရှိထားခွင့်ရှိသူမှာ ဒေါ်ကြည်မဟုတ်ပဲ ဦးကံသာ ဖြစ်သည်ဟု ဆိုရပေမည် “
💧တရားခံပြေး ကျန်ရှိနေသေးသော အမှု တွင် ရာကြီးမှုမှ သက်သေခံပစ္စည်း ကို စီမံခြင်း 💧
အမှု- ၅
ယခုအမှုမှာ ခိုးမှု မဟုတ်သော်လည်း ပိတ်သိမ်းသော အမှုများတွင် တရားခံပြေးမှု ပူးတွဲ နေသော အမှုမျိုး ပါဝင်နေပါက သုံးသပ် ဆင်ခြင် နိုင်ရန် ရည်ရွယ်၍ ဖော်ပြခြင်းဖြစ်ပါသည်။
“ ဦးထွန်းလှိုင် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါ ၂ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၃၃ “
အထက်ပါ ဦးထွန်းလှိုင်အမှုတွင် အောက်ပါအတိုင်း လမ်းညွှန်ထုံးဖွဲ့ထားပါသည်။
“ အဓိက တရားခံ မှာ ထွက်ပြေးတရားခံ မောင်စိုးဖြစ်သည်ဟု ကောက်ယူရမည်သာ ဖြစ်သည်။ တရားခံ မောင်စိုးမှာ ထွက်ပြေးနေသဖြင့် မူလတရားစွဲဆိုစဉ်ကပင် ရဲစွဲချက်ပုံစံ၌ တရားခံမောင်စိုးအား တရားခံပြေးအဖြစ် မှင်နီဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယင်းသို့ဆိုလျှင် တရားခံ မောင်စိုးနှင့် ပတ်သက်သမျှ အမှုမှာ ပြီးဆုံးခြင်းသို့ မရောက်ရှိသေးဘဲ စစ်ဆေးဆဲ အမှုသာ ဖြစ်သည်ဟု ကောက်ယူရမည် ဖြစ်သည့်အလျှောက် သက်သေခံငွေများကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ အရ မဆုံးဖြတ်သင့်ဘဲ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၆ အရ ဆုံးဖြတ်ရန်သာ ဖြစ်သည်။ ယခု အမှုတွင် မူလ တရားရုံးသည် သက်သေခံငွေများကို မူလရုံးတရားလိုအား ပြန်ပေးထားခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ အရ ဆုံးဖြတ်ရာ ကျရောက်နေကြောင်း ပေါ်ပေါက်နေသဖြင့် ယင်းဆုံးဖြတ်ချက်သည် ဥပဒေအရ မှန်ကန်သည်ဟု မဆိုသာချေ။ အမှုအတွင်း သက်သေခံငွေများကို ခံဝန်ချုပ်ဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၆ နှင့်အညီ တစ်ဦးဦးအား ပြန်လည်ပေးထားခြင်းထက် အစိုးရဘဏ်တွင် ထိန်းသိမ်းအပ်နှံထားခြင်းက ပိုမို တရားမျှတမှုရှိနိုင်မည်ဟု ယူဆသည်”
💧ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်းသုံးသပ်၍ တရားခံအား အပြီးအပြတ်လွှတ်သည့်အခါ သက်သေခံ ပစ္စည်းကို စီမံခန့်ခွဲခြင်း💧
အမှု-၆
မောင်ပေါက်စ ဆိုသူ အပါအဝင် ၃ဦးကို မောင်စံတင် ဆိုသူက မိမိ၏ ကျွဲခိုးမှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ မြို့နယ်တရားရုံးတွင် တရားစွဲသည်။ အမှုကြားနာစဉ်အတွင်း မောင်ပေါက်စ ထံမှ ကျွဲမကို သိမ်းယူပြီး မောင်စံတင် သို့ အာမခံဖြင့် ခေတ္တပေးအပ်ထားသည်။ ယင်းကျွဲမ မှ ကျွဲကလေးတစ်ကောင်လည်း မွေးဖွားခဲ့လေသည်။ အမှု စစ်ဆေးပြီးဆုံးသည့်အခါ ပြစ်မှုမထင်ရှားသဖြင့် မောင်ပေါက်စပါ ၃ဦး တို့အား မြို့နယ်တရားရုံးမှ အပြီးအပြတ်လွှတ်သည်။ သက်သေခံပစ္စည်းကျွဲမ နှင့် ယင်းကျွဲမ မှ မွေးဖွားသော ကျွဲကလေးကို မူလ ပစ္စည်းအပ်နှံခဲ့ သူမောင်ပေါက်စ အားပြန်ပေးလေသည်။
