စရန်ငွေရယူပြီး ရောင်းချရန်ပျက်ကွက်လျှင် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်

"စရန်ငွေရယူပြီး ရောင်းချရန်ပျက်ကွက်လျှင် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်"


  "ပစ္စည်းတစ်ခုအားအရောင်းအဝယ်ပြုကြရာတွင် စရန်ငွေပေး ကတိစာချုပ်ကိုချုပ်ဆို၍ စရန်ငွေပေးလေ့  ရှိကြသည်။"  အိမ် ခြံ မြေ၊ တိုက်ခန်းများအရောင်းအဝယ်ပြုကြရာတွင်လည်းစရန်ငွေပေးကတိ စာချုပ်ကိုချုပ်ဆိုကြပေသည်။ ဤတွင်ငွေအကြေချေသည့်နေ့၌ ပစ္စည်းရောင်းသူကမရောင်းတော့ဟု ငြင်းဆို၍သော်လည်း ကောင်း၊ အတွေ့မခံဘဲခရီးထွက်နေသည်ဟုအကြောင်းပြကာ သတ်မှတ်ရက်ကျော်လွန်သည်အထိတိမ်းရှောင်နေ၍သော်လည်းကောင်း၊ ပျက်ကွက်သည့်ကိစ္စရပ်များကြာခဏဖြစ်လေ့ရှိကြပါသည်။

တစ်နေ့ကမိတ်ဆွေတစ် ဦးမှ၄င်းအနေဖြင့်ဂရန်မြေနှင့်တိုက်ကို  ငွေကျပ်သိန်းနှစ်ထောင်ဖြင့်ဝယ် ယူရန်စရန်ငွေပေးအရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ယင်း စရန်ပေး စာချုပ်ချုပ်ဆိုသည့်နေ့တွင်စရန်ငွေ အဖြစ်   ငွေ ကျပ်သိန်း ငါးရာပေးခဲ့ကြောင်း၊သတ်မှတ်ရက် ပြည့်သည့်နေ့၌ကျန်ငွေသွားရောက် ပေးရာရောင်းသူခရီးထွက်နေကြောင်း ပြောသဖြင့်ရပ်ကွက်အုပ်ချုပ်ရေးရုံး သို့သွားရောက်သတင်းပို့ထားကြောင်း "လိမ်လည်မှုဖြင့်တရားစွဲဆို၍ရနိုင်ပါသလားဟုမေးမြန်းလာပါသည်။

#ရာဇသတ်ကြီးပုဒ်မ(၄၂၀)တွင်-

 "မည်သူမဆိုလှည့်ဖြားခြင်းခံရသူအားတစ်ခုခုသော ပစ္စည်းကို သူတစ်ဦးတစ် ယောက်သို့ပေးအပ်စေရန်လိမ်လည်၍   မရိုးမဖြောင့်သော သဘောဖြင့်သွေး ဆောင်လျှင် ထိုသူကို ခုနစ်နှစ် ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ချ မှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် "ဟု ပြဋ္ဌာန်းထားပါသည်။

လိမ်လည် လှည့်ဖြားခြင်း ဆိုသည့် စကားရပ်နှင့်စပ်လျဉ်း၍  ဦးခင်မောင်လေးပါ (၇)ဦးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊  ၁၉၉၆ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ -၂၈  စီရင်ထုံးတွင် အောက်ပါ အတိုင်း ဆုံးဖြတ်အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။

လိမ်လည် လှည့်ဖြားလို သောသဘော (သို့မဟုတ်)မရိုးမ ဖြောင့်သောသဘောဖြင့်ပစ္စည်းတစ် စုံတစ်ခုကိုပေးအပ်ရန်ဖြစ်စေ၊ဆက်လက်ထားရှိရန်ဖြစ်စေသွေးဆောင် ခြင်းသည် လိမ်လည်မှုဖြစ်သည်။လိမ်လည် လှည့်ဖြားခြင်း ဆိုသည် မှာ လိမ်လည်လှည့်ဖြားရန်   အကြံ နှင့်ပြုလုပ်ခြင်းဖြစ်ပေသည်။

