အိမ်ခြံမြေလွယ်လား
အိမ်ခြံမြေဝယ်တာ အလွယ်ထင်ခဲ့မိလို့ နောက်မှသိရတဲ့ သောကတွေ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အခုတစ်လော အခြေအနေအကြောင်းေကြာင်းတွေကြောင့် အိမ်ခြံမြေဝယ်ယူလိုသူတွေ များပြားလာတာကို "မောင်ကောင်းဖေ" တွေ့့မြင်နေရပါတယ်။ ဝယ်ယူတဲ့အခါမှာလည်း အများစုက လူနေစည်ကားတဲ့ ရပ်ကွက်တွေကို ပိုမိုစိတ်ဝင်စားကြပါတယ်။ သိန်း(၅၀၀)မှ သိန်း(၅၀၀၀/-)အထိ အဝယ်လိုက်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှလည်း တစ်ဆင့်သိရပါတယ်။
ဒီလိုဝယ်လိုသူတွေများတဲ့အတွက် အခါကောင်းကိုစောင့်နေကြတဲ့ ရောင်းချင်သူများကလည်း "ပွဲလန့်တုန်းဖျာခင်း'' ဖို့အတွက် အသင့်စောင့်ဆိုင်းနေကြတယ်။ ဒါကိုမသိတဲ့ ဝယ်သူအများစုကလည်း အိမ်ခြံမြေများကို အလွယ်တကူ ယုံကြည်ကာ ဝယ်ယူနေကြတယ်။ နေရာကောင်းတယ် စျေးသင့်တယ်ဆိုတာနဲ့ လက်လွတ်မှာစိုးရိမ်ပြီး စရန်ငွေများများပေးလေ့ရှိကြတယ်။ အဲဒီရဲ့ နောက်ဆက်တွဲကတော့ အခုလို တွေကြုံရတော့တာပဲ။
ဟိုတနေ့က အသိမိတ်ဆွေအသစ်တစ်ဦး "မောင်ကောင်းဖေ "ထံ ဖုန်းဆက်လာပါတယ်။ ယခင်က "မောင်ကောင်းဖေ " တိုက်ခန်းအဝယ်စာချုပ်တစ်ခု လိုက်ချုပ်ပေးဖူးတဲ့"သူဇာ"ကလမ်းညွှန်လိုက်တာလို့ပြောပါတယ်။
ကိစ္စကတော့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ပေးဖို့ပါ။ စရန်ပေးစာချုပ်ပေးစဉ်က ရှေ့နေမခေါ်ဘဲ အပြီးအပိုင် အရောင်းအဝယ်စာချုပ်တဲ့နေ့ရောက်မှ စာချုပ်ပေးဖို့ ပြောလာတော့ နည်းနည်းတော့ ထူးခြားနေပါတယ်။
ဒါနဲ့ "စရန်ပေးစာချုပ်စဉ်က ဒီအတိုင်းပွဲစားနဲ့ပဲ ချုပ်လိုက်တာလား " လို့ မေးကြည့်မိတယ်။ "မဟုတ်ဘူး ဆရာကောင်းရေ....စရန်ပေးစာချုပ်စဉ်က ပွဲစားခေါ်ပေးတဲ့ ရှေ့နေနဲ့ စာချုပ်တာပဲ" လို့ ရှင်းပြပါတယ်။
"ဟင်......ဒါဆိုရင် အဲ့ဒီရှေ့နေက မအားလို့လား " လို့ ထပ်ပြီးစပ်စုကြည့်လိုက်ပါတယ်။ "မဟုတ်ဘူးရှင့်.........အဲ့ဒီရှေ့နေကို မခေါ်ချင်တော့လို့ပါ"ဟု ဆိုပြီး စကားစကို ဖြတ်လိုက်ပါတယ်။
