သက်သေခံဥပဒေပုဒ်မ(၁၆၅)- ရုံးမေး

သက်သေခံဥပဒေပုဒ်မ(၁၆၅)

အဲ့ဒီပုဒ်မရဲ့ ဆိုလိုရင်းကဒီလိုပါ••

တရားသူကြီးသည် အမူနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ထင်ရှားစေရန်အတွက်-

 (၁)မည်သည့်မေးခွန်းကိုမဆိုမေးမြန်းနိုင်သည်။

 (၂)မေးခွန်းကို မည်သည့်ပုံသဏ္ဍန်(From)ဖြင့် ဖြစ်စေမေးမြန်းနိုင်သည်။

 (၃)မည်သည့်အချိန်တွင်မဆို မေးမြန်းနိုင်သည်။

 (၄)မည်သည့်သက်သေကိုမဆို မေးမြန်းနိုင်သည်။

 (၅)မည်သည့် အမူသည်ကိုမဆိုမေးမြန်းနိုင်သည်။

 (၆)စပ်ဆိုင်သည့်အကြောင်းဖြစ်စေ၊မစပ်ဆိုင်သည့်အကြောင်းဖြစ်စေ မေးမြန်းနိုင်သည်။

 (၇)မည်သည့် စာချုပ်စာတမ်းကိုဖြစ်စေ၊အရာဝတ္ထုပစ္စည်းကိုဖြစ်စေ ရုံးသို့တင်ပြစေရန် အမိန့်ထုတ်ဆင့်နိုင်သည်။

သို့ရာတွင်•••

  (၁)တရားသူကြီးသည် အမူနှင့်စပ်ဆိုင်သည့် အကြောင်းခြင်း ရာများအပေါ်တွင်သာ အခြေခံပြု၍ စီရင်ဆုံးဖြတ်ရမည်။

 (၂)အခွင့်ထူးရရှိသည့် ပုဒ်မ၁၂၁ မှ၁၃၁ အထိစာချုပ်စာတမ်းများကိုတင်ပြစေရန်၊သို့မဟုတ် အခွင့်ထူးရရှိသည့်ပြောကြားချက်များကို ဖွင့်ဟအစစ်ခံစေရန် ခိုင်းစေခြင်းမပြုရ။

 (၃)ပုဒ်မ ၁၄၈ အရမသင့်လျော်သော မေးခွန်းများကိုလည်းမမေးရ။

 (၄)စာချုပ်စာတမ်းနှင့် ပတ်သက်၍မူလသက်သေခံချက်တင်ပြရမည်ဖြစ်လျှင် အခြားသက်သေခံချက်ကို တင်ပြစေခွင့်မပြုရလို့ပြဌာန်းထားတယ်။

သက်သေခံဥပဒေပုဒ်မ(၁၆၅)အပေါ်တစ်ချက်ခြင်းလေ့လာလျှင်

ည့်သည့်မေးခွန်းကိုမဆို မေးမြန်းနိုင်တယ်၊မည်သည့်ပုံသဏ္ဍာန်ဖြင့်ဖြစ်စေမေးမြန်းနိုင်တယ်ဆိုတာ ကြိုက်တဲ့နည်း လမ်းနဲ့မေးခွင့်ပြုထားတာ။သက်သေခံဥပဒေပုဒ်မ ၁၃၈ လို ရော သက်သေခံဥပဒေပုဒ်မ ၁၄၂အရ နိမိတ်ပြမေးခွန်းလိုရော မေးမြန်းနိုင်တာ။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၂၊၅၄၀အရ ရုံးမေးဆို ပြီးတော့လည်းမေးမြန်နိုင်ပါတယ်။

အမူပြီးခါနီး အထိကြိုက်တဲ့အချိန် မေးလို့ရတယ်။

 အမူနဲ့စပ်ဆိုင်တာရော မစပ်ဆိုင်တာရော မေးလို့ရတယ်။

 သတိထားဖို့က သက်သေခံဥပဒေပုဒ်မ(၁၃၈)(၂)တွင်-

 "အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတို့မှာ အမူ၌စပ် ဆိုင်သည့်အကြောင်းခြင်းရာများနှင့် သက်ဆိုင်စေရမည်"လို့ အတိအလင်းပြဌာန်ထားတယ်။

မည့်သည့်စာတမ်းမဆို၊မည်သည့်အရာဝတ္ထုပစ္စည်းကို မဆိုတင်ပြစေဖို့ အမိန့်ချနိုင်တယ်။

အရာဝတ္ထုပစ္စည်းတင်ပြဖို့နဲ့ပတ်သက်၍-

 သက်သေခံဥပဒေပုဒ်မ ၃၂(၆)၊၆၀ ဆဌမအပိုဒ်၊၆၅(ဃ)၊  ၁၁၄(ဃ)စတဲ့ပုဒ်မတွေနဲ့ တွဲဖတ်လေ့လာရပါတယ်။