 လိမ်လည် လှည့်ဖြား ဆို သည့် စကားရပ်မှာ၊ သူတစ်ပါးအပေါ်မကောင်းသည့်စိတ်စေတနာဖြင့် ပင်ဖြစ်သည်ဟုဆိုရပေမည်။ ပြစ်မှုကျုးလွန်သူတွင် ပြစ်မှုကျူးလွန်ရန် အတွက်ပြစ်မှုမကင်းသော စိတ် ရှိရမည်ဖြစ်သည်။" ပြစ်မှုမကင်းသော စိတ်ဆို သည်မှာ မရိုးမဖြောင့်သော စိတ် ကိုဆိုလိုသည်။ 

#ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၄တွင်-

       မရိုးမဖြောင့်ခြင်းဆို ရာ၌မတရားရယူစေရန် အကြံနှင့် သော်လည်းကောင်း၊ မတရားဆုံးရှုံး စေရန်အကြံနှင့်သော်လည်းကောင်း၊ မည်သူမဆို တစ်ဦးတစ်ယောက် သောသူအားပြုခြင်းကို ဆိုလိုသည်ဟု ဖွင့်ဆိုထားသည်။

ဤပုဒ်မမှာ သူတစ်ပါး၏ပစ္စည်းကို မတရားရယူစေရန် သို့မဟုတ် မတရားဆုံရူံးစေရန် အကြံဖြင့်ပြုခြင်းမှာ မရိုးမဖြောင့်ပြုခြင်းဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်သည်။

 "မရိုးဖြောင့်စွာ"ဆိုသည့်စကားရပ်ကို ပုဒ်မ ၃၇၈ ခိုးမူ၊ ပုဒ် ၃၈၃ ခြောက်လှန့်တောင်းယူမူ၊ပုဒ်မ ၃၉၀ လုယက်မူ ပုဒ်မ ၄၀၃ ပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့်အလွဲသုံး စားမူ၊ပုဒ်မ ၄၀၅ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မူနှင့် ပုဒ်မ ၄၁၁ ခိုးရာပါပစ္စည်းလက်ခံမှုတို့တွင်သုံးထားသည်။

"မရိုးမဖြောင့်စွာ"ဆိုသည့် စကားရပ်နှင့် ပုဒ်မ ၂၅ ၌ဖွင့်ဆိုထားသည့်"လိမ်လည်လှည့်ဖြား၍"ဆိုသည့် စကားရပ်ပူးတွဲ၍ ပုဒ်မ ၄၁၅ လိမ်လည်မူ၊ပုဒ်မ ၄၆၃ လိမ်လည်အတုပြုမူ နှင့်ပုဒ်မ ၂၄၆/၂၄၇ ဒင်္ဂါးအတုပြုမူ၊ ရောစပ်ပြောင်းလဲမူတို့တွင် သုံးနူန်းထားသည်။

မတရားရယူခြင်းဆိုသည်မှာ ရယူသူသည် ဥပဒေ နှင့် အညီပိုင်ဆိုင်ခွင့်မရှိသော ပစ္စည်း ကိုမတရားသောနည်းဖြင့် ရယူခြင်း ကိုဆိုလို၍ မတရားဆုံးရူံးခြင်းဆိုသည်မှာ ဆုံးရှုံးသူသည် ဥပဒေနှင့် အညီ ပိုင်ဆိုင်ခွင့်ရှိသော ပစ္စည်းကို မတရားသောနည်းဖြင့် ဆုံးရှုံးခြင်းကို ဆိုလိုကြောင်းရာဇသတ်ကြီးပုဒ်မ(၂၄)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

''မစိန်ရင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဦးဘသောင်း) ၁၉၆၆ ခုနှစ်မြန်မာနိုင်ငံတရားစီ ရင်ထုံး၊စာမျက်နှာ၊၃၈၁'' အမှုတွင်-

  "ဦးဘသောင်းက မစိန်ရင်အပေါ် ဆိုင်ခန်းများ လွှဲပြောင်းပေးမည်ဟု ဆိုကာ ငွေများရယူသွားပြီး၊ လွှဲ ပြောင်းမပေးသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ လိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့သော  အမှုဖြစ်သည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ယခုအမှုတွင် ဆိုင်ခန်းမရှိ၊ ပစ္စည်း မရှိဘဲနှင့် မရှိသော ဆိုင်ခန်းနှင့်မရှိ သောပစ္စည်းကို လွှဲအပ်ပါမည်ဟု လိမ်လည်လှည့်ဖြား၍ ငွေတောင်း ခံခဲ့ခြင်းမျိုးမဟုတ်ပေ။ ဆိုင်ခန်းနှင့် ပစ္စည်းများမှာ လက်ရှိဖြစ်သည်။ 

