သက်သေခံပုဒ်မ ၁၃၈ စီရင်ထုံး

မှတ်တိုင်အသစ်

       သက်သေခံဥပဒေ ပုဒ်မ ၁၃၈ ပါ ထပ်မံစစ်မေးခြင်း သို့မဟုတ် ပြန်ရှင်း စစ်မေးခြင်း၏ သဘောသဘာဝ ကို ဖွင့်ဆိုရာ၌ referred to in cross-examination ဟူသော စကားရပ် အား အကြောင်းပြု၍ ပြန်လှန်မေးရာတွင် ပါရှိသော အကြောင်းအချက်များကိုသာ  ရှင်းလင်းရန် ဖြစ်ပြီး အဓိက စစ်မေးချက်ပါ အချက်အလက် နှင့် ကွဲလွဲခြင်းအပေါ် ရှင်းလင်းခွင့်မရှိကြောင်း ဆိုကြပါသည်။

       ပုဒ်မ ၁၃၈ နှင့်သက်ဆိုင်သော စီရင်ထုံးများတွင် ပြန်ရှင်း ပြဿနာ အပေါ် ထုံးပြုချက် မတွေ့ရ သည့်အတွက် အထက်ပါအမြင်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ကာ အဓိက စစ်မေးချက်နှင့် ကွဲလွဲအပေါ် ပြန်ရှင်းစစ်မေးသည့် ထုံးနည်းသည် အမှားကြာ၍ အမှန်ဖြစ်မလာ ဟူ၍ပင် ရေချိန်မြင့်လာပါသည်။

       သက်သေတစ်ဦး၏ ထွက်ချက်ကို သုံးသပ်ရာတွင် ထွက်ဆိုချက်တစ်ရပ်လုံးကို ခြုံငုံသုံးသပ်မှသာ ပြည့်စုံ မှန်ကန်နိုင်မည်။ ဟူ၍ ( ဦးလှဝင်း နှင့် ပထစပါ၂ အမှု ၂၀၂၀ မတစ ၃၆) တွင် ပြဆိုပါသည်။

       ထို့ကြောင့် အဓိက စစ်မေးစဉ်က အချက်အလက် နှင့် ပြန်လှန်မေးတွင် ကွဲလွဲ ထွက်ဆိုပါလျက်

ပြန်ရှင်းခွင့်မရပါလျှင် သက်သေ အား ဖြေရှင်းခွင့်မပေးဘဲ ထွက်ချက်မမှန်ပါဟူ၍ သတ်မှတ်ရာ ရောက်နိုင်ပါမည်။ ထိုပြင် ထွက်ဆိုချက်တစ်ခုလုံး သုံးသပ်ရာ၌ ဒွိဟ ဖြစ်စေမည့် အချက်များသာ တွေ့ရပြီး သက်သေခံချက်တန်ဘိုး ချိန်ဆရာ၌ အခက်အခဲ ဖြစ်လာပါမည်။

       ဦးလှဝင်း အမှု၏ စာမျက်နှာ ၅၀ တွင် *ထပ်မံ စစ်မေးခြင်းဆိုသည်မှာ သက်သေ အား ပြန်လှန် စစ်မေးစဉ် ဒွိဟ ဖြစ်စေမည့် အချက်အလက်များ ပေါ်ပေါက်လာသည့်အခါမှ မည်သည့် အတွက် ထွက်ဆိုရကြောင်း ရှင်းလင်းစေရန် သက်သေတင်ပြသူက နောက်ထပ်မေးမြန်ခွင့်ရ ရှိခြင်းဖြစ်သည်* ဟု ပြဆိုပါသည်။ အကယ်၍သာ အဓိက စစ်မေးစဉ်က အချက်အလက်များအပေါ် ဒွိဟ ဖြစ်မည့် အချက်များ ပြန်လှန်မေးမြန်းချက်အရ. ပေါ်ပေါက်လာလျှင် ထပ်မံရှင်းလင်းရမည်ဖြစ်ကြောင်း မြင်သာပါသည်။

          ထို့ကြောင့် ၂၀၂၀ မတစ ၃၆ စီရင်ထုံး လမ်းညွှန်ချက်သည် သက်သေခံဥပဒေ ပုဒ်မ ၁၃၈ အတွက် မှတ်တိုင်အသစ် အဖြစ် လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ 

Comments