မြေအရောင်းဝယ်စာချုပ်ချုပ်ဆိုနည်း
မြေအရောင်းအဝယ်စာချုပ် တစ်ခုကို စနစ်တကျ ဘယ်လိုချုပ်ဆိုရမလဲ
==================================
ပထမဆုံးအနေနဲ့ မိမိဝယ်ယူလိုသော မြေကွက်ကို မဝယ်ယူမီ အမည်ပေါက်ဟုတ်/မဟုတ် ၊ အရှုပ်အရှင်း ကင်း/မကင်းနှင့် မြေပုံရာဇဝင် စစ်/ မစစ် တို့ကို သေချာစစ်ဆေးကြည့်ပါ။
စစ်ဆေးလို့မှန်ကန်ကြောင်း အတည်ပြုပြီးရင် တော့ စာချုပ်ချုပ်လို့ရပါပြီ ။
အဆင့်(၁) အနေနဲ့ စရန်ပေးစာချုပ် ချုပ်ဆိုရပါမယ် ။ (စရန်စာချုပ်ကို ကတိစာချုပ်လို့လည်း နောက်တစ်မျိုး ခေါ်ပါတယ်။)
အဆင့်(၂) အနေနဲ့ ဖော်ပြပါမြေကွက်အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိ သိရှိနိုင်စေရန်အတွက် ကန့်ကွက်နိုင်ကြောင်း သတင်းစာမှာ ကြော်ငြာထည့်ရပါမယ် ။
အဆင့်(၃) အနေနဲ့ ကြော်ငြာပါတဲ့နေ့မှစပြီး (၁၄)ရက်အထိ စောင့်ကြည့်ရပါမယ် ။
အဆင့်(၄) အနေနဲ့ ကြော်ငြာပါသည့်ရက်မှ (၁၄)ရက်အတွင်း ကန့်ကွက်မယ့်သူ ပေါ်မလာပါက နောက်တစ်ရက်တွင် ငွေပေးချေချုပ်ဆိုနိုင်ပါပြီ ။ (အကယ်၍ ကန့်ကွက်မှုတစ်စုံတစ်ရာရှိလာခဲ့ပါက အရောင်းအဝယ် ဆက်လက်ဆောင်ရွက်ခြင်းမပြုပဲ အိမ်ရှင်ဘက်မှ ကန့်ကွက်သူများနဲ့ အဆင်ပြေအောင်ညှိနှိုင်းဖို့ တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပြီး ပြေ ည်ပါက ချုပ်ဆိုမယ့်အရောင်းအဝယ်စာချုပ်မှာ ဖော်ပြပါကန့်ကွက်ခဲ့သူများအပါ ပါဝင်လက်မှတ်ရေးထိုးချုပ်ဆိုရပါမယ် ။)
အဆင့်(၅) မှာ ပိုင်ရှင်ကို ဝယ်သူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန် လိုအပ်ပါတယ် ။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း/ မြေကွက်အမှတ်၊ မှတ်ပုံတင်မူရင်း ၊ စရန်စာချုပ်မိတ္တူများ ယူဆောင်၍ အိုးအိမ်/ စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ယူနိုင်ပါတယ်။)
အဆင့်(၆) မှာ .. ရောင်းချတဲ့အိမ်ရဲ့တန်ဖိုးကို ရာဖြတ်အဖွဲ့မှ အဖိုးဖြတ်ထားသည့် တန်ဖိုးအတိုင်း အခွန်ပေးဆောင်ရပါမယ် ။ (အဆိုပါအခွန်ဟာ ရာဖြတ်ဌာနကို ပေးဆောင်ရမှာ ဖြစ်ပါတယ် ။)
အဆင့်(၇) ငွေအကြေချေပြီးချိန်မှာ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာပါ။
နောက်ဆုံးအဆင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက ပစ္စည်းလွှဲပြောင်းရယူရန်အတွက် ဝယ်ယူထားသောအိမ်နှင့် ပတ်သက်သည့်စာရွက်စာတမ်းချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီးသော) အရောင်းအဝယ်စာချုပ်၊ ဂရန်စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများယူဆောင်၍ အိုးအိမ် (သို့မဟုတ်) စည်ပင်ရုံးတွင် အမည်ပြောင်းရပါမယ်။ (အမည်ပြောင်းသည့်အခါ လက်ရှိ အရောင်းအဝယ်ပြုလုပ်လျက်ရှိသော အိမ်၊ မြေ၏ အစမှ အဆုံးထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်းအစုံအလင်ဖြင့် သွားရောက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။)
ဖော်ပြပါအချက်များကို လိုက်နာချုပ်ဆိုမယ်ဆိုရင်တော့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ကို တစ်ခုကို ခိုင်မာမှန်ကန်အောင် စနစ်တကျချုပ်ဆိုပြီး ဖြစ်ပါတယ်။
Comments
Post a Comment