ငွေရယူပြီးသည့်နောက်မှအကြောင်း အမျိုးမျိုးကြောင့်ဆိုင်ခန်းနှင့်ပစ္စည်း များကိုပေးအပ်ခြင်းမပြုသည်မှာချုပ်ဆိုထားသော ကတိကဝတ်ကို ဖောက်ဖျက်ရာ ကျပေသည်။

- ရာဇဝတ်ကြောင်းနှင့် မသက်ဆိုင်ပေ။ 

တရားမကြောင်းနှင့်သာ သက်ဆိုင် ကြောင်းဆုံးဖြတ်ထားပေသည်။

  ထို့အတူ

''ဦးဘိုးကျင် ပါ (၂)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၂'' အမှုတွင်-

 "ကျုံပျော်မြို့၊ မြဝတီရပ်နေ ဦးအုန်းမောင်က၊ သူ့အား  ဦးဘိုး ကျင်နှင့် ဒေါ်ခင်ထွေးတို့က အိမ် နှင့်မြေကို တန်ဖိုးငွေကျပ် တစ် သောင်းလေးထောင်ငါးရာကျပ်ဖြင့် ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

စရန်ငွေကျပ်ငါး ထောင်ကို သက်သေလူကြီးများ ရှေ့မှောက်တွင်ပေးခဲ့သည်။ 

ကျန် ငွေကျပ်ကိုးထောင့်ငါးရာကို ၁၉၈၂ ခုနှစ်ကုန်တွင်ပေးချေပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြရန်သဘောတူခဲ့ကြသည်။

ကျန်ငွေကို သတ်မှတ်ရက်တွင် သွားရောက်ပေးချေရာဦးဘိုးကျင် က လက်မခံသဖြင့် စရန်ငွေကျပ် ငါးထောင်ကို ဦးဘိုးကျင်တို့က စာ ချုပ် ချုပ်ဆိုပြီး လိမ်လည်ရယူ ကြောင်းဖော်ပြ၍ ရဲစခန်းသို့တိုင် ကြားခဲ့သည်။ 

ရဲစခန်းမှ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၂ဝဖြင့် တရား ရုံးသို့ စွဲဆိုတင်ပို့ခဲ့သော အမှုဖြစ် သည်။  

မူလရုံးတော်က ဦးဘိုးကျင် တို့အပေါ်ပြစ်မှုဆိုင်ရာဥပဒေပုဒ် မ ၄၂ဝ ဖြင့် စွဲချက်တင်သည်ကို တရားရုံးချုပ်ထိပြင်ဆင်မှု တင် သွင်းလာခြင်းဖြစ်သည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ဤအမှုတွင်-

 ဦးဘိုးကျင် တို့က မိမိပိုင်မြေနှင့်အိမ်ကို ဦးအုန်း မောင်အား တန်ဖိုးငွေ တစ်သောင်း လေးထောင့်ငါးရာကျပ်ဖြင့် ရောင်းချရန် သဘောတူခဲ့ပြီး စရန်ငွေကျပ်ငါးထောင်ကို လက်ခံရယူခဲ့ သည်။ စာချုပ်ပါနေ့ရက်တွင် ကျန် ငွေကျပ် ကိုးထောင့်ငါးရားကို လက် မခံနိုင်ကြောင်း  ငြင်းဆိုကာ အ ရောင်းအဝယ်စာချုပ်ကိုချုပ်ဆို မ ပေးခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂ဝနှင့် ငြိစွန်းခြင်းရှိ၊ မရှိ သုံးသပ်ရန်ဖြစ်သည်။

အချင်းဖြစ်မြေနှင့်အိမ်မှာ  ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့ ပိုင် ဆိုင်ကြောင်း အငြင်းမပွားပေ။  