အတင်းအကြပ်ဖြေဆိုခွင့်မရှိဘူးလို့ပြဌာန်းထားတဲ့ ပုဒ်မတွေကဘာတွေလည်းဆိုတော့-

သက်သေခံဥပဒေပုဒ်မ၂၄၊၁၂၁မှ၁၃၂အထိ၊၁၄၈ အထိဖြစ်တယ်။

သက်သေခံဥပဒေပုဒ်မ၁၂၃၊၁၂၄နဲ့ပတ်သက်ပြီးတရားရုံးများလက်စွဲအပိုဒ်(၅၆)တွင်-

 (၁)မထုတ်ပြန်ရသေးသော အစိုးရမှတ်တမ်းများကို သက်သေ ခံအဖြစ်တရားရုံးများသို့ တင်ပြခြင်းနှင့်သက်ဆိုင်သောတရား ဥပဒေသည် သက်သေခံအက်ဥပဒေပုဒ်မ ၁၂၁၊၁၂၃၊၁၆၂ တို့၌ပါရှိသည်။

 (၂)သက်သေခံဥပဒေပုဒ်မ၁၂၃ ပါကိစ္စများအလို့ငှာ "ဌာနဆိုင်ရာအကြီးအကဲအရာရှိ"ဆိုသည့်စကားမှာ တရားရုံးကအလိုရှိ သည့် စာရွက်စာတမ်းကို ထိန်းသိမ်းထားသောရုံး၏အကြီးအကဲကိုဆိုလိုသည်ဟုယုဆနိုငိသည်။ထို့ပြင်တင်ပြရန် တောင်းဆိုသည့်တရားရုံးနှင့်စပ်လျဉ်း၍ထိုအရာရှိမှာလိုအပ်သည့်ကို မပေးဘဲနေရန် သို့မဟုတ်ပေးရန်ဆုံးဖြတ်ရမည့် အာဏာပိုင်ဖြစ်သည်ဟုမှတ်ယူရမည် ဟုဖော်ပြထားတယ်။

မောင်ခေတ်ထွန်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊၁၉၆၆ မ.တ.စ၊ရုံးချုပ်၊စာ၆၂၆ တွင်

" တရားသူကြီးသည် အမူမှန်ရရှိရေးနှင့်ပတ်သက်၍ ရုံးတွင် အမူစစ်ဆေးသောအခါ သက်သေများကို အချိန်မရွေးဝင်ရောက် မေးမြန်းနိုင်သည်။ထိုသို့မေးမြန်းသည့်ရည်ရွယ်ချက်မှာ အမူမှန် ဖော်ထုတ်ရေးသက်သက်သာလျှင် ဖြစ်ရပေမည်။တရားခံကို လွတ်စေလိုသောသဘော သို့မဟုတ်တရားခံကိုထောင်ကျစေ

 လိုသောသဘောမျိုး မပြုလုပ်အပ်ပေဟု စီရင်ဆုံးဖြတ်ထားပါတယ်။

တရားသူကြီးတစ်ဦးသည် သက်သေခံဥပဒေပုဒ်မ ၁၆၅အရ သတ်မှတ်ထားသည့် မည်သည့်အချိန်တွင်ဖြစ်စေ၊မည်သည့်မေး ခွန်းမဆိုမေးမြန်းနိုင်ခွင့်ရှိသည်။သို့သော်ဤအခွင့်အရေးမှာ  ဆင်ခြင်တုံတရားအရ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု

 ငခေါ နှင့် နိုင်ငံတော်၊အတွဲ-၁၁၊အောက်မြန်မာပြည်စီရင်ထုံး၊ စာ-၈ တွင်ထုံးပြုထားသည်။

တရားရုံးများလက်စွဲအပိုဒ်(၄၇၅)တွင်-

 " သက်သေများကိုသွန်သင်သည် သက်သေခံကိုဖန်တီးသည် သို့တည်းမဟုတ်ဖျောက်ဖျက်သည်။ထို့ပြင်ခြိမ်းခြောက်ခြင်း သွေးဆောင်ခြင်းအားဖြင့် ပြစ်မူကျူးလွန်ကြောင်းဖြောင့်ချက် များကိုချောက်လှန့်ရယူသည်ဟုအဆိုရှိခြင်းဖြင့် ဤနိုင်ငံရှိ ရာဇဝတ်တရားရုံးများ၌ထုချေသည့်နည်းလမ်းကိုတခါတရံ အသုံးပြုကြသဖြင့် ထိုအဆိုရှိချက်များနှင့်စပ်လျဉ်း၍တရားရုံးများကမိမိတို့၏ သဘောထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ရမည်မှာမလွဲသာအောင်ရှိချေမည်။သို့သော်လည်း တရားစီရင်အုပ်ချုပ်ရေး၌ ပြည်သူ့ယုံကြည်မူကိုရရှိရန်အလို့ငှာထိုကဲ့သို့အဆိုရှိချက်များပေါ်တွင် တရားစီရင်မူနှင့်ဆိုင်သည့် ဝေဖန်ချက်များကိုပြုလုပ်လျှင်သတိနှင့်ချင့်ချိန်ပြုလုပ်ရန်လို သည်ဟုဖော်ပြထားသည်။

Comments