သက်သေခံအက်ဥပဒေဆိုသည်မှာ
သက်သေခံအက်ဥပဒေ
မည်သည့်နိုင်ငံ၏ ဥပဒေစနစ်တွင်မဆို ဥပဒေရေးရာ နယ်ပယ်တွင်-
(၁) ပြစ်မှုဆိုင်ရာဥပဒေ နှင့်
(၂) တရားမဆိုင်ရာဥပဒေ ဟူ၍ ခွဲခြားထားကြောင်း တွေ့ရှိရသည်။
ပြစ်မှုဆိုင်ရာမှုခင်းများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးများသည် အရေးကြီး၍ ပြစ်မှုများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရသကဲ့သို့ တရားမမှုခင်းများ တွင်လည်း တရားမကျင့်ထုံးဥပဒေသည် အရေးကြီး၍ တရားမမှုများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရပေသည်။ ထိုကျင့်ထုံးဥပဒေများကဲ့သို့ပင် အရေးကြီး၍ ပြစ်မှုနှင့်တရားမ မှုခင်းများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရသော ကျင့်ထုံးဥပဒေ
တစ်ရပ်မှာ သက်သေခံ ဥပဒေ ဖြစ်သည်။
ဥပဒေတွင်
*ပင်မအရင်းခံဥပဒေများ (Substantive Laws) နှင့်
*ကျင့်ထုံးဥပဒေများ (Procedural Laws) ဟူ၍
(၂)မျိုး၊ (၂)စားရှိသည်တွင် သက်သေခံဥပဒေသည် ကျင့်ထုံးဥပဒေသက်သက်ဖြစ်သည်။ တရားမမှု များတွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ အမှုများတွင်ဖြစ်စေ မစပ်ဆိုင်သော သက်သေခံချက်များတင်သွင်းခြင်းမှကာ ကွယ်ရန်၊ အမှန်ကန်ဆုံးသော သက်သေခံချက်များ တင်သွင်းနိုင်ရန်နှင့် တရားစီရင်ရာတွင် တညီတညွတ် တည်းဖြစ်စေရန်အတွက် ပြဌာန်းထားခြင်းဖြစ်သည်။
စတင်ရေးဆွဲ၊ အတည်ပြုပြဌာန်းခြင်း၊ ဆက်လက်လိုက်နာကျင့်သုံးခြင်း။
မြန်မာနိုင်ငံတွင် ပြဌာန်းလိုက်နာကျင့်သုံးလျှက်ရှိသော သက်သေခံဥပဒေသည် အိန္ဒိယနိုင်ငံ၌ ၁၈၇၁ ခုနှစ်
တွင် ရေးဆွဲခဲ့သည်။ ၁၈၇၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် အတည်ပြုပြဌာန်း သုံးစွဲသည်။
[ India Act I, 1872 (1st September 1872)]
ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် ပေါင်းစပ်အုပ်ချုပ်ခဲ့သဖြင့်
မြန်မာ နိုင်ငံသည်လည်း ယင်းသက်သေခံဥပဒေကို လိုက်နာကျင့်သုံးခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ခွဲထွက်အုပ်ချုပ်ခဲ့ပြီးနောက်တွင်လည်း ယင်းသက်သေခံဥပဒေသည် ဆက်လက် အာဏာတည်လျှက်လိုက်နာကျင့်သုံးခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ မြန်မာနိုင်ငံသည် လွတ်လပ်၍အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ယင်းသက်သေခံဥပဒေ ကိုပင် ဆက်လက်ကျင့်သုံးခဲ့ပြီး ယခုထက်တိုင်ပင် ဆက်လက်အာဏာတည်ကျင့်သုံးနေဆဲ ဥပဒေတစ်ရပ် ဖြစ်သည်။
သက်သေခံဥပဒေနှင့် သက်ဆိုင်ခြင်း
သက်သေခံဥပဒေပုဒ်မ (၁) တွင် "ဤဥပဒေသည် တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သမျှ စစ်တရားရုံး တစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေသည် တရားရုံးတစ်ခုခု သို့မဟုတ် အရာရှိတစ်ဦးဦးထံတွင် တင်သွင်းသော ကျမ်းကျိမ်လွှာများ၊ ခုံသမာဓိလူကြီးများ ရှေ့မှောက်တွင် စစ်ဆေးသောမှုခင်းများနှင့် မသက်ဆိုင်စေရ" ဟုပြဌာန်းပါရှိသည်။
တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၃၆ တွင် "တပ်မတော်ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေ ဘဲ၊သက်သေခံဥပဒေသည် စစ်တရားရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကိစ္စအားလုံးနှင့် သက်ဆိုင်စေရမည်" ဟူ၍လည်းပြဌာန်းထားပေသည်။ထို့ကြောင့် သက်သေခံဥပဒေသည် တရားရုံးများနှင့် စစ်တရားရုံးများတွင် စုံစမ်းစစ်ဆေးသော အမှုအားလုံးနှင့် သက်ဆိုင်သည်။ သို့ရာတွင် ကြည်း၊ ရေ၊ လေ တပ်ဆိုင်ရာ အက်ဥပဒေအရ ဖွဲ့စည်းတည် ထောင်သော စစ်ခုံရုံးများနှင့် စစ်ဆေးသော မှုခင်းများတွင် တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သမျှသာ သက်ဆိုင်မည်ဖြစ်ပြီး၊ မည်သည့်တရားရုံး (သို့မဟုတ်) မည်သည့် အရာရှိထံတွင်မဆို တင်သွင်းသော ကျမ်းကျိမ်လွှာများနှင့်၎င်း၊ ခုံသမာဓိလူကြီးက စစ်ဆေးစီရင်သည့် အမှု များနှင့်သော်၎င်း၊ မသက်ဆိုင်။ ဤဥပဒေသည် အထက်ပါခြွင်းချက်များမှတပါး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တရားစီရင်ရေး မှုခင်းကိစ္စအရပ်ရပ်နှင့် သက်ဆိုင်သည်ကိုတွေ့ရသည်။