ယင်းအမိန့်ကို မောင်စံတင်က မကျေနပ်သောကြောင့် တိုင်းတရားရုံးတွင် ပြင်ဆင်မှု လျှောက်ထားခဲ့ရာ သက်သေခံပစ္စည်းနှင့်ပတ်သက်သော အမိန့်ကို တိုင်းတရားရုံးမှ ပယ်ဖျက်ကာ ကျွဲမနှင့် ကျွဲကလေးကို မောင်စံတင်အားပြန်ပေးလေသည်။
ယင်းအမိန့်ကို မောင်ပေါက်စ မကျေနပ်သောကြောင့် ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တက်ရောက်လေသည်။
“ မောင်ပေါက်စ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ကိုစံတင်) ၁၉၇၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၆၇ “
ယင်းအမှုတွင် ဗဟိုတရားရုံးက အောက်ပါအတိုင်း အမိန့်ချလေသည်။
“ အမှု စစ်ဆေးကြားနာသော တရာရုံးသည် အမှုပြီးဆုံးသောအခါ သက်သေခံပစ္စည်းနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ အရ သင့်လျှော်သော အမိန့် တစ်ရပ်ကို ချမှတ်သည်။ ယေဘုယျအားဖြင့် တရားခံအား ပြစ်မှုမထင်ရှားသောကြောင့် အမှုမှလွှတ်ခဲ့လျှင် တရားခံထံမှ သိမ်းဆည်းရမိသော သက်သေခံ ပစ္စည်းကို ယင်းထံ ပြန်ပေးရမည်သာ ဖြစ်သည်။ ယခု အမှုတွင် ပြစ်မှုနှင့် ပတ်သက်လျှက်ရှိသော သက်သေခံပစ္စည်း ကျွဲမနှင့် ကျွဲကလေးတို့တို့အား မူလတရားရုံးက တရားခံကို ပြန်ပေးခြင်းမှာ ကျွဲပျောက်ဆုံးသည်ဆိုသော တရားလိုက ယင်းကျွဲမသည် မိမိ ပျောက်ဆုံးသော ကျွဲမဖြစ်ကြောင်း တင်ပြနိုင်စွမ်းမရှိသောကြောင့် ဖြစ်ပေသည်။ ရုံးရှေ့သို့ သက်သေခံပစ္စည်းအဖြစ်ရောက်ရှိလာသော ပစ္စည်းသည် ခိုးမှုနှင့် မပတ်သက် ဟူ၍ တရားခံအား အမှုမှ လွှတ်ခဲ့လျှင် သာမန်အားဖြင့် ယင်းပစ္စည်းကို မူရင်းလက်ဝယ် ထားရှိသူထံ ပြန်ပေးရမည် ဖြစ်သောကြောင့် သက်သေခံ ပစ္စည်း ကျွဲမနှင့် ယင်းမှ ပေါက်ဖွားသော ကျွဲကလေးအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သော မူရင်းလက်ဝယ်ထားရှိသူ မောင်ပေါက်စ အား ပြန်ပေးစေရန် ညွှန်ကြားသည့် မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။ ထို့ကြောင့် ပဲခူးတိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ သက်သေခံပစ္စည်း ကျွဲမနှင့် ယင်းကျွဲမမှ ပေါက်ဖွားသော ကျွဲကလေးတို့ကို လျှောက်ထားသူ မောင်ပေါက်စအား ပြန်ပေးစေရန် အမိန့် ချမှတ်လိုက်သည် “