သက်သေခံ(က) စရန်ပေး ကတိစာ ချုပ်ချုပ်ဆိုစဉ်ကလျှောက်ထားသူ ဦးဘိုးကျင်နှင့်ဒေါ်ခင်ထွေးတို့သည်အချင်းဖြစ်မြေနှင့် အိမ်ကို ပိုင်ဆိုင် နေကြပေသည်။ အိမ်နှင့်မြေမရှိဘဲ နှင့်အိမ်မြေရှိသည့် ပမာလိမ်လည် ရောင်းချ၊ လှည့်ဖြားကာ စရန်ငွေ ရယူခဲ့ခြင်းဖြစ်ကြောင်း မတွေ့ရပေ။အရောင်းအဝယ်ကတိစာ ချုပ်ပြုလုပ်၍ ဦးအုန်းမောင်က စရန်ငွေငါးထောင်ပေးပြီးနောက် ဦးဘိုးကျင်တို့က ဦးအုန်းမောင်တို့ မိသားစုအား အိမ်ပေါ်တွင်နေ ထိုင်ခွင့်ပြုခဲ့သည်ကိုလည်းတွေ့ရ သည်။ 

စရန်ငွေရရှိပြီးအကြောင်း တစ်ခုခုကြောင့် အိမ်နှင့်မြေကို ရောင်းချရန်ငြင်းဆိုခဲ့ခြင်းမှာ ချုပ်ဆိုသော ကတိကဝတ်ကို ဖောက် ဖျက်ရာရောက်နိုင်ပေသည်။ လိမ် လည်လှည့်ဖြား၍ စရန်ငွေယူထား ကြောင်း မပေါ်ပေါက်သဖြင့် ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ အရ အရေးယူနိုင်မည်မဟုတ်ပေ။ သို့ ဖြစ်၍  ဦးဘိုးကျင်၊ ဒေါ်ခင်ထွေးတို့ အပေါ် မြို့နယ်ရုံးကပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် စွဲချက်တင်ခြင်းကိုပယ်ဖျက်ပြီး တရားရှင် လွှတ်လိုက်ကြောင်း အမိန့်ချမှတ် ခဲ့ပေသည်။

 အထက်ဖော်ပြပါ ဥပဒေ အချက်အလက်များအရ စရန်ငွေ ရယူထားပြီးမြေနှင့်တိုက်ကို  ဆက် လက်ရောင်းချရန် ပျက်ကွက်ခြင်း သည်  ပြစ်မှုဆိုင်ရာဥပဒေအရ တရားစွဲဆိုခွင့်ရှိမည်မဟုတ်ဘဲ၊ ကတိစာချုပ်တွင် ဖော်ပြထားသည့် လျော်ကြေးနှင့်နစ်နာ သို့ မဟုတ် ၊ကျန်ငွေကိုရောင်းသူက လက်ခံ၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေနှင့်အိမ်ကို လက်ရောက်ပေးစေလိုမှု (တရားမမှု) ကိုသာစွဲဆိုတောင်းပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း"ထုံးဖွဲ့လမ်းညွှန်ထား သည်။

စာချုပ်ပါ စည်းကမ်းချက်ကို တစ်ဦးဦးကဖောက်ဖျက် လျှင် နစ်နာသူအတွက်သက်သာခွင့်ကို တရားမအကြောင်း အရသာစွဲဆိုရန်ဖြစ်သည်။ပြစ်မူဆိုင်ရာဥပဒေပုဒ်မ(ရာဇသတ်) ၄၂၀ အရစွဲချက်တင်ရန်မဟုတ်ကြောင်း၊အချင်းဖြစ်အိမ်ဖျက်ပြီး ယင်းတည်ရာမြေပေါ်တွင် အဆောက်အဦးသစ် ဆောက်လုပ်နိုင်ရန်သဘောတူစာချုပ်ချုပ်ပြီး စရန်ငွေယူခဲ့ပြီးနောက် ကတိအတိုင်းဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် စရန်ငွေကိုလည်း ပြန်မပေးသည့်အတွက်ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရမူလရုံးကစွဲချက်တင်စစ်ဆေးခဲ့သည့် အမိန့်အား အထက်တရားရုံးကပယ်ဖျက်၍ တရားခံကိုအမူမှ တရားရှင် လွှတ်ခဲ့ခြင်းသည် ဥပဒေအရမှားယွင်းသည် ဆိုနိုင်မည်မဟုတ်ကြောင်း၊ပြစ်မူတစ်စုံတစ်ရာပေါ်ပေါက် ခြင်းမရှိလျှင် တရားခံအားအမူမှစွဲချက်မတင်မီ ပြန်လွှတ်ခွင့်ရှိသည်ဟု