မြေအကြောင်း သိပ်မသိ၊ နေရာကြိုက်တော့လည်း ဝယ်မိတာပေါ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးမှ အကြောင်းစုံကို ခုလိုရှင်းပြပါတယ်။ "ကျွန်မက မြောက်ဒဂုံ၊ (၃၅)ရပ်ကွက်မှာ (၂၀ x ၆၀) မြေကွက် ဝယ်ဖို့ သွားကြည့်တဲ့အခါ အဆင်ပြေသွားပါတယ်။ ဈေးကလည်း သိန်း( ၄၅၀ ) ဆိုတော့ တစ်နိုင်တစ်ပိုင် ဝယ်လိုက်မယ်လို့ နယ်မှာရောက်နေတဲ့ ယောက်ျားနဲ့ တိုင်ပင်ပြီး စရန်ပေးငွေပေးဖို့ စီစဉ္ကြတာပေါ့။ မြေကွက်ကြိုက်လို့သာ ဝယ်ချင်တာ မြေအကြောင်း ကျွန်မကသိပ်နားမလည်ဘူး ပွဲစားတွေက တိုက်တွန်းတာနဲ့ပဲဝယ်ဖြစ်သွားတာ''
"အဲ့ဒါ.....ရှေ့နေနဲ့ စာချုပ်လိုက်ရတော့ ပိုပြီး ခိုင်မာမယ်လို့ ယုံကြည်တာနဲ့ ရှေ့နေငှားပေးဖို့ ပြောတော့ ၊ အသက်(၃၀)လောက်ရှိတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးကို ဖုန်းဆက်ပေးတယ်လေ။ မကြာမီရောက်လာတယ်။ ရှေ့နေအမျိုသမီးရောက်လာတာနဲ့ စာရွက်စာတမ်းတွေ စစ်ဆေးပြီး စရန်ငွေချဖို့ ပြင်ဆင်တာပေါ့။ စာချုပ်အဆက်တွေများလို့ ကျွန်မကတော့ နားမလည်ဘူး။ ရှေ့နေအမျိုးသမီးက "အိုကေ"တယ် အဆင်ပြေပါတယ် ၊ ဝယ်လို့ရတယ်ပြောတာနဲ့ စရန်ငွေ သိန်း (၁၀၀) လောက်ပေးခဲ့မိတယ်။"
ကျန်ငွေကိုတော့ သတင်းစာမှာ ကြော်ငြာပါပြီး (၂)ပတ်ပြည့်တဲ့နေ့မှာ ချေဖို့ နှစ်ဘက်စာချုပ်ပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ စည်ပင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ညီမ"သူဇာ"နဲ့ ဖုန်းဆက်စကားပြောရင်း မြောက်ဒဂုံမှာ မြေကွက်ဝယ်လိုက်တဲ့အကြောင်း ပြောလိုက်တယ်။ အဲ့ဒီမှာ ညီမဖြစ်သူက ပြာပြာသလဲနဲ့ "ဘယ်ရှေ့နေနဲ့ဝယ်တာလဲ"၊ "ဂရန်လား၊"" ပါမစ်လား၊" "ပိုင်ရှင်စာချုပ်အဆက်အစပ်တွေက ဘယ်နှစ်ဦးပြောင်းသွားပြီလဲ " စသဖြင့် မေးမြန်းတော့တာပဲ။ ကျွန်မလည်း ဖြစ်စဉ်အားလုံးကို ရှင်းပြလိုက်တယ်။
ဒီမှာတင်ပဲ ညီမဖြစ်သူက စိုးရိမ်ကြီးပြီး ငါတို့မိသားစုရဲ့ ရှေ့နေ ဦးကောင်းဖေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အတင်းတိုက်တွန်းတာနဲ့ ဆရာနဲ့ဖုန်းဆက်ဖြစ်တာပါလို့" အကျယ်တဝင့်ရှင်းပြပါတယ်။
ဝယ်သူ" မခင်ယုမေ"ရဲ့ စကားကို "မောင်ကောင်းဖေ" နားထောင်ပြီးတာနဲ့ "ဒါဆိုရင် ညီမဝယ်ခဲ့တဲ့ မြေကွက်ရဲ့ ပိုင်ဆိုင်မှု အစပ်အဆက်စာရွက်တွေ (viber )က ပို့ပေးပါဦးလို့ " မှာလိုက်ရတယ်။