သက်သေခံဥပဒေ၏တန်ဖိုး
တရားစီရင်ရေး၏ အဓိကတာဝန်သည် အမှန်ကို ရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်သည်။ အမှန်ကိုတွေ့ရှိ ပြီးမှ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်သည်။ အမှားပေါ်တွင် အခြေခံ၍ဆုံးဖြတ်လျှင် တရားမျှတ မှု မဖြစ်နိုင်ချေ။ မတရားမှုသာဖြစ်ပေမည်။ ထို့ကြောင့် ကျင့်ထုံး၊ သက်သေခံဥပဒေ စသည်တို့သည် အမှန် ကို ရှာဖွေရန် နည်းလမ်းများဖြစ်သည်။ [တရားဥပဒေ အထွေထွေဗဟုသုတ (ဒေါက်တာမောင်မောင်)]
အမှုများကို သက်သေခံချက်များအပေါ် မှီငြမ်းပြု၍ ဆုံးဖြတ်ရသည်။ သက်သေခံချက်ဆိုရာ၌ တိုက် ရိုက် သက်သေခံချက် ပါဝင်သကဲ့သို့ ပတ်ဝန်းကျင်သက်သေခံချက်လည်း ပါဝင်သည်။ ပြင်ပ၌ အမှုမှန်သည် မှားသည်ကို ထည့်သွင်းမစဉ်းစားဘဲ ရုံးရှေ့မှောက်တွင် ထွက်ဆိုသော သက်သေခံများအပေါ်တွင် မူတည်၍ ၎င်းသက်သေခံချက်များကို ချိန်ဆပြီး တရားခံအား အပြစ်ဒဏ်ချမှတ်ရသည်။ [မောင်ရွှေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၀၊ မ-တ-စ၊ စာ-၂၄၃ (တရားလွှတ်တော်)]
မှုခင်းကို စစ်ဆေးရာတွင် အချက်အလက် အကြောင်းခြင်းရာတို့ကို ပြည့်စုံစွာ ဖော်ထုတ်၍ ပိုင်နိုင် စွာ သုံးသပ်ဖို့က အဓိကဖြစ်ပေသည်။ အချက်အလက်တို့ကို အခြေမခံဘဲ လူ့သဘောဖြင့်သာ မှုခင်းကို ဆုံးဖြတ်နိုင်သည် မဟုတ်ချေ။ တရားရုံးသည် အချက်အလက် အပြည့်အစုံကို မျှတမှန်ကန်စွာ ဖော်ထုတ်၍ သက်ဆိုင်သော ဥပဒေတို့နှင့် စပ်ဟပ်ညှိနှိုင်းကာ စီရင် ဆုံးဖြတ်ရန် ဖြစ်ပေသည်။ ထင်ရှားသော အချက် အလက်နှင့် ထင်ရှားသော ဥပဒေတို့ကို ပေါင်းကူးပေးခြင်းဖြင့် မှန်ကန်မျှတသော အဆုံးအဖြတ်သည် ပေါ်ထွန်းလာနိုင်ပေသည်။ [ပြည်သူ့တရားရုံးလက်စွဲ၊ စာစောင် (၁)၊ ပြစ်မှုဆိုင်ရာတရားစီရင်ရေး၊ အမှာစာမှ ကောက်နှုတ်ချက်]
မှုခင်းကိစ္စရပ်များတွင် အမှားကိုဖယ်၊အမှန်ကိုစစ်ထုတ်၍ တရားမျှတမှုကိုဖော်ဆောင်ရသည်။ ထိုသို့ အမှန်တရားပေါ်ပေါက်ရေးအတွက် ဖော်ထုတ်ရာတွင် တိုက်ရိုက်သက်သေခံချက်များ၊ ပတ်ဝန်းကျင် သက်သေခံချက်များကို အထောက်အထားပြုရသည်။ သက်သေခံအထောက်အထားအပြည့်အစုံကို မျှတ မှန်ကန်စွာဖော်ထုတ်၍ သက်ဆိုင်သောဥပဒေတို့နှင့် စပ်ဟပ်ညှိနှိုင်း စီရင်ဆုံးဖြတ်ရန်အတွက် သက်သေခံ ချက်များကို ရယူရာ၌ သက်သေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက် ကြရသည်။ သက်သေခံဥပဒေ၏ ပြဌာန်းချက်များသည် တရားမျှတမှုနှင့် အမှန်တရားကို ရရှိစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်သာမက ယင်းပြဌာန်းချက်များကို တရားရုံးအနေဖြင့် လည်းကောင်း၊ ရှေ့နေရှေ့ရပ်များ အနေဖြင့်လည်းကောင်း ကောင်းစွာနားလည်သဘောပေါက်ထားပါက မှုခင်းများကို အချိန်မကုန်၊ လူမပန်း ဘဲ မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်နိုင်ကြမည်ဖြစ်၍ အလွန်အသုံးဝင် အဖိုးတန်သော ဥပဒေတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်၍ သက်သေခံဥပဒေ၏ အရေးပါပုံနှင့် တန်ဘိုးရှိပုံကို သိရှိကြပြီး ကောင်းစွာနားလည်သဘောပေါက်အောင် ကြိုးစား၍ လိုက်နာကျင့်သုံးနိုင်ကြစေလိုသည်။ ။
Comments
Post a Comment