တရားခံပြစ်မှုကျူးလွန်ခြင်းမရှိဟု သုံးသပ်၍ အမှုမှ အပြီးအပြတ်လွှတ်ထားသော အမှုမျိုးတွင် သိမ်းဆည်းခဲ့သည့် သက်သေခံပစ္စည်းကို အသိမ်းခံရသူ (တရားခံဖြစ်စေ၊ အခြားသူ တစ်ဦးဦးဖြစ်စေ) လက်သို့ ပြန်လည် ပေးအပ်ရန် တရားရုံးများက အစဉ်တစိုက် လက်ခံ ကျင့်သုံးခဲ့သည်ကို စီရင်ထုံးများအရ တွေ့ရှိရသည်။
“ဒေါ်တင်တင်လှနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၅၉” အမှု၌ ဆုံးဖြတ်ထားချက်များကိုလေ့လာလျှင် ပိုမိုရှင်းလင်းသော သဘောတရားကို တွေ့ရှိနိုင်သည်။ ယင်း စီရင်ထုံး၌ အောက်ပါအတိုင်းရှင်းလင်းထုံးဖွဲ့ထားသည်။
“ တရားခံ ပြစ်မှုကျူးလွန်ခြင်း မရှိသဖြင့် အမှုမှ အပြီးအပြတ် လွှတ်ခဲ့သော အမိန့် စီရင်ချက် ချမှတ်ပြီးဖြစ်သည့် အခြေအနေတွင် အမှုနှင့် စပ်ဆိုင်ရာ ရှိသည်ဟု ယူဆ၍ စုံစမ်းထောက်လှမ်းသူ ရဲ အရာရှိက ရှာဖွေပုံစံများဖြင့် သိမ်းဆည်း၍ တရားရုံးသို့တင်ပြခဲ့သော ပစ္စည်းများမှာ ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်ဆိုင်သော ပစ္စည်းများဖြစ်သည်ဟု ကောက်ယူသုံးသပ် ရန် အကြောင်းတစ်စုံတစ်ရာ မရှိပေ။ တစ်ဆက်တည်းမှာပင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ ၏ ရှင်းလင်းချက်တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသည့် ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်ဆိုင်သော မူရင်းပစ္စည်းမှ ပြောင်းလဲထားသော ပစ္စည်း သို့မဟုတ် လဲလှယ်ထားသော ပစ္စည်း ဟုတ်မဟုတ် ကိုလည်း ဆန်းစစ်ရန် အကြောင်းမရှိတော့ချေ။
စွပ်စွဲခံရသူ တရားခံသည် ပြစ်မှုကျူးလွန်ခြင်းမရှိဟု သုံးသပ်၍ အမှုမှ အပြီးအပြတ်လွှတ်ထားသော အမှုမျိုးတွင် သိမ်းဆည်းခဲ့သည့် သက်သေခံပစ္စည်းကို အသိမ်းခံရသူများသို့ ပြန်လည် ပေးအပ်ရန် တရားရုံးများက အစဉ်တစိုက် လက်ခံ ကျင့်သုံးခဲ့သည်။ ထို့ပြင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၁၀ တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသော ခိုးရာပါ ပစ္စည်း (STOLEN PROPERTY) မဟုတ်သဖြင့် ယင်းပစ္စည်း လက်ဝယ်ထားရှိသူကိုသာ ဆက်လက်၍ လက်ရှိထားပိုင်ခွင့် ရှိကြောင်း ဆုံးဖြတ်ပြီးဖြစ်သည် “။
ယင်းသဘောတရားမျိုး အလားတူ ဆုံးဖြတ်ထားသော အောက်ပါ စီရင်ထုံးများလည်း ရှိပါသည်။
၁။ “ ဒေါ်အုန်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၅ ၁၉၈၄ ခုနှစ် မြမန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၄၉“
၂။ “ ဦးကံသာ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၃ ခုနှစ် မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၇၃ “
၃။ “ ကိုတင်ရွှေနှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ ၁၉၈၁ ခုနှစ် မြမန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၄၉ “ တို့တွင်လည်း လေ့လာနိုင်ပါသည်။