ဖုန်းချသွားပြီး မကြာခင်မှာပဲ အရပ်ကတိ စာချုပ်အဆက်အစပ်(၇)စုံနဲ့" ဂရန်မိတ္တူ" တစ်စုံ ပို့လာပါတယ်။ စာချုပ်အဆက်အစပ်တွေများတာကြောင့် သတင်းစာကြော်ငြာထားလား မေးကြည့်တော့ ကြော်ငြာထားကြောင်း သိရလို့ နည်းနည်းတော့ စိတ်အေးသွားတယ်၊ စာချုပ်အဆက်အစပ်တွေကတော့ မှန်ပါတယ်။ ဂရန်မိတ္တူ ဝယ်ရမှာဆိုတော့ ရန်ကုန်မြို့တော်စည်ပင် မြို့မြေစာရင်းမှာ ပြေးစစ်ကြည့်ပေးရသေးတယ်။ အမည်ပေါက်မှန်ပြီး ကန့်ကွက်ချက်မရှိလို့ တော်ပါသေးရဲ့။
ဂရန်မြေဝယ်ရင်" အရောင်းမြေပုံကူးပေးရန်နဲ့ (Special Power) လွှဲပေးရန်" ရောင်းသူတာဝန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါနဲ့ ရောင်းသူဘက်က လုပ်ပေးရမယ့်တာဝန်တွေဖြစ်တဲ့ "အရောင်းအဝယ် စာချုပ်ချုပ်ပေးရန်၊ အရောင်းအဝယ်မြေပုံကူးပေးဖို့ ပြောပြီးပြီလား၊ အရောင်းမြေပုံရတဲ့နေ့မှ ကျန်ငွေပေးချေမယ်၊ ပြီးရင် ရောင်းသူက ဂရန်အမည်ပေါက် ခေါ်လာပြီး မိမိဝယ်ထားတဲ့ ခေါင်းရင်ခြမ်းမြေကွက်တစ်ဝက်(၂၀ x ၆၀) နဲ့ ပတ်သက်ပြီး မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာကို ရန်ကုန်မြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လွှဲပေးဖို့ ပြောထားပြီလား " စသဖြင့် "မခင်ယုမေ"ကို မေးလိုက်တဲ့အခါမှာ "အဲ့ဒီလိုတော့ သူတို့မပြောဘူး၊ အပြီးငွေချေတဲ့နေ့ကျရင် နောက်ဆုံး အရပ်ကတိစာချုပ်ကိုင်ထားသူ ပိုင်ရှင်က စာချုပ်ရုံးမှာ အထွေထွေကိုယ်စားလှယ် လွှဲစာ လွှဲပေးမယ်လို့တော့ ကတိပေးထားတယ်။"
"ဟင်...ဒါဆို အရောင်းမြေပုံကူး ပေးဖို့ ဂရန်မူရင်း အမည်ပေါက်က စာချုပ်ရုံးလာပြီး (SP) ကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့ ပြောကြည့်ပါလား" လို့ ပြောခိုင်းတော့ "ဂရန်အမည်ပေါက်က သေသွားပြီလို့ သိရပါတယ်။ ဒါကြောင့် ရောင်းသူကိုယ်တိုင်က အထွေထွေကိုယ်စားလှယ်လွှဲစာပေးတာ"လို့ ပြောပါတယ်။ "ဟိုက်....ဒုက္ခပါပဲ မခင်ယုမေရယ်၊ ဂရန်အမည်ပေါက်မဟုတ်ဘဲ အဆင့်ဆင့်အရပ်ကတိစာချုပ်နဲ့ ဝယ်ထားသူတွေရဲ့ ကိုယ်စားလှယ်လွှဲစာက ဒီဂရန် အမည်ပြောင်းဖို့ ကိစ္စမှာ ဘာမှ အသုံးပြုလို့ မရဘူးလေ" လို့ပြောပြရင်း "မောင်ကောင်းဖေ"တစ်ယောက် မခင်ယုမေ ကိုယ်စား ရင်မောနေမိပါတော့တယ်။