 " ဦးသန်းဝင်း(ခ)ရာဆင် နှင့် ၁။ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂။ဒေါ်မေရီ၊၃။ဒေါ်မေကြည်၊၂၀၀၀ ပြည့်နှစ်၊ပြစ်မူဆိုင်ရာ အထွေထွေ(အထူးအယူခံ)အမှတ်-၆၁(၂-ပါးထိုင်) (၁၆.၆.၂၀၀၀)တွင်စီရင်ဆုံးဖြတ်ထားသည်။

ပြစ်မူဆိုင်ရာဥပဒေပုဒ်မ(ရာဇသတ်)၄၁၅၊၄၂၀တို့ပါ ပြဌာန်းချက်များနှင့်ညီညွတ်မှသာ စွဲချက်တင်ရန်လိုအပ် ကြောင်း၊စာချုပ်ပါ အချက်အလက်များကို အခြေခံ၍ လိမ်လည်မူ မြောက်မမြောက်ဆုံးဖြတ်ရသည်။

ငွေလိမ်ယူသည်ဟုပြောပြော၊အလွဲသုံးစားလုပ်သည်ဟုဆိုဆို စာချုပ်အရ အိမ်ခြံမြေကို ဝယ်ယူရာ၌စရန်ငွေ အဖြစ်ငွေပေးခြင်းသာဖြစ်ပြီး၊စာချုပ်များတွင် စရန်ငွေ အကြောင်းရေးသားပြီး ကတိဖောက်ဖျက်ပါက ဝယ်သူ ရောင်းသူ မည်သို့ပေးလျော်ရမည်တို့ကို အခိုင်အမာ ဖော်ပြခြင်းတို့ကြောင့် နူတ်သက်သေခံချက်များကိုအခြေခံပြီး ပြစ်မူတွင် အကျူံးဝင်သည်ဟု တင်ပြခြင်းကို လက်မခံနိုင်။

စာချုပ်ပါ သက်သေခံချက်များကို ကျော်လွှား၍လိမ်လည်သည်၊ အလွဲသုံးစားပြုလုပ်သည်စသည်ဖြင့် ကောက်ယူသုံးသပ်ပါကဥပဒေနှင့်ညီညွတ်ရန် အကြောင်းမရှိ၊စာချုပ်ပါ စည်းကမ်းချက်များကို တစ်ဦးဦးကဖောက် ဖျက်လျှင် နစ်နာသူအတွက်သက်သာခွင့်ကို တရားမကြောင်း အရသာစွဲဆိုရန်လိုကြောင်း၊ဦးသက်လယ် နှင့် ပြည်ထောင်စု ပါ-၂ (၁၉၈၃ မတစ စာ ၁၄၁ )အမူတွင်လမ်းညွှန်ချက်ရှိသည်။ငွေယူစဉ်က တရားခံတို့တွင် မရိုးမဖြောင့်သော သဘော ရှိကြောင်း လုံးဝသက်သေခံချက်မရှိလျှင်စွဲချက်တင်ဖြေရှင်း ခိုင်းခြင်းမှာ အထင်အရှားမှားယွင်းခြင်းဖြစ်ကြောင်း"

 (ဒေါ်မေရီ ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၂၊  ၁၉၉၉ ခုနှစ်၊ပြစ်မူဆိုင်ရာပြင်ဆင်မူ အမှတ်-၂၁၁(ခ)) (၂၁.၁၀.၁၉၉၉)

သို့ဖြစ်၍ စရန်ငွေရယူပြီး ရောင်းချရန်ပျက်ကွက်လျှင်အထက်ပါ အကြောင်းချက်များအရ ပြစ်မူကြောင်းအရအရေးယူ ရန်မဟုတ်ပဲတရားမကြောင်းအရသာ အရေးယူဆောင်ရွက်ပါသည်။


     

Comments