💧သက်သေခံပစ္စည်း စီမံခန့်ခွဲရန်အတွက် ညွှန်ကြားချက် ၁၁/၈၉ နှင့်အညီ ပြစ်ထွေမှုဖွင့်ခြင်း💧
သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက် ၁၁/၈၉ နှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်ရန် အောက်ပါ စီရင်ထုံး တွင် လမ်းညွှန် ခဲ့သည်။
"ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဦးညဏ်ဝင်း(ခ) ဦးမူသီး ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၆၅ "
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၏ အမိန့် အမှတ် ၄/၈၉ အရ ပိတ်သိမ်းသောအမှုတွင် တရားခံ ဦးညဏ်ဝင်း အား အမှုမှလွှတ်ခဲ့ပြီး၊ သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ တရားရုံးချုပ်၏ ညွန်ကြားချက်အမှတ် ၁၁/၈၉ အရဆောင်ရွက်ရန် ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ်သည်။ပြစ်ထွေမှုတွင် နှစ်ဘက်လျှောက်လဲချက် ကြားနာကာ ပြစ်မှုမှ သက်သေခံပစ္စည်းများကို ဦးညဏ်ဝင်းအား ပြန်ထုတ်ပေးရန် အမိန့်ချခဲ့သည်။ ယင်းအမိန့်ကို ရှေ့နေချုပ်ရုံးက မကျေနပ်၍ တရားရုံးချုပ်သို့ပြင်ဆင်မှုတက်သည်။
တရားရုံးချုပ်က အောက်ပါအတိုင်းဆုံးဖြတ်ခဲ့ပါသည်။
×××× "တရားရုံးချုပ်၏ ညွှန်ကြားချက်အမှတ် ၁၁/၈၉ ရှိ စာပိုဒ် (၂) (၃) (၄) ပါ ××× ညွှန်ကြားချက် များအရ သက်သေခံပစ္စည်းနှင့်စပ်လျှဉ်း၍ ဖွင့်လှစ်သော ပြစ်မှုဆိုင်ရာ အထွေထွေမှုတွင် တရားရုံးက စုံစမ်းစစ်ဆေး ခြင်းနှင့် အခြား လိုအပ်သော သက်သေ အထောက်အထားများကို ရယူခြင်းပြုလုပ် ရမည်ဖြစ်သည်။ မန္တလေးတိုင်းတရားရုံး ( မြင်းခြံမြို့နယ်စု) အနေဖြင့် သက်သေခံပစ္စည်းနှင့်စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ်ခဲ့သော်လည်း စုံစမ်းစစ်ဆေး ခြင်းနှင့် အခြား လိုအပ်သော သက်သေ အထောက်အထားများကို ရယူခြင်း မပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် မန္တလေးတိုင်းတရားရုံး (မြင်းခြံမြို့နယ်စု) ပြစ်မှုဆိုင်ရာ အထွေထွေမှုအမှတ် ၆/၉၀ တွင်ချမှတ်ထားသည့် အမိန်ကို ပယ်ဖျက်ပြီး တရားရုံးချုပ်၏ ညွှန်ကြားချက်အမှတ် ၁၁/၈၉ နှင့်အညီ စုံစမ်းစစ်ဆေးခြင်း နှင့် အခြား လိုအပ်သော သက်သေ ခံအထောက်အထားများကို ရယူခြင်း ပြုလုပ်ပြီးမှ ဥပဒေပြဌာန်းချက်နှင့်အညီ စီရင် ဆုံးဖြတ်ရန် မန္တလေးတိုင်းတရားရုံး (မြင်းခြံမြို့နယ်စု) အား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၃၉(၁) အရ ညွှန်ကြားအမိန့်ချမှတ်သည် "
Comments
Post a Comment