အပြီးစာချုပ်တဲ့နေ့မှာတော့ "မောင်ကောင်းဖေ"လည်း ဂရန်အမည်ပေါက်မဟုတ်ပေ့မယ် ရောင်းသူထံက သက်သေခံ အထောက်အထားတစ်ခုရရင်ဘဲ မဆိုးပါဘူးလေ၊ ရတာယူထားမှပဲဆိုပြီး ရောင်းသူကို မှတ်ပုံတင်ရုံးခေါ်ကာ (General Power )ဘဲ ယူထားလိုက်ရတော့တယ်။
နောက်ဆက်တွဲလုပ်ရမယ့် အချက်တွေ ဝယ်သူ အခက်ပွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်မှပဲ..ဂရန်အမည်ပေါက်သူရဲ့ ဇနီး၊သား၊သမီးတွေ ရှာပြီး "အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်"ပြီး ပိုင်ဆိုင်~အမည်ပြောင်း ကိစ္စလုပ်ရတော့မှာပဲ လို့ တွေးမိပြီး ကျန်ငွေပေးချေတဲ့ စာချုပ်ချုပ်ပြီး ငွေချေလိုက်ရပါတယ်။
တကယ်တော့ စရန်ပေးစာချုပ်စဉ်ကတည်းက အခုပြောတဲ့" ဂရန်အမည်ပေါက် သေရင် သူ့ရဲ့ဇနီး၊ သား၊ သမီး မိသားစုရှာပြီး ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရမယ်။ ပြီးမှ ရောင်းသူထံက" အထူးကိုယ်စားလှယ်လွှဲစာ"ပါဝါယူပြီး ရောင်းသူကိုယ်စား ကိုယ်စားလှယ်လွှဲစာရသူက အရောင်းအဝယ်စာချုပ်ချုပ်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီလိုလုပ်ဖို့ အခုတော့ ဂရန်အမည်ပေါက်သူရဲ့ ဇနီး၊သား၊သမီးတွေ ရှာမရခဲ့ရင် ၊ စာချုပ်အဆင့်ဆင့်နဲ့ ရောင်းခဲ့တဲ့ သူတွေရယ်၊ အခုရောင်းသူတို့အားလုံးကိုတရားပြိုင်မျာအဖြစ်ထားပြီး တရားစွဲရတော့မှာဖြစ်ပါတယ်။ ဝယ်ယူခဲ့တဲ့ ပေါက်စျေးအပေါ်မူတည်ပြီး တန်ဖိုး (သိန်း-၁၀၀)ကျော်တဲ့အတွက် ၊ ခရိုင်တရားရုံး မှာ "အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှု" နဲ့ တရားစွဲကာ အမည်ပြောင်းရမှာဖြစ်ပါတယ်။ အခုတော့ ရောင်းသူတာဝန်တွေက ဝယ်သူတာဝန်တွေ ပြန်ဖြစ်ကုန်ပြီး အချိန်တွေကုန်•••ငွေတွေကုန်နဲ့ ၊ စိတ်မော•••လူမော ဖြစ်ရပြီးပေါ့ "မခင်ယုမေ" ရယ်။
မြေကွက်ဝယ်ဖို့ ရှာနေသူများ ကြိုတင်သိရလို့ စိတ်အမောတွေပြေကြပါစေ
Comments
Post a Comment